← Chapters

ကျောက်စိမ်းနန်းတော်သို့ ပြန်လည်ဝင်ရောက်ခြင်း

Vol. 32 Ch. 441

ကျောက်စိမ်းနန်းတော်သို့ ပြန်လည်ဝင်ရောက်ခြင်း

Vol. 32 Ch. 441

ပိုလင်းထွက်ခွာသွားပြီး မကြာမီတွင် ယဲ့ချန်ပိုင်ဆိုင်ထားသော ကြယ်သလင်းကျောက်တွင် သတင်းအချို့ ရောက်ရှိလာသည်။ သူက ၎င်းကို လက်မောင်းကာအတွင်းမှထုတ်၍ စစ်ဆေးလိုက်သည်။ ပိုမေ့သည် မိုးကြိုးမျိုးနွယ်၊ မီးတောက်သစ်နက်မျိုးနွယ်နှင့် မိုးကြိုးမီးမျိုးနွယ်မှ ကျင့်ကြံသူခုနစ်ဆယ်ကျော်ကို ဦးဆောင်၍ သွေးဆာချပ်ဝတ်သားရဲ၏အသိုက်ကို တိုက်ခိုက်ခဲ့သည်။

သားရဲကြီး၏တိုက်ခိုက်နိုင်စွမ်းက ထင်ထားသည်ထက် ပို၍ကျော်လွန်နေခဲ့သည်။ ၎င်းက ထူးကဲအဆင့်သာဖြစ်သော်လည်း ရုပ်ခန္ဓာက အလွန်အမင်းသန်မာပြီး သွေးမျိုးဆက်မှ လျှို့ဝှက်ကျင့်စဥ်များ အမွေရရှိထားသည်။ ပိုမေ့၏ခွန်အားက ၎င်းထက် သာလွန်သော်လည်း ၎င်းက သွေးလွှမ်းသောတိုက်ပွဲအတွင်းမှ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။ ၎င်းက အပြင်းအထန်ဒဏ်ရာရသွားပြီး သေလုမျောပါးဖြစ်သွားသော်လည်း လူတိုင်း၏စိတ်များ လေးလံနေကြသည်။ ဤကား သွေးဆာချပ်ဝတ်သားရဲတစ်ကောင်တည်းသာဖြစ်ပြီး အရှေ့ပိုင်းတိုက်ကြီးတွင် နောက်ထပ်မည်မျှပုန်းကွယ်နေကြောင်း မသိရပေ။ ပိုမေ့နှင့်နောက်လိုက်များသည် အသိုက်အတွင်းမှ ရတနာများကိုသိမ်းယူပြီးနောက် သွေးဆာချပ်ဝတ်သားရဲ ချန်ထားခဲ့သော သဲလွန်စများအတိုင်း လိုက်ဖမ်းနေကြသည်။

၎င်းက အရှေ့ဘက်သို့ပျံသန်း၍ ရှီဝူအင်ပါယာထံ ဦးတည်လာနေသည်။ ယဲ့ချန်သည် ၎င်း၏သဲလွန်စများကိုရှာဖွေရန် ဝူဇီကို ဝိညာဥ်အသိစိတ်ဖြင့် အမိန့်ပေးထားလိုက်သည်။ ၎င်းကို ပိုမေ့က ပြင်းပြင်းထန်ထန်ဒဏ်ရာရစေရန် တိုက်ခိုက်ထားသဖြင့် ခွန်အားများစွာ ကျန်ရစ်မည်မဟုတ်ပေ။ ၎င်းပြန်လည်မကောင်းမွန်ခင် သတ်ဖြတ်နိုင်ပါက ပြဿနာတစ်ခု ချုပ်ငြိမ်းသွားပေလိမ့်မည်။ သွေးဆာချပ်ဝတ်သားရဲတစ်ကောင်တည်းက ဤမျှအစွမ်းထက်နေသည်ဆိုလျှင် ကျန်သားရဲများသာ အရွယ်ရောက်၍ အဆင့်တက်သွားပါက မဟာအရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံး ဒုက္ခရောက်သွားနိုင်သည်။

ထိုအချိန်တွင် ကြယ်သလင်းကျောက်အတွင်းမှ ပုံရိပ်များနှင့် သတင်းစကားများ အဆက်မပြတ်ထွက်ပေါ်လာနေသည်။

