တိုက်ပွဲ (၂)
Vol. 50 Ch. 693
“အဲဒါက မီးဖီးနစ်လား...”
ရွှေရောင် အလင်းတန်းများ တောက်ပနေသည့် လူကြီးက မေးလိုက်၏။
“မဖြစ်နိုင်ဘူး... ဖီးနစ်တွေက ဒဏ္ဍာရီတွေထဲမှာပဲ ရှိတာ... ဘယ်လို ဖြစ်နိုင်မှာလ”
အပြာရောင် တစ်ယောက်က ခေါင်းခါလိုက်သည်။ ကဗျာများ၊ စာများတွင် ဖော်ကြူးထားချက်များ အရဆိုလျှင် ဖီးနစ်များမှာ ကမ္ဘာဦး သားရဲများ ဖြစ်ကာ စကြဝဠာ တစ်ခုလုံးကိုပင် မီးလောင်တိုက် သွင်းပစ်နိုင်သည့် တည်ရှိမှုကြီးများ ဖြစ်သည်။
“...”
နောက်ဆုံး လျှို့ဝှက် အာဏာရှင်မှာ တိတ်ဆိတ်နေ၏။ သို့သော်လည်း... သူ၏ မျက်လုံးများကတော့ လောဘ အလင်းများဖြင့် တလက်လက် တောက်ပနေ၏။ သူ၏ အတွေးနှင့် ရည်ရွယ်ချက်က အမှောင်ဟင်းလင်းပြင်ထဲရှိ ကြယ်များလိုပင် ရှင်းလင်း လှပေသည်။
အခြား နှစ်ယောက်မှာလည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ အကြားတွင် စကားလုံးများ မလိုပါချေ။ သူတို့ အာလုံးမှာ မိစ္ဆာ ကျင့်ကြံသူများ ဖြစ်ကာ အယုတ်မာဆုံး၊ အရက်စက်ဆုံး နည်းလမ်းများဖြင့် လျှို့ဝှက်ဝိညာဥ် အဆင့်ကို တက်လှမ်း လာကြသူများ ဖြစ်သည်။
သို့ဖြစ်လေရာ... ထိုမျှ တန်ဖိုးရှိသည့် ငှက်တစ်ကောင်ကို သူတို့ မည်ကဲ့သို့ မလိုချင်ပဲ နေပါမည်နည်း။ ၎င်း၏ ခန္ဓာကိုယ်ထဲမှ အမတေ တစ်ခုတည်းပင်လျှင် သူတို့၏ မိစ္ဆာ ကျင့်ကြံခြင်း လမ်းစဥ် အတွက် အလွန်အမင်း အဖိုးတန်လိမ့်မည် ဖြစ်သည်။
ဘုန်း... ဘုန်း... ဘုန်း...
အလင်းတန်း သုံးခုမှာ ပေါက်ကွဲသွားကာ မယုံကြည်နိုင်လောက်သည့် အရှိန်များဖြင့် ပိုင်လင်နောက်ကို လိုက်ကြလေတော့၏။ သူတို့က အမှောင် ဟင်းလင်းပြင်ကို တိုက်ရိုက်ပင် ဖြတ်ကျော်ကာ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ပိုင်လင်၏ အမြီးနားကို ရောက်ရှိနေကြပြီ ဖြစ်လေသည်။
ဟူး... ဟူး... ဟူး...
ပိုင်လင်၏ ခန္ဓာကိုယ်နှင့် နီးကပ်လာသည်နှင့် မီးတောက်များ၏ အပူရှိန်က အရှိန်အဟုန်နှင့် ပိုမို၍ တိုးမြင့်လာ၏။ ယောက်ျား သုံးယောက်၏ အမူအရာများက အနည်းငယ် ပြောင်းလဲ သွားကြကာ ချက်ချင်းပင် အကာအကွယ်များကို အားဖြည့်လိုက်ကြသည်။ သို့သော်လည်း.. သူတို့က ရပ်တန့်ခြင်း မရှိပဲ ပိုင်လင်နောက်ကို အမဲလိုက်သလို သည်းကြီးမည်းကြီး လိုက်နေဆဲ ဖြစ်သည်။
အနက်ရောင်ဝတ်လူမှာ ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးလိုက်၏။ သူ၏ မျက်လုံးများကတော့ အလျှံတညီးညီး လောဘ မီးတောက်များဖြင့် တောက်လောင်နေခဲ့ပေသည်။
ဟူး... ဟူး...
