← Chapters

ရေခဲတိုင်းပြည်

Vol. 32 Ch. 442

ရေခဲတိုင်းပြည်

Vol. 32 Ch. 442

ပုံရိပ်လေးခုသည် နာရီဝက်ကြာအောင် ပျံသန်းခဲ့သော်လည်း မည်သည်ကိုမှ ရှာမတွေ့ခဲ့ပေ။ သရဲဝိညာဥ်များနှင့် သားရဲများ ရံဖန်ရံခါထွက်ပေါ်လာသော်လည်း ဆန်းကျယ်အဆင့်များသာဖြစ်သောကြောင့် ယဲ့ချန်တို့ အနားမရောက်ခင်မှာပင် ပြာအဖြစ် တဘန်းဘန်းပေါက်ကွဲကုန်သည်။ ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် ရေခဲပြင်ကြီး၏အောက်ခြေကို စစ်ဆေးလိုက်သည်။ အလွန်မာကျောသော ရေခဲပြင်အောက်တွင် အလွန်ကျယ်ဝန်းသော ရေပြင်ကြီးတစ်ခုရှိနေကာ အဆုံးကိုပင် မမြင်ရချေ။ ရေခဲပြင်က အချိန်ကြာမြင့်စွာ အေးခဲနေသောကြောင့် ထုက မီတာရာချီသည်အထိ မြင့်မားပေသည်။

"ကွီ"

အမွေးပွလေးက ရုတ်တရက် အသံတစ်ချက်ပေး၍ ရေခဲပြင်အပေါ်မှ ပျံထွက်သွားခဲ့သည်။

"အမွေးပွလေးက ဘာတွေ့လို့လဲ"

ယဲ့ချန်က စိတ်လှုပ်ရှားသွားပြီး ရှောင်ရိ၊ နန်ရှင်းတစ်တို့နှင့်အတူ သူမနောက်သို့ ချက်ချင်းလိုက်ပါသွားခဲ့၏။ သူတို့က အလွန်လျင်မြန်စွာ ခရီးဆက်ရင်း နာရီဝက်ကြာသောအခါ အမွေးပွလေးက ရုတ်တရက်ရပ်တန့်လိုက်သဖြင့် ကျန်သုံးယောက်လည်း ရပ်လိုက်ရသည်။ သူတို့ရှေ့ရှိ ရေခဲလွင်ပြင်ကြီးတစ်ခုတွင် ရုပ်တုများစွာ ပြည့်နှက်နေသည်။ ရထားလုံးများ၊ နန်းတော်များ၊ လူသားများနှင့် သားရဲများကို ရေခဲဖြင့် ပန်းပုထုထားသောကြောင့် မြင်ကွင်းက အလွန်အံ့သြဖွယ်ကောင်းလေသည်။

ရေခဲရုပ်တုများရှိနေသော လွင်ပြင်ကြီးက မိုင်ပေါင်းလေးငါးထောင်ကျော်သည်အထိ ကျယ်ဝန်းသည်။ သာမန်မျိုးနွယ်များအပြင် အချို့ရုပ်တုများက အစွမ်းထက်ရှေးဟောင်းဖြစ်တည်မှုများ ဖြစ်နေကြသည်။ ထောင်သောင်းချီသော ရုပ်တုများက အသက်ဝင်နေသည့်အလား ထင်မှတ်ရသည်။ ယဲ့ချန်သည် ရုပ်တုများကြားတွင် အင်မော်တယ်အမှောင်ဖီးနစ်၊ ကောင်းကင်ချီလင်ကြံ့၊ အမှောင်ရေဘဝဲစသော သူရင်းနှီးသည့်သားရဲများကို တွေ့လိုက်သည်။ သို့သော်လည်း များစွာသောသားရဲများကို သူကိုယ်တိုင်ပင် မသိချေ။

