← Chapters

နိဗာန မီးတောက် (၂)

Vol. 50 Ch. 690

နိဗာန မီးတောက် (၂)

Vol. 50 Ch. 690

“အဲဒါက ဘာလဲ...”

ယွီစွန်းလီက သူမ၏ ညာဘက်နားကို ပြန်ထိကြည့်လိုက်၏။ စောစောကလေးတင် ထူးဆန်းသည့် အသံ ထုတ်လွှတ်မှု စကားလုံး အချို့ကို စိတ်ထဲ၌ သူမ ကြားခဲ့ရသည်။

လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူ တစ်ဦး အနေဖြင့် ဝိညာဥ်အာရုံဖြင့် ဆက်သွယ်ကာ အသံ လွှဲပြောင်းသည့် နည်းလမ်းများကို သူမ သိရှိပြီး ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ စိတ်စွမ်းရည် သီးသန့် တစ်ခုတည်းဖြင့် ဆက်သွယ်မှုမျိုးကိုတော့ သူမ မကြုံဖူးချေ။

သူမ မထိန်းချုပ်နိုင်စွာပင် ဘေးနားရှိ ဝေ့ဝူယင် လှမ်းကြည့်လိုက်မိ၏။ အချိန်တိုင်း၌ ငွေရောင် မျက်လုံးများနှင့် ချောမောသော ထိုလူငယ်လေးမှာ အဓိပ္ပာယ် မဖော်နိုင်သည် ဝှက်စာ တစ်ခုလို သူမ ပိုမို၍ ခံစား လာရသည်။ ခိုင်မာသည့် အကြောင်းပြချက် အချို့ကြောင့် သူမ မျက်လုံးများထဲရှိ မျှော်လင့်ချက် အလင်းတန်းမှာ ပိုမို၍ အားကောင်းလာခဲ့၏။

စိတ်စွမ်းအင်ကို အသုံးပြု၍ အသံပို့လွှတ်ခြင်းက ဧဒင်၏ ပြိုင်စံရှား စွမ်းရည်တစ်မျိုးပင် ဖြစ်သည်။ ပိုင်လင် တစ်ယောက်တည်းကိုသာ ပစ်မှတ်ထား၍ မဆက်သွယ်ခဲ့ခြင်းလား... လျှို့ဝှက် အဆင့် ဝင်္ကပါများကို ဖြတ်သန်း၍ ပိုင်လင်၏ တည်နေရာကို သူ အာရုံမခံနိုင်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် ရွေးချယ်စရာ မရှိခဲ့ပဲ အဆောက်အဦး တစ်ခုလုံးကို ဖြန့်ကျက်၍ ဆက်သွယ်ခဲ့ရခြင်း ဖြစ်သည်။

“ဂီး...”

ချက်ချင်း ဆိုသလိုပင် အသံကြီး တစ်ခုမှာ ရဲတိုက်တစ်ခုလုံးကို ပဲ့တင်ထပ်၍ တုန့်ပြန်လာ၏။ ဝေ့ဝူယင်၏ မျက်လုံးများက ငွေရောင် တဖျပ်ဖျပ် တောက်ပသွားသည်။

“ခရက်...”

အခန်းဝတွင်တော့ ယွီစွန်းလီထံမှ အလောင်းကောက်ရန် တာဝန်ပေးခံထားရသည့် မျက်နှာဖုံးတပ် အစောင့် နှစ်ယောက် ရပ်နေခဲ့၏။

စိတ်ထဲကို တိုက်ရိုက် ဝင်ရောက်လာသည့် အမိန့်ပေးသံနှင့် စူးရှရှ ငှက်အော်သံတို့ကြောင့် စိတ်ထွေပြား နေစဥ်မှာပင် အခန်းတံခါးဝက ရုတ်တရက် ပွင့်လာခဲ့ရာ သူတို့ မည်ကဲ့သို့ တုန့်ပြန်ရမှန်း မသိ ဖြစ်သွားကြသည်။ သူတို့က ကြောင်တောင်တောင်ပင် တံခါးဝကို လှမ်းကြည့်လိုက်မိသည်။ သူတို့ ပထမဆုံး မြင်တွေ့လိုက်ရသည့် အရာကတော့ တံခါးဝတွင် မည်သည့် အချုပ်အနှောင်မှ မရှိပဲ ရပ်နေသည့် ဝေ့ဝူယင် ဖြစ်သည်။

