အတွေးသစ်၊ အမြင်သစ်
Vol. 50 Ch. 696
“မဟုတ်မှ လွဲရော သူက မိစ္ဆာ ကောင်းချီးခံ တစ်ယောက်လား...”
ဝေ့ဝူယင်၏ မျက်လုံးများက ပိုမို၍ ထက်ရှလာကာ အေးစက်သော အလင်းများဖြင့် ပြည့်နှက် သွား၏။ သို့သော်လည်း မကြာခင်မှာပင် ပြန်လည် ငြိမ်သက်လာသည်။ သူ၏ အတွေးများမှာ မှားယွင်းသည့် ဦးတည်ချက်သို့ ရောက်လုနီးနီ ဖြစ်နေခဲ့ကာ မိစ္ဆာကျင့်ကြံသူများနှင့် ပတ်သက်သည့် သူ၏ နားလည်မှုများမှာလည်း ပြောင်းလဲလု နီနီးပင်။
အနက်ရောင် စက်ဝန်း အတွင်း ဖြစ်ပျက်နေသည့် အရာများမှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှသည့်တိုင် မိစ္ဆာ ကျင့်ကြံသူ ဟူသည့် အယူအဆက အခြားလူများကို အသုံးချ၍ သူတို့ ကျင့်ကြံသည့် နည်းလမ်းကိုသာ ဆိုလိုခြင်း ဖြစ်သည်။
အပင်များတွင်လည်း အသက်ရှိရာ သူတို့သည်လည်း သက်ရှိများ ဖြစ်သည်။ အဂ္ဂိရတ် ပညာရပ်သည် ဆေးပင်၊ ဆေးမြစ်များထံမှ အမတေများကို ထုတ်ယူ သန့်စင်ကာ ပြန်လည် ပေါင်းစည်းရသည့် လမ်းစဥ် တစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော်... သူတို့၏ အသက်များကို ကိုယ်ပိုင် ရည်မှန်းချက်များ အတွက် အဆုံးသတ်ခြင်း ဖြစ်သည်။
ကျင့်ကြံခြင်း ကမ္ဘာများ၌ ရေတစ်စက် ဖြစ်စေ၊ ကျောက်တုံး တစ်တုံး ဖြစ်စေ သက်ရှိ ဖြစ်လာရန် အလားအလာများကို ပိုင်ဆိုင်ထားကြသည်။ ကောင်းကင် ဝိညာဥ် ခွဲထွက်ခြင်းမှ မွေးဖွားလာသည့် နတ်ဆိုးများမှာ အထင်ရှားဆုံး သာဓကများပင် ဖြစ်သည်။ ဤသို့ဆိုလျှင်... ရေတစ်စက် သို့မဟုတ် ကျောက်တုံး တစ်ခုထံမှ အမတေများကို စုပ်ယူခြင်းမှာလည်း သက်ရှိ အလားအလာများကို သတ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။
မိစ္ဆာ ကျင့်ကြံသူများမှာ ရက်စက် ကြမ်းကြုတ်သည့် ကမ္ဘာတွင် ရှင်သန်ရန် အတွက် မျိုးတူသား စားခြင်း ကဲ့သို့သော နည်းလမ်းများကို အသုံးပြုသဖြင့် ရက်စက် ကြမ်းကြုတ်သူများ အဖြစ် သတ်မှတ်ခံရသည်။ အကယ်၍ ထိုအရာကို အမှန်တကယ် မကောင်းမှု ဟု သတ်မှတ်ပါက သူ ကိုယ်တိုင်မှာလည်း မကောင်းမှုကို ကျူးလွန်နေသည့် မိစ္ဆာတစ်ကောင် ဖြစ်နေပေလိမ့်မည်။