"ငါတို့ရဲ့ အရှေ့ပိုင်းတုန်းချွမ်တိုက်ကြီးတင်မကဘဲ ပေလင်း၊ နန်ဟွမ်နဲ့ ရှီရန်တိုက်ကြီးတွေမှာလည်း ဝိညာဥ်သားရဲကပ်ဘေးကို ရင်ဆိုင်နေရတယ်။ သွေးဆာချပ်ဝတ်သားရဲတစ်ကောင်တည်းက ပြဿနာမဟုတ်သေးဘူး"

"ဒါပေမယ့် သတ်ကိုသတ်ရမယ်။ ဒီကောင်တွေက သေချာပေါက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပြီ"

"ဝိညာဥ်သားရဲတွေက အရမ်းများလွန်းတယ်။ ဘယ်နေရာက ထွက်လာကြတာလဲ"

အစွမ်းထက်အင်အားစုများက အချင်းချင်း ဆွေးနွေးတိုင်ပင်နေကြသည်။ ယဲ့ချန်သည်လည်း အရှေ့ပိုင်းတိုက်ကြီးတွင် အင်အားစုများစွာရှိကြောင်း သိလိုက်ရသည်။ အားလုံးက ပိုင်နက်ကိုယ်စီရှိသော အရှင်သခင်များဖြစ်ကာ ဝိညာဥ်သားရဲများကို ဆန့်ကျင်တိုက်ခိုက်နေကြသူများဖြစ်ကြသည်။ တိုက်ကြီးတစ်ခုလုံးတွင် အစွမ်းအထက်ဆုံးအင်အားစုဖြစ်သော သမာဓိကောင်စီက ကြယ်သလင်းကျောက်မှ မည်သည့်သတင်းများ ပို့ပေးလာခြင်းမရှိပေ။ ၎င်းနောက်မှ အစွမ်းထက်သောမိုးကြိုးမျိုးနွယ်၊ ရေခဲပြာပင်လယ်မိစ္ဆာမျိုးနွယ်၊ စစ်နတ်ဘုရားကျောင်းတော်၊ လက်နက်ကောင်စီ၊ ဆေးဘုရင်မြို့တော်၊ သားရဲများ၏ရှေးဟောင်းသွေးမျိုးဆက်များနှင့် ရှေးဟောင်းလူသားမျိုးနွယ်များ စုပေါင်းလိုက်လျှင် အရေအတွက်က နှစ်ဆယ်ကျော်ပေသည်။ ခြင်္သေ့နန်းတော်နှင့် ဝံပုလွေတိုင်းပြည်ကဲ့သို့ ဒုတိယတန်းစားအင်အားစုများက အရေအတွက်တစ်ဒါဇင်ခန့်ရှိသည်။ အဓိကဂိုဏ်းကြီးများကဲ့သို့ အင်အားစုများမှာမူ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ပင် ပိုင်ဆိုင်ထားခြင်းမရှိသောကြောင့် အစွမ်းထက်အင်အားစုကြီးများထံ ခိုလှုံခြင်းမရှိလျှင် ဝိညာဥ်သားရဲများ၏ သတ်ဖြတ်ခြင်း ခံလိုက်ရမည်ဖြစ်လေသည်။

"ငါတို့အနေနဲ့ နောက်ထပ်ကပ်ဘေးတွေကို ခုခံနိုင်မယ်မထင်ဘူး"

"ဝိညာဥ်မျှော်စင်နဲ့ မျှော်စင်၁၂ခုက အသက်ဝင်လာပြီ။ ကျုပ်တို့လူတွေစေလွှတ်ပြီး ရှာဖွေရလိမ့်မယ်"

"မင်းတို့ နောက်နေကြတာလား။ ငါတောင် ဝိညာဥ်မျှော်စင်ရဲ့ ရှစ်ထပ်အထက်ကို မတက်ရဲဘူး။ ပိုပြီးအစွမ်းထက်တဲ့ ဝိညာဥ်သားရဲတွေ ရှိလာနိုင်တယ်"

"တကယ်လို့ ငါတို့သာ ဝိညာဥ်မျှော်စင်ထဲကို မဝင်ရောက်ဘူးဆိုရင် ရွှေရောင်ဥတွေနဲ့ သွေးဆာချပ်ဝတ်သားရဲတွေပေါ်လာစရာ အကြောင်းမရှိဘူး"