သူ့နောက်ရှိ အလွန် လှပသော ယွီစွန်းလီကို တွေ့လိုက်ရသော အခါတွင်တော့ သူတို့၏ မျက်လုံးများက အလွန်အမင်း ပြူးကျယ် သွားကြတော့၏။ သို့သော်လည်း... သူတို့ လန့်ဖျပ်၍ မအော်နိုင်ခင်မှာပင် အလင်းတန်း တစ်ခုက သူတို့ နဖူးများဆီသို့ ထိုးဖောက်လာသည်ကို တွေ့မြင်လိုက်ရသည်။

ရွှစ်...

ဆေဘာအလင်းမှာ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် နှစ်ယောက်လုံး၏ ဦးခေါင်းခွံများကို ထိုးဖောက်သွားကာ ပဲနှစ်ရောင် ဦးနှောက်များမှာ ကြမ်းပြင်ပေါ် ပြန့်ကျဲသွား၏။

ဘုတ်... ဘုတ်...

အလောင်းကောင် နှစ်ခုက ကြမ်းပြင်ပေါ် ခွေယိုင်ကာ လဲပြိုကျသွားခဲ့သည်။ ဘာမှန်း မသိလိုက်ရခင်မှာပင် သူတို့ကား သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်က ဖြည်းညင်းစွာပင် အခန်းထဲမှ လမ်းလျှောက်ထွက်လာကာ အလောင်းကောင် နှစ်ခုနှင့် သိုလှောင် လက်စွပ်များကို စစ်ဆေးလိုက်သည်။ အဆောက်အဦ၏ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ အချက်အလက် တစ်ခုခု ရလိမ့်နိုးနိုး သူ မျှော်လင့်ထားခဲ့သော်လည်း မည်သည့် အရာကိုမှ မတွေ့ရရာ သူ မျက်မှောင်ကြုတ် လိုက်မိသည်။ သို့သော်လည်း... အစောင့်နှစ်ယောက်၏ သိုလှောင် လက်စွပ်များထဲတွင် “ယင်စုပ်ယူခြင်း မိစ္ဆာနည်းလမ်း” ကဲ့သို့ တားမြစ်နည်းလမ်းများ အချို့ကိုတော့ သူတွေ့ရ၏။ ထို့အပြင်... ယင်၊ သွေး၊ အမတေတို့ကို လောင်ကြွမ်းကာ စွမ်းအားကို မြှင့်တင်သည့် နည်းလမ်း တစ်ချို့ကိုလည်း တွေ့ရသည်။

“မိစ္ဆာ ကျင့်ကြံသူတွေ...”

ဤအဖွဲ့အစည်းမှာ ဆိုးယုတ်မှု ကျူးလွန် နေကြောင်း သူ အတည်ပြုခဲ့ပြီး ဖြစ်သည့်တိုင် ယခုအခါတွင်တော့ ပိုမို အသေးစိတ်သည့် အရာတစ်ခုကိုပါ သူ ရှာဖွေ တွေ့ရှိခဲ့သည်။ ထိုအရာက... သူတို့မှာ မိစ္ဆာ ကျင့်ကြံသူများ ဖြစ်ကြသည် ဆိုခြင်းပင်။

ဖက်တီးလူငယ်၏ မှတ်ဉာဏ်များ အရဆိုလျှင်... ဤအဖွဲ့အစည်းမှာ တရားမဝင် လူသား စျေးကွက် တစ်ခု ဖွင့်လှစ်ကာ ရောင်းဝယ် ဖောက်ကားမှုများစွာ ပြုလုပ်နေသည့် အဖွဲ့အစည်း ဖြစ်သည်။ ထိုအထဲ၌ သားရဲများနှင့် မိန်းမများစွာပင် ပါဝင်နေသည်။ သူတို့က အထူးသဖြင့် တန်ခိုးရှင် သူရဲကောင်း သတ်မှတ်ချက်ဝင် ပုဂ္ဂိုလ်များကို ပစ်မှတ်ထားကာ မြင့်မားသော စျေးနှုန်းများဖြင့် ဝယ်ယူကြသည်။ ထို့ကြောင့်ပင် ဝေ့ဝူယင် တန်ခိုးရှင် သူရဲကောင်း သတ်မှတ်ချက်ဝင် မဟုတ်ကြောင်း သိရှိခဲ့ရချိန်၌ ဖက်တီးလူငယ်နှင့် အစောင့်နှစ်ယောက် အလွန်အမင်း စိတ်ပျက် သွားခဲ့ရခြင်း ဖြစ်သည်။

