ကမ္မတန်ဖိုး
Vol. 50 Ch. 698
“ဂီး...”
ပိုင်လင်က စိတ်ရှုပ်ထွေးစွာဖြင့် အော်ဟစ်လိုက်၏။ လွန်ခဲ့သည့် မျက်တောင်တစ်ခပ်စာမျှ အတွင်းမှာပင် ဝေ့ဝူယင်၏ ကိုယ်ဟန်က နားမလည်နိုင်လောက်အောင် အမျိုးမျိုး ပြောင်းလဲသွားသည်ကို သူမ ခံစားရသည်။ မည်သည့်အရာများ ဖြစ်သွားသနည်း။
ဝေ့ဝူယင်၏ မျက်လုံးများမှာ တည်ငြိမ်နေ၏။ သို့သော်လည်း သူ၏ အမူအရာကတော့ အလွန် အတွေးနက်နေဟန် ရသည်။
“ဖူရှီ...”
သူက ခပ်တိုးတိုး ရေရွတ်လိုက်ရာ လောကမှာ မသိမသာ တုန်ရီသွား၏။ ထိုတုန်ခါလှိုင်းများက အလွန်အမင်း ဖျော့တော့လှသည့်တိုင် ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့် ရှင်းလင်းစွာ မြင်နိုင်ပေသည်။ သူ မျက်မှောင်ကြုတ်လိုက်ကာ လက်ဝါးကို ကြည့်လိုက်၏။
“မက်ဂျီ...”
သူ၏ လက်ဖဝါးထက်၌ “မက်ဂျီ” ဆိုသော ဝေါဟာရမှာ ကောင်းကင်ဘုံ နတ်မျက်လုံးကို လေ့လာ တွေ့ရှိခဲ့သည့် “ဖူရှီ၏ မှတ်တမ်းများ” ဆိုသည့် စာအုပ်ထဲက အတိုင်း အတိအကျပင် ဖွဲ့စည်းထား၏။
ဝေ့ဝူယင်၏ အတွေးများမှာ ထိုစကားလုံး နှစ်ခု အတွင်း နစ်မြုပ်နေ၏။ ၎င်းက အပြစ်သား တက်တူးများလိုပင် သူ မဖော်ထုတ်နိုင်သည့် လျှို့ဝှက်ချက် တစ်ခု ဖြစ်သည်။
ကောင်းကင်တာအို၏ လျှို့ဝှက်ချက်များကို တစေ့တစ်စောင်း ကြည့်ရှုရန် ကြိုးပမ်းရုံဖြင့်ပင် သူက သေဆုံးလုနီးပါး အထိ တန်ပြန် သက်ရောက်မှုကို ရရှိခဲ့ခြင်း ဖြစ်သည်။ အသိစိတ် ပျောက်လုဆဲဆဲ အခြေအနေတွင် ဝိညာဥ်ထံ တိုးဝင်လာသည့် နူးညံ့သော လက်တစ်စုံကြောင့်သာ မဟုတ်ပါက သူ သေဆုံးသွားလောက်ပြီသားပင် မပြောတတ်ချေ။
ဘယ်လိုပဲ ဖြစ်ဖြစ် ကံကောင်းထောက်မစွာပင် ထိုနွေးထွေးမှုက သူ့ဝိညာဥ်ကို ထိတွေ့ကာ ကောင်းကင်တာအို၏ တုန့်ပြန်မှုမှ ကာကွယ် ပေးခဲ့သည်။ ထိုအရာက ဖူရှီ ဖြစ်ကြောင်း ဝေ့ဝူယင် သိပေသည်။ ဖူရှီမှာ သူ့အလိုကို သိသည့် အလား နူးညံ့ ကြင်နာသော သတိပေးချက် တစ်ခုပင် သူ့စိတ်ထဲ၌ ချန်ထားသွားခဲ့သေးသည်။
“ခု အချိန်မကျသေးဘူး... ကလေးလေး...”
