← Chapters

ထောင်ချောက်

Vol. 50 Ch. 694

ထောင်ချောက်

Vol. 50 Ch. 694

ရွှေရောင်အလင်းများ ဝန်းရံနေသည့် မျက်နှာဖုံးတပ် ကျင့်ကြံသူမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် တုန်ရီ နေ၏။ သို့သော်လည်း... သူက အံကို တင်းတင်းကြိတ်ရင်း အခြား မဟာမိတ်များကို အော်ဟစ် နှိုးဆော် လိုက်သည်။

“တော်ဝင်မုဒြာနဲ့ ကြယ်တာရာ အဆုံးသတ် ငရဲ ဝင်္ကပါ မရှိပဲ ငါတို့ ဒီသားရဲကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး... ငါတို့ သူ့ကို ကယ်မှ ဖြစ်မယ်... တက်ကြ”

သူ၏ လေသံက ရဲရင့် တည်ကြည်ကာ ပြတ်သားခြင်းများနှင့် ပြည့်နှက်နေကာ သေမျိုး အကန့်အသတ်ကို ကျော်လွန်သည့် အော်ရာများမှာ တဟုန်ထိုး ထွန်းတောက်လာ၏။ သူက မီးတောက်မီးလျှံများ ကြားထဲကို တိုးဝင်ကာ မီးငှက်ကို အချိန်မရွေး တိုက်ခိုက်တော့မည့်ဟန် ရလေသည်။

အပြာရောင် အလင်းများ ဝန်းရံနေသည့် ကျင့်ကြံသူ နှစ်ယောက်က အကြည့်ချင်း ဖလှယ် လိုက်ကြ၏။ ထိုအကြည့် တစ်ချက်ဖြင့်ပင် တစ်ယောက် မျက်လုံးထဲမှ စိုးရိမ်မှုနှင့် သံသယများကို တစ်ယောက်က နားလည်ပြီး ဖြစ်သည်။ သူတို့ကား နှစ်ထောင်နှင့်ချီ အသက်ရှင် နေထိုင်ခဲ့သည့် ကျင့်ကြံသူများ ဖြစ်သည်။ စကားဖြင့် သူတို့ကို လွှမ်းမိုး ခြယ်လှယ်ရန်မှာ မလွယ်ကူလှချေ။

မျက်နှာဖုံးတပ် လျှို့ဝှက် အာဏာရှင် တစ်ယောက်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

“ဒါဆို သွားလေ... မင်း ချစ်သူကို သွားကယ်... ကျုပ် စစ်ကူတောင်းလိုက်ဦးမယ်”

ယခုလို အချိန်မျိုး၌ လူမှုရေးက ပထမ ဦးစား မဟုတ်တော့ချေ။ ထို့အပြင်... အဖမ်းခံထားရသူက သူ့မိန်းမ မဟုတ်ချေ။ အကယ်၍ သူ့မိန်းမ ထားဦး။ မိန်းမ တစ်ယောက်ကို ကယ်တင်ရန် အတွက် ဘာမှန်း မသိရသည့် အန္တရာယ်တောထဲ တိုးဝင်ရလောက်သည် အထိ သူက အချစ် မရူးသေးချေ။

ဝှစ်...

မျက်နှာဖုံးတပ် လျှို့ဝှက် အာဏာရှင်မှာ ပြောပြီးပြီးချင်းပင် အပြာရောင် အလင်းတန်း တစ်ခု အသွင် ပြောင်းလဲကာ နောက်ဘက် မိုင်ပေါင်းများစွာကို ဆုတ်ခွာ သွားတော့၏။

အပြာရောင် အလင်းထဲမှ နောက်ထပ် မျက်နှာဖုံးတပ်လူကတော့ သက်ပြင်း တစ်ချက်သာ ချလိုက်သည်။

“သူက ခင်ဗျားကို ဘယ်တုန်းကမှ လက်ခံခဲ့တာ မဟုတ်ဘူး... သူ့အတွက်နဲ့ ခင်ဗျား ကိုယ့်အသက်ကို မစွန့်စားသင့်ဘူး”

