ကောင်းကင်တာအို ဆုလာတ်
Vol. 50 Ch. 697
ဝေ့ဝူယင် သူ့ လည်ပင်းတွင် ဆယ်စုနှစ် သုံးခုနီးပါး ရှိနေခဲ့သည့် လခြမ်း သဏ္ဌာန် ဆွဲကြိုးကို ငုံ့ကြည့်လိုက်၏။ ထိုဆွဲကြိုးကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူ သတ်ဖြတ်ခဲ့သည့် လူတစ်ယောက်ထံမှ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ထိုစဥ်အခါက ဝေ့ဝူယင်မှာ နေကျီးကန်း စုန်းမ၏ ဖမ်းဆီး ခေါ်ဆောင်ခံသွားရသည့် မေ့မေ့ကို ရှာဖွေရန် အတွက် နေသွေးနီနီဂိုဏ်းမှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ ဂိုဏ်းမှာ အဓိက တပည့် တစ်ယောက် အတွက် နတ်ဘုရား အရှင် တစ်ပါးကို မဆန့်ကျင်လိုရာ ထိုကိစ္စကို လျှို့ဝှက်ချက် တစ်ခု အနေဖြင့် ထိန်းသိမ်းထားခဲ့သည်။ သူတို့က မေ့မေ့ကို ကြားခံ အနေဖြင့် သုံးကာ နေကျီးကန်း စုန်းမနှင့် ဂိုဏ်းအကြားတွင် ဆက်ဆံရေးကောင်း တစ်ခု ဖန်တီးလိုကြခြင်း ဖြစ်သည်။
ဂိုဏ်းမှ ထွက်ခွာခွာချင်းပင် ဝေ့ဝူယင်မှာ ကမ္မ ဖြတ်တောက်မှု တစ်ခုနှင့် ကြုံခဲ့ရကာ နဂါး အရိုးပြာ မြို့တော်ကို ရောက်ရှိသွားခဲ့သည်။ အကျဥ်းချုပ် ပြောရလျှင်... ထိုမြို့တော်၌ စစ်သားများ၏ အမဲလိုက်ခြင်း ခံနေရသည့် သူခိုး တစ်ယောက်နှင့် သူ တွေ့ခဲ့ရသည်။ သူ သူခိုးနောက်သို့ လိုက်ရင်း အမည်မသိ တပ်မှူးကို သတ်ဖြတ်ခဲ့မိသည်။
ထို့နောက် မကြာခင်မှာပင် သူ ကမ္မတန်ဖိုး ၀.၁ ကို ရရှိခဲ့သည်။ ထိုအချိန်၌ အိုရီနှင့် ဘုရင်တို့မှာ အခြေတည် ကျင့်ကြံခြင်း ဝိညာဥ်များ ဘဝတွင်သာ ရှိနေကြဆဲ ဖြစ်သည်။ ပင်ကိုယ် အရည်အသွေးများကိုပင် ပိုင်ဆိုင်ထားခြင်း မရှိကြသေးချေ။
ဝေ့ဝူယင်မှာ မူလကတုန်းက ထိုအမည်မသိ ဗိုလ်မှူးမှာ အဆင့်နိမ့် ကောင်းချီးခံ တစ်ယောက် ဖြစ်လိမ့်မည် ဟု ထင်မှတ် ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သေချာပြန်စဥ်းစားကြည့်တော့... လုံချန်၊ ယွမ်လုံရှီ၊ လင်းမင်တို့နှင့် တွေ့ဆုံခဲ့ချိန်၌ သူတို့က ကောင်းချီးခံများ ဖြစ်ကြကြောင်း သူ တန်းကာ ခံစားမိခဲ့သည်။ အမည်မသိ ဗိုလ်မှူးနှင့် ပတ်သက်၍တော့ သူ မည်သို့မှ မခံစားရချေ။