ဝေ့ဝူယင် လက်သီးကို ဆုပ်လိုက်ရာ မက်ဂျီ ဆိုသည့် အက္ခရာမှာ အပိုင်းပိုင်း အစစ အဖြစ် ကွဲကြေ သွားခဲ့၏။ ဝေ့ဝူယင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။ ထိုစကားလုံးများက တစ်နေ့တစ်ချိန်တွင် သူ့ထံ၌ ကောင်းကင်တာအို၏ လျှို့ဝှက်ချက်များကို တွေ့မြင်နိုင်သည့် စွမ်းရည် ရှိလာလိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
အမွေခံ အပြစ်သားများမှာ ကောင်းကင်တာအိုနှင့် ဆန့်ကျင်၍ တိုက်ခိုက်ရသည်။ သို့သော်လည်း ဖူရှီမှာ ပိုမို ကြီးကျယ် ခမ်းနားသည့် တစ်စုံတစ်ရာကို ကိုယ်စားပြုသည်ဟု သူ ခံစားရသည်။ ဝေ့ဝူယင်၏ လောက အပေါ် အမြင်မှာ ပိုမို၍ ကျယ်ပြန့်လာခဲ့၏။ တစ်ချိန်တည်း၌... ကြယ်တာရာ ဝါးမြိုသူ ထန်ဂူ အပေါ် သူ၏ စိတ်ဝင်စားမှုများက ပိုမို၍ တိုးပွား လာခဲ့သည်။ သူတို့ အကြားတွင် မည်သည့် ဆက်စပ်မှုများ ရှိနေသနည်း။
ဝေ့ဝူယင် ခေါင်းကို ခါရင်း အတွေးများကို မြန်မြန် ရုတ်သိမ်းလိုက်၏။ ဖူရှီ့ စကားအတိုင်း ယူသုံးရလျှင် သူက ထိုလျှို့ဝှက်ချက်များကို နားလည်ရန် အချိန် မကျသေးချေ။
"..."
ဝေ့ဝူယင် အင်္ကျီလက်အိုးကို မကာ အပြစ်သား တက်တူးကို ကြည့်လိုက်၏။ သူ နောက်ဆုံးအကြိမ် စစ်ဆေးခဲ့တုန်းက ကမ္မတန်ဖိုးက ၁၄၂၂၀. ၅ ဖြစ်သည်။ အပြစ်သားများစွာကို သတ်ဖြတ်ပြီး နောက်တွင် ၎င်းက ပိုမို မြင့်မားလာမည်လော။
ကမ္မတန်ဖိုး... ၄၃၀၅၃.၀
ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယ ကပ်ဘေး တားဆီးခြင်း... ၄၃ နှစ်
“၄၃၀၅၃.၀...”
ဝေ့ဝူယင်မှာ ဦးနှောက်ကို လျှပ်စီးကြောင်း တစ်ခု ဖြတ်ရိုက်သွားသလို ခံစားလိုက်ရ၏။ သူ့မျက်လုံးများက မယုံကြည်နိုင်ခြင်းများဖြင့် ပြူးကျယ်လာသည်။
၂၈၈၃၂.၅...
၎င်းက အလွန့် အလွန် ကြီးမားလွန်းလှသည့် တိုးတက်မှုမျိုး ဖြစ်သည်။ ဒုတိယ ကပ်ဘေးအား ကျော်ဖြတ်ပြီးချိန်တွင်ပင် သူ၏ ကမ္မတန်ဖိုးက ၁၅၆၉၉.၄ သာ တိုးလာခဲ့ခြင်း ဖြစ်သည်။ ယခုက ထိုတန်ဖိုး၏ နှစ်ဆ နီးပါးပင်။
ဝေ့ဝူယင်၏ နှလုံးသားမှာ ထိုရှာဖွေ တွေ့ရှိမှုကြောင့် တဒိတ်ဒိတ် တုန်ရီနေ၏။ အပြစ်သားများကို သတ်ဖြတ်လိုက်ခြင်းက ထိုမျှ အထိ ကမ္မတန်ဖိုးများကို တိုးပွားစေလိမ့်မည် ဖြစ်ကြောင်း သူ ထင်မှတ် မထားခဲ့ချေ။
ကမ္မတန်ဖိုး တစ်မှတ်ချင်းစီတိုင်းက ကောင်းချီးခံ တစ်ယောက် အတွက် အလွန်ပင် တန်ဖိုး ရှိလှသည်။ ကမ္မတန်ဖိုး ၂၁၀ ဖြင့်ပင် သူ လျှို့ဝှက် တာရာ သတ္တုရိုင်း ဂြိုဟ်ကြီး တစ်ခုလုံးကို ရရှိခဲ့ကာ လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်ကိုပါ လက်အောက်ငယ်သားများ အဖြစ် သိမ်းပိုက်နိုင်ခဲ့သည်။
ယခု ကမ္မတန်ဖိုး လေးသောင်း သုံးထောင်...