ထို့နောက် သူသည်လည်း ပထမ တစ်ယောက် နည်းတူပင် အပြာရောင် အလင်းတန်း အဖြစ် ပြောင်းလဲကာ စွန့်ခွာ သွားခဲ့၏။

နောက်ဆုံး၌ ရွှေရောင် အလင်းများ တောက်ပနေသည့် လူကြီး တစ်ယောက်သာလျှင် ဖီးနစ် မီးငှက်ကြီး အနား၌ ကျန်ရှိပေတော့သည်။ သူ၏ အမူအရာက အလွန်အမင်း တိတ်ဆိတ်နေကာ မီးတောက် မီးလျှံများ၏ ဝါးမြိုမှု အလယ်၌ ရှိနေသည့် တော်ဝင်မုဒြာကို လှမ်းကြည့် လိုက်၏။ သူ၏ စိတ်နှလုံး တစ်ခုလုံးက သူမအား လိုက်ရန် ကြိုးပမ်းခဲ့မှုများ၊ အကြိမ်ကြိမ် အခါခါ ငြင်းဆိုခံခဲ့ရသည့် အမှတ်တရများထဲတွင် နစ်မွမ်းနေသည်။

ဤသည်က နှစ်ပေါင်း ရာချီ အတွင်း သူ့ အိပ်မက်များကို အကောင်အထည် ဖော်လာနိုင်သည့် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။ စစ်ကူများကို စောင့်မျှော်ရန်လား... သူက ထိုမျှ မမိုက်မဲပါချေ။

အရိပ်ဥပင် ဖော်ထုတ် ခံလိုက်ရပြီ ဖြစ်ရာ အခြားသူများမှာ သူတို့ အဖြစ်ကို သိရှိလောက်ပြီး ဖြစ်သည်။ မိစ္ဆာ ကျင့်ကြံသူများ အနေဖြင့် ဤနေရာက သူတို့ အတွက် မလုံခြုံတော့ချေ။ သူတို့က အခြေစိုက်စခန်းကို စွန့်ပစ်ကာ အခြား နေရာများကို ဆုတ်ခွာ သွားလောက်ပြီ ဖြစ်သည်။

“ကျွန်မကို ထားမသွားပါနဲ့... ကျေးဇူးပြုပြီးတော့...”

ထိုအခိုက်တွင်ပင် မိန်းကလေး၏ အသံ ဖျော့ဖျော့ကလေးက သူ့နားထဲ ဝင်ရောက်လာ၏။ သူမ၏ အရေပြားများက မီးလောင်ဖုများဖြင့် ပြည့်နှက်နေကာ ခန္ဓာကိုယ်ရှိ အသက်ဓာတ်မှာ စက္ကန့်တိုင်း၌ ပိုမို၍ မှေးမှိန် လာနေခဲ့သည်။ သို့သော်လည်း သူမ၏ မျက်လုံးများကတော့ ပြင်းပြသော ရှင်သန်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

သူမ ဤနေရာ၌ မသေချင်ပေ။ ဤအချိန်၌ မသေချင်သေးပေ။ သနားစဖွယ် မျက်လုံးများနှင့် သူမက တစ်ခုတည်းသော မျှော်လင့်ချက်ကို လှမ်းကြည့်လိုက်၏။

“ထန်ကွမ်ထင်... ကျေးဇူးပြုပြီးတော့”

“...”

မျက်နှာဖုံးတပ် လူကြီး၏ ခန္ဓာကိုယ်က တုန်ရီသွား၏။ အံကို တင်းတင်းကြိတ်ရင်း သူ့မျက်လုံးထဲ၌ ဝေဝါးမှုများက ပိုမို ထင်ရှားလာသည်။ အကယ်၍ သူမကို ကယ်တင်နိုင်ပါက အနာဂတ် လမ်းကြောင်းများစွာ ပွင့်ဟ သွားလိမ့်မည် ဖြစ်သည်။

“ယား...”