အမွေခံ အပြစ်သား တစ်ယောက်မှာ ကောင်းချီးခံများထံမှ ကမ္မ ကံကောင်းမှုများကို ခိုးယူ၍ ရသည် ဆိုသည့် စကားကြောင့်သာ သူ ထိုကဲ့သို့ ယူဆခဲ့ခြင်း ဖြစ်သည်။
အကယ်၍ အမည်မသိ တပ်မှူးက သူ ထင်မှတ်ထားခဲ့သလို ကောင်းချီးခံ တစ်ယောက် အပြစ်သား တစ်ယောက် ဖြစ်နေခဲ့သည် ဆိုလျှင်ရော...။ ကောင်းကင်တာအို၏ ပညတ်တော်များကို ချိုးဖောက်ကာ ဘဝတွင် ဆိုးယုတ်မှု များစွာကို ကျူးလွန်ထားသည့် အပြစ်သား တစ်ယောက်...။
အကယ်၍ ကောင်းချီးခံများသည် ထိုကဲ့သို့ အပြစ်သားများကို ဘဝတစ်ကွေ့တွင် သတ်ဖြတ်နိုင်ခဲ့ပါက ထိုက်တန်သည့် ကမ္မတန်ဖိုးများကို ရရှိနိုင်မည်လော။
ထိုအရာက သူ တစ်ခါမှ မစဥ်းစားခဲ့ဖူးသည့် သီအိုရီ ဖြစ်သည်။ နောက်ပြီး... ၎င်းက လုံချန် တစ်ယောက် ဘဝတွင် ပဋိပက္ခများ တစ်ခုပြီး တစ်ခု ကြုံတွေ့နေရသည့် အကြောင်းရင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
အနန္တ ဧကရာဇ်ဂိုဏ်း အတွင်း၌ ကျိမျိုးနွယ်နှင့် ဟုန်ဖူ မျိုးနွယ် နှစ်ခုစလုံးမှာ မကောင်းမှု များစွာကို ကျူးလွန်ကာ ယုတ်မာ အောက်တန်းကျသည့် နည်းလမ်းများဖြင့် ကျင့်ကြံနေကြသည့် မျိုးနွယ်များ ဖြစ်ကြသည်။ ထို့အပြင် ၎င်းမျိုးနွယ် နှစ်ခုစလုံးမှာ လုံချန်ကို တက်တက်ကြွကြွပင် ဆန့်ကျင် ခဲ့ကြသည်။ မဟာဝိညာဥ် စမ်းသပ်ပွဲတွင် ဟုန်ဖူကျင်းဝေ့မှာ သားရဲများ၏ ဝိညာဥ်ကို ပျက်စီးစေသည့် နည်းလမ်းကိုပင် သုံးကာ လုံချန်ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့သည်။
ကောင်းကင်တာအို၏ ပညတ်တော် သုံးထောင်ထဲတွင် ဝိညာဥ်များကို ဖျက်ဆီးရန် အားထုတ်ခြင်းက အလွန် ကြီးလေးသော ပြစ်မှုကြီး တစ်ခု ဖြစ်သည်။ မည်သို့ပင် ဆိုစေ... ဝိညာဥ်များမှာ ကောင်းကင်တာအို၏ ထိန်းချုပ်မှု အောက်တွင် တည်ရှိကာ ပြန်လည် မွေးဖွားခြင်း စက်ဝန်းကို ဖြတ်သန်း၍ သံသရာ လည်နေသည့် ဖြစ်တည်မှုများ ဖြစ်သည်။
ဆက်စပ် တွေးတောကြည့်ရလျှင်... ကောင်းကင်တာအိုမှာ ဟုန်ဖူကျင်းဝေ့ကို သတ်ဖြတ်ခြင်းဖြင့် လုံချန် အတွက် ကမ္မတန်ဖိုးများ ပြန်လည် ရရှိလာအောင် စီမံ ထားပုံ ရသည်။ သို့သော်လည်း... ဝေ့ဝူယင်က ဟုန်ဖူကျင်းဝေ့ကို ကယ်တင်လိုက်သော အခါတွင်တော့ ကောင်းကင်အို၏ အစီအစဥ်က ပျက်ယွင်းသွားခဲ့ပုံ ရသည်။ ထို့ကြောင့်ပင် လုံချန်၏ ကမ္မတန်ဖိုးမှာလည်း တဖြည်းဖြည်း ချို့တဲ့လာကာ မဟာမိတ်များကို တစ်ယောက်ပြီး တစ်ယောက် ဆုံးရှုံးလိုက်ရပုံ ပေါ်သည်။ နောက်ဆုံးအချိန် ဝေ့ဝူယင် သူ့ကို သတ်ဖြတ်လိုက်သော အခါတွင်ပင် ရရှိလာသည့် ကမ္မတန်ဖိုးက အလွန် နည်းပါးလှပေသည်။