ထိုပမာဏက အကယ်၍ မတော်တဆများ သူ သေဆုံးခဲ့လျှင်ပင် အချိန်ကို နောက်ပြန် ဆုတ်ကာ လောကီ ပြန်လည် မွေးဖွားခြင်း ဖြစ်ပေါ်စေမည်လား မပြောတတ်ချေ။
“ဂီး...”
ပိုင်လင်က ခပ်တိုးတိုး အော်ဟစ်လိုက်ကာ ဝေ့ဝူယင်၏ ပခုံးကို နှုတ်သီးဖြင့် တွန်းတိုက်လိုက်ရင်း သူမအား အာရုံစိုက်လာစေရန် ကြိုးပမ်းလိုက်၏။
ဝေ့ဝူယင်က အတွေးများထဲမှ နိုးထလာကာ ပိုင်လင်ကို နွေးထွေးစွာ ကြည့်လိုက်သည်။ ထိုအခါတွင်မှ ပိုင်လင်မှာ အတော်လေး အားနည်းနေကြောင်း သူ သိရှိလိုက်သည်။ ကြည့်ရသည်က လျှို့ဝှက်အာဏာရှင် လေးယောက်နှင့် တိုက်ပွဲတွင် သွေးမျိုးဆက် စွမ်းအင် များစွာကို သူမ အသုံးပြုခဲ့ရဟန် ရသည်။ သူမ အနားယူရန် လိုအပ်နေခဲ့ပြီ ဖြစ်သည်။
ပိုင်လင်က နှုတ်သီးကို မြှောက်ကာ ရွှေရောင် ပုတီးစေ့ကို အမူအရာဖြင့် ပြလိုက်၏။ သူမက ဝေ့ဝူယင်အား ထိုပုတီးစေ့ကို ယူစေချင်လိုပုံ ရသည်။
“အဲဒါက ဘာလဲ...”
ဝေ့ဝူယင်က ကြယ်တာရာ အင်အား အမျှင် တစ်ခုကို ပို့လွှတ်လိုက်ကာ ကလေး လက်သီးဆုပ်ထက် ပို၍ ကြီးမားသည့် ရွှေရောင်ပုတီးစေ့ကို ဆုပ်ကိုင်လိုက်၏။ ၎င်း၏ အတွင်း၌ ထူးဆန်းသည့် ယန်အမတေ တစ်ခု ရှိနေသလို ခံစားရသည်။
ဝေ့ဝူယင် အထွတ်အမြတ် အလင်းနန်းတော် သခင်မ ကျန်းဖေးလန်၏ ယင်ပြန်လည် ဖြည့်တင်းခြင်း ရုပ်ခန္ဓာကိုပင် ပြန်လည် အမှတ်ရလိုက်မိ၏။
သို့သော်လည်း ဤပုတီးစေ့ အတွင်းရှိ စွမ်းအင် ပမာဏနှင့် အော်ရာက ကျန်းဖေးလန်ထက် တစ်ဆင့်မက မြင့်မားပေသည်။
သူ၏ မျက်လုံးများက အဂ္ဂိရတ် ကြယ်တာရာများဖြင့် တောက်ပလာကာ ပုတီးစေ့ အတွင်း ရှိနေသည့် လျှို့ဝှက် စွမ်းအင်များကို လေ့လာလိုက်၏။ ချက်ချင်းပင် သူ၏ အမူအရာက ပြောင်းလဲသွားကာ ပိုင်လင်ကို ကြည့်လိုက်၏။
“လျှို့ဝှက် အာဏာရှင် အဆင့်တစ်ယောက်ဆီက ယန်ရင်းမြစ် အနှစ်သာရ... ဒါကို မင်း ဘယ်ကနေ ရတာလဲ... ဟိုမိစ္ဆာ ကျင့်ကြံသူတွေ ဆီကလား”
အနန္တ ဧကရာဇ်ဂိုဏ်းတွင် ရှိစဥ် အခါတုန်းက ယန်ရင်းမြစ် အနှစ်သာရ အကြောင်း စာအုပ်များထဲတွင် သူ လေ့လာဖူးသည်။ ၎င်းမှာ ဝိညာဥ်နှင့် အတူ ယှဥ်တွဲ မွေးဖွားလာသည့် အရာ တစ်ခု ဖြစ်ကာ ကျင့်ကြံခြင်း အတွက် အလွန်အမင်း အဖိုးတန်သည်။ မိစ္ဆာ ကျင့်ကြံသူများမှာ ယန်ရင်းမြစ် အနှစ်သာရကို ထုတ်ယူရန် နည်းလမ်း တစ်ခုခု တွေ့သွားသည်လား။