ဝေ့ဝူယင် ပင့်သက် တစ်ချက် ရှိုက်လိုက်မိ၏။ ကိုယ်ပိုင် လမ်းစဥ်နှင့် စည်းမျဥ်းများကြောင့် မိစ္ဆာနည်းလမ်းဟု သတ်မှတ်ခံထားရသည့် ကျင့်စဥ်များကို ရှောင်ရှားနိုင်သည့်တိုင် သူ့အနေဖြင့် အခြားလူများကိုတော့ မတားဆီးနိုင်ပါချေ။ ထိုအရာက ကျင့်ကြံခြင်း လမ်းစဥ်၏ ကွဲပြားသော နည်းလမ်းများ အပေါ် လေးစားမှု မရှိခြင်းပင် ဖြစ်သည်။
ကောင်းကင်တာအိုက တရားမမျှဟု ထင်ရသည့်တိုင် တစ်ချိန်တည်း၌ မျှတ နေပြန်သည်။ သူတို့က လူတိုင်းကို စည်းမျဥ်း တစ်ခုတည်းပေါ် အခြေခံ၍ ဆက်ဆံသည်။ ပညတ်တော် သုံးထောင်ကို စောင့်ထိန်းသူများမှာ ဆုလာဒ်များကို ရရှိကာ ချိုးဖောက်သူများတော့ အပြစ်ပေးခံရသည်။ ထိုအရာက ကောင်းကင်တာအို ကိုယ်တိုင် သတ်မှတ်ထားသည့် ကံ ကံ၏ အကျိုး ဖြစ်သည်။
ဇာတ်တူသားဖြင့် ကျင့်ကြံသည့်လူများကို မိစ္ဆာ ဟု ကောင်းကင်တာအိုက တရားဝင် သတ်မှတ်ထားခြင်း မဟုတ်ချေ။ ထိုအသုံးအနှုန်းက လူမှု အဖွဲ့အစည်း၏ စံနှုန်များ အပေါ် မူတည်နေသည့် သတ်မှတ်မှု တစ်ခုသာ ဖြစ်သည်။ ရေများ ရေနိုင်၊ မီးများ မီးနိုင် ဆိုသည့် အယူအဆ အတိုင်းပင် ဖြစ်သည်။ သတ်ဖြတ်တာချင်း အတူတူ ဖြစ်သည့်တိုင် အပင်များ၊ တိရစ္ဆာန်များအား အသုံးပြု၍ ကျင့်ကြံခြင်းကိုတော့ မည်သူကမှ မိစ္ဆာနည်းလမ်း ဟု မသတ်မှတ်ကြချေ။
ကျင့်ကြံခြင်း၏ အမှန်တရားကို မြင်နိုင်သည့် စွမ်းရည်က ဝေ့ဝူယင်အား သူ၏ အရိပ်ဖြစ်သည့် ယင်ကို မြင်စေခဲ့သည်။ မိစ္ဆာ ဆိုသည့် အရာက ဝိညာဥ် အတွင်းတွင်သာ တည်ရှိသည် ဆိုသော ယုံကြည်ချက်ဖြင့် ဝေ့ဝူယင် သူ့ကို အခိုးအငွေ့များကြားထဲမှ ရုန်းထွက် စေခဲ့သည်။
“မိစ္ဆာ နည်းလမ်းတွေကို ကျင့်ကြံတဲ့ ကောင်းချီးခံ...”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။
“ဂီး...”
ထိုအခိုက်တွင်ပင် ကြည်လင် ထင်ရှားသည့် ငှက်အော်သံ တစ်ခုမှာ အမှောင် ဟင်းလင်းပြင်ထဲတွင် ပျံ့နှံ့ လာခဲ့၏။ အဖြူရောင်နှင့် ရွှေရောင် သားမွေးများကို ပိုင်ဆိုင်ထားသည့် ကြိုးကြာငှက် တစ်ကောင်မှာ ဟင်းလင်းပြင် သင်္ဘောထံ ပျံသန်းလာခဲ့သည်။ ၎င်း၏ နှုတ်သီးထက်တွင်တော့ ရွှေရောင် ပုတီးစေ့လေး တစ်ခုကို ကိုက်ချီထား၏။
ဝေ့ဝူယင်၏ နှုတ်ခမ်းထက်တွင် နွေးထွေးသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“မင်း ပျော်ခဲ့ရဲ့လား...”
“ပျော်တယ်...”
