← Chapters

ထျန်းလောင်ပုံရိပ်ယောင်ကျင့်စဥ်

Vol. 32 Ch. 437

ထျန်းလောင်ပုံရိပ်ယောင်ကျင့်စဥ်

Vol. 32 Ch. 437

"အစ်မကြီးက ဒီသစ်ပင်ကို စိတ်ဝင်စားတယ်ဆိုရင် အသီးတွေမှည့်ရင် လက်ဆောင်ပေးပါမယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ ပြောလိုက်သည်။ ထိုအချိန်တွင် အချင်းကီလိုမီတာနှစ်ထောင်အတွင်း ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းနေခဲ့သည်။ ပိုလင်း၏နောက်တွင် အခြားမိုးကြိုးသားရဲများ လိုက်လာခြင်းရှိမရှိ သူ သိချင်နေခဲ့သည်။

"ဟီး ဟီး မောင်လေးက တော်တော်ရက်ရောတယ်နော်။ ဒါပေမယ့် ဘာလို့ ဝိညာဥ်အသိစိတ်ကို ထုတ်သုံးနေရတာလဲ။ ငါနဲ့အတူ တခြားလူတွေပါလာမှာကို ကြောက်နေတာလား။ မစိုးရိမ်ပါနဲ့ အမကြီးက တစ်ယောက်တည်းလာခဲ့တာပါ။ မောင်လေးက တစ်ခုခုတော့ မလုပ်ဘူးမလားဟင်"

ပိုလင်းက တခစ်ခစ်ရယ်မောလိုက်သောအခါ ရင်ဘတ်မှာ လှိုင်းထသွားခဲ့သည်။ ထို့နောက် သူမက ခါးကို မြွေတစ်ကောင်ကဲ့သို့တွန့်လိမ်၍ လျှောက်လှမ်းကာ ယဲ့ချန်အနီးသို့ ချဥ်းကပ်လာသည်။ သူမ၏ကိုယ်သင်းနံ့က ယဲ့ချန်၏နှာခေါင်းဝကို ကျီစယ်နေသည်။

"မောင်လေးက အမကြီးကို တစ်ခုခုလုပ်ချင်ရင် သိမ်သိမ်မွေ့မွေ့လေးတော့ လုပ်နော်"

ပိုလင်းက မျက်တောင်ကော့ကြီးများကို တဖြတ်ဖြတ်ခတ်လိုက်သည်။ သူမ၏အသံက သံလိုက်တစ်ခုကဲ့သို့ ဆွဲငင်အားပြင်းသည့်အပြင် လှပသောမျက်နှာက ချစ်စဖွယ်ကောင်းနေသည်။ အကယ်၍ သာမန်လူတစ်ယောက်သာ ဤမြင်ကွင်းကိုမြင်လျှင် သူတို့ရှေ့ရှိ အားနည်းဟန်ရသော မိန်းမလှလေးကို ကာကွယ်ပေးလိုစိတ်များ ထိန်းသိမ်းနိုင်မည်မဟုတ်ပေ။ သို့သော် ယဲ့ချန်သည် ပိုလင်းမှာ သူ့ကို ဆွဲဆောင်နေသော်လည်း အမှန်တကယ် အပေါစားဆန်သူမဟုတ်ကြောင်း နားလည်ထားသည်။ ဤအမူအရာကို အမှန်တကယ်ဟု ယုံမှတ်မှားသွားလျှင် ခဏအတွင်း ကြီးစွာဒုက္ခရောက်သွားနိုင်သည်။

"အမကြီးက နောက်နေတာလား။ ကျုပ်က ဘယ်လိုလုပ် ခင်ဗျားကိုထိရဲမှာလဲ။ အမကြီးက ကျုပ်ကို တွေ့ချင်ရုံသက်သက်နဲ့လာတာ မဟုတ်ဘူးမလား"

ယဲ့ချန်က တည်ငြိမ်စွာ မေးလိုက်ခြင်းဖြစ်သည်။

"ငါက မောင်လေးကို လာတွေ့လို့မရဘူးလား။ နောက်ဆုံးတစ်ကြိမ်တွေ့တုန်းက နင် ငါ့ကို ကစားသွားတယ်နော်"