အော်ဟစ် မာန်သွင်းသံ တစ်ခုနှင့် အတူ ထန်ကွမ်ထင်၏ ခန္ဓာကိုယ် အော်ရာက ပေါက်ကွဲ လာ၏။ ခိုင်မာသော ဆုံးဖြတ်ချက်များက သူ့မျက်လုံးများထဲတွင် ပြည့်နှက် လာခဲ့ကာ ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် အတူ သူက ပိုင်လင်ထံကို နောက်ကြောဘက်မှ တိုးဝင်လိုက်လေတော့သည်။

ပိုင်လင်က ခန္ဓာကိုယ်ကို လှည့်ကာ တိုးဝင်လာသည့် တိုးဝင်လာသည့် ရွှေရောင် အလင်းတန်းဘက်ကို လှည့်လိုက်၏။ သူမ၏ ရွှေရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေကာ မီးတောက် မီးလျှံများဖြင့် ပြည့်နှက်နေသည်။ ထိုအရာက တော်ဝင်မုဒြာကို သူမ ချက်ချင်း မသတ်ရသေးသည့် အကြောင်းရင်းလည်း ဖြစ်သည်။

“ဂီး...”

သူမက ကျယ်လောင်စွာ အော်မြည်လိုက်ရင်း ဂြိုဟ်တစ်ခုလုံးကို လောင်ကြွမ်း ပစ်နိုင်သည့် မီးတောက် မီးလျှံများကို ထန်ကွမ်းထင်ထံ မှုတ်ထုတ်လိုက်၏။

“ထောင်ချောက်...”

ထန်ကွမ်းထင်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အေးစက်သွား၏။ နောင်တတရားက သူ့အသိစိတ် ပင်လယ် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

သူ ဟင်းလင်းပြင် ခုန်ကူးခြင်း နည်းစနစ်ကို အသုံးပြုဖို့ ကြိုးစားလိုက်သေးသော်လည်း မီးတောက်များ၏ ကျွမ်းလောင်မှု အောက်၌ ဟင်းလင်းပြင်မှာ ပုံပျက်နေခဲ့ပြီ ဖြစ်သည်။ သူကား ကိုယ့်သေတွင်း ကိုယ်တူးရန် ပိုးဖလံမျိုး မီးပုံတိုးခဲ့ခြင်း ဖြစ်သည်။ လျှပ်တစ်ပြက် အတွင်းမှာပင် မီးတောက်မီးလျှံများက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံ ဝါးမြိုသွားခဲ့ပြီ ဖြစ်လေသည်။

ထို့နောက် တမုဟုတ်ချင်းမှာပင် ထန်ကွမ်းထင်၏ ခန္ဓာကိုယ်နှင့် လျှို့ဝှက် ဝိညာဥ် နှစ်ခုစလုံးက မီးလောင် ပြာကျသွားခဲ့၏။ သူကား အော်ဟစ်ရန် အချိန်ပင် မရလိုက်ချေ။

“...”

တော်ဝင်မုဒြာ၏ နှလုံးခုန်သံမှာ ရပ်တန့်သွား၏။ သူမ၏ နောက်ဆုံး မျှော်လင့်ချက်ကား ယခုလေးတင် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။

“သေလို့ရပြီ...”

ထိုအခိုက်တွင်ပင် အေးစက်စက် အသံတစ်ခုကို သူမ ကြားလိုက်ရသည်။ ထို့နောက် တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် သူမကို ဝန်းရံ အမဲဖျက်နေသည့် မီးတောက်များ၏ အပူချိန်က အဆပေါင်းများစွာ တိုးမြင့်လာ၏။ လျှပ်တစ်ပြက် အတွင်းမှာပင် သူမသည်လည်း ထန်ကွမ်ထင်၏ နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားရတော့၏။

အဖြစ်အပျက် တစ်ခုလုံးကို စကားလုံးများဖြင့် ဖော်ပြရသည်မှာ ကြာမြင့်သည့်တိုင်... အမှန်တကယ်အားဖြင့် တော်ဝင်မုဒြာ အဖမ်းခံရချိန်မှ စ၍ သေဆုံးသွားချိန် အထိ အရာအားလုံးကား သုံးစက္ကန့် အတွင်းမှာပင် ဖြစ်ပျက် သွားခဲ့ခြင်း ဖြစ်သည်။