ယဲ့ချန်တို့လေးယောက်က လွင်ပြင်အတွင်း ဝင်ရောက်လိုက်သောအခါ ရေခဲကမ္ဘာတစ်ခုသို့ရောက်သွားသကဲ့သို့ ထင်မှတ်ရသည်။ ရှောင်ရိက အတက်ကြွဆုံးဖြစ်နေပြီး အမွေးပွလေးကမူ ယဲ့ချန်၏ပခုံးပေါ်တွင် တည်ငြိမ်စွာထိုင်လျက် လိုက်ပါလာခဲ့သည်။ သူမက ခေါင်းကို ဟိုသည်လှည့်ကာ တစ်ခုခုကို ရှာဖွေနေပုံပေါ်သည်။ ထိုအချိန်တွင် အဝေးတစ်နေရာမှ သတ္တုချင်းထိခတ်သံတစ်ခု ထွက်ပေါ်လာသည်။ အလွန်ဝေးကွာသောနေရာမှ ထွက်ပေါ်လာသောကြောင့် အသံက တိုးညှင်းဖျော့တော့နေသည်။ သို့သော်လည်း ၎င်းက ကြည်လင်စွာ ထွက်ပေါ်နေပြန်သည်။

ယဲ့ချန်၏မျက်နှာက လေးနက်သွားပြီး ဝိညာဥ်အသိစိတ်ကို ရှေ့သို့ ပို့လွှတ်လိုက်သည်။ ရေခဲပန်းပုရုပ်များ၏အဆုံးတွင် ထူထဲသော သားမွေးဝတ်ရုံတစ်ထည် ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက် ရှိနေသည်။ သူ၏အရေတွန့်နေသော လက်များက တူတစ်လက်နှင့် ဆူးချွန်တစ်လက်ကို ကိုင်ဆောင်ထားပြီး ဧရာမရေခဲတုံးကြီးတစ်ခုအား ပန်းပုထုနေသည်။ ၎င်းက ပုံစံပေါ်လာပြီး တစ်ဝက်မျှပြီးလုပြီးခင်ဖြစ်သောကြောင့် ဧရာမရုပ်တုကြီးတစ်ခုဖြစ်ကြောင်း မြင်နိုင်သည်။ ရုပ်တုကြီးက သံချပ်ကာကို ဝတ်ဆင်ထားပြီး မျက်နှာအမူအရာမှာ အလွန်စစ်မှန်ပြီး ကြီးကျယ်ခမ်းနားသောအသွင်ကို ဆောင်သည်။ ၎င်း၏ဘေးတွင် အရွယ်တူရုပ်တုကြီးခြောက်ခုရှိနေကာ အသွင်အပြင်ချင်းက အလွန်ကွာခြားသည်။ အချို့က ချပ်ဝတ်များဝတ်ဆင်ထားပြီး အချို့က သားရဲအရေခွံကို ခြုံလွှမ်းထား၏။ သူတို့၏လက်ထဲတွင် ဆေဘာများ၊ ဓားရှည်များစသော လက်နက်များ ကိုင်ဆောင်ထားကြသည်။

ယဲ့ချန်၏အမြင်အာရုံကို ရုပ်တုတစ်ခုက ဖမ်းစားသွားခဲ့သည်။ ၎င်းက လက်ထဲတွင် ဘုံကိုးဆင့်မျှော်စင်တစ်ခုကို ကိုင်ဆောင်ထားပြီး တစ်ဆင့်စီတွင် သားရဲရုပ်များ ထွင်းထုထားသည်။ အရုပ်များက အလွန်များပြားသော်လည်း ပန်းပုစွမ်းရည်က အလွန်အသေးစိတ်ကျပေသည်။ ၎င်း၏မျက်နှာသွင်ပြင်က အကြီးအကဲထျန်းယွမ်၏မျက်နှာဖြစ်နေသောကြောင့် သူက မင်သက်သွားခဲ့ရသည်။ သို့သော် ရုပ်တု၏မျက်နှာက ပို၍ငယ်ရွယ်နေသည်။ လက်ထဲတွင်ကိုင်ထားသော မျှော်စင်က ကျောက်စိမ်းနန်းတော်ပင်ဖြစ်သည်။