ပိုလင်းသည် လှပသောမျက်ဝန်းကိုချီ၍ ယဲ့ချန်က သူမအပေါ် အမှန်တကယ် တစ်ခုခုလုပ်ထားခဲ့ဟန်ဖြင့် မော့ကြည့်လိုက်သည်။

"ဒီကိစ္စက မတော်တဆဖြစ်သွားတာပါ။ အသက်ရှင်ဖို့အတွက် ကျုပ်မှာ ရွေးစရာမရှိဘူး။ အာကာသကျောက်တွေကိုတော့ ကျုပ် အကုန်သုံးလိုက်မိပြီ။ အမကြီးကို လျော်ကြေးပေးဖို့အတွက် ထပ်ရှာပေးပါမယ်"

ယဲ့ချန်က လက်နှစ်ဖက်ကိုဖြန့်ပြကာ ဗလာဖြစ်သွားကြောင်း ဖြေလိုက်သည်။ ပိုလင်းက အာကာသကျောက်များကြောင့် ရောက်လာခြင်းဖြစ်နိုင်သည်။

"ကောင်စုတ်လေး နင် ငါ့ကိုလှည့်စားချင်ရင် ငယ်ပါသေးတယ်။ ဒါပေမယ့် အမကြီးက ဒီအာကာသကျောက်လေးတွေလောက်ကို တွက်ကပ်မနေတော့ပါဘူး။ ဒါတွေကို နင့်အတွက် လက်ဆောင်ပေးတာလို့ မှတ်လိုက်ပေါ့"

ပိုလင်းက ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်ပြီး သွယ်လျသောလက်ချောင်းလေးဖြင့် သူ၏ပခုံးကိုထောက်ကာ ပြောလိုက်သည်။ ထို့နောက် သူမက ချိုသာစွာပြုံး၍ လက်ချောင်းထိပ်လေးက ရင်ဘတ်သို့ရောက်ရှိသွားကာ စက်ဝိုင်းတစ်ခု ရေးဆွဲနေသည်။ သူမက ယဲ့ချန်နှင့် တစ်လက်မပင်မဝေးတော့သောကြောင့် မွှေးပျံ့သောကိုယ်သင်းနံ့ကို ရှူရှိုက်လိုက်မိသည်။ သူက ပိုလင်း၏ကောက်ကြောင်းများကို အနီးကပ်မြင်နေရသောကြောင့် အမှန်တကယ် ဆွဲဆောင်အားပြင်းကြောင်း စိတ်ထဲမှ ဝန်ခံလိုက်ရသည်။ သူမ၏နောက်တွင် မိုးကြိုးမျိုးနွယ်ရှိနေပြီး ယဲ့ချန်သည် သူမ၏မာယာများအောက် ကျရှုံးသွား၍မဖြစ်ပေ။ သူမက အာကာသကျောက်များအတွက် လာရောက်ခြင်းမဟုတ်လျှင် ထန်တိုက်လင်၏ အတွင်းနန်းဆောင်အတွင်း သူ ဝင်ရောက်ခဲ့ကြောင်းကို ပိုမေ့သိသွားသဖြင့် သူ့ကို စမ်းသပ်လာခြင်းဖြစ်နိုင်သည်။ ပိုလင်းက အလွန်လှပသူတစ်ယောက်ဖြစ်သကဲ့သို့ အလွန်အန္တရာယ်များသူလည်း ဖြစ်သည်။

"အမကြီးရဲ့စေတနာအတွက် ကျေးဇူးတင်ပါတယ်"

ယဲ့ချန်က စိတ်ကို ရှင်းလင်းအောင်ထား၍ သတိကြီးကြီးထားရင်း တစ်ချက်ပြုံးကာ ပြောလိုက်သည်။

"နင့်ကို လနည်းနည်းလောက်မတွေ့ရတာနဲ့ ဒီလောက်အစွမ်းထက်လာမယ်လို့ မထင်ထားဘူး။ မောင်လေးက ပိုပိုပြီး ယောကျ်ားဆန်လာတယ်နော်"