ပိုင်လင်က ခေါင်းခါကာ ဖြစ်ပျက်သမျှ အလုံးစံကို ရှင်းပြလိုက်၏။ နားထောက်ပြီးနောက် ဝေ့ဝူယင်မှာ လုံးဝ ဆွံ့အ သွားခဲ့တော့၏။ တစ်ချိန်တည်း၌ သူ စိတ်ရှုပ်ထွေး လာမိ၏။ သူ့အနေဖြင့် ယန်ရင်းမြစ် အနှစ်သာရကို ထုတ်ယူချင်ပင် ထိုအရာက ဖြစ်နိုင်ချေ ရှိသည် မဟုတ်ချေ။ အကယ်၍ အတင်းအကြပ် ကြိုးစားပါက ဝိညာဥ် ပျက်စီးကာ သေဆုံး၍ သွားလိမ့်မည် ဖြစ်သည်။
“ဒါက ယန်ရင်းမြစ်အနှစ်သာရ အစစ်ရော ဟုတ်ရဲ့လား...”
သံသယနှင့် အတူ ဝေ့ဝူယင် ရွှေရောင် ပုတီးစေ့ကို နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးကြည့်လိုက်၏။ ၎င်းက သူ့ ယန်ရင်းမြစ် အနှစ်သာရနှင့် ယှဥ်လျှင် အနည်းငယ် ကွဲပြားမှုများ ရှိနေသည်ကို သတိထားလိုက်မိသည်။
“ဒီလောကမှာ နည်းလမ်းနဲ့ ကျင့်စဥ်တွေ မရေမတွက်နိုင်အောင် ရှိတယ်... ညီလေး... မင်းရဲ့ အတွေးကို ကြားဖူးတဲ့ စကားလုံးတွေထဲမှာပဲ ကန့်သတ်မထားပဲ.. စိတ်ကို အမြဲတမ်း ဖွင့်လား...”
အကိုကြီး၏ ဆုံးမ စကားအချို့ကို ဝေ့ဝူယင် ပြန်လည် ကြားယောင် လာမိခဲ့၏။
“အတွေးတွေကို ချဲ့ထွင်၊ ဖြစ်နိုင်ချေကို ပြောင်းလဲ...”
“ကွဲလွဲမှု ရှိရင် ကြိုးကြောင်း ဆီလျော်တဲ့ ဖြေရှင်းချက် ရှိတယ်...”
အကယ်၍ သူသာ ထိုကန့်သတ်ချက် အတွင်း ရှင်သန်ခဲ့ပါက အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ ဘယ်တော့မှ ပေါ်လာလိမ့်မည် မဟုတ်ချေ။
ဝေ့ဝူယင်၏ မျက်လုံးများက ရွှေရောင် ပုတီးစေ့ကို စိုက်ကြည့်ရင်း တောက်ပလာ၏။ သူ၏ အတွေးများက မတူကွဲပြားသည့် လမ်းစဥ်များသို့ ဦးတည်သွားကာ ထုတ်ကုန် အသစ် တစ်ခု၏ ကောက်ကြောင်းက တဖြည်းဖြည်း ပေါ်လာနေခဲ့သည်။
အခြေခံ ဝါးမြိုခြင်း မိစ္ဆာနည်းလမ်း၏ လက်အောက်တွင် လောကနယ်မြေ တစ်ခုပင်လျှင် အတုဖြစ်နိုင်ချေ ရှိရာ ယန်ရင်းမြစ် အနှစ်သာရမှာလည်း အလားတူ ဖြစ်စဥ်မျိုးနှင့် ကြုံတွေ့နိုင်ပေသည်။ စက္ကန့်နှင့် အမျှ ဝေ့ဝူယင်၏ အသိစိတ် ပင်လယ်မှာ ပိုမို၍ တောက်ပလာကာ စိတ်စွမ်းအင်များမှာ ကျယ်ပြန့်လာနေခဲ့၏။ ဟင်းလင်းပြင် ပေါ်တယ်များကို ဖွင့်ရာ၌ ကြယ်တာရာ အင်အားများကို များစွာ အသုံးပြုခဲ့ရသည့်တိုင် သူ၏ စိတ်စွမ်းအင်များကတော့ သန့်စင်ကာ အင်အား ပြည့်ဝနေဆဲ ဖြစ်ပေသည်။
အသိစိတ်ပင်လယ်ထဲမှ ဧဒင်က ပံ့ပိုးမှုနှင့် အတူ တစ်မိနစ်မျှ အချိန်အတွင်းမှာပင် ဝေ့ဝူယင်မှာ ထောင်နှင့်ချီသည့် တွက်ချက်မှု၊ စမ်းသပ်မှု ထောင်နှင့်ချီကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ကျန်းဖေးလန်နှင့် နာ့ရှင်းရီတို့၏ ပုံရိပ်များမှာ သူ့စိတ်အတွင်း ပြန်လည် ပေါ်လာနေခဲ့၏။
“ငါထွက်သွားချင်တယ်...”
