အစစ်အမှန် မွေးဖွားခြင်း
Vol. 50 Ch. 699
“...”
ယွီစွန်းလီမှာ ဆွံ့အသွား၏။ သူမ၏ နှလုံးသားကတော့ တဒိန်းဒိန်း တုန်ရီနေသည်။ ထိုအခိုက်အတန့် အတွင်း၌ မိနစ်ပေါင်း များစွာ ကုန်ဆုံးသွားသည့်တိုင် သူမကတော့ စက္ကန့်ပိုင်းလောက် ဟုသာ ခံစား နေရသည်။
နောက်ဆုံး၌ မိန်းကလေးမှာ ကိုယ့်ကိုယ်ကို ပြန်လည် ထိန်းချုပ်လာနိုင်ခဲ့၏။ ရွေးချယ်ခွင့် ရှိခြင်း၏ လတ်ဆတ်သော ခံစားမှုက သူမ နှလုံးသားကို လွှမ်းခြုံသွား၏။
“ငါ့ဘဝ တစ်လျှောက်လုံးမှာ မရေမတွက်နိုင်တဲ့ ယောက်ျားတွေ ဆီကနေ အဲဒီလို စကားတွေ ကြားဖူးတယ်... ဒါပေမဲ့ ဘယ်ယောက်ျားကမှ ငါ့နှလုံးသားကို မသိမ်းပိုက်နိုင်ခဲ့ဘူး... မင်းအတွက် ပန်းချီဆွဲပေးဖို့ ဘယ်အရာတွေ ငါ့အတွက် လိုအပ်သလဲ ကြည့်ရသေးတာပေါ့”
ထူးဆန်းကာ နားမလည်နိုင်သည့် ခံစားမှု တစ်နှင့် အတူ သူမ၏ လက်နှင့် ပန်းနုရောင် နှုတ်ခမ်းများက အနည်းငယ် လှုပ်ရှား သွား၏။ သူမ၏ စကားလုံးများက မသိစိတ်ထဲမှ နေ၍ ဝေ့ဝူယင်၏ ချစ်ခွင့်ပန်မှုကို လက်ခံနေကြောင်း ယွီစွန်းလီ ကိုယ်တိုင်ပင် သတိပြုမိပုံ မရချေ။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်၏ နှုတ်မှ သူ့အတွက် ပန်းချီတစ်ခု ဆွဲပေးဖို့ ယွီစွန်းလီကို ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဖူးသည် မဟုတ်ပါလား။
ဝေ့ဝူယင်၏ မေးစေ့ကို အနည်းငယ် ပွတ်သပ်လိုက်၏။
“ကြည့်ရတာ ခင်ဗျားရဲ့ နောက်ခံက သိပ်မရိုးရှင်းဘူး ထင်တယ်... အတားအဆီးတွေ ရှိနေတဲ့ သဘောပေါ့... ကျုပ် ပိုပြီး အလုပ်ကြိုးစားရတော့မယ့် ပုံပဲ”
ယွီစွန်းလီက သူ့ကို ကြည့်ကာ သိမ်မွေ့စွာ ပြုံးလိုက်သည်။
“အင်းပေါ့... လျှို့ဝှက် အာဏာရှင် အဆင့်ကို မရောက်သေးတဲ့ လူတစ်ယောက်နဲ့ ငါ အတူရှိလို့ မရဘူး... ဘာမှ မဟုတ်တဲ့ လူတစ်ယောက်ကို ငါ့မိသားစုက လက်ခံမှာ မဟုတ်ဘူး”
ဝေ့ဝူယင်က ခေါင်းညိတ်လက်ခံလိုက်၏။ ယွီစွန်းလီမှာ ဝေ့ဝူယင်ကို အချိန် အတန်ကြာအောင် တိတ်ဆိတ်စွာ ကြည့်နေခဲ့မိသည်။
ငွေရောင် မျက်လုံးများနှင့် သေမျိုး လူငယ်၊ မီးငှက်ကို စီးကာ သူမကို ရာစုနှစ် အကျဥ်းစံ ဘဝမှ ကယ်တင်ခဲ့သူ...