အစွမ်းထက်အင်အားစုများ၏ ပြောဆိုခွင့်ရှိသူများက တိုင်ပင်နေကြသည်။ ဝိညာဥ်သားရဲကပ်ဘေးတွင် နတ်ဘုရင်များ ထွက်ပေါ်လာခြင်းက အလွန်ရှားပါးသော်လည်း အနာဂတ်တွင် ပို၍များပြားလာနိုင်သည်။

"ဝိညာဥ်သားရဲကပ်ဘေးရဲ့ အစကို ငါတို့ ရှာဖွေရမယ်"

"ထျန်းယွမ်ရှေးဟောင်းမြို့တော်လက်ချက် ဖြစ်နိုင်တယ်"

စစ်နတ်ဘုရားကျောင်းတော်မှ ကျင့်ကြံသူက တင်းမာစွာ ပြောလိုက်သည်။

"ဘာကြောင့် ဒီလိုပြောရတာလဲ"

ကျန်ကျင့်ကြံသူများအားလုံးက ပြိုင်တူမေးလိုက်ခြင်းဖြစ်သည်။

"စစ်နတ်ဘုရားကျောင်းတော်မှာ ရှေးဟောင်းမှတ်တမ်းတွေ ရှိတယ်။ လွန်ခဲ့တဲ့နှစ်သိန်းချီအကြာက ကောင်းကင်ဂိုဏ်းလို့ခေါ်တဲ့ အစွမ်းထက်အင်အားစုတစ်ခုရှိပြီး ထျန်းယွမ်မြို့တော်ကိုတည်ဆောက်ခဲ့တာ သူတို့ပဲ။ သူတို့က တိုက်ကြီးလေးခုလုံးမှာ မျှော်စင်ခုနစ်ဆယ့်နှစ်ခုတည်ဆောက်ဖို့ အစွမ်းထက်ကျင့်ကြံသူတွေကို စုစည်းခဲ့ကြတယ်။ ပြီးတော့ အလယ်ပိုင်းတိုက်ကြီးကိုသိမ်းပိုက်ပြီး ကောင်းကင်မူလတိုက်ကြီးလို့ အမည်ပြောင်းလိုက်ကြတယ်။ နှစ်ပေါင်းသောင်းချီကြာမြင့်လာတဲ့အခါ ကောင်းကင်မူလတိုက်ကြီးကို အစီအရင်နဲ့ဖုံးအုပ်ပြီး ကျန်တိုက်ကြီးလေးခုနဲ့ အဆက်အသွယ်ဖြတ်ပစ်လိုက်တယ်။ ဒါပေမယ့် တမန်တော်များစွာစေလွှတ်ပြီး ရွှမ်အဆင့်အထက်ကျင့်ကြံသူအားလုံးကို ကောင်းကင်မူလတိုက်ကြီးဆီ ဝင်ရောက်ဖို့ ဖိအားပေးခဲ့တယ်။ ငါတို့ဘိုးဘေးတွေရဲ့ အမွေအနှစ်တွေအားလုံး ပျက်စီးပျောက်ကွယ်သွားခဲ့ရတယ်။ ဒီအချိန်ကစလို့ တိုက်ကြီးလေးခုမှာ ရွှမ်အဆင့်ကျင့်ကြံသူနည်းနည်းလေးသာ ကျန်ရစ်ခဲ့တယ်။ အမွေအနှစ်တွေ ပျောက်ကွယ်သွားချိန်ကစလို့ ရွှမ်အဆင့်တွေလည်း ထွက်ပေါ်လာဖို့ အလွန်ခက်ခဲသွားတယ်"

စစ်နတ်ဘုရားကျောင်းတော်၏ကျင့်ကြံသူက ရှည်လျားစွာ ရှင်းပြလိုက်သည်။ အလွန်နည်းပါးသော အင်အားစုများ၌သာ ဤအကြောင်းကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။

"တကယ်လို့ ထျန်းယွမ်မြို့တော်လက်ချက်ဆိုရင် ငါတို့အားလုံး ဖျက်ဆီးခံရလိမ့်မယ်။ ငါတို့မှာ ရွှမ်အဆင့်တစ်ယောက်တောင်မရှိပေမယ့် တစ်ဖက်မှာ ကျင့်ကြံသူတိုင်းက ရွှမ်အဆင့် ဖြစ်နေနိုင်တယ်"