သို့သော်လည်း... ဝေ့ဝူယင် ဟုန်ဖူကျင်းဝေ့ကို ကယ်တင်လိုက်ခြင်းက ရည်ရွယ်ချက် ရှိရှိ မဟုတ်ပဲ ထူးဆန်းသော တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်သည်။ သူက သူတော်စင်တို့၏ အဆင့်ကို ရောက်ရှိပြီးနောက်တွင်... အစစ်အမှန် အပြစ်သား ဝိညာဥ်ကို ကျင့်ကြံရန် အတွက် ထိုလူငယ်ကို လိုချင်ခဲ့ခြင်း ဖြစ်သည်။ ဟုန်ဖူကျင်းဝေ့၏ ခန္ဓာကိုယ်တွင် ရစ်ပတ်နေသည့် ကမ္မအပြစ်များက အလွန်အမင်း ထူထဲလွန်းလှကာ သူ့ကဲ့သို့ သေမျိုး တစ်ယောက်ပင်လျှင် သတိထားမိအောင် လုံလောက်ခဲ့သည်။
အကယ်၍ ထိုသီအိုရီ အရ... အမည်မသိ တပ်မှူးမှာ အပြစ်သား တစ်ယောက်၊ မထင်မရှား အပြစ်သား တစ်ယောက် ဖြစ်နေခဲ့သည် ဆိုလျှင်... လက်ရှိ အဖြစ်အပျက်က အဓိပ္ပာယ် ရှိသွားခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင် အရာအားလုံး တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ အနက်ရောင် စက်ဝန်းကြီး အတွင်းတွင် ပိုင်လင်မှာ မရေမတွက်နိုင်သည့် မိစ္ဆာ ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သည်။ ထိုလူများထဲတွင် သူမ မကောင်းမှုများစွာကို ကျူးလွန်ထားသည့် အပြစ်သားများစွာ မပါဝင်ဟု မည်သူက ကျိန်းသေ ဆိုနိုင်မည်နည်း။
ကောင်းကင်တာအို၏ စည်းမျဥ်းများ အရ... ကမ္မအပြစ်နှင့် ကမ္မဆုလာဒ်များမှာ ကိုယ်တိုင် ကျူးလွန်သူထက် စေခိုင်းသူနှင့်သာ သက်ဆိုင်သည်။ ဥပမာအားဖြင့် သွေးချောင်းစီး စစ်ပွဲ တစ်ခုတွင် စစ်သားတစ်ယောက်က လူသတ်ခဲ့လျှက် သူ ကျူးလွန်ခဲ့သည့် ကမ္မအပြစ်က စေခိုင်းသည့် ဗိုလ်ချုပ် အပေါ်တွင်သာ သက်ရောက်သည်။
သို့ဖြစ်လေရာ... ယေဘုယျအားဖြင့် အနက်ရောင် စက်ဝန်း အတွင်းတွင် ပိုင်လင်ကို သတ်ဖြတ်ရန် စေခိုင်းခဲ့သူက ဝေ့ဝူယင် ဖြစ်ရာ ထိုဖြစ်စဥ် တစ်ခုလုံးနှင့် ပတ်သက်သည့် ကောင်းခြင်းဆိုးခြင်းက သူ့တွင်သာ တာဝန်ရှိပေသည်။
