တိုက်ပွဲ
Vol. 50 Ch. 692
အလွန်တရာ ကြီးကျယ် ခမ်းနားကာ လှပလှသော မီးတောက်မီးလျှံများမှာ ဟင်းလင်းပြင်၏ မီတာပေါင်း နှစ်သောင်း နှစ်ထောင်ကို လွှမ်းမိုး သိမ်းပိုက်ထား၏။ ပိုင်လင်၏ မီးဖီးနစ် အသွင်မှာ ရွှေသွေးရောင် နိဗာန မီးတောက်များနှင့် အတူ ဖွဲ့စည်းလာခဲ့ပြီ ဖြစ်သည်။ သူမ၏ အမူလ အသွင်အပြင်က ပျောက်ကွယ်သွားခြင်း မရှိသေးသည့်တိုင် အဖြူရောင် ဟူ၍ တစ်အောင်စမျှပင် မရှိတော့ချေ။ အရာအားလုံးက မီးနှင့် အလင်းများသာလျှင် ဖြစ်သည်။
သူမက ရွှေရောင် အလင်းများ တောက်ပနေသည့် မျက်လုံးများဖြင့် အနက်ရောင် စက်ဝန်းကြီးကို စိုက်ကြည့် နေ၏။ ၎င်း၏ မျက်နှာပြင်ထက်ရှိ ခရမ်းရောင် သင်္ကေတများမှာ ပြင်းထန်သည့် မီးအပူရှိန် သက်ရောက်မှုကြောင့် စတင်ကာ မှေးမှိန် နေကြပြီ ဖြစ်သည်။ အချို့ဆိုလျှင်... အတွင်းပိုင်းမှ ပြင်းထန်သည့် တိုက်ခိုက်မှုကြောင့် ပျောက်ကွယ်၍ပင် သွားကြပြီ ဖြစ်သည်။
သူမ ထိုးဖောက်ကာ ထွက်လာခဲ့သည့် အပေါက်ကြီးကတော့ အရှိန် တငြီးငြီး မီးတောက် မီးလျှံများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။
ဝှစ်... ဝှစ်...
စက္ကန့်ပိုင်း အတွင်းမှာပင် ထိုအပေါက်မှ နေ၍ အလင်းတန်း နှစ်ခု ပျံသန်းကာ ထွက်ပေါ်လာ၏။ တစ်ခုက အနက်ရောင် ဖြစ်ကာ တစ်ခုကတော့ မီးခိုးရောင် ဖြစ်ပေသည်။ သူတို့က မီးတောက်များ အကြားမှ ရုန်းထွက် ပျံသန်းကာ မိုင်တစ်ရာခန့် ဝေးသည့် နေရာတစ်ခု၌ ရပ်လိုက်ကြ၏။
“ဒီသားရဲက ဘယ်လိုကောင်ကြီးတုံး... မသိရင် မီးနဲ့ချည်း လုပ်ထားသလိုပဲ...”
အုံ့မှိုင်းကာ ရန်လိုသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ အသံပိုင်ရှင်က မီးခိုးရောင် အလင်းတန်း တစ်ဖြစ်လည်း ပိန်ပိန်ရှည်ရှည် မိန်းကလေး တစ်ယောက်ပင်။
မိန်းကလေးမှာ အရပ် ငါးပေ လေးလက်မခန့် ရှည်ကာ သေမျိုး သီလရှင်များ ဝတ်ဆင် သကဲ့သို့ ပုံမှန် အဖြူနှင့် မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သို့သော်လည်း... သူမ၏ မျက်လုံးများကတော့ အနီရင့်ရောင် အဆင်း ရှိကာ မသိပါက သွေးလုံးများလိုပင်။
“ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ...”
ခံစားချက် ကင်းမဲ့ကာ ရေခဲ ကဲ့သို့ အေးစက်နေသည့် အသံတစ်ခု ထပ်မံ ထွက်ပေါ်လာ၏။ ၎င်း၏ ပိုင်ရှင်က ယောက်ျား တစ်ယောက် ဖြစ်ကာ အနက်ရောင် ခပ်ပွပွ ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက အခြား အလုပ်သမားများလိုပင် မျက်နှာကို တစ်ပိုင်းကာ မျက်နှာဖုံးဖြင့် ဖုံးကွယ်ထား၏။
“ဟမ့်...”