"ဒီလောက်စိုးရိမ်နေစရာ မလိုဘူးထင်တယ်။ တကယ်လို့ ထျန်းယွမ်မြို့တော်က ငါတို့ကို ဖျက်ဆီးချင်တယ်ဆိုရင် အာကာသကျောက်၊ နတ်ဆိုးချပ်ဝတ်နဲ့ ရတနာတွေ ထွက်ပေါ်လာမှာမဟုတ်ဘူး"

"သူတို့က ဘာတွေကြံစည်နေတာလဲ"

"သူတို့က ဘာတွေကြံနေနေ၊ ငါတို့က အသက်ရှင်ရမယ်။ အင်အားစုတွေ အားလုံးစုပေါင်းလိုက်ရင် အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုရှိနိုင်တယ်"

ခေါင်းဆောင်များအားလုံးက တိုင်ပင်ဆွေးနွေးနေကြသော်လည်း အချင်းချင်းပူးပေါင်းရန် မလွယ်ကူပေ။ ကျန်တစ်ဖက်တွင် အရှေ့ပိုင်းတိုက်ကြီး၏ နံပတ်တစ်အင်အားစုဖြစ်သော သမာဓိကောင်စီမှ ကျင့်ကြံသူများ ထွက်ပေါ်လာခြင်းမရှိဘဲ ဖြေရှင်းရန်နည်းလမ်းများ အကြံပေးခြင်းလည်း မရှိချေ။

"ဒါက တကယ်ပဲ ထျန်းယွမ်မြို့တော်လက်ချက်လား။ ကျောက်စိမ်းနန်းတော်ရဲ့ အကြီးအကဲထျန်းယွမ်နဲ့ ဒီမြို့က ဘယ်လိုပတ်သက်နေတာလဲ"

ယဲ့ချန်သည် ထျန်းယွမ်ကို တစ်ကြိမ်သာတွေ့ဖူးသော်လည်း သွေးဆာရက်စက်သူမဟုတ်ကြောင်း ပြောနိုင်သည်။ ထိုအကြီးအကဲက ဤမျှရက်စက်သော ကပ်ဘေးမျိုးကို အသက်သွင်းမည့်သူ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက ကျောက်စိမ်းနန်းတော်တွင် လျှို့ဝှက်ချက်များသွားရောက်ရှာဖွေရန် ဆုံးဖြတ်ထားသည်။ ဝူဇီသည် အချိန်ခဏအတွင်း သွေးဆာချပ်ဝတ်သားရဲကို ရှာတွေ့နိုင်မည်မဟုတ်ပေ။ အချိန်က အရေးကြီးနေသောကြောင့် ယဲ့ချန်သည် ကြယ်ခန်းမအတွက် စီစဥ်စရာရှိသည်များစီစဥ်ပြီးနောက် အမွေးပွလေး၊ ရှောင်ရိ၊ နန်ရှင်းတစ်နှင့် ကျင့်ကြံသူ၂၁ယောက်ကိုဦးဆောင်ကာ ကျောက်စိမ်းနန်းတော်ထံ ချက်ချင်းထွက်ခွာလာခဲ့သည်။ ထုံတန်သည် ယဲ့ချန်ထွက်ခွာသွားသည်ကို ဖုံးကွယ်ထားပြီး ကြယ်ခန်းမ၏လုံခြုံရေးအတွက် လူတိုင်းကို တပ်လှန့်ထားခဲ့သည်။

ကျောက်စိမ်းနန်းတော်၏ဝင်ပေါက်တွင် ကျောက်စိမ်းနန်းတော်ဟူသော စကားလုံးများက ကြီးကျယ်ခမ်းနားသော အရှိန်အဝါနှင့် သန်မာသော ဖိအားတစ်ခုကို ထုတ်ဖော်နေသည်။ ယဲ့ချန်သည် ဝင်ပေါက်တွင်ရပ်၍ ဝိညာဥ်အသိစိတ်ဖြင့် စကားလုံးလေးလုံးထံ ပို့လွှတ်လိုက်သည်။ သို့သော် အချိန်ကြာမြင့်သည်အထိ တုံ့ပြန်ခြင်းမရှိဘဲ အကြီးအကဲထျန်းယွမ် ထွက်ပေါ်မလာခဲ့ပေ။ ကျောက်စိမ်းနန်းတော်၏ဝင်ပေါက်တွင် အစီအရင်များဖုံးကွယ်ထားပြီး ထူးကဲအဆင့်ကျင့်ကြံသူများပင် ချိုးဖျက်နိုင်မည်မဟုတ်ပေ။ ထို့အပြင် သူတို့က အနီးသို့ကပ်သွားလျှင် အပိုင်းပိုင်းအစစဖြစ်သည်အထိ ပေါက်ကွဲသွားပေလိမ့်မည်။ ယဲ့ချန်တစ်ယောက်တည်းသာလျှင် စိတ်ရှိတိုင်း ဝင်ရောက်နိုင်သည်။

