← Chapters

မိစ္ဆာ ကောင်းချီးခံ

Vol. 50 Ch. 695

မိစ္ဆာ ကောင်းချီးခံ

Vol. 50 Ch. 695

“ရှင် အဆင်ပြေရဲ့လား”

ယွီစွန်းလီ၏ အသံက စိတ်ရှုပ်ထွေးမှု၊ စိုးရိမ် ပူပန်မှုတို့နှင့် အတူ ထွက်ပေါ်လာ၏။ အရိပ်ဥကြီးနှင့် အလွန် ဝေးကွာလှသည့် နေရာ တစ်ခု၌ ဟင်းလင်းပြင် သင်္ဘောကြီး တစ်စင်းမှာ အမှောင် ဟင်းလင်းပြင်ထဲတွင် ကျောက်ချ၍ ရပ်နေခဲ့သည်။ အသက်အော်ရာ ထိန်းသိမ်းခြင်း ဝင်္ကပါများမှ တစ်ပါး သင်္ဘောကြီး၏ အခြား လုပ်ဆောင်ချက် အားလုံးမှာ ရပ်တန့်နေ၏။

သင်္ဘော၏ အဓိက ကုန်းပတ်ထက်တွင်တော့ အော်ရာ သုံးခု ရှိနေခဲ့သည်။ တစ်ခုက တိတ်ဆိတ်ကာ သတိ လစ်မြောနေ၏။ တစ်ခုကတော့ သေမျိုး အကန့်အသတ်ထက် ကျော်လွန်နေသည်။ နောက်ဆုံး တစ်ခုကတော့ အတက်အကြွ မြန်ဆန်နေကာ တစ်စုံတစ်ရာကို ပြုလုပ်နေဟန် ရသည်။

ရှူး... ရှဲ... ရှူး... ရှဲ

လေးပင်သည့် အသက်ရှူသံများမှာ လေထုတစ်ခုလုံးကို လွှမ်းခြုံ သိမ်းပိုက်သွား၏။ ဝေ့ဝူယင်၏ နဖူးများမှာ ချွေးစများဖြင့် ရွှဲနစ်နေကာ ကြွက်သားများမှာ တုန်ရီနေ၏။ သူ၏ ငွေရောင် မျက်လုံးများက လျှင်မြန်စွာပင် မှေးမှိန် လာနေခဲံသည်။ ဝေ့ဝူယင် သွေးမျိုးဆက် ရင်းမြစ်ကို အကန့်အသတ် ရောက်အောင် အသုံးပြုခဲ့သည့် အခါများတွင်ပင် ထိုမျှလောက် တစ်ခါမှ မမောပန်းဖူးချေ။

ယွီစွန်းလီမှာ မီတာ အနည်းငယ် အကွာအဝေးတွင် ရပ်နေ၏။ သူမ၏ ပန်းနုရောင် မျက်ဝန်းများက တိတ်တဆိတ်ပင် အခြေအနေကို လေ့လာနေသည်။

သူမ၏ စိတ်အစဥ်ကတော့ အကျဥ်းထောင်ထဲမှ အဖြစ်အပျက်များကို ပြန်လည် မြင်ယောင် နေမိခဲ့၏။ အဘယ်ကြောင့်မှန်း မသိသည့်တိုင် ဝေ့ဝူယင်မှာ မီးတောက်မီးလျှံများ ကြားမှ မထွက်ခွာခင် တစ်စုံတစ်ယောက်ကို အသည်းအသန် လိုက်ရှာခဲ့သည်။

ယီစွန်းလီ၏ အမြင်အရဆိုလျှင် ထိုတစ်ယောက်မှာ သေမျိုးများ အကြားမှ သေမျိုး တစ်ယောက်သာ ဖြစ်သည်။ ထို့ထက် ပို၍ ပြောရလျှင် ယန်ဖွံ့ဖြိုးခြင်း အဆင့်၌သာ ရှိနေသေးသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ မှားသောအမှန် အဆင့်ကိုပင် မရောက်သေးချေ။ အဘယ်ကြောင့် ထိုတစ်ယောက်က ဝေ့ဝူယင် အတွက် အရေးကြီးမှန်း ယွီစွန်းလီ စဥ်းစား မရချေ။