ပိုင်လင်က အရိပ်ဥကို တစ်ချက် ကြည့်လိုက်၏။ ထို့နောက် သူမက အတောင်ပံများကို ခပ်ပြင်းပြင်း ခတ်ကာ အပြာရောင် အလင်းတန်း နှစ်ခု နောက်ကို လိုက်လေတော့သည်။ ယခင်က ထိုနှစ်ယောက်မှာ သူမကို အမဲလိုက်ခဲ့သော်လည်း ယခုတွင်တော့ သူမက တစ်ဦးတည်းသော မုဆိုး ဖြစ်သွားခဲ့ပြီ ဖြစ်လေသည်။

စက္ကန့်အနည်းငယ်သာ ကြာမြင့်သေးသည့်တိုင် လျှို့ဝှက် အာဏာရှင် အဆင့် နှစ်ခု၏ လှုပ်ရှားမှုက ကြောက်မက်ဖွယ် ကောင်းအောင် မြန်ဆန်လွန်းလှသည်။ သူတို့က သာမန် မျက်စိဖြင့်ပင် မမြင်နိုင်လောက်သည့် အကွာအဝေးကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ လျှို့ဝှက် အာဏာရှင် အဆင့်များ လွတ်မြောက်ဖို့ တစ်ခုတည်းကို အာရုံစိုက်ပါက သူတို့ကို ဖမ်းမိဖို့ အလွန်ပင် ခက်ခဲလှသည်။ ဝူယုသည်ပင် သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်၏ လက်မှ နယ်မြေပေါင်းများစွာကို ဖြတ်ကျော်ကာ ပြေးလွှားနိုင်ခဲ့သည်။

ပိုင်လင်က ပို၍ ဆိုးသေး၏။ သူမတွင် ဟင်းလင်းပြင်ကို ဖြတ်ကျော် ခုန်ကူးနိုင်သည့် စွမ်းရည် မရှိချေ။ အပြာရောင် အလင်းတန်းများ၏ နောက်ကို လိုက်ရန် အတွက် ရုပ်ခန္ဓာ တစ်ခုတည်းကိုသာ အားကိုး နေရသည်။ စက္ကန့်နှင့် အမျှ သူမနှင့် လျှို့ဝှက် အာဏာရှင် အဆင့် နှစ်ယောက်ကြားမှ အကွာအဝေးမှာ ပိုမို၍ တိုးမြင့် လာနေခဲ့၏။

တော်ဝင်မုဒြာကို သူ ဖမ်းဆီးနိုင်ခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သူမ၏ ပေါ့ဆမှုနှင့် အံ့အားသင့် နေမှုတို့ကြောင့် ဖြစ်သည်။ ထန်ကွမ်ထင်ကတော့ နိဗာန မီးတောက်များထဲကို တိုက်ရိုက်ပင် တိုးဝင် လာခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့သာ မဟုတ်ပါက... နိဗာန အသွင်ပြောင်းခြင်း အဆင့်နှစ် မီးဖီးနစ်ငှက် တစ်ကောင် အနေဖြင့်ပင် သူမ သူတို့ကို လွယ်ကူစွာ ယှဥ်နိုင်လိမ့်မည် မဟုတ်ပါချေ။

တစ်မိနစ် မပြည့်ခင် အချိန်ကလေး အတွင်းမှာပင် လျှို့ဝှက် အာဏာရှင် အဆင့် နှစ်ယောက်မှာ ပိုင်လင်၏ မြင်ကွင်းမှ လုံးဝ မျက်ခြေပြတ်သွားခဲ့ပြီ ဖြစ်သည်။

ဂီး...

ပိုင်လင်မှာ မကျေမချမ်းဖြင့် တွန်သံတစ်ချက် ပေးလိုက်၏။ ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိ စွမ်းအားကိုတော့ သူမ လက်သင့် ခံရလိမ့်မည် ဖြစ်သည်။ သူမက အလွန်ပင် ငယ်ရွယ်သေးကာ သွေးမျိုးဆက် စွမ်းအင်များကို မဖွင့်လှစ်ရ သေးသလို ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များကိုလည်း အကန့်အသတ်ထိ ရောက်အောင် မသန့်စင်ရသေးချေ။ ပြောရလျှင်... လက်ရှိ သူမ၏ အဆင့်က နိဗာန ပြန်လည် မွေးဖွားခြင်း အဆင့်နှစ် အကန့်အသတ်ကို ရောက်ရှိရန်ပင် အလှမ်းကွာဝေး နေသေးဆဲ ဖြစ်သည်။

ခရက်...

