နတ်မိုးကြိုးမြို့မှ တိုက်ပွဲ
Vol. 32 Ch. 443
"သွားကြစို့"
ယဲ့ချန်က သက်ပြင်းတစ်ချက်ချ၍ ရှောင်ရိနှင့်နန်ရှင်းတစ်ကို ဝိညာဥ်အသိစိတ်ဖြင့် ဆက်သွယ်လိုက်သည်။ ထို့နောက် သူက အမွေးပွလေးနှင့်အတူ လေပေါ်သို့ခုန်တက်၍ အဝေးသို့ပျံသန်း ထွက်ခွာသွားခဲ့သည်။ ပုံရိပ်လေးခုသည် ရေခဲရုပ်တုများစွာကို ကျော်ဖြတ်၍ ခရီးဆက်နေသည်။ သူတို့က အနက်ပိုင်းသို့ရောက်လေလေ ပန်းပုရုပ်အရေအတွက် ပို၍များလေလေဖြစ်သည်။ သူ၏စိတ်ထဲတွင် ၎င်းတို့သေဆုံးရသော အကြောင်းအရင်းကို သံသယဝင်နေမိသည်။ ဤနေရာတွင် ရေခဲပန်းပုရုပ်များ၏အရေအတွက်က ဆယ်သန်းအောက်မလျော့သည့်အပြင် အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြသည်။ မျိုးသုဥ်းပျောက်ကွယ်ပြီးဖြစ်သော ရှာတွေ့ရန် ခက်ခဲသည့် မျိုးနွယ်ဝင်များစွာလည်း ရှိသည်။
ယဲ့ချန်သည် ရေခဲလွင်ပြင်၏အဆုံးတွင် ဧရာမတွင်းနက်ကြီးတစ်ခုကို မြင်လိုက်ရသည်။ ၎င်းက ငါးထပ်မြောက်သို့ လမ်းကြောင်းဖြစ်ကာ တွင်းဝအထက်တွင် ဆန်းကျယ်သော စွမ်းအင်အလင်းများ ထွက်ပေါ်နေသည်။ ဤနေရာက နေရာလပ်နယ်မြေနှစ်ခု၏ ဆက်ကြောင်းဖြစ်သည်။ ယဲ့ချန်တို့လေးယောက် ထွက်ခွာသွားချိန်တွင် ပန်းပုဆရာအဘိုးအိုက ခေါင်းကိုမော့၍ သူတို့ကို တစ်ချက်ကြည့်လိုက်သည်။ မှုန်မှိုင်းရီဝေနေသော မျက်လုံးတစ်စုံက ရုတ်တရက် အလင်းများတောက်ပလာသည်။ သူ၏အကြည့်က လေဟာနယ်ကို ဖြတ်သန်းထွက်ပေါ်လာသကဲ့သို့ ထင်မှတ်ရလေသည်။
"ကြယ်တွေ ကြွေတယ်။ မျှော်စင်တွေ ပွင့်လာတယ်။ ကောင်းကင်ဝင်ပေါက် ဘယ်အချိန်ပွင့်မှာလဲ"
အဘိုးအိုက ခပ်တိုးတိုးရေရွတ်၍ ရေခဲပန်းပုကို ဆက်လက်ပုံဖော်နေသည်။ အချိန်ခဏအတွင်း ၎င်းကပြီးဆုံးသွားကာ ရုပ်သွင်အမူအရာက အဘိုးအိုနှင့် တစ်ထပ်တည်းတူသော်လည်း ပို၍ငယ်ရွယ်တက်ကြွပုံပေါ်သည်။ ရေခဲပန်းပု၏ လက်တစ်ဖက်စီတွင် ဧရာမတူကြီးတစ်လက်နှင့် ဆူးချွန်တစ်လက်ကို ကိုင်ဆောင်ထားသည်။ အဘိုးအိုက ၎င်း၏ကျောဘက်တွင် နာမည်ဖြစ်သော ရှေးဟောင်းစာလုံးများကို ရေးထွင်းလိုက်၏။