မိန်းကလေးက နှာခေါင်းတစ်ချက် ရှုံ့ကာ လက်ဟန် ချိပ်စည်း အချို့ကို ဖန်တီးလိုက်၏။ အနက်ရောင် စက်ဝန်းထက်ရှိ ခရမ်းရောင် သင်္ကေတများမှာ တစ်ခဏမျှ တောက်ပလာသော်လည်း တစ်ခဏ အတွင်းမှာပင် ယခင်ကထက် ပို၍ မှေးမှိန်သွားကြသည်။ အတင်းအကြပ် ဖိအားပေး ခံရသည့် အလား အနက်ရောင် စက်ဝန်း၏ အစိတ်အပိုင်း အချို့မှာ ပေါက်ကွဲထွက်၍ပင် သွားကြ၏။
မိန်းကလေး၏ အမူအရာက မှောင်မည်းသွား၏။
“ကြယ်တာရာ အဆုံးသတ် ငရဲ အစီအရင်က အတော်ကြီးကို ထိခိုက်နေပြီ... အစိတ်အပိုင်း အများစုကို အသက်သွင်းလို့ မရတော့ဘူး”
“...”
အနက်ရောင် ဝတ်စုံဝတ် လူ၏ မျက်လုံးများက ထိပ်စပ်လုမတတ် ကျဥ်းမြောင်းသွား၏။ ထိုအထဲ၌ အန္တရာယ် အငွေ့အသက် တစ်ခုက လျှို့ဝှက်စွာ ပုန်းအောင်း နေသည်။ သူ၏ ဝိညာဥ်အာရုံက လျှင်မြန်စွာ ဖြန့်ကျက်သွားကာ မီတာ နှစ်သောင်း နှစ်ထောင် ကြီးမားလှသည့် မီးပုံရိပ်ကြီးထံ ရောက်ရှိသွားသည်။ အလွန်တရာ မြင့်မားလှသည့် ဒေါသလှိုင်းများ စီးဆင်းနေသည့်တိုင် ထိုသတ္တဝါကြီးက သူတို့က ချက်ချင်း မတိုက်ခိုက်သေးချေ။
“မီးနဲ့ပဲ လုပ်ထားတဲ့ငှက်... မဟုတ်မှ လွဲရော အဲဒါက ဖီးနစ်ငှက်လား...”
မိန်းကလေးက မေးလိုက်၏။ ထို့နောက် သူမက လက်ဟန် ချိပ်စည်း အချို့ကို ထပ်မံ ဖော်ဆောင်လိုက်၏။ သူမမှာ လက်ချောင်းများက အရိပ်များ အလား ရွေ့လျားသွားကာ စက္ကန့်အနည်းငယ် အတွင်းမှာပင် မုဒြာ ထောင်ချီကို ဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် စွမ်းအင် အရှိန်အဟုန် အောက်တွင် ဟင်းလင်းပြင် ပင်လျှင် စတင်ကာ တုန်ရီလာ၏။
“နင် အစီအရင်ကို ပြန်ပြင်နိုင်လား...”
အနက်ရောင် လူက မိန်းကလေး၏ မေးခွန်းကို ဂရုမစိုက်ပဲ အေးစက်စက်သာ တန်ပြန် မေးခွန်းထုတ်လိုက်၏။ ကြယ်တာရာ အဆုံးသတ် ငရဲ အစီအရင်မှာ တိုက်ခိုက်ရေး၊ ခုခံရေး အပြင်... အခြား လုပ်ဆောင်ချက် အချို့ကိုပါ လုပ်ဆောင် ပေးနိုင်သည့် အဆင့်မြင့် အစီအရင် တစ်ခု ဖြစ်သည်။ ၎င်းကို လုံလောက်သည့် ကျင့်ကြံခြင်း အဆင့် ရှိသူက ထိန်းချုပ်ပါက သေမျိုးတစ်ပိုင်း အရှင် အဆင့်များနှင့်ပင် ယှဥ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိသည့် အပြင် မြေကြီး ရှန့်ထိုများကိုပင် တားဆီးနိုင်သည်။
“ငါကြိုးစားနေတယ်...”