ဧရာမရုပ်တုများကြားတွင် လူသားမျိုးနွယ်ဝင်တစ်ယောက်လည်း ရှိနေသည်။ ထိုရုပ်တုက ပြိုင်ဘက်ကင်းလောက်အောင်လှပသော မိန်းမတစ်ယောက်ဖြစ်ကာ အလွန်လှပခမ်းနားသော ဝတ်ရုံကို ဆင်မြန်းထားသည်။ သူမက အလွန်မြင့်မြတ်ခမ်းနားသော်လည်း ယဲ့ချန်၏အာရုံကို ဖမ်းစားသွားသည်မှာ လက်နက်ဖြစ်သည်။ ထိုရုပ်တု၏လက်ထဲတွင် ကိုင်ဆောင်ထားသည်မှာ ပင်လယ်နတ်ဘုရားလှံဖြစ်သည်။ သူက ထန်တိုက်လင်နှင့်ရင်းနှီးလာသောအခါ ထိုလှံတံအကြောင်း ပို၍သိလာခဲ့သည်။ ရုပ်တု၏လက်နက်နှင့် ထန်တိုက်လင်၏ ပင်လယ်နတ်ဘုရားသုံးခွံလှံက တစ်ခုတည်းပင်ဖြစ်သည်။

"ဒီရေခဲရုပ်တုနဲ့ ထန်တိုက်လင်က ဘယ်လိုပတ်သက်နေတာလဲ"

ယဲ့ချန်သည် ရေခဲများကို ပန်းပုထုနေသော အဘိုးအိုကို ထပ်မံကြည့်ရှုလိုက်သည်။ အဘိုးအိုက ပိန်ပိန်ပါးပါးဖြစ်ပြီး သားမွေးဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း အလွန်အားနည်းပုံပေါ်သည်။ လေတိုက်တိုင်းလွင့်နေသော ဆံပင်ဖြူများက ရှုပ်ပွနေပြီး မုတ်ဆိတ်ကျင်စွယ်များကိုလည်း ရိတ်ထားခြင်းမရှိချေ။ သူ၏မျက်နှာက သေဆုံးနေသော သစ်ပင်၏အခေါက်ကဲ့သို့ ရှုံ့တွနေကာ အသက်အားကို လုံးဝခံစားမရပေ။ သူ၏မျက်လုံးများက မှုန်မှိုင်းရီဝေနေကာ ခေါင်းကိုငုံ့၍ ပန်းပုအလုပ်ကို အာရုံစိုက်နေသည်။ သူက တူနှင့် ဆူးချွန်ကိုတစ်ချက်ထုလိုက်တိုင်း ရေခဲတုံးပေါ်တွင် ရုပ်လုံးပေါ်လာသည်။ ရေခဲတုံးများမှာ အဘိုးအို၏ပန်းပဲစွမ်းရည်ကြောင့် အသက်ဝင်နေသော ရုပ်တုများဖြစ်လာကြသည်။

ရေခဲရုပ်တုများက မိုင်ပေါင်းများစွာကို ကြီးစိုးထားသောကြောင့် မျက်စိဖြင့်မြင်နိုင်သည်ထက် ကျော်လွန်နေသည်။ အဆုံးမရှိသော အရေအတွက်များတွင် မျိုးနွယ်ပေါင်းစုံ တည်ရှိနေသည်။ ယဲ့ချန်သိသမျှ သတ္တဝါတိုင်းကို ၎င်းတို့ထဲတွင် တွေ့မြင်နိုင်သည်။ ဤနေရာကား ရေခဲကမ္ဘာငယ်တစ်ခုဖြစ်သည်။

"အမ ကြည့်လိုက်ဦး။ ဒီရေခဲရုပ်တုက အမနဲ့ အရမ်းတူတာပဲ။ အံ့သြစရာကြီး"

အဝေးရှိရုပ်တုများကို စပ်စုနေသော ရှောင်ရိက အော်ဟစ်လိုက်ခြင်းဖြစ်သည်။ ယဲ့ချန်နှင့်အမွေးပွလေးက သူညွှန်ပြသောနေရာသို့ ကြည့်လိုက်သောအခါ သစ်တောတစ်ခုသဏ္ဍာန် သစ်ပင်ပန်းမန်များကို ထွင်းထားသော ရေခဲပန်းပုသစ်တောကြီးကို မြင်လိုက်ရသည်။ မြေခွေးရုပ်တုများက နေရာတိုင်းပြန့်ကြဲနေပြီး အနည်းဆုံးအမြှီးရှစ်ချောင်းပါဝင်ကာ အမြှီးဆယ်ချောင်းပိုင်ဆိုင်သော ရုပ်တုတစ်ခုလည်း ရှိနေသည်။ အံ့သြစရာကောင်းသည်မှာ ၎င်း၏ရုပ်သွင်က အမွေးပွလေးနှင့် တစ်ထပ်တည်းတူညီနေခြင်းဖြစ်သည်။ အရာအားလုံးက မှော်ဆန်လွန်းနေသည်။