သူနှင့် ပိုင်လင်တို့ ခန္ဓာကိုယ်ချင်း စတင် ထိတွေ့သော အခါတွင်မှ ကောင်းကင်တာအိုက စတင် လှုပ်ရှားခဲ့ခြင်းလော...။
ရှင်းလင်းစွာပင် ကောင်းကင်တာအိုမှာ အပြစ်သား သွေးမျိုးဆက်ကြောင့် ဝေ့ဝူယင်၏ တည်ရှိမှုကို ချက်ချင်း အတည်မပြုနိုင်သေးသောကြောင့် ဖြစ်သည်။ ပိုင်လင်၏ ခန္ဓာကိုယ်တွင် ဝန်းရံနေသည့် ကမ္မနှင့် ထိတွေ့ပြီးမှသာ ၎င်းက ဝေ့ဝူယင်ကို အမိန့်ပေးသူ သတ်မှတ်နိုင်ခဲ့သည့်ပုံ ပေါ်သည်။
ပိုမို၍ တွေးတောလေလေ ထိုသီအိုရီက ပိုမို၍ တိကျလေလေဟု ဝေ့ဝူယင် ခံစားရသည်။ တစ်လောကလုံး ကျောက်ဆစ်ရုပ်တုများလို ရပ်တန့်နေစဥ်တွင် ဝေ့ဝူယင်၏ အချိန်ကတော့ အပြစ်သား သွေးမျိုးဆက်နှင့် ပုံမှန်အတိုင်းပင် ဆက်လက် ရွေ့လျားနေဆဲ ဖြစ်သည်။ ဝေ့ဝူယင် ထိုအေးခဲနေသည့် ကမ္ဘာထဲတွင် နှစ်နာရီကျော် ကြာအောင် ဆက်လက် ပိတ်ဆို့နေခဲ့၏။
ထိုအရာက သူ ကြုံဖူးသမျှထဲတွင် အကြာမြင့်ဆုံး အေးခဲချိန်လည်း ဖြစ်၏။ ပိုင်လင် သတ်ဖြတ်ခဲ့သည့် အပြစ်သား အရေအတွက်နှင့် ၎င်းတို့ ကျူးလွန်ခဲ့သည့် ကမ္မအပြစ်များ အပေါ် မူတည်၍ ကောင်းကင်တာအို၏ တွက်ချက်မှုက အချိန်ကြာမြင့်နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ မည်သို့ပင် ဆိုစေ... သူတို့မှာ ဝိညာဥ်အမတေများကို စုပ်ယူ၍ ကျင့်ကြံနေကြသူများ ဖြစ်လေရာ ကောင်းကင်တာအို၏ အကြီးလေးဆုံး ပြစ်မှုများကို ကျူးလွန်ထားကြသူများဟု ဆိုနိုင်ပေသည်။
သုံးနာရီခန့် ကြာမြင့်ပြီးနောက်...
ဘုန်း...
ဝေ့ဝူယင်မှာ ကမ္ဘာတစ်ခုလုံး တုန်ရီသွားသလို ခံစားလိုက်ရ၏။
“အချိန်ကျပြီလား...”
ခပ်တိုးတိုး ရွေတ်လိုက်ရင်း ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကြယ်များအလား တလက်လက် တောက်ပနေသည့် ရွှေရောင် ပင်လယ်ကြီးကို တွေ့မြင်လိုက်ရလေသည်။ ၎င်း၏ အတွင်းတွင်တော့ ပိုးချည်မျှင်လို ရွှေရောင် ခပ်ဖျော့ဖျော့ အမျှင်ကလေးများမှာ စီးဆင်းနေကြ၏။ ဝေ့ဝူယင် ကြည့်နေစဥ်မှာပင် ထိုရွှေရောင် ပင်လယ်ကြီးမှာ ဆူနာမီလှိုင်းကြီး တစ်ခုလို သူ့ထံ အရှိန်အဟုန် ပြင်းပြင်းနှင့် အညှာအတာ ကင်းမဲ့စွာ တိုးဝင် လာခဲ့လေတော့၏။
ဝုန်း... ဝုန်း...
