နိဗာန မီးတာက် (၃)
Vol. 50 Ch. 691
“ဂီး...”
“ဘုန်း... ဘုန်း... ဘုန်း...”
“ဒီသောက်ငှက်...”
ပိုင်လင်၏ သောင်းကျန်းသံများ၊ ထိတ်လန့်တကြား အော်ဟစ်သံများမှာ ရဲတိုက်ကြီးထဲတွင် ကမ္ဘာပျက်သလို ပျံ့နှံ့ နေ၏။ တဟုန်းဟုန်း တောက်လောင်နေသည့် မီးတောက်များနှင့် အဆက်မပြတ် ပေါက်ကွဲမှုများကြောင့် လျှို့ဝှက် အဆင့် ဝင်္ကပါများပင် တုန်ခါလာကာ အဆောက်အဦကြီး၏ ပုံသဏ္ဌာန်ပင်လျှင် အပြင်လောကဆီသို့ စတင်ကာ ပေါ်လွင် လာခဲ့လေသည်။
၎င်းက အပြင်နံရံ၊ အတွင်းနံရံနှင့် မျှော်စင် လေးခု ပါရှိသည့် အလွန့်အလွန် ကြီးမားလှသော ရဲတိုက်ကြီး ပုံသဏ္ဌာန် ဧရာမ အဆောက်အဦကြီး တစ်ခုပင် ဖြစ်သည်။ ၎င်း၏ အတွင်းပိုင်း ဧရိယာ တစ်ခုလုံးတွင်တော့ ဂြိုဟ်ငယ် တစ်ခု အရွယ် အစား ရှိသည့် စက်လုံးကြီး တစ်ခု ရှိ၏။ ဂြိုဟ်ငယ် တစ်ခု ဆိုသည့်တိုင် ၎င်းက လူပေါင်း သန်းဆယ်နှင့်ချီ မှီတင်း နေထိုင်နိုင်အောင် ကြီးမားနေသေးဆဲ ဖြစ်သည်။
ထိုအနက်ရောင် စက်လုံးကြီး၏ မျက်နှာပြင် တစ်လျှောက်လုံးတွင်တော့ လေးထောင့် သဏ္ဌာန် အပေါက်များ ပါရှိကာ ၎င်းတို့မှာ နေကြယ်များမှ ထုတ်လွှတ်သည့် အမတေ စွမ်းအင်များကို စုပ်ယူ နေကြသည့်ပုံ ရသည်။ စက်လုံးကြီးမှာ မကြာခဏ ဆိုသလို တရှူးရှူး အသံများဖြင့် ကြုံ့ဝင်သွားကာ မကြာခင်မှာပင် ပြန်လည် ပြန့်ကား လာပြန်၏။ ထို့နောက်... ဖိအားများ ပြန်လည် ထွက်ခွာသွားချိန်၌ စက်လုံး၏ မျက်နှာပြင်မှာ ခရမ်းရောင် သင်္ကေတများဖြင့် တလက်လက် တောက်ပလာခဲ့တော့၏။ အနီးစပ်ဆုံး ဥပမာ ပေးရပါက ၎င်းက သက်ရှိ သတ္တဝါ တစ်ကောင် အသက်ရှူ နေသလိုပင် ဖြစ်သည်။
စက်လုံး၏ အတွင်းပိုင်းတွင်တော့... ထူးခြား ဆန်းကြယ်သည့် ဖွဲ့စည်း တည်ဆောက်ပုံများ ရှိကာ အမျိုးမျိုး ကွဲပြားသည့် မြေမျက်နှာ သွင်ပြင်များ ဖြစ်တည်နေသည်။ ထိုအတွင်း၌ ရေကန်များ၊ တောအုပ်များပင် ဖြစ်တည်နေကာ များစွာသော မျက်နှာဖုံးတပ် ကျင့်ကြံသူများမှာ အလုပ်လုပ် နေကြသည်။ သူတို့ အတွက်တော့ ဤနေရာက သီးသန့် ကမ္ဘာ တစ်ခုပင် ဖြစ်သည်။
ရွှီး... ရွှစ်... ဝှစ်...