ပိုင်လင်က ခေါင်းညိတ်လိုက်၏။ သို့သော်လည်း သူမ၏ မျက်လုံးများထဲတွင်တော့ မချင့်မရဲ ဖြစ်သည့် အရိပ်အယောင် တစ်ချို့ ရှိနေသေးဆဲ ဖြစ်သည်။
“ဒါပေမဲ့ ကျွန်တော် သူတို့ အားလုံးကို သတ်ချင်တာ... တကယ် ကံမကောင်းတာပဲ”
ဝေ့ဝူယင်က အသာအယာ ပြုံးလိုက်၏။ အနက်ရောင်ဝတ် မိစ္ဆာ ကျင့်ကြံသူ လွတ်သွားသည့်တိုင် ပိုင်လင်မှာ သူ သတ်နိုင်သည့်လူ အားလုံးကို သတ်ခဲ့ပေသည်။ သူမ၏ မီးတောက်မီးလျှံများ အောက်၌ လျှို့ဝှက် အာဏာရှင် အဆင့် လေးယောက် အပါအဝင် မိစ္ဆာ ကျင့်ကြံသူပေါင်း သန်းနှင့်ချီ သေဆုံးခဲ့သည်။ အနက်ရောင် စက်ဝန်း အတွင်းတွင် အကျဥ်းသားများမှ တစ်ပါး အသက်ရှင် ကျန်ရစ်သူ တစ်ယောက်မှ မရှိချေ။
ဝှစ်...
ပိုင်လင်က အတောင်ပံကို ရုတ်လိုက်ရင်း ဟင်းလင်းပြင် သင်္ဘောအတွင်း လှမ်းဝင်လိုက်၏။ ဝေ့ဝူယင်က သူမ အနားကို လျှောက်လာရင်း နှုတ်သီးထက်ရှိ ပုတီးစေ့လေးကို တစ်ချက် ကြည့်လိုက်သည်။
“အဲဒါက ဘာလဲ...”
သာမန်ကာ လျှံကာ မေးလိုက်ရင်း သူက လက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ ရည်ရွယ်ချက်က ပုတီးစေ့ကို လှမ်းယူဖို့ မဟုတ်ပဲ ရိုးရှင်းစွာပင် ပိုင်လင်အား ပွတ်သက်ပေးရန်သာ ဖြစ်ပေသည်။
သို့သော်လည်း သူတို့ ခန္ဓာကိုယ်ချင်း ထိတွေ့သွားသည်နှင့်
ဘုန်း...
အချိန်မှာ အေးခဲသွား၏။ ရုတ်ချည်းပင် အရာအားလုံးက ဆိတ်ငြိမ်ကျသွားကာ ဟင်းလင်းပြင် သင်္ဘော အတွင်းရှိ လေအမှုန်အမွှားများ ပင်လျှင် လှုပ်ရှားခြင်း မရှိတော့ချေ။
ဝေ့ဝူယင်၊ ပိုင်လင်၊ ယွီစွန်းလီနှင့် သတိလစ်နေသော ပုံရိပ်တို့ အားလုံးမှာ အေးခဲနေသည်။ ဝေ့ဝူယင်၏ မျက်နှာထက်ရှိ နွေးထွေးသည့် အပြုံးမှ အစ... ပင်ပန်းနေသည့် အကြားမှပင် ကျေနပ်မှု၊ ကြည်နူးမှု၊ နှစ်သိမ့်မှုတို့ ပြည့်နှက်နေသည့် အမူအရာ အဆုံး အရာအားလုံးက ပန်းချီကား တစ်ခုလို ငြိမ်သက်နေသည်။
“ထပ်ဖြစ်ပြန်ပြီ...”
စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည့် ရေရွတ်သံ တစ်ခုနှင့် အတူ နဂါး ဟိန်းသံ ခပ်အုပ်အုပ်ကို သယ်ဆောင်ထားသည့် ရင်ခုန်သံများမှာ ဝေ့ဝူယင်၏ နှလုံးသား ရှိရာမှ ထွက်ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် သူ၏ မျက်လုံးများက အရောင်ပြောင်းလဲသွားကာ အဂ္ဂိရတ် ကြယ်တာရာများက တောက်ပစွာ နေရာယူလာသည်။
“ဟူး...”