မိုးကြိုးမျိုးနွယ်၏ နတ်မိုးကြိုးမြို့တော်တွင်ဖြစ်သည်။ ၎င်းကို အဆုံးမရှိသော တောင်တန်းကြီးတစ်ခုပေါ်တွင် တည်ဆောက်ထားကာ မြို့ငယ်ငါးခုနှင့် ခြံရံထားသည်။ ဤနေရာတွင် တစ်နှစ်ပတ်လုံး အနက်ရောင်တိမ်များဖုံးအုပ်နေကာ မြို့တော်၏ထိပ်ပိုင်းက တိမ်များအကြားသို့ ရောက်ရှိနေသည်။ အနက်ရောင်တိမ်များကြားတွင် လျှပ်စီးများ တရစပ်ထွက်ပေါ်နေ၍ မိုးချုန်းသံများ ဆက်တိုက်မြည်ဟီးနေသည်။
"ဘုန်း ဘုန်း ဘုန်း"
မိုးကြိုးများကျဆင်းလာ၍ မြို့ရိုးပေါ်တွင် ပေါက်ကွဲသွားကြသည်။ ၎င်းတို့ကို သတ္တုဖြင့်ပြုလုပ်ထားသောကြောင့် အလွန်အမင်းမာကျောပြီး မိုးကြိုးကျဆင်းလာချိန်တွင် လျှပ်စီးများ တဖြတ်ဖြတ်လက်နေသည်။ ၎င်းတို့က နေရာအနှံ့ပြန့်ကြဲသွားကာ မျက်စိပသာဒဖြစ်ဖွယ်ကောင်းလှသည်။
ဝိညာဥ်သားရဲများ ထွက်ပေါ်လာချိန်တွင် ရှေးဟောင်းမျိုးဆက်များက နေရာကိုစွန့်ခွာ၍ မြို့များအတွင်း ပြောင်းရွှေ့ကြရသည်။ နတ်မိုးကြိုးမြို့တွင် မိုးကြိုးမျိုးနွယ်ဝင်ပေါင်း ဆယ်သန်းကျော်နေထိုင်သော်လည်း ခိုင်ခံ့သောမြို့ရိုးများကြောင့် ပြောင်းရွှေ့စရာ မလိုအပ်ပေ။ မျိုးနွယ်တွင် အစွမ်းအထက်ဆုံးမှာ မဟာအရှေ့ပိုင်းတိုက်ကြီး၏ နံပတ်တစ်ကျင့်ကြံသူ မျိုးနွယ်ခေါင်းဆောင်ပိုမေ့ ဖြစ်သည်။ သူ၏လက်အောက်တွင် မဟာအကြီးအကဲကိုးယောက်ရှိပြီး သုံးယောက်က ထူးကဲအဆင့်ဖြစ်ကာ ကျန်ကျင့်ကြံသူများက အဆုံးမဲ့အဆင့်ကိုးနှင့် တစ်ဆယ်ဖြစ်ကြသည်။ ထို့အပြင် လူငယ်မျိုးဆက်တွင် အစွမ်းထက်ကျင့်ကြံသူများစွာလည်း ရှိသည်။ ဤအကြောင်းအရင်းကြောင့် မိုးကြိုးမျိုးနွယ်သည် သမာဓိကောင်စီပြီးလျှင် အစွမ်းအထက်ဆုံးအဖြစ် အမြဲတမ်းရပ်တည်နိုင်ခဲ့သည်။ မည်သည်ကမှ သူတို့ကို လှုပ်ခါနိုင်စွမ်းမရှိချေ။
နတ်မိုးကြိုးမြို့တော်၏ ခန်းမကြီးတစ်ခုအတွင်း၌ သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ထိုင်နေသည်။ ထိုလူက လေးထောင့်ကျကျမျက်နှာကို ပိုင်ဆိုင်ထားကာ ပိုဖန်းဟုခေါ်သော အဆုံးမဲ့အဆင့်တစ်ဆယ် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ၏အဆင့်က မဟာအကြီးအကဲများကြားတွင် အဆင့်ခြောက်ဖြစ်သည်။ ထိုအချိန်တွင် ဝင်ပေါက်မှ ဆူညံသံများထွက်ပေါ်လာကာ နတ်ဆိုးချပ်ဝတ် ဝတ်ဆင်ထားသော ပိုလင်းက ခန်းမအတွင်း ဝင်ရောက်လာခဲ့သည်။ နတ်ဆိုးချပ်ဝတ်က ဝတ်ဆင်သူ၏ခန္ဓာကိုယ်အလိုက် ပြောင်းလဲပေးနိုင်စွမ်းရှိသောကြောင့် သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းများကို အထင်းသားပေါ်လွင်စေသည်။ ဤကောက်ကြောင်းများက ယောကျ်ားအများစုကို ရူးခါသွားစေနိုင်သည်။