ယခုတစ်ကြိမ် ပြန်လည် ကျယ်ပြန့်ရန် ကြိုးစားသည့် အခိုက်တွင်တော့ ထူးဆန်းသော အသံများမှာ စက်လုံးထံမှ ထွက်ပေါ်လာခဲ့၏။
ဟူး... ဟူး...
ယောက်ျား တစ်ဖက်စာမျှ အရွယ်အစားရှိသည့် စက်လုံးကြီး၏ မျက်နှာပြင်ထက်ရှိ ထောင်ပေါင်း များစွာသော အပေါက်များမှာ ရွှေရောင် မီးတောက်များဖြင့် ပြည့်နှက်လာသည်။
အမတေ စွမ်းအင်များ ဝင်ရောက်လာမှုကို အခွင့်ကောင်းယူကာ နိဗာန မီးတောက်များမှာ ၎င်းတို့ကို လောင်စာပြု၍ ပိုမို ပြင်းထန်စွာ လောင်ကြွမ်း လေတော့၏။
ဘုန်း... ဘုန်း...
တစ်ခဏ အတွင်းမှာပင် သစ်ပင်များမှာ မီးလောင်ကြွမ်းကုန်ကာ ရေကန်များမှာ ခမ်းခြောက်ကုန်၏။ ချီပျစ်ခဲခြင်း အဆင့်မှ အစ ကြယ်တာရာ အမြုတေ အဆင့် အဆုံး ကျင့်ကြံသူ အားလုံးမှာ မီးကျီမီးခဲများ အောက်တွင် ကျွမ်းလောင်ကာ သေခြင်းတရားနှင့် ရင်ဆိုင် ကုန်ကြရသည်။
အနက်ရောင် စက်ဝန်း ကမ္ဘာ တစ်ခုလုံးတွင် ဖမ်းဆီး ချုပ်နှောင်ခံထားရသူများနှင့် ခြိမ်းခြောက်နိုင်စွမ်း မရှိဟု ယူဆရသူများ သာလျှင် ကြင်နာ သနားမှုကို လက်ခံ ရရှိခဲ့၏။ ပြောရလျှင်... ပိုင်လင်မှာ သူတို့ကို လက်ဆောင်များပင် ပေးလိုက်သေးသည်။
သူမ၏ အသက်အော်ရာမှာ အလွန်အမင်း အစွမ်းထက်လှရာ ဖမ်းဆီး နှိပ်စက်မှု ဒဏ်များ အောက်တွင် သေလုမြောပါး ဖြစ်နေသည့် အကျဥ်းသားများနှင့် မိစ္ဆာ နည်းလမ်းများဖြင့် အမတေ ထုတ်ယူ ခံထားရသည့် လူများမှာ အစွမ်းထက် အဂ္ဂိရတ် ထုတ်ကုန်များ စားသောက်ရသည့် အလား လျှင်မြန်စွာ ပြန်လည် ကောင်းမွန်လာနေခဲ့၏။
သေခြင်းတရားမှ တစ်ပါး မျှော်လင့်စရာ မရှိတော့သည့် လူများ အတွက်တော့ ထိုမီးတောက်မီးလျှံများမှာ မကောင်းသူပယ်၊ ကောင်းသူကယ်တင်ရန် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်မီးလျှံများလိုပင်။
အကျဥ်းသားများမှာ အာဏာ ပါးကွက်သားများ သူတို့ ရှေ့မှောက်တွင်ပင် လောင်ကြွမ်းခံနေရသည့် အဖြစ်ကို ကြည့်ရင်း အော်ဟစ် အားပေး နေကြ၏။ ထိုအရာကို မည်သူက စလိုက်မှန်း မသိသော်လည်း... သူတို့ အားလုံးမှာ ထိုကဲ့သို့ အော်ဟစ်နေရသည်ကို ပျော်ရွှင် နေကြ၏။ လက်စားချေရသည့် ခံစားချက်က တကယ့်ကို ကောင်းမွန်လှပေသည်။
ထိုအထဲ၌ ပြိုင်စံရှား ယန်ဖန်တီးခြင်း ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည့် အမျိုးသား ကျင့်ကြံသူ တစ်ယောက်လည်း အပါဝင် ဖြစ်သည်။ ယင်ဖန်တီးခြင်း ရုပ်ခန္ဓာ ကဲ့သို့ပင်... ၎င်းက မူလယန်ကို ပြန်လည် ဖြည့်ဆည်း နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားရာ အမျိုးသမီး ကျင့်ကြံသူများ အတွက် အကောင်းဆုံး ကျင့်ကြံခြင်း ပါတနာလိုပင် ဖြစ်သည်။ သို့သော်လည်း.. ထိုပြိုင်စံရှား ဆုလာဒ်ကပင် သူ့ကို နှစ်ပေါင်း ငါးရာကျော် တိုင်အောင် ဤနေရာတွင် အကျဥ်းနန်းစံ စေခဲ့ခြင်း ဖြစ်သည်။
“သေစမ်း... သေစမ်... ခွေးသားတွေ... ဟား... ဟား...”