ဝေ့ဝူယင်မှာ စတင် လှုပ်ရှားလာကာ ဝင်သက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ ပတ်လည်ရှိ လေမှုန်လေမွှားများမှာ အပြေးအလွှားပင် သူ့ အသက်ရှူ လမ်းကြောင်းထဲ တိုးဝင်သွားကြကာ ခန္ဓာကိုယ် လုပ်ဆောင်ချက်များမှာ ပုံမှန် ပြန်ဖြစ်လာသည်။
ထိုကဲ့သို့ အချိန် ရပ်တန့်မှု ဖြစ်စဥ်မျိုး မဖြစ်ခဲ့သည်မှာ အတော့်ကို ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် ခေါင်းကို မော့ကာ ကြည့်လိုက်၏။ သို့သော်လည်း မည်သည့် ကောင်းကင် အပြစ်ပေးမှုမှ မရှိချေ။ တိမ်များမှာ ကင်းစင်နေဆဲ ဖြစ်ကာ မီးခိုးရောင် အလင်းတန်းများမှာလည်း ကင်းမဲ့နေဆဲ ဖြစ်သည်။
ပထမ၌... ၎င်းက ပိုင်လင် ကောင်းချီးခံ တစ်ယောက်ယောက်ကို သတ်မိခြင်းကြောင့် ဖြစ်လိမ့်မည်ဟု သူ တွေးမိခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေ... အရိပ်ဥ အတွင်း၌ ထိုအဖွဲ့အစည်း အတွက် အလုပ်လုပ်ပေးနေသူ သန်းနှင့်ချီ ပါရှိပေသည်။ ထိုအထဲတွင် ကောင်းချီးခံ တစ်ယောက် မပါဟု တပ်အပ် ပြော၍ မရချေ။
ပိုင်လင်ထံမှ လက်မတင်လေး လွတ်မြောက်သွားသည့် ကျင့်ကြံသူကို မတွေ့ခင် အချိန် အထိ မိစ္ဆာနည်းလမ်းများကို ကျင့်ကြံထားသည့် ကောင်းချီးခံများ ရှိနိုင်လိမ့်မည်ဟု ဝေ့ဝူယင် ထင်မထားခဲ့ချေ။ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးမှ ယွမ်လုံရှီ ပင်လျှင် ဗီဇ သဘာဝ အရ... ထိုကဲ့သို့ တိုက်ရိုက် မိစ္ဆာဆန်သူ မဟုတ်ချေ။
“ဒီတစ်ကြိမ်က မတူဘူး...”
ဧဒင်က ဖြည်းညင်းစွာ ပြောလိုက်၏။ အချိန်ရပ်တန့်ခြင်း၏ အကြောင်းရင်းများက တူညီသည်တော့ မဟုတ်ချေ။ နောက်ဆုံးအကြိမ် အချိန် အေးခဲမှု ဖြစ်ပွားစဥ် အခါက... လောကီ ပြန်လည် မွေးဖွားသူ အချိန်ကို နောက်ပြန်လှန်ကာ ရောက်ရှိလာခြင်း ဖြစ်သည်။
“...”
ဝေ့ဝူယင်က တိတ်တဆိတ်ပင် သဘောတူလိုက်၏။ သူက ဘုရင်နှင့် အိုရီတို့ကို လှမ်းကြည့်လိုက်သည်။ ထိုကြယ်တာရာ ဝိညာဥ် နှစ်ခုမှာ ဆက်လက် အေးခဲနေကြဆဲ ဖြစ်သည်။ ကြည့်ရသည်က ၎င်းတို့မှာ ဗီဇ အရ ကောင်းကင် တာအို၏ လွှမ်းမိုးမှုကို ကျော်လွန် လွတ်မြောက်နိုင်စွမ်း ရှိပုံ မပေါ်ချေ။
“သူတို့က တစ်ပိုင်းတစ်စ နိုးနေတယ်”
ဧဒင်က ပြောလိုက်သည်။ ဝေ့ဝူယင်မှာ အနည်းငယ် နားမလည် ဖြစ်သွား၏။ တစ်ပိုင်းတစ်စ...။ နောက်တစ်ကြိမ် သေချာစွာ စစ်ဆေးကြည့်လိုက်တော့ ဧဒင်၏ စကားက မှန်ကန်ကြောင်း သူ သိရှိလိုက်သည်။ အိုရီနှင့် ဘုရင်တို့မှာ လွှမ်းမိုးမှုကို ခုခံကာ ခရာတို၊ ဧဒင်တို့နှင့် တိကျ သေချာသည့် ဆက်သွယ်မှု တစ်ခု ဖန်တီးထားသည်။ ဆက်သွယ် ပြောဆိုနိုင်စွမ်း မရှိသည့်တိုင် သူတို့က သတိရှိ နေကြပေသည်။
ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ အကယ်၍ ကြယ်တာရာ ဝိညာဥ် နှစ်ခုမှာ အနာဂတ်တွင် ကောင်းကင်တာအိုကို မဆန့်ကျင်နိုင်ပါက ကျရှုံးခြင်းကို ဦးတည်စေနိုင်ကြောင်း ဝေ့ဝူယင် ခံစားရသည်။ အဘယ်ကြောင့်မှန်း မသိသည့်တိုင် ထိုအရာက နှလုံးသားထဲမှ လာသည့် ခံစားမှု ဖြစ်သည်။
ဝေ့ဝူယင်မှာ ပခုံးထက်သို့ မမြင်နိုင်သည့် ဖိအားများ ကျရောက်လာသလို ခံစားလိုက်ရ၏။ သူ ညာဘက်လက်ကို မြှောက်ကာ အင်္ကျီ လက်အိုးကို ပင့်တင်ရင်း အပြစ်သား တက်တူးကို ကြည့်လိုက်သည်။ သို့သော်လည်း... မည်သည်ကိုမှ မတွေ့ရချေ။
"ရင်းနှီးနေတယ်လို့ ခံစားရတယ်...”