ပစ်မှတ်အား ရှာဖွေ တွေ့ရှိပြီးသည့် ခဏတွင်ပင် ဟင်းလင်းပြင် ပေါ်တယ် တစ်ခုမှာ တစ်နည်းနည်းဖြင့် သူတို့ ရှေ့တွင် ဖွဲ့စည်းလာခဲ့သည်။ ထို့နောက် သူတို့ ထိုအထဲသို့ ဝင်ကာ အရိပ်ဥနှင့် အလွန် ဝေးကွာလှသည့် အခြား တစ်ဖက်၌ ပြန်လည် ထွက်ပေါ် လာခဲ့သည်။

ထို့နောက် ဝေ့ဝူယင်က ရှေးဟောင်းပုံစံ ဒီဇိုင်းထုတ်ထားသည့် ဟင်းလင်းပြင် သင်္ဘောတစ်ခုကို ဆင့်ခေါ်ခဲ့သည်။ ယီစွန်းလီ ဘဝတွင် ထိုကဲ့သို့သော သင်္ဘောမျိုးကို တစ်ခါမှ မမြင်ဖူးချေ။ ၎င်းက အလွန်အမင်း ရှေးကျကာ အနည်းဆုံး နှစ်ပေါင်း ငါးထောင်၊ ခြောက်ထောင်လောက် သက်တမ်း ရှိပေလိမ့်မည်။

ဟင်းလင်းပြင် သင်္ဘောပေါ်သို့ ရောက်ရှိပြီးနောက်တွင် ဝေ့ဝူယင်က သူ့အော်ရာကို လွှတ်ခဲ့သည်။ သို့သော်လည်း.. ထိုအရာက အတော်လေး အားနည်းလှပေသည်။

ထို့နောက် သိပ်မကြာခင်မှာပင် အာကာသ စွမ်းအင်လှိုင်းများ သက်ရောက်လာသလို ခံစားလိုက်ရကာ သူ၏ အမူအရာက ဖျော့တော့လာသည်။ ချွေးစေးများ ပျံလာကာ အသက်ရှူသံများပင် လေးပင်လာ၏။ သူ့အား ကြည့်ရသည်က ခြေထောက်နှစ်ချောင်းပေါ်တွင် ရပ်တည်ရန် အတွက်ပင် မနည်း အားထုတ်နေဟန် ရသည်။

တစ်ချိန်တည်းတွင်ပင်... အလွန် ဝေးကွာသည့် နေရာ နှစ်ခု၌ ဂြိုဟ်တစ်ခု အရွယ် မီးတောက်လုံးကြီး နှစ်ခု တောက်ပ လာသည်ကို ယွီစွန်းလီ တွေ့လိုက်ရသည်။ ၎င်းတို့က သေမျိုးတစ်ပိုင်း အရှင် အဆင့်များ၏ တိုက်ခိုက်မှုနှင့်ပင် နှိုင်းယှဥ်နိုင်ကာ သူမတို့ အဖွဲ့အစည်း၏ မီးဓာတ် အခြေပြု ကျင့်ကြံသူ နှစ်ယောက်ကို အပြီးတိုင် ချေမှုန်း ပစ်လိုက်ဟန် ရသည်။