အော်ဟစ် အားပေးခံများထဲ၌ သူ့အသံက အကျယ်ဆုံး ဖြစ်၏။ ရွှေသွေးရောင် မီးတောက်များကို ကြည့်ရင်း သူ၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် ပြည့်လျှံ နေခဲ့ပြီ ဖြစ်သည်။
သူ့တွင် ခြေလက် အင်္ဂါများ မရှိတော့ချေ။ လွန်ခဲ့သည့် နှစ်ရာချီတည်းက... အထူးနည်းလမ်းများဖြင့် ယန်စွမ်းအင် ပိုမို ထုတ်ယူနိုင်ရန် သူတို့က သူ့ယောက်ျားအင်္ဂါကိုပင် ဖြတ်တောက် ပစ်ခဲ့ပြီး ဖြစ်သည်။ သူကား သေချင်သည့်တိုင် မသေနိုင်သည့် ဖြစ်တည်မှု တစ်ခု အဖြစ် နှစ်ပေါင်း ရာနှင့်ချီ နေခဲ့ရခြင်း ဖြစ်သည်။
ယခုတွင်တော့ သူ့ကို နှိပ်စက်ခဲ့သမျှ လူတိုင်းမှာ ရွှေသွေးရောင် မီးတောက်များ အောက်တွင် ပြင်းထန်စွာ ဒဏ်ရာများ ခံစားရင်း လောင်ကြွမ်းနေခဲ့ပြီ ဖြစ်သည်။ အော်ဟစ် ရယ်မောရင်း သူ ပြင်းပြင်းထန်ထန် ချောင်းများ ဆိုးလာခဲ့သည်။ နတ်မီးတောက် မီးလျှံများက အသက်စွမ်းအင်များကို သယ်ဆောင်ကာ သူ့ဒဏ်ရာများကို ကုသ ပေးနေ၏။ သူ အလွန်အမင်း ပျော်ရွှင်ပေသည်။ သို့သော်လည်း... သူ့စိတ်အတွင်းတွင်တော့ ခိုင်မာသည့် ဆန္ဒ တစ်ခုက နေရာယူပြီး ဖြစ်သည်။ သူ အသက်ဆက် မရှင်ချင်တော့ပေ။ အသက်ရှင်သန်ရခြင်း၏ ဒုက္ခများကို သူ ချုံးချုံးကျအောင် ခံစားရပြီး ဖြစ်သည်။
အပြင်က မိစ္ဆာကောင်များ သေဆုံးသွားတာ တစ်ခုတည်းကပင် သူ့အတွက် လုံလောက်နေပြီ ဖြစ်သည်။
ကျင့်ကြံသူက တီးတိုး ရေရွတ်ရင်း မီးတောက်များနှင့် ဆက်သွယ်ရန် ကြိုးပမ်းလိုက်၏။
“ခင်ဗျားက ဘယ်သူလဲ ဆိုတာ ကျွန်တော် မသိသလို ကျွန်တော် ပြောတာကို ခင်ဗျား ကြားနိုင်ပါ့မလား ဆိုတာလည်း မသိဘူး... ဒါပေမဲ့ တကယ်လို့များ ခင်ဗျား ကြားနိုင်ခဲ့မယ် ဆိုရင်လေ အရမ်းကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်... ဒါပေမဲ့... ကျွန်တော့်မှာ တောင်းဆိုချင်တာ တစ်ခု ရှိပါသေးတယ်... ကျုပ်လို သေးငယ်ပြီး မထင်မရှား အကျဥ်းသားလေး တစ်ယောက်ထံမှ တောင်းဆိုမှုပါ”