ထိုအခိုက်တွင်ပင် အသံတစ်ခုကို ဝေ့ဝူယင် ကြားလိုက်ရ၏။ ဝေ့ဝူယင်၏ အဂ္ဂိရတ် ကြယ်တာရာ မျက်လုံးများက လျှင်မြန်စွာပင် ပြန်လည် မှေးမှိန်သွားကာ အရှေ့၌ ရပ်နေသည့် ပုံရိပ်ကို ကြည့်လိုက်သည်။
ယွီစွန်းလီမှာ မျက်ရည်စီးကြောင်းများကြောင့် အနည်းငယ် နွမ်းလျနေသည့်တိုင် ထိုအရာကပင် ပိုမို ဆွဲဆောင်မှု ရှိနေသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ ဝေ့ဝူယင် နွေးထွေးသည့် အပြုံးတစ်ခုကို ဆင်မြန်းလိုက်၏။
“ခင်ဗျားက လွတ်လပ်တဲ့ လူပဲလေ... ထွက်သွားမယ် နေမယ် ဆိုတာ ကျုပ်ဆီကနေ ခွင့်တောင်းစရာ မလိုပါဘူး...”
သူက ရှေ့သို့ အနည်းငယ် လျှောက်လာကာ သူမနှင့် တစ်မီတာမျှ အကွာတွင် ရပ်လိုက်၏။ မိန်းကလေးက သေမျိုး အကန့်အသတ်ကို ကျော်လွန်နေသည့် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်သည့်တိုင် ဝေ့ဝူယင်ထံတွင် ကြောက်ရွံ့မှု တစ်စက်မျှ မရှိပါချေ။
“ယွီစွန်းလီ...”
ဝေ့ဝူယင်က နူးညံ့စွာပင် ခေါ်လိုက်သည်။
“အင်း... ပြောလေ...”
ယွီစွန်းလီ၏ အသံက တိုးလျစွာ ထွက်ပေါ်လာ၏။ သူမ၏ ပန်းနုရောင် မျက်ဝန်းကလေးများက ချောမောလှပသည့် ဝေ့ဝူယင်၏ မျက်နှာကို ပြန်လည် စိုက်ကြည့် နေမိသည်။
“ခင်ဗျားမှာ ပြန်စရာ အိမ်ရှိမယ်... ခင်ဗျား ပြန်မလာကို စောင့်နေမယ့်၊ ခင်ဗျားကို လိုက်ရှာနေမယ့် လူတွေ ရှိမယ် ဆိုတာ ကျုပ် သိပါတယ်... ဒီတော့ ကျုပ် ဝေ့ဝိုက် မနေတော့ဘူး.... ကျုပ် ဘက်ကနေ ခင်ဗျားကို လိုက်ဖို့ ဆုံးဖြတ်ထားပြီးပြီ ဆိုတော့ တစ်နေ့မှာ ခင်ဗျားက ကျုပ် အပိုင် ဖြစ်ကို ဖြစ်လာရမယ်.... အဲဒီအခါကျရင် ခင်ဗျား ဘယ်လို ပန်းချီမျိုး ဆွဲမလဲ ဆိုတာ ကျုပ် သိချင်မိတယ်”