ပိုလင်းက ယဲ့ချန်အနားသို့ ပို၍နီးကပ်လာသဖြင့် သူမ၏ဝင်သက်ထွက်သက်ကိုပင် နားမှ ခံစားနေရသည်။ သူမ၏ကျောက်စိမ်းလက်ချောင်းလေးများက သူ၏ရင်ဘတ်ကို ကလူကျီစယ်နေသည်။ ယဲ့ချန်မှာ သူမ၏ဆွဲဆောင်မှုကို ခုခံနေရသဖြင့် မျက်နှာထားက ပုံမှန်ထက် ပို၍တင်းမာနေသည်။

"အမကြီးရဲ့လာရင်းကိစ္စကို ပြောပါ"

ယဲ့ချန်သည် ပိုလင်းနှင့် အဝေးသို့ရောက်အောင် ခန္ဓာကိုယ်ချင်းခွာလိုက်၏။ အကယ်၍ သူက ဤသို့ဆက်လက်ဆွဲဆောင်ခံနေရလျှင် ထပ်မံခုခံနိုင်မည်ဟု ကိုယ်တိုင်ပင် မသေချာချေ။ ပိုလင်းက သူမရောက်ရှိလာသော အကြောင်းအရင်းကို မပြောသောကြောင့် သူမ၏စိတ်အကြံကို မခန့်မှန်းနိုင်ပေ။ ထိုအချိန်တွင် အဝေးရှိသစ်တောအတွင်းမှ အဖြူရောင်ပုံရိပ်လေးတစ်ခုက ယဲ့တောင်ကြားသို့ ပြေးလာနေသည်။ ၎င်းက အမွေးပွလေးဖြစ်ပြီး သစ်တောစောင့်နတ်တစ်ပါးပမာ အလင်းတန်းများလွှမ်းခြုံ၍ အလျင်အမြန် ပျံသန်းလာခဲ့သည်။

"မောင်လေး ဒါမျိုးကို မင်း ရဖူးလား"

ပိုလင်းသည် ယဲ့ချန်က သူမအနားမှ ရည်ရွယ်ချက်ရှိရှိ ခပ်ဝေးဝေးခွာသွားသည်ကို သတိထားမိသဖြင့် ရှေ့ဆက်တိုးမလာခဲ့ပေ။ သူမက အဓိပ္ပါယ်ပါပါပြုံးလိုက်သောအခါ လက်ဝါးထဲတွင် ထျန်းယွမ်ဓားကျိုးတစ်ခုက မြင့်မားသောအပူချိန်ကို ထုတ်ဖော်၍ ထွက်ပေါ်လာခဲ့သည်။

"ဒီမိန်းမက ဒါကြောင့် ရောက်လာတာကိုး"

ပိုလင်းကိုကြည့်နေသော ယဲ့ချန်၏မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။ ထိုအချိန်တွင် သူက ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားကာ လှုပ်မရတော့ကြောင်း ခံစားလိုက်မိသည်။ သူက သတိအတန်တန်ထားနေသည့်ကြားမှပင် ခံလိုက်ရသောကြောင့် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

"ဟီး ဟီး မောင်လေးရေ ခဏလောက် အိပ်လိုက်နော်။ အမကြီးက ဘာမှမလုပ်ပါဘူး"

ပိုလင်းက ယဲ့ချန်ကို မြေပြင်ပေါ်သို့ လဲကျသွားစေကာ ပါးစပ်ကို လက်ဖြင့်အုပ်၍ တခစ်ခစ်ရယ်မောလိုက်ပြန်သည်။ သူမ၏မျက်နှာထက်တွင် အောင်နိုင်သူတစ်ယောက်၏အပြုံးမျိုးရှိနေကာ ရင်နှစ်မွှာက တသိမ့်သိမ့်တုန်နေသည်။