ထိုအခိုက်၌ ခြေလက် အင်္ဂါ မဲ့သည့် ပဒုမ ပေါင်တို သူ့ခန္ဓာကိုယ်မှာ... လည်ပင်းနှင့် ခါးတို့ကို ချည်နှောင်ထားသည့် သံကြိုးများနှင့် အတူ မြေပြင်မှ အမြင့်မီတာ သုံးဆယ်ခန့်တွင် တွဲလောင်းကျနေခဲ့၏။
မီးတောက်များက ဘာကိုမှ မကြားဟန်ဖြ့် တဟုန်ထိုး တောက်လောင်နေဆဲ ဖြစ်သည်။ သို့သော်လည်း... ကျင့်ကြံသူ၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။
“တကယ်လို့ ကျုပ်ရဲ့ တောင်းဆိုမှုလေးကို ဖြည့်ဆည်းပေးမယ် ဆိုရင်လေ ကျုပ် ပိုင်ဆိုင်ထားတဲ့ ယန်ရင်းမြစ် အနှစ်သာရကို ခင်ဗျားကို ပေးပါ့မယ်...”
သူ၏ မျက်နှာတစ်ခုလုံးက သူ၏ စကားလုံးများကို မီးတောက်မီးလျှံများ မကြားမှာကို စိုးရွံ့သည့် အလား ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ အကယ်၍ တစ်ဦးဦးသာ သူ့စကားကို ကြားပါက အလွန်အမင်း အံ့အားသင့် သွားလိမ့်မည် ဖြစ်သည်။
ယန်ရင်းမြစ် အနှစ်သာရ...
၎င်းက အမျိုးသား ကျင့်ကြံသူ တစ်ဦးအတွက် အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုပင် ဖြစ်သည်။ ယန်ရင်းမြစ် အနှစ်သာရကို ထုတ်ယူ လိုက်ပါက ဘဝ တစ်ခုလုံး ဆုံးရှုံးသွားမည်မှာ မလွဲမသွေပင်။ ၎င်းက ဝိညာဥ်နှင့် အလွန် နီးကပ်စွာ တည်ရှိကာ အတူယှဥ်တွဲ၍ မွေးဖွားလာသည့် ဖြစ်တည်မှု တစ်ခုဟု ဆိုနိုင်ပေသည်။
မီးတောက်များကား အရှိန်တညီးညီးဖြင့် ဆက်လက် တောက်လောင်နေဆဲ ဖြစ်သည်။
“ကျေးဇူးပြုပြီး ကျုပ် ပြောတာကို ကြားပေးပါ... ကြားပေးပါ...”