"ရှောင်ရိ အမွေးပွလေး နန်ရှင်းတစ် ရှေ့ဆက်သွားကြည့်ရအောင်"

ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် အာရုံခံလိုက်သောအခါ ပန်းပုဆရာအဘိုးအိုတွင် ကျင့်ကြံဆင့်မရှိကြောင်း သိခဲ့သည်။ သို့သော် အလွန်အမင်းနိမ့်ကျသော အပူချိန်ကြောင့် အဆုံးမဲ့အဆင့်တစ် ယဲ့ချန်ပင် အအေးဓာတ်ကို ခံစားနေရသည်။ ထို့ကြောင့် အေးအေးဆေးဆေး ပန်းပုထိုင်ထုနေနိုင်သူက သာမန်လူတစ်ယောက်ဖြစ်နိုင်စရာ အကြောင်းလုံးဝမရှိပေ။ ထို့နောက် အမွေးပွလေးက သတိကြီးကြီးထား၍ သူမ၏ဝိညာဥ်အသိစိတ်ကို ယဲ့ချန်၏ကိုယ်တွင် ပေါင်းစပ်လိုက်သည်။

"သခင် ဝက်ဝံမျိုးနွယ်ရဲ့ရုပ်တုလည်း ရှိနေတယ်"

ရေခဲရုပ်တုတစ်ခုရှေ့တွင် မတ်တပ်ရပ်နေသော နန်ရှင်းက ခေါင်းကုတ်၍ ပြောလိုက်ခြင်းဖြစ်သည်။ ထိုရုပ်တုက ဝက်ဝံကြီးတစ်ကောင်ဖြစ်ကာ သူ့ထက် လေးငါးဆမကကြီးမားနေသည်။ ရှောင်ရိသည်လည်း တောင်ပံမြွေနဂါးမျိုးနွယ်ဝင်များ၏ ရုပ်တုများကို မြင်တွေ့ခဲ့သည်။

"အစ်ကိုကြီး ရုပ်တုတွေမှာ စကားလုံးတွေရှိနေတယ်"

ရှောင်ရိက အသစ်အဆန်းတစ်ခု တွေ့လိုက်ရသဖြင့် အံ့သြစွာ အော်ဟစ်လိုက်ရသည်။

"ဒီမှာလည်းရှိတယ်။ ဒါတွေက ဘာကိုဆိုလိုတာလဲ"

နန်ရှင်းသည်လည်း ဝက်ဝံကြီး၏ကိုယ်ပေါ်တွင် စကားလုံးအချို့ တွေ့လိုက်သည်။ သူက မျက်မှောင်ကြုတ်၍ ယဲ့ချန်ထံ မေးလိုက်ခြင်းဖြစ်သည်။

"အစ်ကိုကြီး ဒါတွေက နာမည်တွေများလား"

ရှောင်ရိက စိတ်ရှုပ်စွာ ရေရွတ်လိုက်သည်။ ယဲ့ချန်နှင့်အမွေးပွလေးသည်လည်း ရေခဲရုပ်တုအားလုံးနီးပါးတွင် စကားလုံးများရှိနေကြောင်း သိလိုက်သည်။ သို့သော် စကားလုံးများက ရှေးကျသဖြင့် နားမလည်နိုင်သောကြောင့် နာမည်များဖြစ်နိုင်သည်ဟု သတ်မှတ်လိုက်ကြသည်။ သူက ပန်းပုဆရာကိုမေးမြန်းရန် ဆုံးဖြတ်၍ အမွေးပွလေးကိုသယ်ဆောင်၍ ပျံသန်းလိုက်သည်။ ထို့နောက် ပန်းပုထုနေသော အဘိုးအိုရှေ့တွင် ဆင်းသက်ခဲ့သည်။ ပန်းပဲဆရာက ယဲ့ချန်ကို သတိထားမိသွားဟန်ဖြင့် ခေါင်းမော့ကြည့်လာသည်။ သူ၏မျက်နှာထက်တွင် နှင်းများကပ်တွယ်နေပြီး ရေခဲတုံးအချို့ပင် ရှိနေသည်။ သူက ရီဝေဝေမျက်ဝန်းများဖြင့် ယဲ့ချန်ကို တစ်ချက်သာကြည့်၍ လုပ်လက်စကိုသာ ပြန်၍အာရုံစိုက်လိုက်သည်။