သူတို့က အဘယ်ကြောင့် တန်ခိုးရှင် နတ်မိမယ် သတ်မှတ်ချက်ဝင်များကို ပစ်မှတ် မထားရသနည်း ဆိုသော် မိန်းကလေးများမှာ မကြာခဏ ဆိုသလို သက်ဆိုင်ရာ အင်အားစုများ၏ ရွေးချယ်ခံများ ဖြစ်နေတတ်သောကြောင့် ဖြစ်သည်။ သူတို့ အားလုံး နီးပါးက အထင်ကြီးလောက်စရာ နောက်ခံကို ပိုင်ဆိုင် ထားသည့်အပြင် အဆက်သွယ်နှင့် ပရိသတ်ပေါင်းများစွာလည်း ရှိသည်။ ထို့ကြောင့်ပင် သူတို့ကို ပစ်မှတ်ထားဖို့က အလွန်ပင် ခက်ခဲလှသည်။ အကယ်၍ ပျောက်ဆုံးသွားပါကလည်း အရှိန်အဟုန်ဖြင့် တုန့်ပြန်မည့် အရေမတွက်က မနည်းလှချေ။

သို့သော်လည်း တန်ခိုးရှင် သူရဲကောင်း သတ်မှတ်ချက်ကတော့ အသက်အရွယ်၊ ပါရမီ၊ ရုပ်ရည်တို့ကိုသာ အခြေခံ၍ ရွေးချယ်ခြင်း ဖြစ်သည်။ သူတို့ထဲ၌ ထိပ်တန်း အင်အားစုများမှ ပုဂ္ဂိုလ်များစွာ ပါဝင်သလို တစ်ကိုယ်တော် သို့မဟုတ် အဆင့်နိမ့် အင်အားစုများမှ လူငယ်များလည်း မနည်းမနောပင်။

ရွှေရောင် ဂိတ်တံခါး နန်းတော်က သတ်မှတ်မှု နှစ်ခု ကြားတွင် အဘယ်ကြောင့် ကွဲပြားသော စည်းမျဥ်းများ ချမှတ်ထားရသည်ကို ဝေ့ဝူယင် စဥ်းစား မရချေ။ သူ့အမြင်အရဆိုလျှင်... တန်ခိုးရှင် သူရဲကောင်း သတ်မှတ်ချက်က ဤကဲ့သို့သော အဖွဲ့အစည်းများကို မကောင်းမှု ကျူးလွန်ရန် မီးမောင်းထိုးပြ နေသလိုပင် ဖြစ်သည်။ ဝေ့ဝူယင်၏ မျက်လုံးများက မသိမသာ ကျဥ်းမြောင်းသွား၏။ ထိုသတ်မှတ်များ နောက်တွင် ထင်မှတ် မထားသည့် အရိပ်မည်း တစ်ခုခု ရှိနေသည်လော။

“ဟိတ်...”

ယွီစွန်းလီက တံခါး အတွင်းမှ လှမ်းခေါ်လိုက်၏။ ဝေ့ဝူယင်က အတွေးအာရုံကို ရပ်တန့်ကာ သူမကို လှည့်ကြည့်လိုက်သည်။

“တံခါးပွင့်နေပြီလေ...”

သူက ပြောလိုက်၏။ ယွီစွန်းလီက သူမ၏ နှုတ်ခမ်းကလေးကို ကိုက်လိုက်သည်။ ထို့နောက် ဗလာခြေထောက် ကလေးများဖြင့် စတင် ရွေ့လျားလိုက်၏။ သို့သော်လည်း... တံခါး အပြင်ဘက်သို့ ခြေမချနိုင်ခင်မှာပင် သူမ၏ ခန္ဓာကိုယ်ကလေးက တုန်ရီကာ နောက်သို့ ပြန်ဆုတ်လိုက်၏။

ဝေ့ဝူယင်က သူမကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

“ခင်ဗျားကို ထွက်မရအောင် အစီအရင်တစ်ခုခုနဲ့ တားထားလို့လား...”

ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့်ပင် လျှို့ဝှက် အဆင့် အစီအရင်များကို မြင်နိုင်စွမ်း မရှိရာ အခန်းထဲ၌ ထိုကဲ့သို့သော အစီအရင် ရှိ၊ မရှိ သူ မသိချေ။ သို့သော်လည်း ထိုကဲ့သို့ အစီအရင်များသာ တကယ် ရှိပါက သူ ဤနေရာသို့ ရောက်နေလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း... သိပ်မကြာခင်မှာပင် ယွီစွန်းလီ အခန်းထဲ ကြောက်လန့်တကြား ပြန်ဝင်သွားရသည့် အကြောင်းပြချက်ကို သူ တွေ့ရှိသွား၏။ သဘောကျစွာဖြင့် သူ ပြုံးလိုက်စဥ်မှာပင်...

“ဂီး...”

“ဘုန်း... ဘုန်း...”

ထိတ်လန့်တကြား အော်ဟစ်သံများနှင့် အတူ ရွှေသွေးရောင် မီးတောက်များမှာ ဆူနာမီလှိုင်းကြီးများကို စင်္ကြံလမ်း တစ်ခုလုံးကို စတင် လွှမ်းခြုံလာခဲ့တော့၏။

ဝှစ်...

ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်ကာ ယွီစွန်းလီနံဘေးသို့ ပြန်လည် ရောက်ရှိလာ၏။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်သည့်တိုင် မိန်းကလေးမှာ တရိပ်ရိပ် နီးကပ်လာနေသည့် မီးတောက်များကို ကြည့်ရင်း အလွန်အမင်း ကြောက်လန့် တုန်ရီနေခဲ့ပြီ ဖြစ်သည်။ မလှမ်းမကမ်း နေရာတွင် ရှိနေသေးသည့်တိုင် အလွန်ပြင်းထန်သည့် အပူရှိန်က သူမကို ဟပ်နေခဲ့ပြီ ဖြစ်သည်။

သူမ ချက်ချင်းပင် လုံခြုံသည့် တစ်နေရာ ရှာဖွေကာ ပုန်းဖို့ ဟန်ပြင်လိုက်၏။ သို့သော်လည်း ဝေ့ဝူယင်က သူမထက် ပိုမို မြန်ဆန်ပေသည်။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူမ၏ ခါးကလေးကို လှမ်းကာ ဖမ်းဆုပ်လိုက်၏။ သို့သော်လည်း အရှိန် မထိန်းနိုင်ရာ သူတို့ နှစ်ယောက်စလုံး အခန်းထဲ ချာချာလည် သွားတော့သည်။

ရှဲ... ရှဲ...

နိဗာန မီးတောက်များမှာ အရှိန်အဟုန်ဖြင့် လွှမ်းခြုံလာကာ အလောင်း နှစ်လောင်းမှာ ချက်ချင်းပင် ပြာအဖြစ် လောင်ကြွမ်း ပစ်လိုက်၏။ ထို့နောက် ၎င်းတို့က အရာရာကို သင်္ဂြိဟ်ပစ်ရန် ရည်ရွယ်ချက်ဖြင့် အခန်းထဲကိုပါ အလုံးအရင်းနှင့် တိုးဝင်လာခဲ့တော့သည်။

“အမလေး...”

ယွီစွန်းလီမှာ မီးတောက်များ သူမထံသို့ ရောက်ရှိလာသည်ကို တွေ့မြင်လိုက်ရရာ ခပ်တိုးတိုး အော်ဟစ် လိုက်မိ၏။ ထို့နောက် သူမက မျက်လုံးကို စုံမှိတ်ကာ ခေါင်းတစ်ခုလုံးကို ဝေ့ဝူယင်၏ ကျယ်ပြန့်ခိုင်မာလှသော ရင်ခွင်ထဲ တိုးမြှုပ် ထားလိုက်တော့သည်။

သို့သော်လည်း ထူးပြားဆန်းကြယ်စွာပင် သူမ၏ ခန္ဓာကိုယ်၌ မည်သည့် နာကျင်မှုမှ ဖြစ်ပေါ်လာခဲ့ခြင်း မရှိချေ။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမက မျက်လုံးများကို မဝံ့မရဲ ပြန်ဖွင့်လိုက်၏။

"မီးတောက်တွေက ငါတို့ကို မလောင်ဘူး..."

“ဒါပေါ့...”