ယဲ့ချန်သည် ပြဿနာ၏အရင်းအမြစ်ကို ရှာတွေ့လိုက်သည်။ ဤကား ပိုလင်း၏ကိုယ်သင်းနံ့မှ ထွက်ပေါ်လာသော ရနံ့ကြောင့်ဖြစ်ကာ သတိလစ်စေသော အမှုန့်တစ်မျိုးဖြစ်သည်။ ၎င်းက အဆိပ်မရှိသောကြောင့် သူ့ကိုမသတ်လိုကြောင်း နားလည်လိုက်သည်။ သူမက ထျန်းယွမ်ဓားကျိုးကို လုယူချင်ရုံသက်သက်သာဖြစ်၏။ သူက သန့်စင်သောကောင်းကင်ချီများကို လည်ပတ်၍ ဆေးမှုန့်၏အာနိသင်ကို ချေဖျက်ရန် ကြိုးစားလိုက်သည်။ မကြာမီပင် ကောင်းကင်ချီများက ၎င်းကိုချေဖျက်နိုင်လိုက်သော်လည်း ယဲ့ချန်သည် မျက်လုံးများမှိတ်ထားဆဲသာဖြစ်ပြီး သတိလစ်ချင်ယောင်ဆောင်နေသည်။ သူ၏ရတနာများက လက်မောင်းကာ၏ နေရာလပ်အတွင်း ရောက်နေသောကြောင့် ပိုလင်းက ရှာတွေ့နိုင်မည်မဟုတ်ချေ။

ပိုလင်းသည် လက်တစ်ဖက်ကို ယမ်းလိုက်သောအခါ ပတ်ဝန်းကျင်ကို တားမြစ်လိုက်သော ကာကွယ်ရေးအစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။ သူမက ထိုင်ချလိုက်ပြီး ယဲ့ချန်၏ပါးကို လက်တစ်ဖက်ဖြင့် ပွတ်သပ်လိုက်သောအခါ သူက နွေးထွေးသောအထိအတွေ့ကို ခံစားလိုက်ရသည်။

"မောင်လေးက တကယ်ချစ်ဖို့ကောင်းတယ်။ အမကြီးကြောင့် ကျရှုံးသွားတဲ့ ယောကျ်ားတွေ ဘယ်လောက်များနေပြီလဲတောင် မမှတ်မိတော့ဘူး။ ငါက အရှေ့ကိုသွားဆိုရင် သူတို့က အနောက်ကိုမသွားရဲဘူး။ သူတို့က ငါ့ကို အမြဲတမ်း တဏှာမျက်လုံးတွေနဲ့ ကြည့်တတ်ကြတယ်။ ဒါပေမယ့် မောင်လေးကျတော့ ငယ်ရွယ်ပြီးအားမာန်ရှိပေမယ့် အသိစိတ်ကို ထိန်းထားနိုင်တယ်။ ဒီလိုစိတ်ထားမျိုးက တော်တော်ရှားတော့ အမကြီးက မင်းအသက်ကို ရန်မရှာတော့ဘူး"

သူမက ယဲ့ချန်၏ခါးရှိ သိုလှောင်အိတ်ကို စစ်ဆေးလိုက်သည်။ သို့သော် ကောင်းကင်တုန်ခါဆေးအိုး၊ နတ်ဆိုးဖိနှိပ်နာရီ၊ ထျန်းယွမ်ဓားကျိုးစသော အဖိုးတန်ရတနာများအစား ချီပြိုကွဲဆေးလုံးအနည်းငယ်နှင့် အရေးမပါသည့်အရာများကိုသာ တွေ့လိုက်ရ၏။ ယဲ့ချန် အမြဲအသုံးပြုနေကျ လက်နက်များအားလုံး ပျောက်ကွယ်နေသည်။

"မောင်လေး နင်က ဒီကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားတာပေါ့လေ။ ငါ နောက်တစ်ကြိမ် ခံလိုက်ရပြန်ပြီ။ အိပ်ချင်ယောင်ဆောင်မနေနဲ့ မြန်မြန်ထတော့"

ပိုလင်းသည် မည်သည့်ရတနာကိုမှ ရှာမတွေ့သောအဖြစ်ကို မမျှော်လင့်ထားပေ။ သူမက အိပ်ချင်ယောင်ဆောင်နေသော ယဲ့ချန်ကိုကြည့်၍ ရုတ်တရက်ရယ်မောလိုက်သည်။