ကျင့်ကြံသူက ထပ်တလဲလဲ တောင်းပန်နေ၏။ မျက်ရည်များက သူ့ မျက်လုံး နှစ်ဖက်တွင် မြစ်များ အလား စီးဆင်းကျနေသည်။
လွန်ခဲ့သည့် နှစ်များ အတွင်း သူ အကြိမ်ကြိမ် သတ်သေရန် ကြိုးစားခဲ့ပြီး ဖြစ်သည်။ အကြိမ်တိုင်း သူတို့က သူ့ကို တားဆီးခဲ့ကြသည်။
မီးတောက်များမှာ အနည်းငယ် တုန့်နှေးသွား၏။ မြင်ကွင်းက အနည်းငယ် ပြောင်းလဲသွားသလို ခံစားလိုက်ရရာ ကျင့်ကြံသူ၏ မျက်လုံးများမှာ မျက်ရည်များ ကြားမှ တောက်ပလာသည်။
“ကျုပ်ကို အချုပ်အနှောင်က လွှတ်ပေးပါ... ကျုပ် ချက်ချင်း ယန်ရင်းမြစ် အနှစ်သာရကို ပေးပါ့မယ်... တကယ် ကတိပေးပါတယ်”
သူက အမြင့်မားဆုံး မျှော်လင့်ချက်နှင့် အတူ ထပ်တလဲလဲ တောင်းပန်လိုက်သည်။ ကံကောင်း ထောက်မစွာပင် မီးတောက်များမှာ သူ့ စကားကို ကြားရသည့် အလား ပိုမို ပူပြင်းလာ၏။ စက္ကန့်ဝက်မျှ အတွင်းမှာပင် သူ့ လည်ပင်းနှင့် ခါးတို့ကို ချည်နှောင်ထားသည့် သံကြိုးများမှာ အရည်ပျော်ကာ ပြတ်ထွက်သွားသည်။
ဘုန်း...
ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှာ မီတာ သုံးဆယ် အမြင့်မှ အောက်သို့ ပြုတ်ကျသွား၏။ လူကြီးက တစ်စက်မျှ မတုန့်ဆိုင်းပါချေ။ ချက်ချင်းပင် သူ၏ မျက်လုံးများက အရောင်မှိန်သွားကာ မကြာခင်မှာပင် ရွှေရောင် အလင်းတန်းများဖြင့် ပြန်လည်၍ တောက်ပလာ၏။ ထို့နောက် ခပ်အုပ်အုပ် အော်ဟစ်သံ တစ်ခုနှင့် အတူ သူ့ နဖူးက အနည်းငယ် ကွဲသွားကာ ရွှေရောင်အလင်းလုံးလေး တစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် သူက မီးတောက်များကို ကြည့်ကာ တောင်းဆိုလိုက်၏။
“ကျုပ်ကို သတ်ပေးပါ...”
ယန်ရင်းမြစ် အနှစ်သာရကို ထုတ်ယူပြီးနောက်တွင် သူ့တွင် ကိုယ့်ကိုယ်ကို ဖောက်ခွဲရန် ခွန်အား မရှိတော့ချေ။ သူ၏ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... ရုပ်ခန္ဓာကို အားကိုး၍ သတ်သေစရာ သူ့တွင် ခြေလက်များ မရှိတော့ချေ။
မီးတောက်များက လှုပ်ရှားခြင်း မရှိချေ။
“ကျေးဇူးပြုပြီးတော့...”
ကျင့်ကြံသူ၏ အသံက ရှိုက်သံ ပါလာ၏။
“ကျေးဇူးပြုပြီး သတ်ပေးပါဗျာ... ကျွန်တော့်ကို... ”
“...”
ပိုင်လင်မှာ ခံစားချက်များ ပြည့်နှက်နေသည့် အော်မြည်သံ တစ်ခုကို ထုတ်လွှတ်လိုက်၏။ ကျင့်ကြံသူမှာ သူမကို သတ်ပေးရန် တောင်းဆိုခဲ့သည့် တစ်ဦးတည်းသောသူ မဟုတ်ချေ။ သူတို့က သူမကို အဖိုး အတန်ဆုံး အရာများဖြင့် ကမ်းလှမ်းခဲ့ကြသည်။ သူတို့၏ မျက်လုံးများက သေခြင်းတရား၏ တစ်ဖက်ရှိ အဆုံးစွန်သော အေးချမ်းမှုကို မျှော်လင့် နေကြသည်။
သို့သော်လည်း ဝေ့ဝူယင်က သူတို့ကို မသတ်ဖို့ မှာထားလေရာ ပိုင်လင်မှာ မည်ကဲ့သို့ လုပ်ရမှန်း မသိချေ။ သူမ အနည်းငယ် အကြပ်ရိုက် နေမိ၏။ သို့သော်လည်း အချိန်ကိုက်ပင် အသံ တစ်ခုက သူမ စိတ်အတွင်း ပျံ့လွင့် လာ၏။
“ငါ သူ့ကို တွေ့ပြီ...”