ထိုအရာက စိတ်ကူးယဥ်အိပ်မက် တစ်ခုအလား ယွီစွန်းလီ ခံစားလိုက်ရ၏။ အကယ်၍ အိပ်မက်တစ်ခု ဆိုလျှင် နောက်တစ်နေ့ နံနက်ခင်း၌ သူမ မနိုးထချင်တော့ပေ။
“ကျုပ် ခင်ဗျားကို ဘယ်မှာ လာရှာလို့ ရလဲ”
ဝေ့ဝူယင်က ရှေ့သို့ အနည်းငယ် တိုးလိုက်ကာ သူမ၏ လက်ကလေးကို ဆုပ်ကိုင်ရင်း မေးလိုက်၏။ ယွီစွန်းလီ၏ မျက်နှာထက်တွင် ရှက်ပြုံးကလေး တစ်ခု ဖြစ်ပေါ်လာသည်။ သို့သော်လညး သူမက ရုန်းကန်ခြင်း မပြုပါချေ။ ထို့အစား တိတ်တဆိတ်သာ ပြန်ဖြေလိုက်၏။
“ဝိညာဥ်ရှန့်ထို နယ်မြေ၊ လောကချိုးဖျက်သူ ရှန့်ထို ခန်းမ...”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။
“ကျုပ် အဲဒီမှာ ခင်ဗျားကို လာရှာလှည့်မယ်... ဒါပေမဲ့ ကျုပ် နာမည်ကိုတော့ မှတ်ထားပါ... မေ့မပစ်လိုက်နဲ့”
ယွီစွန်းလီက ဝေ့ဝူယင်ကို မျက်စောင်းထိုးလိုက်ကာ နှုတ်ခမ်းကလေးကို အနည်းငယ် စူလိုက်၏။
“ငါ သိပါတယ်... ဝေ့ဝူယင်မလား... ငါက လျှို့ဝှက် အာဏာရှင် အဆင့်... မမေ့ဘူး”
ဝေ့ဝူယင်က ပြုံးလိုက်ကာ သူမ၏ လက်ကလေးကို လွှတ်ပေးလိုက်၏။ ယွီစွန်းလီမှာ နှလုံးသား အတွင်း ဟာသွားသလို ခံစားလိုက်ရသည်။
တစ်ခဏလောက် ကြာတော့ သူမ လက်သူကြွယ်တွင် လက်စွပ် တစ်ကွင်း ရောက်ရှိနေသည်ကို ယွီစွန်းလီ သတိထားမိသွား၏။ သူမက ဝေ့ဝူယင်ကို ကြည့်ရင်း မေးလိုက်သည်။
“ဒါက ဘာလဲ...”
“တကယ်လို့ မင်း အန္တရာယ် တစ်ခုခုနဲ့ တွေ့ရင် အထဲက ဝိညာဥ် သလင်းကျောက်ကို ချိုးလိုက်...”
ဝေ့ဝူယင်က ခပ်တိုတို ဖြေလိုက်ပြီးနောက် အနားယူနေသည့် ပိုင်လင်ရှိရာထံ လျှောက်သွားလိုက်သည်။ ယွီစွန်းလီက ကြောက်ရွံ့စွာဖြင့် ပိုင်လင်ကို လှမ်းကြည့်လိုက်၏။
ထိုသားရဲက ဂြိုဟ်တစ်ခုလောက် အရွယ်အစား ရှိသည့် မီးတောက်များကို မှုတ်ထုတ်ကာ လျှို့ဝှက် အာဏာရှင် အဆင့် လေးယောက်ကို သတ်ဖြတ်လိုက်ကြောင်း သူမ မြင်တွေ့ခဲ့ရသည်။ ထို့အပြင် အရိပ်ဥထဲ၌ လူဘယ်နှစ်ယောက် သေဆုံးသွားသည်ကို သူမ မပြောနိုင်ချေ။ သို့သော်လည်း... သေချာတာ တစ်ခုက လွတ်မြောက် ထွက်ပြေးသွားသည့် လူတစ်ယောက်ကိုမှ သူမ မမြင်ခဲ့ရခြင် ဖြစ်သည်။
ပိုင်လင်က ယွီစွန်းလီကို တစ်ချက် လှမ်းကြည့်လိုက်၏။
“ကျွန်တော် သူ့ကို သဘောကျတယ်... သူ့ ဟိုဟာတွေက တရှန်းထက်တောင် ပိုကြီးသေးတယ်”
“...”