"ပိုလင်း နင်က နတ်ဆိုးချပ်ဝတ်မချွတ်ဘဲ ငါ့ကို လာတွေ့ရဲတယ်လား"
ပိုဖန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်ခြင်းဖြစ်သည်။ ပိုလင်းက သူ၏နောက်လိုက်တစ်ဦးဖြစ်သည်။ မိုးကြိုးမျိုးနွယ်တွင် စည်းမျဥ်းစည်းကမ်းများ အလွန်တင်းကျပ်သဖြင့် သူမက ခါတိုင်း ဤသို့ရဲဝံ့ခြင်းမရှိပေ။ သူမကိုကြည့်နေသော ပိုဖန်း၏မျက်လုံးများတွင် တဏှာရမ္မက်မီးများ တောက်လောင်နေသည်။ သူက ပိုလင်းကို ပိုင်ဆိုင်မှုတစ်ခုအဖြစ် သတ်မှတ်ထားကာ အဆုံးမဲ့အဆင့်တစ်ဆယ်တွင် နှစ်ပေါင်းများတစ်ဆို့နေသော သူ့အတွက် အဆင့်တက်စေမည့် သော့ချက်လည်းဖြစ်သည်။ ပိုလင်း၏ကျင့်ကြံဆင့်က ဆက်တိုက်မြင့်တက်နေကာ အဆုံးမဲ့အဆင့်ခုနစ်သို့ရောက်လျှင် သိမ်းပိုက်ရန် ဆုံးဖြတ်ထားသည်။ ဟော့ဖန်းက ပိုလင်း၏ကျင့်ကြံဆင့်ကို စုပ်ယူလိုက်လျှင် အချိန်တိုင်းအိပ်မက်မက်နေသော ထူးကဲအဆင့်သို့ ရောက်သွားနိုင်ချေရှိသည်။ သူမက မိုးကြိုးမျိုးနွယ်၏ ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း ပါရမီရှင်က ပါရမီရှင်သာဖြစ်သည်။ သူသာ ထူးကဲအဆင့်သို့ရောက်သွားလျှင် မျိုးနွယ်က ဤလုပ်ရပ်အတွက် အရေးယူလိမ့်မည်မဟုတ်ပေ။ ထို့အပြင် သူက ပိုလင်း၏အလှကို ယစ်မူးနေပြီး ယောကျ်ားများသာ ဦးစားပေးခံရသော မိုးကြိုးမျိုးနွယ်တွင် မိန်းမများက ယောကျ်ားများအတွက် အဖြည့်ခံသာဖြစ်သည်။ သူက အံတကြိတ်ကြိတ်ဖြင့် စိတ်ထဲ၌ ရာဂမီးက ပိုမိုတောက်လောင်လာနေသည်။
ပိုလင်းသည် ဟော့ဖန်း၏အကြည့်ကြောင့် စိတ်ကသိကအောက်ဖြစ်သွားခဲ့သည်။ သူမက ထိုလူယုတ်မာ၏အတွေးများကို ခန့်မှန်းထားပြီးဖြစ်သည်။ ထို့ကြောင့် အဆုံးမဲ့အဆင့်ခုနစ်သို့ရောက်သည်နှင့် မြို့တော်မှထွက်ခွာသွားပြီး တောင်တန်းပေါ်တွင် ပုန်းအောင်းနေရန် ဆုံးဖြတ်ထားခဲ့သည်။ သူမက အဆုံးမဲ့အဆင့်တစ်ဆယ်သို့ရောက်မှသာ ပြန်လာပေလိမ့်မည်။ သို့သော် ယဲ့ချန်နှင့်ဖြစ်ပွားခဲ့သည့် မမျှော်လင့်သောဖြစ်ရပ်ကြောင့် သူမ၏မျိုးဆက်သွေး နိုးထလာသည့်အပြင် အဆုံးမဲ့အဆင့်ကိုးသို့ တစ်ချက်တည်း အဆင့်တက်နိုင်ခဲ့သည်။