လျှို့ဝှက် ဝိညာဥ်အဆင့် နှစ်ယောက်မှာ ပိုင်လင်၏ ရှေ့မှ ပြေး၍ သုံးယောက်မှာ နောက်မှ အဆက်မပြတ် လိုက်နေ၏။ သူတို့ ခြောက်ယောက်မှာ အနက်ရောင် စက်ဝန်းကြီးကို ဗဟိုပြုကာ စက်ဝန်း သဏ္ဌာန် ဝိုင်းပတ်နေကြခြင်း ဖြစ်သည်။ အခြေအနေက အတော်လေး ကို့ယို့ကားယာနိုင်ကာ ရှေ့မတိုးသာ နောက်မဆုတ်သာပင်။
အရှေ့မှ ပြေးနေသည့် လူနှစ်ယောက်မှာ သူတို့ ပိုင်ဆိုင်ထားသည့် အစွမ်းအထက်ဆုံးသော လှုပ်ရှားမှု ကျင့်စဥ်များကို သုံးကာ အချိန် ရသမျှ ဆွဲရန် ကြိုးစားနေကြစဥ်တွင် နောက်မှ လိုက်နေသည့် သုံးယောက် မှာလည်း အရိပ်ဥကို ထိခိုက်သွားမှာ စိုးရိမ်သဖြင့် တိုက်ခိုက်ဖို့ ချိန်ဆ နေကြ၏။
မီတာပေါင်း နှစ်သောင်း နှစ်ထောင် ကြီးမားသည့် မီးငှက်ကြီးကတော့ ပြေးသည်၊ လိုက်သည် မကွဲပြားပဲ ထိုအဖွဲ့နှစ်ခု၏ ကြားတွင် အဆက်မပြတ် ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်သည်။
“...”
ထိုထူးဆန်းသော အခြေအနေကပင် အနက်ရောင်ဝတ်လူ၏ အမူအရာကို အနည်းငယ် ပြောင်းလဲသွားစေ၏။ သူ၏ မျက်နှာထက်ရှိ အပြုံးက ပျောက်ကွယ်သွားကာ အလေးအနက် စဥ်းစားသည့် အမူအရာက နေရာယူ လာသည်။
ထိုသားရဲက အဝေး တိုက်ခိုက်မှုကို မဖော်ထုတ်နိုင်သည်လော။ ထိုကဲ့သို့ တိုက်ခိုက်မှုများ ရောက်ရှိလာပါက ရင်ဆိုင်ရန် အသင့် ပြင်ဆင်ထားပြီး ဖြစ်သည့်တိုင် တစ်ခုမှ ရောက်မလာသေးချေ။
မကြာခင်မှာပင် သူ၏ လေးနက်သော အမူအရာက စိတ်ဖီစီးမှုများ အဖြစ်သို့ ပြောင်းလဲ လာ၏။ သက်တောင့်သက်သာ မရှိသည့် ခံစားချက် တစ်ခုက စက္ကန့်တိုင်း စက္ကန့်တိုင်းတွင် သူ့နှလုံးသားထဲ၌ ဖိစီးလာခဲ့သည်။ တစ်ခုခု မူမမှန်နေတာတော့ သေချာပေသည်။ သူက ဖီးနစ်၏ နောက်မှ လိုက်လာသည့် အလင်းတန်း သုံးခုကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူက ခေါင်းကို အနည်းငယ် စောင်းကာ အရိပ်ဥကို လှမ်းကြည့် လိုက်သည်။
ထို့နောက်တွင်ကား... သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ ကြောက်လန့်မှု အလင်းတန်းများမှာ သူ၏ မျက်လုံးများထဲတွင် ပေါက်ကွဲသွား၏။
“မဟုတ်ဘူး... အဲဒီငှက် ထုတ်လွှတ်နေတဲ့ အပူချိန်က မူမမှန်ဘူး”
သူက တုန်ရီစွာဖြင့် ရေရွတ်လိုက်၏။ မိန်းကလေးမှာ ဝင်္ကပါကို ပြန်လည် ပြင်ဆင်ရန် ကြိုးပမ်းရင်း ထိုစကားလုံးများကို ကြားလိုက်ရရာ နားမလည်ဟန်ဖြင့် နောက်သို့ လှည့်ကာ ကြည့်လိုက်သည်။
ဝှစ်...