"အမကြီးက ထျန်းယွမ်ဓားကျိုးတစ်ခုတည်းကြောင့် ရောက်လာတာလား"

ယဲ့ချန်သည် မျက်လုံးများဖွင့်၍ ပိုလင်းကို ကြည့်လိုက်သည်။

"အင်း။ ဒါပေမယ့် ကောင်းကင်တုန်ခါဆေးအိုးနဲ့ အနက်ရောင်နာရီကိုရရင်လည်း ပိုကောင်းတာပေါ့"

ပိုလင်းက ခေါင်းညိတ်၍ ဖြေလိုက်ပြီး သူမ၏ရည်ရွယ်ချက်ကို ဖုံးကွယ်မထားခဲ့ပေ။

"အမကြီးက ဒီဓားကျိုးတွေကို ဘယ်လိုသုံးရမယ်ဆိုတာကို သိလို့လား"

သူ၏ရတနာများက အခြားလူများကို လောဘတက်စေခဲ့သည်။ ပိုလင်းက သူ့ကိုမသတ်လိုသောကြောင့် မည်သည့်ရန်လိုစိတ်ကိုမှ မခံစားရသောကြောင့် ယဲ့ချန်က ပြန်မေးလိုက်ခြင်းဖြစ်သည်။

"မင်းမှာ ဓားကျိုးသုံးခုတောင်ရှိနေတာကို မသိဘူးလို့ မပြောနဲ့နော်။ အသက်ငယ်ငယ်လေးနဲ့ ဒီလောက်ကောက်ကျစ်နေရင် မကောင်းဘူးနော်"

ပိုလင်းက ယဲ့ချန်၏နဖူးကို လက်ညှိုးဖြင့်ထောက်၍ ခပ်ဆတ်ဆတ်ငေါက်လိုက်သည်။

"ကျုပ် တကယ်မသိဘူး"

ယဲ့ချန်က ရိုးသားပွင့်လင်းစွာ ဖြေလိုက်သည်။ သို့သော် အစွမ်းထက်သော မိုးကြိုးမျိုးနွယ်က ဓားကျိုးများ၏ရည်ရွယ်ချက်ကို သိထားနိုင်သောကြောင့် စိတ်လှုပ်ရှားနေခဲ့သည်။

"ဟွန့် ကောင်စုတ်ကလေး ထျန်းယွမ်ဓားက အစွမ်းထက်ရတနာတစ်ခုဆိုတာကို နင် မသိဘူးလို့ ငါ မယုံပါဘူး။ ဒီဓားကျိုးခြောက်ခုကို စုစည်းနိုင်ရင် နည်းလမ်းတချို့သုံးပြီး ပေါင်းစပ်လိုက်လို့ရတယ်။ ငါ့မျိုးနွယ်က ဓားကျိုးနှစ်ခု ရထားပြီးပြီ"

ပိုလင်းက ယဲ့ချန်ကို မျက်စောင်းတစ်ချက်ထိုးလိုက်သော်လည်း သူမသိထားသည်ကို ပြောပြလိုက်၏။

"ကျုပ် ပိုင်ထားတာတွေနဲ့ဆိုရင်တောင် ငါးခုတည်းရှိသေးတာ မဟုတ်ဘူးလား။ ဓားကျိုးတွေ အားလုံးမရသေးဘူး"

ယဲ့ချန်က မိုးကြိုးမျိုးနွယ်၏အင်အားကြောင့် ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်သည်။

"နောက်ဆုံးဓားကျိုးရဲ့ တည်နေရာကို ငါ သိတယ်။ မောင်လေးလက်ထဲက ဓားကျိုးသုံးခုကို ပေးမှာလား။ ဒါတွေကို အလဲအလှယ်လုပ်ရအောင်"

ပိုလင်းက ယဲ့ချန်ကိုဆွဲဆောင်ရန် မြှူဆွယ်သောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"ထျန်းယွမ်ဓားက ရှေးဟောင်းနတ်ရတနာတစ်ခု ဖြစ်နိုင်တယ်။ ဓားကျိုးတွေကို လိုချင်ရင် ဘယ်လိုရတနာမျိုးပေးမှာလဲ"