ဧဒင်က ပြောလိုက်၏။
“ဟုတ်လား...”
ဝေ့ဝူယင်မှာ အနည်းငယ် စိတ်ရှုပ်ထွေးနေ၏။ သူနှင့် ဧဒင်မှာ စိတ်ချင်း ဆက်စပ်နေသည့် ဖြစ်တည်မှုများ ဖြစ်သည်။ ဧဒင် တွေ့ကြုံရသမျှကို သူလည်း တွေ့ကြုံရသည်။ သို့သော်လည်း... ယခုတွင်တော့ သူတို့ နှစ်ယောက်၏ ခံစားမှုများက အဘယ်ကြောင့် ကွဲပြားနေရသနည်း။ ထိုအရာက ဧဒင် သစ်ပင်နှင့် ဆက်စပ်နေတာ ဖြစ်နိုင်သလော။ ဝေ့ဝူယင် ထိုသံသယကို လျှင်မြန်စွာ ဖျောက်ဖျက် ပစ်လိုက်၏။ သူက ဧဒင်၏ ဘဝတစ်ခုလုံးကို တွေ့မြင်ပြီး ဖြစ်သည်။ အကယ်၍ သူက ရင်းနှီးသည်ဟု ခံစားရလျှင် သူ့အတွက်လည်း ရင်းနှီးရပေလိမ့်မည်။
“နည်းနည်း လွဲနေပြီ...”
ဧဒင်က အကိုင်းအခက်များကို လှုပ်ရှားရင်း လေးလေးနက်နက်ပင် ပြောလိုက်၏။
“ကျုပ် မဟုတ်ဘူး... သူတို့...”
အဂ္ဂိရတ် ဧဒင် စွမ်းအင်လှိုင်းတစ်ခုမှာ ဖြည်းညင်းစွာပင် စီးထွက်သွားကာ ဘုရင်နှင့် အိုရီတို့ကို ဝန်းရံလိုက်၏။
“သူတို့လား... ဘယ်လိုလဲ...”
ဝေ့ဝူယင်က မျက်မှောင်ကြုတ်လိုက်၏။ အချိန် အတန်ပြာ တိတ်ဆိတ်ပြီးနောက် သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ သူ့မျက်လုံးများက မထိန်းချုပ်နိုင်စွာ ပြူးကျယ် သွားတော့သည်။
“အဲဒီလိုလား...”
စိတ်လှုပ်ရှားနေသည့် ရေရွတ်သံနှင့် အတူ အပြုံးတစ်ခု သူ့နှုတ်ခမ်းထက်တွင် ဖြစ်ပေါ်လာ၏။ ထိုအရာက သူ့ဘဝတွင် နှစ်ပေါင်း သုံးဆယ်နီးပါး ရှိနေခဲ့သည့် မေးခွန်း၏ အဖြေပင် ဖြစ်သည်။ ၎င်းတို့က ဘုရင်၊ အိုရီတို့နှင့် အလွန် ရင်းနှီးနေသည့် အရာ တစ်ခုပင်။
“ဒါပေမဲ့ အဲဒီလူက ကောင်းချီးခံ တစ်ယောက် မဟုတ်ဘူးပေါ့...”
ဝေ့ဝူယင်က ခပ်တိုးတိုး ရေရွတ်လိုက်ရင်း သူ တစ်ခါမှ မရောက်ရှိခဲ့ဖူးသည့် အတွေး ရေယာဥ်ကြော တစ်ခုပေါ်သို့ ရောက်ရှိသွားခဲ့တော့၏။
အဲဒီအစား သူက ကောင်းချီးခံ တစ်ယောက်ကို သတ်ခဲ့တာ ဆိုရင်ရော...။