ထိုအခိုက်မှာပင် ဝတ်စုံနက်လူမှာ မူလ လမ်းကြောင်းကို စွန့်ခွာလိုက်၏။ သူကား တိုက်ရိုက်ပင် ထွက်ခွာ သွားခဲ့ပြီ ဖြစ်လေသည်။
“...”
လျှို့ဝှက် အာဏာရှင် အဆင့် လေးယောက်၏ အမူအရာများမှာ တစ်ခဏ အတွင်းမှာပင် အဝေးသို့ ရောက်ရှိသွားသည့် သူတို့၏ မဟာမိတ်ကို ကြည့်ကာ အေးခဲ သွားကြ၏။ သူက ပိုမို လျှင်မြန်စွာ ရွေ့လျားရန် အတွက် ဟင်းလင်းပြင် စွမ်းအင်များကိုပင် သုံးထားသေးသည်။
အကြောင်းရင်းကို သေချာ နားမလည်သည့်တိုင် တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်း သူတို့ သိရှိ လိုက်ကြပြီ ဖြစ်လေသည်။
ဘုန်း...
ထိုအခိုက်တွင်ပင် စွမ်းအင် ပေါက်ကွဲ တစ်ခုမှာ အလွန် ဝေးကွာလှသည့် နေရာတစ်ခုတွင် ဖြစ်ပေါ် လာခဲ့၏။ သို့သော်လည်း... ပေါက်ကွဲမှုက အတော်လေး အားနည်းလှကာ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက် သူ၏ အော်ရာကို အဆုံးစွန် ထုတ်လွှတ်လိုက်သလိုပင် ဖြစ်သည်။
“...”
နောက်မှ လိုက်နေသည့် လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်မှာ ချက်ချင်းပင် ဝိညာဥ်အာရုံများကို ဆန့်ထုတ်ကာ ထိုနေရာကို လှမ်းကြည့်လိုက်ကြ၏။ သို့သော်လည်း မည်သည့် အရာကိုမှ သူတို့ မတွေ့ရပါချေ။ အခြေအနေက အတော်လေး ထူးဆန်းနေပြီ ဖြစ်သည်။
“အား...”
ထိုအခိုက်တွင်ပင် ကျယ်လောင် စူးရှသည့် အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာရာ သူတို့၏ အမူအရာများက ထိတ်ထိတ်ပြာပြာ ဖြစ်သွားကြ၏။ ချက်ချင်းပင် သူတို့ မူလပစ်မှတ်ဘက်ကို ပြန်လှည့်လိုက်ကြသော်လည်း မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် နှလုံးသားများ အေးခဲ သွားခဲ့တော့သည်။
“ငါ့ကို ကယ်ဦး... အား... ကယ်...”
အဆက်မပြတ် ဟစ်ကြွေးသံများနှင့် အတူ မိန်းကလေး၏ ခန္ဓာကိုယ် တစ်ခုလုံးကား မီးဖီးနစ် ငှက်ကြီး၏ ဝါးမြိုမှုကို ခံလိုက်ရသည့် အလား မီးတောက်မီးလျှံများ အကြား၌ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူမက ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီး အတွင်း ပိတ်မိနေကာ လွတ်လမ်းအားလုံး ပိတ်ဆို့ နေခဲ့ချေပြီ။ အကယ်၍ အဆက်မပြတ် ဖော်ထုတ်နေသည့် အကာအကွယ်များကြောင့်သာ မဟုတ်ပါက သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ မီးတောက် မီးလျှံများ အောက်တွင် ပြာမှုန်များ ဖြစ် ပြောင်းလဲ သွားလောက်ပြီ ဖြစ်သည်။
မိန်းကလေးမှာ အဆက်မပြတ် အော်ဟစ် အကူအညီ တောင်းခံရင်း အကာအကွယ်လွှာကို အတတ်နိုင်ဆုံး တောင့်ခံရန် ကြိုးပမ်းနေ၏။ သို့သော်လည်း ထိုအရာက အသုံးမဝင်သလောက် ဖြစ်ကာ၊ နူးညံ့ ပျော့ပြောင်း၍ မှည့်တစ်ပေါက်ပင် မစွန်းထင်းသည့် သူမ၏ အရေပြားများမှာ ဆီအိုးထဲတွင် ထည့်လှော်ခံရသလို အဖုသီးများဖြင့် ပြည့်နှက် လာနေခဲ့ချေပြီ ဖြစ်သည်။
ဘုန်း...