"စီနီယာ နေကောင်းကျန်းမာရဲ့လား"

ယဲ့ချန်က ယဥ်ကျေးစွာပြောလိုက်ခြင်းဖြစ်သည်။ သူက အဘိုးအိုထံမှ လေးစားဖွယ်အရှိန်အဝါကို ခံစားနေရသည်။

"လူငယ်လေး ကျောက်စိမ်းနန်းတော်ဖွင့်ချိန် မတန်သေးဘူး။ မင်း ဘယ်လိုဝင်လာတာလဲ"

အဘိုးအို၏အသံက ခပ်တိုးတိုးဖြစ်၍ အက်ကွဲနေကာ အလွန်ဖြည်းညှင်းလှ၏။ သူက စကားတစ်လုံးပြောရန် အချိန်ကြာမြင့်စွာယူရသဖြင့် အချိန်ကြာမြင့်စွာ စကားမပြောခဲ့ခြင်းဖြစ်နိုင်သည်။ သူက စကားပြောနေသော်လည်း လက်များက ပန်းပုဆက်ထုနေသည်။

"ကျုပ်က အကြီးအကဲထျန်းယွမ်ရဲ့ ခွင့်ပြုချက်ရထားပြီး ကျောက်စိမ်းနန်းတော်ကို စိတ်ကြိုက်ဝင်ရောက်နိုင်ပါတယ်"

ယဲ့ချန်က အဘိုးအို၏မျက်နှာထားကို အာရုံစိုက်ရင်း မေးလိုက်သည်။

"မင်းရဲ့ခွန်အားနဲ့ဆိုရင် အများဆုံး ခြောက်ထပ်အထိပဲ ရောက်နိုင်မယ်။ ဆက်ပြီးတိုးသွားရင် သေချာပေါက်သေလိမ့်မယ်"

အဘိုးအိုသည် ထျန်းယွမ်ဆိုသော စကားကို ကြားသောအခါ လက်များက ရုတ်တရက်ရပ်တန့်သွားသည်။ ထို့နောက် သူက ဖြည်းညှင်းစွာ သတိပေးလိုက်သည်။ သို့သော် ရီဝေနေသော မျက်ဝန်းများတွင် မည်သည့်ခံစားချက်မှ ထွက်ပေါ်နေခြင်းမရှိပေ။ သူက ယဲ့ချန်တို့၏ခွန်အားကို တစ်ချက်ပင်မကြည့်ဘဲ ပြောနိုင်သော အကြောင်းအရင်းကို မည်သူမှသိနိုင်မည် မဟုတ်ပေ။

"အကြီးအကဲ ဝိညာဥ်သားရဲတွေနဲ့ ကျောက်စိမ်းနန်းတော်က ဆက်စပ်နေလား"

ယဲ့ချန်သည် သူအသိချင်ဆုံးသော မေးခွန်းကို မေးလိုက်သည်။ ပန်းပုဆရာက သာမန်လူတစ်ယောက်နှင့်တူညီသော်လည်း ဆန်းကျယ်သောအရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ သူ၏ကိုယ်တွင်းရှိ ဓားပျံပင် ထိုအရှိန်အဝါကြောင့် အနည်းငယ်တုန်ခါနေသည်။ သို့သော် အဘိုးအိုက ပြန်မဖြေဘဲ ရေခဲတုံးကို လေဖြင့်မှုတ်လိုက်သည်။ ရေခဲမှုန်များ လွင့်ထွက်သွားသောအခါ ရေခဲရုပ်တု၏ကောက်ကြောင်းများ ထင်ရှားစွာ ထွက်ပေါ်လာ၏။ ယဲ့ချန်က မေးခွန်းများ ဆက်တိုက်မေးသော်လည်း အဘိုးအိုက မကြားဟန်ပြုကာ ရေခဲပန်းပုအပေါ် အပြည့်အဝအာရုံစိုက်ထားသည်။

အဘိုးအိုထံမှ သတင်းအချက်အလက်များ ရနိုင်မည့်ပုံမပေါ်သောကြောင့် ယဲ့ချန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ အမွေးပွလေးသည်လည်း အဘိုးအိုကို စပ်စုလိုစိတ်အပြည့်နှင့် စိုက်ကြည့်လိုက်သည်။