သူမ လက်လျှော့ရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် ရှေ့တွင် ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ပေါ်လာခဲ့၏။ သူမ၏ ရွှေရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွားကာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက် သွားသည်။ အကယ်၍ ဤလောကတွင်... သူမ ယုံကြည်ရသည့် ပုဂ္ဂိုလ် တစ်ယောက်တည်းသာ ရှိခဲ့သည် ဆိုလျှင် ထိုတစ်ယောက်က ဝေ့ဝူယင်သာ ဖြစ်သည်။

မီးဖီးနစ် အသွင်ပြောင်းခြင်းကို ပြန်လည် ရုတ်သိမ်းရင်း ပိုင်လင်၏ ခန္ဓာကိုယ် အရွယ်အစားက မူလ နှစ်ဆယ့်နှစ် မီတာကို ပြန်လည် ပြောင်းလဲ သွား၏။ ထို့နောက် သူမက တုန့်ဆိုင်းခြင်း မရှိပဲ ဟင်းလင်းပြင် ပေါ်တယ်ထဲကို ပစ်ဝင် လိုက်တော့သည်။

ဘုန်း...

ပေါ်တယ်ထဲမှ ထွက်ထွက်ချင်းပင် သူမ၏ မီးဖီးနစ် ခန္ဓာကိုယ်က ပြန်လည်၍ ပေါ်လာခဲ့၏။

“ဂီး...”

...

မျက်နှာဖုံးတပ် လျှို့ဝှက် အာဏာရှင် နှစ်ယောက်မှာ အသက်လု ပြေးရင်း သူတို့ အရှေ့၌ ရုတ်တရက် ပေါ်လာသည့် ဟင်းလင်းပြင် ဝင်ပေါက် တစ်ခုကြောင့် တုန့်ဆိုင်း သွားကြ၏။ သူတို့က အရှိန်ကို အနည်းငယ် လျှော့ရင်း ထိုအရာကို စစ်ဆေးလိုက်သည်။ ဂိတ်တံခါး မရှိပဲ ပေါ်လာသည့် ထိုကဲ့သို့ ဝင်ပေါက်မျိုးကို သူတို့ တစ်ခါမှ မတွေ့ဖူးချေ။

သူတို့ ဟင်းလင်းပြင် ပေါ်တယ်ကို စစ်ဆေးရန် ကြိုးပမ်းလိုက်စဥ်မှာပင် ရုတ်တရက် အရိပ်တစ်ခုမှာ ထိုနေရာမှ ထွက်ပေါ်လာ၏။ ထို့နောက်... မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် အရိပ်မှာ အသွင်ပြောင်းလဲသွားကာ မီတာ နှစ်သောင်းနှစ်ထောင် ကြီးမားသည့် မီးဖီးနစ်တစ်ကောင် အဖြစ် ပြန်လည် ပေါ်လာခဲ့၏။ မျက်နှာဖုံးတပ် ကျင့်ကြံသူနှစ်ယောက်၏ အမူအရာများက သရဲတစ္ဆေကို တွေ့ရသလို တုန်လှုပ် ခြောက်ခြားခြင်းများနှင့် ပြည့်နှက် သွား၏။

“ဂီး...”

ပိုင်လင်က ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်၏။ နောက်ဆုံး၌ သူမ သူတို့ကို မိပြီ ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့် နှစ်ယောက် တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် သူမက ဂြိုဟ်တစ်ခုကိုပင် မီးလောင်တိုက် သွင်းပစ်နိုင်သည့် မီးတောက် မီးလျှံများကို မှုတ်ထုတ် ပစ်လိုက်တော့၏။

All Chapters