တစ်လောကလုံးမှာ ရွှေရောင် အရည်များဖြင့် ပြည့်နှက်နေ၏။ ဝေ့ဝူယင်၏ မြင်ကွင်းတစ်ခုလုံး... ယုတ်စွအဆုံး ဝိညာဥ်အာရုံ ပင်လျှင် ၎င်းတို့၏ ထုထည် ပမာဏကို ဖမ်းဆုပ်နိုင်စွမ်း မရှိပါချေ။
အကယ်၍ တိကျသေချာသည့် သီအိုရီကြောင့်သာ မဟုတ်ပါက ကောင်းကင်တာအိုမှာ သူ၏ အမွေခံ အပြစ်သား ဖြစ်တည်မှုကို သိရှိသွားကာ အရာအားလုံးနှင့် ဖျက်ဆီး ချေမှုန်းပစ်ရန် ကြိုးပမ်းလာခြင်းဟုပင် ထင်မြင်ယူဆ မိလိမ့်မည် ဖြစ်သည်။
ယခု မဟုတ်သေးသည့်တိုင် ထိုတစ်နေ့တစ်ချိန်က ကျိန်းသေ ရောက်ရှိလာမည် ဖြစ်ကြောင်း ဝေ့ဝူယင် သိပေသည်။ အမွေခံ အပြစ်သား သွေးမျိုးဆက် တစ်ယောက် အနေဖြင့် သူ ဆန္ဒရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ... ကောင်းကင်တာအိုမှာ သူ့ ရန်သူ ဖြစ်လာလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင် အကြောက်အလန့် ကင်းမဲ့သည့် မျက်ဝန်းများဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်၏။ ကိုယ်ပိုင် ယုံကြည်ချက် အတွက် ဆိုပါက ကောင်းကင်တာအို ဖြစ်စေ၊ ပထမဆုံး အပြစ်သား ဖြစ်စေ၊ မမြင်နိုင်သည့် နတ်ဘုရားများ ဖြစ်စေ... သူ မည်သူ့ကို မဆို ရဲဝံ့စွာ ရင်ဆိုင်မည် ဖြစ်သည်။ အကယ်၍ သေဆုံးရမည် ဆိုလျှင်ပင် သူ့တွင် မည်သည့် နောင်တမျှ ရှိလိမ့်မည် မဟုတ်ချေ.
ဘုန်း...
ဝေ့ဝူယင် ကောင်းကင်ကို မော့ကြည့်နေစဥ်မှာပင် ရွှေရောင် အလင်းတန်းများမှာ သူ့အပေါ်ကို အရှိန်အဟုန်နှင့် ကျဆင်း လာခဲ့တော့သည်။ ၎င်းတို့က သူ့ခန္ဓာကိုယ် ပတ်လည်တွင် ငါးရှဥ့်များလို လှည့်ပတ်နေကြကာ နဖူးမှ နေ၍ စမ်းချောင်း တစ်ခုအလား ခန္ဓာကိုယ်ထဲ တိုးဝင် နေကြ၏။ စက္ကန့်နှင့် အမျှ ၎င်းတို့၏ အရှိန်အဟုန်က ပိုမို ပြင်းထန် လာနေကာ ထိုအခိုက်၌ ဝေ့ဝူယင်မှာ ကောင်းကင်တာအို၏ တည်ရှိမှုကို ယခင်ကထက် ပိုမို နီးကပ်စွာ ခံစားနေရသည်။
ရှေးယခင် ကောင်းကင်တာအိုနှင့် ရင်ဆိုင်ခဲ့ရချိန်များ၌ သူ၏ တည်ရှိမှု အထူးသဖြင့် စိတ်နှင့် အာရုံကို အပြစ်သား သွေးမျိုးဆက် စွမ်းအင်များက အမြဲလိုလို ကာကွယ်ပေးလေ့ ရှိခဲ့သည်။ သို့သော်လည်း ယနေ့တွင်တော့ ထိုကဲ့သို့ ဖြစ်စဥ်မျိုး ကင်းစင်နေသည်။ ကြည့်ရသည်က အပြစ်သား သွေးမျိုးဆက်မှာ လိုအပ်သည့် အခါမျိုးမှသာ အသက်ဝင်လာပုံ ရသည်။ မည်သို့ပင် ဆိုစေ... ဤသည်က အပြစ်ပေးမှု မဟုတ်ပဲ ဆုလာဘ် တစ်ခုသာလျှင် ဖြစ်သည် မဟုတ်ပါလား။
ကောင်းကင်တာအိုမှာ အလွန် ထူးခြားသည့် တည်ရှိမှု တစ်ခု ဖြစ်သည်။ ၎င်းကို ဖော်ပြရန်မှာ ခက်ခဲလှသည်။ ကောင်းကင်တာအိုနှင့် အနီးကပ် ကြုံတွေ့ရခြင်းက တောင်တန်းများကို ပထမဆုံး တွေ့ဖူးသည့် ခံစားချက်နှင့် တူသည်။ ဟိုးကလေးဘဝ ဝေ့မျိုးနွယ်တွင် နေစဥ် အခါက ကြီးကျယ် ခမ်းနားသည့် ဘိုးဘေး တစ်ယောက်ကို ပထမဆုံး တွေ့ဖူးသလို ခံစားရသည်။ ၎င်းက ကြောက်ရွံ့မှု၊ အထင်ကြီးမှုနှင့် လေးစားမှုတို့ ရောနှောနေသည့် ခံစားမှု တစ်မျိုးပင်။
သို့သော်လည်း... အတန်ကြာပြီးနောက် ဝေ့ဝူယင်၏ သိချင်စိတ်က ပိုမို နိုးထလာ၏။ သူက ကောင်းကင်ဘုံ နတ်မျက်လုံးများကို အမှန်တရား မျက်လုံး ဝိညာဥ် အစီအရင်နှင့် ချိတ်ဆက်လိုက်ကာ ကောင်းကင်တာအို၏ ရည်ရွယ်ချက်၊ အဓိပ္ပာယ်နှင့် ဦးတည်ချက်တို့ကို ကြည့်ရှုဖို့ ကြိုးစားလိုက်သည်။
ဟူး... ဟူး...