ယဲ့ချန်က တည်ငြိမ်စွာပြုံး၍ ပြန်မေးလိုက်သည်။

"ငါ့ကိုယ်ငါ ပေးမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ"

ပိုလင်းက သူမ၏ခေါင်းကို နှိမ့်လိုက်သောကြောင့် ယဲ့ချန်၏မျက်နှာနှင့် တစ်လက်မပင် မကွာတော့ချေ။ သူတို့က တစ်ယောက်၏အသက်ရှူသံကို တစ်ယောက် ပြန်ကြားနိုင်နေသည်အထိ နီးကပ်နေသည်။

ဝိညာဥ်သစ်ပင်၏ပတ်ဝန်းကျင်တွင် ယဲ့မျိုးနွယ်ဝင်များ စုဝေးလာပြီး ပိုလင်း၏အစီအရင်ကို ထိုးဖောက်ရန် ကြိုးစားလိုက်သည်။ သူတို့က ဓားသုံးလက်အစီအရင်များထုတ်ဖော်၍ တိုက်ခိုက်သည့်တိုင်အောင် မထိုးဖောက်နိုင်ခဲ့ပေ။ အတွင်းရှိအခြေအနေကို မသိသောကြောင့် စိုးရိမ်စွာဖြင့် ယဲ့ချန်၏နာမည်ကို သူတို့က အော်ဟစ်နေသော်လည်း အသံများက အစီအရင်ကို ကျော်ဖြတ်မသွားနိုင်ခဲ့ချေ။

အမွေးပွလေးက အစီအရင်အပြင်တွင် ရပ်တန့်လိုက်သည်။ သူမက အတွင်းမှအခြေအနေကို အာရုံခံလိုက်သောအခါ အမြှီးကိုးချောင်းလုံး လှုပ်ယမ်းနေသည်။ သို့သော်လည်း သူမက တိုက်ခိုက်ရေးတွင် မထူးချွန်သောကြောင့် အစီအရင်ကို မချိုးဖျက်နိုင်ပေ။

"အမွေးပွလေး ငါတို့ ဘာလုပ်ကြမလဲ။ အစ်ကိုယဲ့က မိန်းမတစ်ယောက်နဲ့အတူ အတွင်းမှာရှိနေတယ်"

ယဲ့ရွှမ်က စိုးရိမ်တကြီး အကြံတောင်းလိုက်သည်။ ထိုမိန်းမက ကြယ်ခန်းမ၏အဖွဲ့ဝင် မဟုတ်သောကြောင့် ရန်သူဖြစ်နိုင်သည်။ သူတို့က အတွင်းသို့မမြင်ရသောအခါ ယဲ့ချန် အန္တရာယ်ရှိမည်ကို စိုးရိမ်နေကြသည်။

အမွေးပွလေးသည် လက်ရှိတွင် ယဲ့ချန်က အဆင်ပြေကြောင်း အာရုံခံနိုင်နေသော်လည်း ပိုလင်းမှာ ယဲ့ချန်ကို တိုက်ခိုက်နေခြင်းရှိမရှိကို မသိပေ။ အချိန်ခဏတာစဥ်းစားပြီးနောက် သူမက စိုးရိမ်စိတ်ကြောင့် အစီအရင်ကိုကျော်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ကျွမ်းကျင်သည်အထိ မလေ့ကျင့်နိုင်သေးသော လျှို့ဝှက်ကျင့်စဥ်တစ်ခုကို ထုတ်သုံးလိုက်၏။

"ထျန်းလောင် ပုံရိပ်ယောင်ကျင့်စဥ်"

အမွေးပွလေး၏ ခန္ဓာကိုယ်ပတ်လည်တွင် အဖြူရောင်အလင်းများ တောက်ပလာကာ တစ်ကိုယ်လုံးကို လွှမ်းခြုံဖုံးအုပ်သွားခဲ့သည်။ ထိုအလင်းတန်းများက ပြန့်ကြဲသွားကာ အစီအရင်ကိုရစ်ပတ်၍ အတွင်းသို့ ဖြည်းညှင်းစွာ စိမ့်ဝင်သွားလေသည်။

All Chapters