"မင်းတို့ ဒီအထဲကိုဝင်လိုက်ကြ"

ယဲ့ချန်သည် အမွေးပွလေးနှင့် အခြားကျင့်ကြံသူများကို ဝိညာဥ်ပုလဲအတွင်း ပို့ဆောင်လိုက်သည်။ ထို့နောက် သူက ၎င်းကို ကိုယ်နှင့်မကွာသိမ်းဆည်း၍ ဝင်ပေါက်ထံ လမ်းလျှောက်သွားခဲ့သည်။ အကယ်၍ ဝိညာဥ်ပုလဲသက်သက်သာဆိုလျှင် နန်းတော်အတွင်း ဝင်ရောက်ပါက ပေါက်ကွဲပျက်စီးသွားမည်ဖြစ်သည်။ သို့သော် ယဲ့ချန်နှင့်အတူ ဝင်ရောက်ရသောအခါတွင် ပြဿနာလုံးဝမရှိချေ။ အတွင်းသို့ရောက်သောအခါ ယဲ့ချန်က လက်တစ်ဖက်ယမ်းလိုက်သည်နှင့်တပြိုင်နက် သူ၏နောက်လိုက်ကျင့်ကြံသူများ ထွက်ပေါ်လာကြသည်။

"ယဲ့မုန့် ဟွမ်ဟာ အစ်ကိုကြီး အစ်ကိုနှစ်တို့က ပထမထပ်နဲ့ဒုတိယထပ်ကို ရှာဖွေကြပါ။ အချက်သေးသေးလေးတစ်ခုကစလို့ မလွတ်သွားစေနဲ့။ ရှောင်ရိ နန်ရှင်းတစ် အမွေးပွလေးနဲ့ အားဖန်ငါးကောင် ကငါနဲ့အတူ သုံးထပ်ကိုလိုက်ခဲ့ကြ"

ယဲ့ချန်က ပြောလိုက်ခြင်းဖြစ်သည်။ သူက လေထဲသို့ခုန်တက်သွားကာ တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် လှစ်ခနဲပျံသန်းလိုက်သည်။ အမွေးပွလေးတို့ကလည်း ချက်ချင်းလိုက်ပါသွားသောကြောင့် နတ်အဆင့်ကျင့်ကြံသူများ၏အရှိန်အဝါများက ပတ်ဝန်းကျင်တွင် အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာခဲ့သည်။ ကျောက်စိမ်းနန်းတော်၏ ပထမထပ်ရှိ မိစ္ဆာဝိညာဥ်များနှင့် သားရဲများက ကြောက်လန့်တကြားနှင့် ခြေဦးတည့်ရာ ထွက်ပြေးသွားကြသည်။

ယဲ့မုန့်တို့၏အကြည့်အောက်တွင် ယဲ့ချန်နှင့် အခြားကျင့်ကြံသူများက အမှောင်ထဲတွင် ပျောက်ကွယ်သွားကြသည်။

"ငါတို့က အစ်ကိုကြီးယဲ့လောက် ဘယ်အချိန်မှ သန်မာလာမှာလဲ"

ယဲ့မုန့်က ယဲ့ချန်၏နောက်ကျောကို စိုက်ကြည့်၍ ရေရွတ်လိုက်ခြင်းဖြစ်သည်။ သူတို့က မိုးကြိုးဧကရာဇ်ကျင့်စဥ်ကို ကျင့်ကြံပြီး ယဲ့ချန်ပေးအပ်ထားသော အရင်းအမြစ်များကြောင့် ဆန်းကျယ်ဝိဇ္ဇာအဆင့်သို့ ခဏအတွင်း ရောက်ရှိနိုင်ခဲ့ကြသည်။ သို့သော်လည်း သူတို့နှင့်ယဲ့ချန်ကြားတွင် ပါရမီချင်း အလွန်ကွာခြားနေသည်။ သူတို့က မိုးကြိုးချပ်ဝတ်ကိုယ်စီဝတ်ဆင်ထားသောကြောင့် နတ်အဆင့်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင်ပင် အောက်စည်းသို့ ရောက်မည်မဟုတ်ပေ။ သို့သော်လည်း ယဲ့ချန်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်လိုသောကြောင့် ခွန်အားကို ပြင်းထန်စွာ ဆာလောင်နေခဲ့ကြသည်။