ပြင်းထန်သည့် ပေါက်ကွဲသံနှင့် အတူ အကာအကွယ်လွှာမှာ ပျက်စီးသွား၏။ မီးတောက်များက ဆက်လက် တိုးဝင် ထွင်းဖောက်လာကာ သူမ၏ ခန္ဓာကိုယ်နှင့် အဝတ်အစားများကိုပါ လွှမ်းခြုံ ဝါးမြိုလိုက်ချေပြီ ဖြစ်သည်။
တစ်ခဏ အတွင်းမှာပင် သူမ ဝတ်ဆင်ထားသည့် လျှို့ဝှက်အဆင့် မီးခိုးရောင် ရတနာ ဝတ်စုံမှာ လောင်ကြွမ်း ပြာကျသွား၏။ အလျှံတငြီးငြီး ဝါးမြိုနေသည့် မီးတောက်မီးလျှံများနှင့် ကြောက်မက်ဖွယ် အော်ဟစ်သံများ အောက်တွင်.. မည်သူမှ သူမ၏ အဝတ်ဗလာ ခန္ဓာကိုယ်ကို မခံစားနိုင်ကြပါချေ။ အကယ်၍ အနီးကပ်ကြည့်မည် ဆိုပါက သူမ၏ အသားနှင့် အရိုးများ စတင် အရည်ပျော်လာနေသည်ကိုပင် တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
“ဘုရား... ဘုရား...”
လျှို့ဝှက်ဝိညာဥ် အဆင့် သုံးယောက်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဦးရေပြားများ ယားယံလာသလိုပင် ခံစားလိုက်ကြရ၏။
အစစ်အမှန် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် မီးလောင်တိုက် သွင်းခံရခြင်း...
သူတို့၏ မျက်လုံးများက မီးတောက်များနှင့် အနီးကပ်ဆုံး နေရာ၌ ရှိနေသည့် အနက်ရောင် စက်ဝန်းထံသို့ ရွေ့လျားသွား၏။ ထိုအခိုက်တွင်ပင် အနက်ရောင်ဝတ်လူ၏ စကားလုံးများက သူတို့ နားများအတွင်း ပြန်လည် ပဲ့တင်ထပ် လာခဲ့သည်။
မီးတောက်များကား တကယ် မူမမှန်ချေ။
“အဲဒီငှက်က စောစောက အချက်ပြတာကို စောင့်နေတာ ဖြစ်မယ်...”
မျက်နှာဖုံးတပ် အာဏာရှင်တစ်ယောက်က နားလည် သဘောပေါက်သွားဟန်ဖြင့် အော်ဟစ်လိုက်၏။ မှန်သည်။ ထိုသေးငယ် အားနည်းသည့် အချက်ပြမှုကပင် အခြေအနေ တစ်ခုလုံးကို ပြောင်းလဲ ပစ်လိုက်ခြင်း ဖြစ်သည်။
အရာရာကို မီးတောက်များက ဖုံးလွှမ်းနေဆဲ ဖြစ်သည့်တိုင် မိန်းကလေးထံမှ အော်ဟစ် အကူအညီ တောင်းခံနေသည့် အသံများကတော့ အမှောင် ဟင်းလင်းပြင် အတွင်း ဝိညာဥ်လှိုင်းများ အဖြစ် ပျံ့နှံ့ နေဆဲ ဖြစ်သည်။
အနက်ရောင် စက်ဝန်း အတွင်း... ဆယ်စုနှစ်၊ ရာစုနှစ်ပေါင်းများစွာ အကျဥ်းချ ခံထားရသည့် အကျဥ်းသားများ ပင်လျှင် သူမ၏ အသံကို ကြားနိုင်၏။
လျှို့ဝှက် ကြယ်တာရာ အဆင့် ကဲ့သို့သော ထိပ်တန်း ကျင့်ကြံသူများကတော့ အသံပိုင်ရှင်က မည်သူ ဖြစ်ကြောင်း တန်းကာ သိလိုက်ကြပေသည်။ ထိုမိန်းမ၏ လက်တွင် သူတို့ ကြီးမားစွာ ထိခိုက် ခံစားခဲ့ကြဖူးပေသည်။ ဝမ်သာလုံးက ရင်တစ်ခုလုံးကို လွှမ်းခြုံ ထားခဲ့ပြီ ဖြစ်လေရာ သူတို့မှာ ဣန္ဒြေပင် မဆည်နိုင်ကြတော့ပဲ အသံကုန် အော်ဟစ် အားပေးလိုက်ကြတော့၏။