ယွီးစွန်းလီမှာ ဝေ့ဝူယင်ကို ကြည့်ရင်း အရိုးများထဲ အထိ စိမ့်ဝင်သွားသည့် ခံစားချက်မျိုးကို ခံစားလိုက်ရ၏။ အခန်းထဲကို စဝင်လာသည့် အချိန်ကတည်းက ထိုလူငယ်၏ မျက်လုံးများက ယုံကြည်ချက်များနှင့် တဖျပဖျပ် တောက်ပနေခဲ့ခြင်း ဖြစ်သည်။ ကြည့်ရသည်က လူငယ်မှာ အရာအားလုံးကို အစောကြီး ကတည်းကပင် ကြိုတင် စီစဥ်ထားခဲ့ဟန် ရသည်။

ဝေ့ဝူယင်က အသက်ကို ပြင်းပြင်း ရှူရင်း ဖိအားများကို မှုတ်ထုတ်လိုက်၏။ ထို့နောက် သူက မတ်မတ် ရပ်ကာ ယွီစွန်းလီဘက်သို့ လှည့်၍ ပြုံးပြလိုက်သည်။

“ကျုပ် အဆင်ပြေပါတယ်... နည်းနည်း ပင်ပန်းသွားရုံတင်...”

ဝေ့ဝူယင်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်သို့ ရောက်ရှိပြီးနောက်တွင် လက်ကျန် အဂ္ဂိရတ် ထုတ်ကုန်များကို သုံးကာ ကျင့်ကြံခြင်း အခြေခံကို သုံးနှစ်ကျော် လုံးလုံး မြှင့်တင်ခဲ့သူ ဖြစ်သည်။ ခြောက်ဆယ့်ကိုး စင်တီမီတာ အရွယ်အစား ရှိသည့် ကြယ်တာရာ အမြုတေများမှာ ယခုဆိုလျှင် ခုနစ်ဆယ့်သုံး စင်တီမီတာ အထိ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ခြားနားမှုက လေးစင်တီမီတာသာ ဖြစ်သည့်တိုင် သမြေဆွဲအား ဗဟိုထု၏ အဆက်မပြတ် သန့်စင်မှုနှင့် အတူ သူ၏ ကြယ်တာရာ အင်အားများမှာ အလွန်အမင်း ပိုမို သန်မာလာခဲ့ပြီ ဖြစ်သည်။

ထာဝရ ကြယ်တာရာ နယ်မြေ ရွှေခေတ်မှ အစ အဆုံးမဲ့ ကောင်ကင် ကြယ်တာရာ နယ်မြေ အဆုံး... မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်၏ သာမန် စံချိန်စံနှုန်းများမှာ စင်တီမီတာဝက်မျှသာ ဖြစ်သည်။ ခုနစ်ဆယ့်သုံး စင်တီမီတာ ရှိသည့် ကြယ်တာရာ အမြုတေ လေးခုလုံးကိုပါ ထည့်ပေါင်းတွက်ရလျှင် သူ၏ ကြယ်တာရာ အမြုတေ များမှာ ပျမ်းမျှ စံနှုန်းများထက် အကြမ်းဖျဥ်း ငါးရာ ရှစ်ဆယ့်လေးဆ ပိုမိုသည်ဟု ဆိုနိုင်ပေသည်။ သို့တိုင်အောင် ကြယ်တာရာ အင်အား၏ အရည်အသွေး ကွာခြားမှုကို ထည့်မတွက်ရသေးချေ။ သူ၏ လောကပင်လယ်များ၌ ရှိသည့် ကြယ်တာရာ အင်အားများမှာ အသေးစား ကြယ်တာရာ နယ်မြေများကိုပင် လွှမ်းခြုံ ပစ်ရန် လုံလောက်ပေသည်။

သို့တိုင်အောင်... ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ဖွင့်ရခြင်းက ဝေ့ဝူယင် အတွက် အဘယ်ကြောင့် အလွန်အမင်း ခက်ခဲနေရသနည်း။