ပိုင်လင်၏ မျက်လုံးများက တောက်ပသွား၏။ ထိုနေရာမှ မထွက်ခွာရင် အကျဥ်းသားများကို နောက်ဆုံး တစ်ကြိမ် ပြန်ကြည့်ရင်း ဖီးနစ်တွန်သံ တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... အသက်ရှင်သန်ခြင်းက ငရဲခန်းလိုပင် ဖြစ်လေရာ သူတို့ တောင်းဆိုသည့် အတိုင်း ပြုမူပေးဖို့ သူမ ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ ဤနေရာ၌ အကျဥ်းသား ဆယ်သန်းခန့် ရှိသည့် အနက် ငါးရာခိုင်နှုန်းခန့်မှာ သူတို့ကို အဆုံးသတ်ပေးဖို့ အကူအညီ တောင်းထားကြပေသည်။
မျက်ဝန်းများထဲတွင် မျက်ရည်များ ပြည့်လျှံလာရင်း... သူတို့ကို လွှမ်းခြုံထားသည့် နိဗာန မီးတောက်များ၏ အရည်အသွေးကို သူမ ပြောင်းလဲ ပစ်လိုက်၏။ သူတို့၏ သေဆုံးမှုတွင် နာကျင်ခြင်း မရှိစေရန် အတွက် သူမ အပူချိန်ကို အမြင့်မားဆုံး တိုးမြှင့်ထားသည်။
ခြေလက်အင်္ဂါ ဖြတ်တောက်ခံထားရသည့် ကျင့်ကြံသူမှာ တောက်ပစွာ ပြုံးလိုက်၏။
“ကျေးဇူးတင်...”
စကားအဆုံးမသတ်ခင်မှာပင် သူ၏ ခန္ဓာကိုယ်က ပြာမှုန်များ အဖြစ် လွင့်စဥ် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။
...
အနက်ရောင် စက်လုံး၏ မျက်နှာပြင် တစ်နေရာမှာ စူထွက်လာကာ အပူချိန် လွန်ကဲလာသည့် အလား လျှင်မြန်စွာပင် အရောင်ပြောင်းလဲလာ၏။ ထို့နောက် စက္ကန့်ဝက်မျှ အတွင်းမှာပင် ၎င်းက ပေါက်ကွဲ သွားကာ အပေါက် တစ်ပေါက် ဖြစ်ပေါ်လာသည်။
ဂီး...
နိဗာန မီးတောက်မီးလျှံများ ဝန်းရံနေသည့် ပိုင်လင်မှာ ထိုအပေါက်မှ နေ၍ ကြောက်မက်ဖွယ် အရှိန်နှုန်းဖြင့် တိုးထွက်လာ၏။ ထို့နောက် သူမက လျှို့ဝှက် အဆင့် ဝင်္ကပါများကိုပင် ထိုးဖောက်ကာ အမှောင် ဟင်းလင်းပြင် အတွင်း တိုးဝင် လိုက်တော့သည်။ သူမ၏ ရွှေရောင် မျက်လုံးများမှာ နေကြယ်နှစ်စင်း အလား အရှိန်အဟုန်ဖြင့် လောင်ကြွမ်း တောက်ပနေ၏။
မီးဖီးနစ် အသွင်ပြောင်းခြင်း...
“မင်းတို့ အားလုံးကို သတ်ပစ်မယ်ဟေ့...”
ယခင်က သူမ ဝေ့ဝူယင်ထံတွင် အသုံးဝင်ကြောင်း ကိုယ့်ကိုယ်ကို သက်သေပြချင်ခဲ့သည်။ ယခုတွင်တော့ သူမတွင် ထိုအစွမ်းကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်လေသည်။
ဂီး...