သူ၏ မျက်လုံးများမှာ ရွှေရောင်အလင်းရောင်များဖြင့် ပြည့်နှက်သွား၏။ ထို့နောက် ချက်ချင်းဆိုသလိုပင် ဖန်သား တစ်ခုလို ကွဲထွက်သွားသည်။ ကောင်းကင်တာအိုကို တစေ့တစောင်း ကြည့်ရုံဖြင့်ပင် သူ၏ မျက်လုံးများမှာ ဝါးမျိုခံစားလိုက်ရပြီ ဖြစ်လေသည်။
သေမျိုးတစ်ယောက်က ကောင်းကင်တာအို၏ လျှို့ဝှက်ချက်များကို ကြည့်ရှုရန် ကြိုးပမ်းခြင်း... ၎င်းက သာမန်လူသား တစ်ယောက် ကောင်းကင်သားရဲ တစ်ကောင်ကို ကျွန်ပြုဖို့ ကြိုးစားနေသလိုပင် ဖြစ်သည်။ တစ်ခုတည်းသော ရလဒ်က ပျက်စီးခြင်းပင်။
“ဟမ့်...”
ဝေ့ဝူယင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ သို့သော်လည်း ထိုအသံက သူ့အသံ မဟုတ်ချေ။ ရှေးဟောင်း ပုဂ္ဂိုလ် တစ်ယောက်က သူ့နေရာကို ဝင်ယူလိုက်သလို မျက်နှာ အမူအရာပင်လျှင် ပြောင်းလဲလာကာ မထီမဲ့မြင် အပြုံးတစ်ခု သူ့ နှုတ်ခမ်းထက်၌ ဖြစ်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် သူ့ မျက်ခုံးနှစ်ကြား စီးဝင်နေသည့် ရွှေရောင် အလင်းရည်များမှာ တုန်ရီသွားကာ တဒင်္ဂမျှ ရပ်တန့်သွား၏။ ထို့နောက်... မကြာခင်မှာပင် ၎င်းတို့က ပုံမှန်အတိုင်း ပြန်လည် စီးဆင်းလာသည်။ ထူးဆန်းတာတစ်ခုက... ထိုတုန်ရီမှုတွင် ကြောက်ရွံ့မှု၊ စိတ်လှုပ်ရှားမှု၊ ဒေါသထွက်မှု အငွေ့အသက် တစ်ခုမျှ မပါရှိခြင်း ဖြစ်သည်။ ၎င်းတို့က မိမိကိုယ်ကို ကန့်သတ်ချက် တစ်ချို့နှင့် ပြန်လည် ထိန်းချုပ်လိုက်သလိုသာ ဖြစ်သည်။
ဟူး... ဟူး...
မကြာခင်မှာပင်... ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ လျှင်မြန်သော အရှိန်အဟုန်နှင့် အတူ ပြန်လည် ကောင်းမွန်လာနေခဲ့၏။
နောက်တစ်ကြိမ် မျက်လုံးကို ပြန်လည် ဖွင့်လိုက်တော့ မျက်ခုံးနှစ်ခုကြားကို စီးဝင်နေသည့် ရွှေရောင် အရည်စက်များမှာ ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။
ဟင်းလင်းပြင်၏ အေးခဲမှုက လွင့်ပြယ်သွားကာ အချိန်မှာ ပုံမှန်အတိုင်း ပြန်လည် စီးဆင်းလာ၏။
“ဂီး...”