မိန်းကလေးက ဒေါသတြီး တုန့်ပြန်လိုက်၏။ အတန်ကြာပြီးနောက် သူမက သက်ပြင်းတစ်ချက် ချလိုက်သည်။
“အရိပ်ဥထဲမှာ ရှိနေတဲ့ မီးစွမ်းအင်က အတားအဆီး ဖြစ်နေတယ်... ခုချက်ချင်း ပြင်ဆင်လို့ ရတော့မှာ မဟုတ်ဘူး... ငါ့အတွက် အချိန်လိုတယ်”
သူမ စကားထဲမှ အရိပ်ဥ ဆိုသည်က အနက်ရောင် စက်ဝန်းကြီးကို ရည်ညွှန်းလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းကို လျှို့ဝှက်အဆင့် ရတနာ တစ်ခု ဖြစ်သည့် အရိပ် တာရာ သတ္တုရိုင်းဖြင့် ဖန်တီးထားသည်။ ထို့ကြောင့်ပင် ၎င်းမှာ သေမျိုးနှင့် အာဏာရှင်များ၏ ဝိညာဥ်အာရုံကို တော်ရုံတန်ရုံ ရှောင်လွှဲနိုင်စွမ်း ရှိခြင်း ဖြစ်သည်။
အရိပ်တာရာ သတ္တုရိုင်းမှာ အဆင့်နိမ့် လျှို့ဝှက်မြေကြီး အဆင့်တွင်သာ ရှိသည့်တိုင် တန်ဖိုးအားဖြင့် အဖိုးမဖြတ်နိုင်လောက်အောင် တန်ကြေး ရှိပေသည်။
“...”
အနက်ရောင်ဝတ် လူမှာ အချိန် ကြာမြင့်စွာ တိတ်ဆိတ်သွား၏။ ပိုင်လင်ထံမှ မီးအတက်အကျများ တူညီမှု မရှိသည်ကို သတိထားမိပြီးနောက် သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်များနှင့် ပြင်းထန်စွာ ပြည့်နှက် သွားသည်။
“သူက မီးကို အဝေးကနေ ကြိုးကိုင်နေပြီး အတွင်းပိုင်းက ဝင်္ကပါတွေကို ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီးဖို့ ကြိုးပမ်းနေတာပဲ”
မိန်းကလေး၏ အမူအရာမှာလည်း ပြောင်းလဲသွား၏။ သူမက လက်ဟန် ချိပ်စည်း အချို့ကို လျှင်မြန်စွာ ဖော်ထုတ်လိုက်လေရာ လျှို့ဝှက် သင်္ကေတများမှာ ပတ်လည်တွင် ဝန်းရံလာ၏။ ၎င်းတို့က အရေအတွက် အားဖြင့် လျှင်မြန်စွာ မြင့်တက်လာကာ တစ်ခဏ အတွင်းမှာပင် သောင်းဂဏန်းထိ ရောက်ရှိသွားသည်။
“သွား...”
မိန်းကလေးက လက်ကို တွန်းလွှတ်လိုက်ရာ သင်္ကေတများမှာ အနက်ရောင် စက်ဝန်းထံ နေအသေးစားများလိုပင် ပျံသန်း သွားကြတော့၏။ ၎င်းတို့ မျက်နှာပြင်ကို ကွယ်ကပ်ကာ ဝင်ရောက်သွားသော အခိုက်၌ လောင်ကြွမ်းနေသည့် မီးတောက်များက အနည်းငယ် အရှိန်လျော့သွားသည်။
“ရှင် ပြောတာ မှန်တယ်... ဒါပေမဲ့ သူက ဘယ်လိုလုပ်ပြီး...”
သူတို့ နှစ်ယောက်သား ထိတ်လန့်တုန်လှုပ်စွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ ဝင်္ကပါများကို အသိဉာဏ် မြင့်မားစွာ ရင်ဆိုင်နိုင်သည့် စွမ်းရည်မျိုး ဘယ်အချိန်တုန်းက သားရဲများတွင် ရှိသွားသနည်း။
၎င်းက တိတိကျကျပင် ဝင်္ကပါများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်သည်။ သည်အတိုင်းသာ ဆိုပါက... မကြာခင် အရိပ်ဥ ပျက်စီး သွားပေလိမ့်မည်။
ဂီး...