ထိုအရာ နေကိုးစင်းနှင့် လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်ကွင်းတို့မှ ထုတ်လွှတ်နေသည့် လျှို့ဝှက် အမတေများကြောင့် မဟုတ်ပါချေ။ ကျူးကျော် တိုက်ခိုက်မှုများကို တားဆီးရန် ကြယ်တာရာ နယ်မြေမှ ချမှတ်ထားသည့် ဝင်္ကပါများကြောင့်ပင် ဖြစ်သည်။ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ နယ်စပ်သို့ စဝင်ကတည်းက ဝေ့ဝူယင်နှင့် ပိုင်လင်တို့မှာ ထိုအတားအဆီးနှင့် ကြုံခဲ့ရခြင်း ဖြစ်သည်။

ကံကောင်းထောက်မတာ တစ်ခုက ထိုအတားအဆီးများမှာ ဟင်းလင်းပြင် စွမ်းအင် အကုန်လုံးကို အကန့်အသတ်ထိ ရောက်အောင် ပိတ်ပင် မထားခြင်း ဖြစ်သည်။ ၎င်းတို့က ဟင်းလင်းပြင် ဂိတ်တံခါးများကိုသာ အဓိက ပစ်မှတ်ထားခြင်း ဖြစ်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ် ထိုအတားအဆီးများကို ဖြတ်ကျော်ရန် ဝေ့ဝူယင်မှာ ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအင်များကို သုံးခဲ့ရသည်။ ထို့အပြင်... ပိုင်လင်ကို ကူညီကာ လျှို့ဝှက် အာဏာရှင် အဆင့် နှစ်ယောက်နောက်ကို လိုက်ဖို့ အတွက် ဟင်းလင်းပြင် ပေါ်တယ် နှစ်ခုကို သူ တည်ရှိနေခြင်း မရှိသည့် နေရာကွဲ နှစ်ခုတွင် ဖွင့်ခဲ့ရသေးသည်။ ထိုအရာက သူ့အတွက် ပထမဆုံး အကြိမ်လည်း ဖြစ်သည်.

ထို့ကြောင့်ပင် ကြယ်တာရာ အင်အား အားလုံး ကုန်ခမ်းလု ဖြစ်ကာ ဝေ့ဝူယင်မှာ အလွန်အမင်း မောပန်း နေရခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာပင် သူ၏ သွေးမျိုးဆက် ရင်းမြစ်ကတော့ ကောင်းမွန်နေဆဲ ဖြစ်ပေသည်။

“ခင်ဗျားရော အဆင်ပြေရဲ့လား...”

ဝေ့ဝူယင်က သူ့အတွက် စိတ်ပူပေးနေဟန် ရသည့် ယွီစွန်းလီဘက်၏ မျက်နှာကလေးကို ကြည့်ရင်း မေးလိုက်၏။

“...”

မေးခွန်းက ရိုးရိုးလေးသာ ဖြစ်သည့်တိုင် မိန်းကလေးမှာ တစ်ကိုယ်လုံး တောင့်တင်းသွား၏။ စကားလုံးများက သူမ လည်ချောင်းထဲတွင် တစ်ဆို့နေသည်။ တစ်စုံတစ်ယောက်ထံမှ ထိုကဲ့သို့ အမေးမခံရသည်မှာ ဘယ်လောက်တောင် ကြာခဲ့ပြီနည်း။ သူမ မသိချေ။

လက်ဝါးကို ငုံ့ကြည့်လိုက်သော အခိုက်၌ သူမကို တင်းကြပ်စွာ ချည်နှောင်ထားသည့် မမြင်နိုင်သော အချုပ်အနှောင်များမှာ ဖြည်းညင်းစွာ ပြေလျော့သွားသလို ခံစားလိုက်ရသည်။ အမှောင်ဟင်းလင်းပြင်နှင့် အဝေးရှိ ကြယ်တာရာများကို ငေးမောရင်း မကြာခင်မှာပင် သူမ၏ ခန္ဓာကိုယ်လေးက ခံစားချက်များဖြင့် တဆတ်ဆတ် တုန်ရီလာ၏။