"ပိုဖန်း ငါ နင့်ကို ပြောစရာရှိတယ်။ အခုချိန်ကစလို့ ငါက နင့်နောက်လိုက်မဟုတ်တော့ဘူး"
ပိုလင်းက ပိုဖန်း၏မျက်လုံးကို စိုက်ကြည့်၍ ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။ နောက်ဆုံးတွင် နှစ်ပေါင်းများစွာမျိုသိပ်ထားရသော ဒေါသများကို ဖောက်ခွဲလိုက်ရသဖြင့် သူမက ခံစားချက်ကောင်းမွန်နေသည်။
"မောင်လေးရေ မမက မင်းကို အနာဂတ်မှာ ကောင်းကောင်းပြုစုပေးမယ်"
ယဲ့ချန်ကြောင့်သာမဟုတ်လျှင် သူမက ပိုဖန်းကို ဤသို့ပြန်လှန်ပြောဆိုနိုင်သော နေ့ရက်မျိုး ရှိလာမည်မဟုတ်ပေ။ ယဲ့ချန်အကြောင်း တွေးမိလိုက်သောအခါ သူမ၏နှလုံးသားထဲတွင် သိမ်မွေ့ညှင်သာသော ခံစားချက်တစ်ခု ပေါက်ဖွားလာခဲ့သည်။
"ပိုလင်း နင်ကများ ရာရာစစလုပ်ရဲသလား။ လောင်ရင် ကာကွယ်ပေးနေတာနဲ့ နင့်ကို ငါ မထိရဲဘူး ထင်နေတာလား"
ပိုဖန်းက ထိုင်ခုံလက်ရန်းကို ဒေါသတကြီးရိုက်ချလိုက်သည်။ ၎င်းက ချက်ချင်းကြေမွသွားကာ ဒေါသနှင့်ရာဂဖုံးလွှမ်းနေသော မျက်လုံးအစုံနှင့် ပိုဖန်းက ထရပ်လိုက်သည်။ လောင်ရင်သည် မိုးကြိုးမျိုးနွယ်၏ မဟာအကြီးအကဲများကြားတွင် အဆင့်ရှစ်ဖြစ်ပြီး အဆုံးမဲ့အဆင့်ကိုး ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူမက မဟာအကြီးအကဲများကြားတွင် တစ်ဦးတည်းသော မိန်းမဖြစ်ကာ ပိုလင်းကို ညီမတစ်ယောက်ပမာ သဘောထားသူဖြစ်သည်။ သို့သော် သူမ၏အဆင့်အတန်းက ပိုဖန်းအောက် နိမ့်ကျနေခဲ့သည်။ မိုးကြိုးမျိုးနွယ်တွင် ခွန်အားနှင့်အဆင့်အတန်းက အလွန်အရေးပါပြီး စည်းကမ်းများတင်းကျပ်ပေသည်။
"သေစမ်း"
ပိုဖန်းက ရှေ့သို့ ခြေတစ်လှမ်းဆောင့်ချလိုက်သည်။ မိုးကြိုးရွှေဖြင့် ပြုလုပ်ထားသော ကြမ်းပြင်က အပေါက်ဖြစ်သွားကာ ပိုလင်းအပေါ် အစွမ်းထက်ဝိညာဥ်အသိစိတ်တစ်ခု ဖိနှိပ်လာသည်။
"ငါက နင့်ကို အဆုံးမဲ့အဆင့်ခုနစ်ရောက်မှ သိမ်းပိုက်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် ဒီလောက်မောက်မာနေမှတော့ ငါ့အဆိုးမဆိုနဲ့"
ပိုဖန်းက ရုန့်ရင်းကြမ်းတမ်းစွာ ရယ်မောလိုက်သည်။ သူက ဖြစ်ပျက်လာမည့် အနာဂတ်ကို စိတ်ကူးယဥ်နေသဖြင့် ခါးအောက်ပိုင်းတွင် ပူနွေးလာခဲ့သည်။ သူက ရာဂစိတ်ကို ဆက်လက်မထိန်းချုပ်နိုင်တော့သဖြင့် ပိုလင်းကို ဝိညာဥ်အသိစိတ်ဖြင့် တိုက်ခိုက်လာခဲ့သည်။