ပိုင်လင်က ကမ္ဘာတစ်ခုလုံးကို တုန်ရီစေသည့် ဟစ်ကြွေးသံ တစ်ခုကို ထုတ်လွှတ်လိုက်၏။ ထို့နောက် သူမက မီးတောက် အတောင်ပံများကို ခတ်ရင်း အမှောင် ဟင်းလင်းပြင်ထဲရှိ နှစ်ယောက်ထံ မီးစများကို လှမ်းပစ်လိုက်သည်။ သူမ၏ လှုပ်ရှားမှုက အလွန်အမင်း မြန်ဆန်လွန်းလှ၏။
သို့သော် ရန်သူများမှာလည်း လျှို့ဝှက် ဝိညာဥ် အဆင့်၌ ရှိနေသည့် ထိပ်သီး ပညာရှင်များပင် ဖြစ်သည်။ သူတို့က အလွန် လျှင်မြန်စွာပင် နောက်သို့ ဆုတ်သွားကြ၏။ မိန်းကလေး၏ လက်များက အရိပ်များ အလား ဆက်လက် လှုပ်ရှားနေကာ သင်္ကေတများမှာ အဆက်မပြတ်ပင် ထွက်ပေါ်လာနေခဲ့၏။ သူမက အစီအရင် ပြင်ဆင်သည့် အပေါ် အပြည့်အဝ အာရုံစိုက်ထားဆဲ ဖြစ်သည်။
အနက်ရောင်ဝတ် လူက မိန်းကလေး၏ ရှေ့တွင် ကာကွယ်ကာ ရပ်လိုက်၏။ ယခုအချိန်၌ သူမ အတွက် “အချိန်” က အရမ်း အရေးကြီးနေပေသည်။ အစီအရင်ကိုသာ ပြင်ဆင်ပြီးစီးသည်နှင့် မီးငှက်၏ ကံကြမ္မာကလည်း ရှင်းလင်း သွားလိမ့်မည် ဖြစ်သည်။ လွတ်မြောက်ရာ လမ်းကြောင်း မရှိပါချေ။ အနည်းဆုံး... သူတို့က ထိုကဲ့သို့ ယုံကြည်ထားကြသည်။
ပိုင်လင်က သူတို့ကို လှမ်းကြည့်ကာ ပျံသန်းလာ၏။ အနက်ရောင်ဝတ်လူနှင့် မိန်းကလေးတို့က အရိပ်ဥကို ပတ်ကာ အဆက်မပြတ် နောက်ဆုတ်နေသည်။ ပိုင်လင်မှာ အနည်းငယ် အခက်တွေ့နေ၏။ သူမ၏ ခွန်အားကို အဆုံးစွန်ထိ ထုတ်ဖော်ပါက ဝေ့ဝူယင် အပါအဝင် အထဲရှိ လူများအတွက် ထိခိုက်မှုများ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။
ဆယ်စက္ကန့်ခန့် လိုက်တမ်း ပြေးတမ်း ဆော့ပြီးသည့်နောက် နောက်ထပ် အလင်းတန်း သုံးခုမှာ အရိပ်ဥထဲမှ ထွက်ပေါ် လာခဲ့ပြန်၏။ နှစ်ခုက အပြာရောင် ဖြစ်ကာ တစ်ခုက ရွှေရောင် ဖြစ်သည်။
ဝှစ်... ဝှစ်...
အမှောင် ဟင်းလင်းပြင်ထဲသို့ ရောက်သည်နှင့် သူတို့က မျက်နှာဖုံးတပ် ယောက်ျား သုံးယောက် အဖြစ် ပြန်လည် ပေါ်လာခဲ့ကြ၏။ ထိုသုံးယောက်မှာလည်း လျှို့ဝှက် အာဏာရှင် အဆင့်နှစ် “လျှို့ဝှက်ဝိညာဥ်” အဆင့် ကျင့်ကြံသူများပင် ဖြစ်သည်။
ထို့အပြင်... သူတို့ ပိုင်ဆိုင်ထားသည့် အော်ရာများက အလွန်ပင် ကြံ့ခိုင် တောင့်တင်းလှကာ အတွေ့အကြုံနှင့် အသက်အရွယ် တို့တွင် ခွန်ရီမင်နှင့် တိမ်ပြာတို့အောက် နည်းနည်းမျှပင် နိမ့်ကျပုံ မပေါ်ချေ။
မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် အမှောင်ဟင်းလင်းပြင်ထဲ၌ ပိုင်လင်နှင့် ထိပ်တိုက် တွေ့နေသည့် လျှို့ဝှက်ဝိညာဥ်အဆင့် အရေအတွက်က ငါးယောက်အထိ ဖြစ်သွားခဲ့ပြီ ဖြစ်လေသည်။