ဝေ့ဝူယင်မှာ ပိုင်လင်၏ အသံကို ကြားလိုက်ရရာ ငိုရမှန်း မသိ ရယ်ရမှန်း မသိပင် ဖြစ်သွားခဲ့သည်။ သူက အနည်းငယ် ခေါင်းခါလိုက်ရင်း ယွီစွန်းလီဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“သူက ခင်ဗျားကို သဘောကျတယ်တဲ့”
ယွီစွန်းလီမှာ အနည်းငယ် စိတ်သက်သာရာ ရသွားဟန်ဖြင့် ခပ်ဖျော့ဖျော့ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
“ဒါနဲ့ ခင်ဗျား အိမ်ကို ကိုယ့်ဘာသာ ပြန်လို့ ရရဲ့လား... အဲဒီ အဖွဲ့အစည်းက ခင်ဗျားကို နောက်က လိုက်ပြီး နောက်တစ်ခါ ဖမ်းနိုင်သေးလား”
ဝေ့ဝူယင်က စိတ်ပူစွာဖြင့် မေးလိုက်၏။ ယွီစွန်းလီက ယုံကြည်ချက် ရှိရှိပင် ခေါင်းခါပြလိုက်သည်။
“ငါ အဆင်ပြေတယ်.... အိမ်ပြန်ရောက်ရင် အစစ်အမှန်မွေးဖွားခြင်းက ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး... ငါကတော့ သူတို့ လိုက်ဖမ်းပါစေလို့ ဆုတောင်းနေတာ... တကယ်လို့ သူတို့ လိုက်မလာဘူး ဆိုရင်တောင် ငါက သူတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး”
သူမ၏ မျက်ဝန်းများက သတ်ဖြတ်မှု အလင်းတန်းများဖြင့် တောက်ပသွား၏။
ဝေ့ဝူယင်က သူမ၏ စကားအပေါ် သံသယ မရှိပါချေ။ သို့သော်လည်း စကားလုံး တစ်ခုက သူ့အာရုံကို ဖမ်းစား သွားသည်။
“အစစ်အမှန် မွေးဖွားခြင်း... အဲဒါက အဲဒီ အဖွဲ့အစည်းရဲ့ နာမည်လား”
ထိုအဖွဲ့အစည်း၏ တည်ရှိမှုက အခြေစိုက် စခန်းတစ်ခုတည်းတွင်ပင် ရပ်တန့်နေလိမ့်မည် မဟုတ်ကြောင်း ဝေ့ဝူယင် သိပေသည်။ မည်သို့ပင် ဆိုစေ... သူတို့က အနည်းဆုံး လျှို့ဝှက် အာဏာရှင် အဆင့် နှစ်ယောက်၊ ကျင့်ကြံသူ သန်းဆယ်ဂဏန်းခန့်ကိုပင် ဖမ်းဆီးထားသည့် အဖွဲ့အစည်း ဖြစ်သည်။ သူ အဖမ်းခံရသည့် လမ်းကြောင်း တစ်လျှောက်တွင်ပင် ဟင်းလင်းပြင် သင်္ဘောရပ်တန့်ခဲ့သည့် အခြေစိုက် စခန်း အနည်းဆုံး ငါးခု ရှိသည်။ သူတို့က ဘယ်လိုနည်းနှင့်မျှ ပမွှား အဖွဲ့အစည်း တစ်ခု မဖြစ်နိုင်ချေ။
မကြာခင်မှာပင် ယွီစွန်းလီမှာ ဝေ့ဝူယင်၊ ပိုင်လင်နှင့် သတိလစ်နေသည့် ကျင့်ကြံသူတို့ကို ချန်ထားကာ ထွက်ခွာ သွားခဲ့ပြီ ဖြစ်လေသည်။
ဝေ့ဝူယ်က ဟင်းလင်းပြင် သင်္ဘောကို ထိန်းချုပ်ကာ တိကျ သေချာသည့် လမ်းကြောင်း တစ်ခုကို ဦးတည်လိုက်၏။
“လောကဖျက်ဆီးသူ ရှန့်ထို ခန်းမ... ဟမ့်...”
သူတို့ ထွက်ခွာသွားပြီး မိနစ် အနည်းငယ် အကြာတွင်ပင် ပုံရိပ် အချို့မှာ လေထုကို ချိုးဖျက်ကာ အရိပ်ဥ အနားတွင် ပေါ်လာခဲ့ကြသည်။
သူတို့က အရေအတွက်အားဖြင့် သုံးယောက်တိတိ ရှိကာ ယောက်ျားနှစ်ယောက်၊ မိန်းမ တစ်ယောက် ဖြစ်၏။
“ဒီနေရာမှာ ဘာတွေ ဖြစ်သွားတာလဲ...”