"အကြီးအကဲ ဒီရေခဲပန်းပုရုပ်တွေက ဘာအတွက်လဲ"

ယဲ့ချန်က ထပ်မေးလိုက်ပြန်သည်။

"ဒါက သူတို့ရဲ့သင်္ချိုင်းပေါ့ကွယ်"

ဤတစ်ကြိမ်တွင် အဘိုးအိုက ပြန်ဖြေလိုက်သည်။ သူ၏အသံတွင် ဆို့နင်အက်ကွဲသော ခံစားချက်တစ်ခု ထင်ဟပ်နေသည်။

"သင်္ချိုင်းတစ်ခုလား။ ဒါဆိုရင် ရေခဲပန်းပုရုပ်တွေပေါ်က စာလုံးတွေက နာမည်တွေမလား"

ယဲ့ချန်က ရင်ထိတ်သွားခဲ့သည်။ သူက လေပေါ်သို့ ဝိညာဥ်အသိစိတ်ကိုထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ ကြီးမားသော ရေခဲပြင်ကြီးပေါ်တွင် ရုပ်တုများက တိတ်ဆိတ်စွာ တည်ရှိနေကြသည်။ မျိုးနွယ်ကြီးသုံးခုမှ ရုပ်တုများက အဆုံးမရှိသောကြောင့် မြင်ကွင်းနှင့်မဆံ့ပေ။

"ဘယ်လိုစစ်ပွဲကြီးက ကျင့်ကြံသူတွေ ဒီလောက်အများကြီးကို သေဆုံးသွားစေတာလဲ"

အဆုံးမရှိသော ရေခဲရုပ်တုများကြောင့် ယဲ့ချန်၏စိတ်ထဲတွင် ဆိုးဝါးသောခံစားချက်များ ဖြစ်ပေါ်နေသည်။ ဤရုပ်တုများကြားတွင် အမြှီးဆယ်ချောင်းမြေခွေး၊ အင်မော်တယ်အမှောင်ဖီးနစ်၊ ကောင်းကင်ချီလင်ကြံ့၊ တောင်ပံမြွေနဂါး၊ ဝက်ဝံစသော အစွမ်းထက်ကျင့်ကြံသူများစွာ ပါဝင်နေသည်။

"အကြီးအကဲထျန်းယွမ်ရော သေသွားပြီလား။ သူ့အနီးက ရုပ်တုခြောက်ခုရဲ့ ပိုင်ရှင်တွေကရော သေဆုံးနေကြပြီလား။ ပန်းပုဆရာအဘိုးက ဘာလို့ ရေခဲရုပ်တုတွေ ဖန်တီးနေရတာလဲ။ ဒါက သေသွားတဲ့ကျင့်ကြံသူတွေအတွက် ဂုဏ်ပြုတာလား။ သူ့နှုန်းနဲ့ဆိုရင် ဒီလောက်များတဲ့ ရုပ်တုတွေ ဖန်တီးဖို့ နှစ်ပေါင်းတစ်ထောင်မက လိုအပ်နိုင်တယ်။ ပန်းပုဆရာအကြီးအကဲက ဒီလောက်အသက်ရှည်နေပြီလား"

ယဲ့ချန်၏စိတ်ထဲတွင် ဖြေသူမရှိသော မေးခွန်းများစွာ ပြည့်နှက်နေသည်။ သူက မည်မျှမေးမြန်းပါစေ အဘိုးအိုက ထပ်မဖြေတော့ပေ။ အဘိုးအိုက တိတ်ဆိတ်စွာဖြင့် ပန်းပုဆက်ထုနေသည်။ နှင်းများဆက်တိုက်ကျဆင်းနေကာ ရေခဲကမ္ဘာက တိတ်ဆိတ်နေသည်။ အနက်ရောင်ကောင်းကင်ကြီးက သေသူများအတွက် ပူဆွေးနေသည့်ပမာ မှုန်မှိုင်းနေသည်။ ဝမ်းနည်းမှုတစ်ခုက ကောင်းကင်မှတဆင့် ပတ်ဝန်းကျင်တစ်ခွင်လုံး ပျံ့နှံ့သွားလေသည်။

All Chapters