"မစိုးရိမ်ပါနဲ့။ ငါတို့က သေချာပေါက် အစွမ်းထက်လာမှာပါ"

ယဲ့ဖုန်းက တစ်ချက်ပြုံး၍ ယဲ့မုန့်၏ပခုံးကို လက်ဖြင့်ပုတ်လိုက်သည်။ ပုံရိပ်ဆယ့်သုံးခုက လေပေါ်သို့ပျံတက်၍ ကျောက်စိမ်းနန်းတော်၏ပထမထပ်ကို စတင်ရှာဖွေလိုက်ကြသည်။ ပထမထပ်ကို အတိတ်တွင် ကျင့်ကြံသူများစွာ ရှာဖွေထားပြီးဖြစ်သော်လည်း ယဲ့ချန်က ဖြစ်နိုင်သမျှသဲလွန်စများကို အလွတ်မခံနိုင်ပေ။

ထိုအချိန်တွင် ယဲ့ချန်သည် အမွေးပွလေးတို့ကိုဦးဆောင်၍ သုံးထပ်သို့ ရောက်နေခဲ့သည်။ ထို့နောက် အားဖန်ငါးယောက်ကို သုံးထပ်မြောက်တွင် ချန်ထားရစ်ခဲ့ပြီး ယဲ့ချန်၊ ရှောင်ရိ၊ အမွေးပွလေးနှင့် နန်ရှင်းတစ်တို့က လေးထပ်သို့ တက်လာခဲ့ကြ၏။ လေးထပ်မြောက်သို့ ရောက်သောအခါ အပူချိန်က ချက်ချင်းပြောင်းလဲသွားပြီး ဆယ်ဆခန့် ပို၍အေးစက်လာခဲ့သည်။ မျက်စိဖြင့် မြင်မြင်သမျှနေရာတိုင်းတွင် ရေခဲနှင့်နှင်းများပြည့်နှက်နေ၍ လေအေးများ တသုန်သုန်တိုက်ခတ်ကာ နှင်းများ ဆက်တိုက်ကျဆင်းနေသည်။ မြေပြင်တွင် ရေခဲများတည်ရှိနေသဖြင့် သက်ရှိများ လုံးဝမတွေ့ရပေ။ ဤကား ရေခဲကမ္ဘာကြီးတစ်ခုနှင့် ဆင်တူပေသည်။

ယဲ့ချန်သည် မျက်စိရှေ့တွင် အဆုံးအစမဲ့သော အမှောင်ထုကြီးကို မြင်နေရသည်။ လေပြင်းတိုက်သံက သားရဲကြီးတစ်ကောင် ဟိန်းဟောက်နေသည်နှင့် တူညီစွာ ထွက်ပေါ်နေခဲ့သည်။

"နှင်းတွေ ဘယ်ကကျနေတာလဲ"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ ကောင်းကင်က မည်းနက်နေသဖြင့် မည်သည်ကိုမှမမြင်ရပေ။ သူက ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်လိုက်သော်လည်း မြင်သမျှက လေဟာနယ်ပမာ ဗလာဖြစ်နေသည်။ ၎င်းက မိုင်နှစ်ထောင်အထိ ပို့လွှတ်နိုင်သော်လည်း အကန့်အသတ်ရောက်သည့်တိုင်အောင် လေးထပ်မြောက်၏အဆုံးသို့ မရောက်နိုင်ခဲ့ပေ။ ထို့ကြောင့် သူက အလွန်အံ့သြနေခဲ့သည်။ လေးထပ်မြောက်က အလွန်ကျယ်ဝန်းသော ကမ္ဘာငယ်တစ်ခုနှင့် ဆင်တူနေသည်။

ယဲ့ချန်သည် ကျောက်စိမ်းနန်းတော်၏ဆန်းကျယ်မှုကို မအံ့သြဘဲ မနေနိုင်ချေ။ သူက ဝိညာဥ်အသိစိတ်ဖြင့် ရှေ့သို့ဆက်တိုက်စစ်ဆေးနေရင်း နှင်းထုကြီးများအကြား ရှာဖွေလျက်ရှိလေသည်။

All Chapters