“ငါ လွတ်လပ်ပြီ... ငါ လွတ်လပ်ပြီ”

ရာစုနှစ်များစွာ အကျဥ်းချခံထားရကာ အတင်းအကြပ် ယန်စွမ်းအင် ထုတ်ယူ ပေးရသည့် ဘဝမှ နောက်ဆုံးတော့ သူမ လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။ ကိုယ့်ဘဝကို ကိုယ်တိုင် စီရင်ခွင့် လွတ်မြောက်ခွင့်က သူမ လက်ထဲသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ယွီစွန်းလီမှာ ထိုကဲ့သို့သော အခိုက်အတန့်မျိုး၌ ရှိုက်ကြီး တငင်ငင် ငိုသင့်လား၊ သို့မဟုတ် အော်ဟစ် ရယ်သင့်လားပင် မသိတော့ချေ။ သို့သော်လည်း မျက်ရည်များကတော့ သူမ၏ ပန်းနုရောင် မျက်ဝန်းများမှ အဆုံးမဲ့စွာ ကျဆင်းလာနေခဲ့၏။

ဝေ့ဝူယင်မှာ မိန်းကလေးများ၏ မျက်ရည်များကို ကြည့်ကာ စိတ်ထဲမှ ဖြူရော်စွာ ပြုံးလိုက်မိ၏။ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ တော်ရုံတန်ရုံ စိတ်ဓာတ် ခိုင်မာကြသော်လည်း မိန်းကလေးကတော့ မေးခွန်းလေး တစ်ခွန်းကိုပင် အသည်းအသန် ခံစားကာ မျက်ရည်များ ကျနေခဲ့ပြီ ဖြစ်သည်။ အကျဥ်းခန်းထဲတွင် နှစ်ပေါင်း ရာနှင့်ချီ နေထိုင်ခဲ့ရခြင်းက မိန်းကလေး၏ စိတ်အပေါ် သက်ရောက်မှု များစွာ ရှိခဲ့ဟန်ပင်။

ဝေ့ဝူယင် ယွီစွန်းလီကို ကိုယ်ပိုင် အချိန်ပေးဖို့ ဆုံးဖြတ်လိုက်၏။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများကတော့ တစ်ချိန်လုံး ထုတ်ဖော်ထားဆဲ ဖြစ်ကာ တိုက်ပွဲအား လေ့လာနေခဲ့ပေသည်။

“ပိုင်လင် သူတို့ အားလုံးကို တစ်ပြိုင်တည်း မကိုင်တွယ်နိုင်တာ ကံဆိုးတာပဲ...”

သူ အချက်ပြမှု မထုတ်လွှတ်ခင် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်မှာ ထွက်ပြေး လွတ်မြောက် သွားခဲ့ပေသည်။ ထိုပုဂ္ဂိုလ်၏ ချိန်သားကိုက် လွတ်မြောက်မှုက ချွတ်ယွင်းချက် အနည်းငယ်ပင် မရှိချေ။ ဝေ့ဝူယင်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွား၏။ ၎င်းက အတော်လေးကို ချိန်သားကိုက်သည်။ အတော်လေးကို တိုက်ဆိုင်လွန်းသည်။

ထိုပုဂ္ဂိုလ်၏ ဉာဏ်ရည်က အလွန် မြင့်မားပုံ ပေါ်သည့် အပြင် အရေးပေါ် အခြေအနေမျိုးတွင် သူ၏ လွတ်မြောက်မှု ဆဋ္ဌမ အာရုံက အလွန်အမင်း ထက်ရှပုံ ရသည်။ ဖြစ်နိုင်ချေ ရှိတာ တစ်ခုက... ကောင်းကင် တာအို၏ လွှမ်းမိုးမှု...။

“မဟုတ်မှ လွဲရော သူက မိစ္ဆာ ကောင်းချီးခံ တစ်ယောက်လား...”

All Chapters