နက်ရှိုင်းသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ အသံပိုင်ရှင်မှာ မျက်ခုံးထူထူ၊ ဂင်တိုတိုနှင့် မဟူရာ ဆံပင်များကို ပိုင်ဆိုင်ထားသည့် လူသားမျိုးနွယ် ယောက်ျား တစ်ယောက်ပင် ဖြစ်သည်။ သူက လူသားယောက်ျား တစ်ယောက် အတွက် ပျမ်းမျှ အရပ်ထက် အနည်းငယ် ပိုပုသည့်တိုင် ခန္ဓာကိုယ် တစ်ခုလုံးကို ပြီးပြည့်စုံသည့် ကြွက်သားများဖြင့် ဖွဲ့စည်းထား၏။ အထူးသဖြင့် ကြီးထွား ကြံ့ခိုင်လှသည့် သူ၏ လက်မောင်း ကြွက်သားများက လွှမ်းမိုးနိုင်စွမ်း ရှိသည့် အရှိန်အဝါ တစ်မျိုးကို ထုတ်လွှတ်နေသည်။
ချောမောသည်၊ လှပသည်ဟု မဆိုနိုင်သည့်တိုင် ထိုလူကြီးမှာ သူ့နည်းသူ့ဟန်နှင့် ဆွဲဆောင်မှု ရှိသူ တစ်ယောက် ဖြစ်သည်။
“ရှင်းနေတာပဲ မဟုတ်လား...”
တည်ငြိမ်အေးဆေးသည့် အခြား အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံပိုင်ရှင်မှာလည်း လူသား ယောက်ျား တစ်ယောက်ပင် ဖြစ်သည်။ သူက ခပ်ချွန်ချွန် မေးရိုး၊ တောက်ပပြီး စူးရှသည့် မျက်လုံးများနှင့် သေသပ် ပိရိသည့် နှုတ်ခမ်းတို့ကို ပိုင်ဆိုင်ထားကာ အတော်ကလေး ချောမောသည့် လူငယ် တစ်ယောက်ပင်။
သူက နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသည့် ဆံပင်များကို နောက်တွင် စုစည်းကာ ကျောထက်သို့ ချထား၏။ သူ၏ အေးစက်စက် မျက်လုံးများကတော့ အပြာရောင် ဖြင့် သလင်ကျောက်များ အလား ထင်ရကာ ၎င်းတို့ကို ကြည့်မိချိန်တိုင်း အလှမ်း ကွာဝေးသည့် ခံစားချက် တစ်ခုကို ခံစားရလိမ့်မည် ဖြစ်သည်။
နောက်ဆုံး တစ်ယောက်ကတော့ ပျမ်းမျှ ရုပ်ရည်သာ ရှိသည့် မိန်းကလေး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တွင် သတိထားမိလောက်အောင် ပေါ်လွင် လှပနေသည့် ထူးထူးခြားခြား အစိတ်အပိုင်း မရှိပါချေ။ သို့သော်လည်း သူမကို ရုပ်ဆိုးသူ တစ်ယောက်ဟု သတ်မှတ်၍လည်း မရချေ။ အနက်ရောင် ဆံပင်၊ အနက်ရောင် မျက်ဝန်းများနှင့် အတူ သူ့ဟာနဲ့သူ မဆိုးဟု ဆိုကောင်း ဆိုနိုင်ပေသည်။
“အရိပ်ဥ... အစစ်အမှန် မွေးဖွားခြင်လား..”
မိန်းကလေးက ခပ်တိုးတိုး ရေရွတ်ရင်း ဝိညာဥ်အာရုံကို ဖြန့်ကျက်ကာ အရိပ်ဥကို စစ်ဆေး ကြည့်လိုက်၏။
“အထဲမှာ အသက်အော်ရာ ဆယ်သန်းလောက် ရှိနေသေးတယ်... အကုန်လုံး မဟုတ်ရင်တောင် အားလုံး နီးပါက ကျင့်ကြံခြင်း အခြေခံ ထိန်းချုပ်ခံထားရာကနေ ပြန်ကောင်းလာနေတဲ့ ပုံပဲ”
“သူတို့ပဲ ဖြစ်မှာပေါ့...”
ဆံပင်ဖြူနှင့် ချောမော ခန့်ညားသည့် လူငယ်က သုန်မှုန်စွာဖြင့် ပြောလိုက်၏။