ဝေ့ဝူယင်က သူမကို ငုံ့ကြည့်ရင်း အနည်းငယ် ရယ်မောလိုက်၏။ ပိုင်လင်၏ နိဗာန မီးတောက်များမှာ သူမ အလိုရှိသည့် အရာဝတ္ထုများကိုသာ လောင်ကြွမ်းနိုင်သည့် ထူးဆန်းသော အစွမ်းတစ်ခုကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့်ပင် သူက အဆောက်အဦနှင့် ဖမ်းဆီးခံများကို အန္တရာယ် မပြုမိစေရန် တောင်းဆိုခဲ့ခြင်း ဖြစ်ပေသည်။

“...”

ယွီစွန်းလီမှာ ဘာပြောရမှန်း မသိ ဖြစ်နေခဲ့၏။ ယခင်က သူမကို ထိုကဲ့သို့ တင်းတင်းကြပ်ကြပ် ပွေ့ဖွက်ခဲ့ဖူးသည့် ယောက်ျား မရှိသလို မီးတောက်များ အကြား၌ မည်ကဲ့သို့ ရပ်တည်နိုင်သည်ကိုလည်း စဥ်းစား မရချေ။ ထို့အပြင် မီးတောက်များက သူမကို အသက်စွမ်းအင်များ သွန်းလောင်းပေး နေသလိုပင် ခံစားရသည်။ ၎င်းတို့က အာဏာရှင် တစ်ယောက် အတွက် သက်တမ်း တိုးမြှင့်ရန် မလုံလောက်သည့်တိုင်အောင် ဒဏ်ရာများကို ကောင်းစွာ ကုစား ပေးနိုင်သည့် အစွမ်း ရှိပေသည်။

“ကဲ... သွားကြမယ်...”

ဝေ့ဝူယင်က ဆော်သြလိုက်၏။ သူ့တွင် အချိန် မရှိချေ။ အဆောက်အဦ တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် အဓိက တိုက်ပွဲ မဖြစ်ခင် သူ အလိုရှိသည့် အရာကို ရှာဖွေရဦးမည် ဖြစ်သည်။ သူက ယွီစွန်းလီ၏ လက်ကို ဆုပ်ကိုင်ကာ မီးတောက်များ အတွင်း ဖြတ်ပြေး လာခဲ့၏။

ယွီစွန်းလီမှာ ဝေ့ဝူယင်၏ ဆွဲခေါ်ရာနောက် အသက်မဲ့သလို လိုက်ပါ လာမိခဲ့သည်။ အပြင်တွင် ရွှေသွေးရောင် မီးတောက်များ လောင်မြိုက် နေသကဲ့သို့ သူမ၏ စိတ်အတွင်းတွင်လည်း မီးတောက် တစ်ခုက တဖြည်းဖြည်း ကြီးမားလာနေခဲ့သည်။

မျှော်လင့်ချက် မီးတောက်...

အချုပ်အနှောင်မှ လွတ်မြောက်နိုင်ပြီ ဆိုသည့် မျှော်လင့်ချက် မီးတောက်...

ထိုမီးတောက်ကား နောက်ဆုံး၌ သူမ၏ စိတ်အတွင်း လွတ်လပ်စွာ တောက်လောင် လာနိုင်ခဲ့ပြီ ဖြစ်သည်။

“ငါ ဒီနေရာက လွတ်တော့မှာလား... နှစ်ပေါင်း ရာဂဏန်းလောက် ကြာပြီးတဲ့ နောက်ဆုံးမှာ တကယ်ကြီး လွတ်တော့မှာလား... နောက်ဆုံးတော့ ငါ...”

တံခါးနှစ်ချပ်ကို ဖြတ်ကျော်ပြီးနောက် သူမ၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ဝေဝါးလာခဲ့၏။

သူမ၏ လက်ကို ဆွဲကာ ပြေးလွှားနေသည့် အနက်ရောင် ဆံပင်ရှည်များနှင့် လူငယ်၊ အဆောက်အဦ တစ်ခုလုံးကို လွှမ်းခြုံနေသည့် ရွှေသွေးရောင် မီးတောက်များ...

သူမ ထိုမြင်ကွင်းကို ဆယ်သက်၊ ဆယ်ကမ္ဘာတိုင်အောင် မေ့နိုင်တော့လိမ့်မည် မဟုတ်ချေ။

All Chapters