"ပိုဖန်း ငါက အရှင်နဲ့တွေ့ပြီးလို့ သူက ငါ့ကို မဟာအကြီးအကဲတစ်ယောက်အဖြစ် သတ်မှတ်ပေးပြီးပြီ။ သူက ကျန်အကြီးအကဲတွေနဲ့ ဆွေးနွေးပြီးရင် အဆင့်သတ်မှတ်ပေးလိမ့်မယ်။ နင့်ကို ကြောက်နေစရာ မလိုတော့ဘူး"
ပိုဖန်း၏ ဖိအားအောက်တွင် တည်ငြိမ်စွာရပ်နေသော ပိုလင်းက လှောင်ပြုံးပြုံးလိုက်သည်။
"ဘာ ပိုလင်းက မဟာအကြီးအကဲဖြစ်လာပြီလား။ မဖြစ်နိုင်ဘူး။ ဒီကောင်မက အဆုံးမဲ့အဆင့်ငါးပဲရှိသေးတာလေ"
ပိုဖန်းသည် ပိုလင်းက ယနေ့တွင် အနည်းငယ်ထူးခြားနေကြောင်း သတိထားလိုက်မိသည်။ ပိုလင်းက သူ၏စောင့်ကြည့်မှုအောက်တွင် ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားရန်လည်း မဖြစ်နိုင်ပေ။ အဆုံးမဲ့အဆင့်ငါးမှ အဆင့်ကိုးအထိ တစ်ချက်တည်းရောက်ရှိသွားခြင်းက ပို၍မဖြစ်နိုင်ပေ။ အဆုံးမဲ့အဆင့်တွင် အဆင့်ငယ်တစ်ခုတက်ရန်က အလွန်အမင်းခက်ခဲသောကြောင့် ရက်အနည်းငယ်အတွင်း လေးဆင့်ဆက်တိုက်တက်ရန် လုံးဝမဖြစ်နိုင်ချေ။
"နင့်ကျင့်ကြံဆင့် ဘယ်လိုမြင့်လာတယ်ဆိုတာကို ကြည့်ရသေးတာပေါ့။ ဒီခွန်အားလောက်လေးနဲ့များ ငါ့ရှေ့မှာ မောက်မာရဲတယ်"
ပိုဖန်းက အေးစက်စက်ကြုံးဝါးလိုက်သည်။ သူက အမြဲတမ်းမောက်မာ၍ ပိုလင်းအပေါ် နေ့တိုင်း မကောင်းကြံစည်နေသည်။ သူမက ဒေါသများကို အချိန်ကြာမြင့်စွာမျိုသိပ်ထားကာ ယနေ့တွင် ဖောက်ခွဲနိုင်ခဲ့သည်။ ရှုံ့မဲ့ကာအလိုမကျဖြစ်နေသော ပိုဖန်း၏မျက်နှာကို မြင်ရသောအခါ သူမက စိတ်ထဲတွင် ကျေနပ်နေခဲ့သည်။
"နင့်ဘာသာ အရှင့်ကိုသွားပြီး စောဒကတက်လေ"
ပိုလင်းက အနိုင်ရသူတစ်ယောက်ပမာပြုံး၍ ချက်ချင်းလှည့်ထွက်သွားခဲ့သည်။ သူမ၏ခြေလှမ်းများက ပေါ့ပါးသွက်လက်နေသည်။ နှလုံးသားထဲတွင် ချောမောတည်ကြည်သော ယဲ့ချန်၏မျက်နှာ ထွက်ပေါ်လာသဖြင့် သူမက လှပစွာပြုံးလိုက်မိသည်။
"ချက်ချင်းရပ်စမ်း"
ပိုဖန်း၏မျက်နှာသည် မီးသွေးခဲကဲ့သို့ မည်းနက်နေသည်။ သူ၏လှောင်ချိုင့်အတွင်းမှ ငှက်ကလေးတစ်ကောင်ဖြစ်သော ပိုလင်းက ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားခြင်းကို လက်မခံနိုင်ပေ။ ဒေါသထွက်နေသော ပိုဖန်း၏လက်က လက်သည်းကြီးအဖြစ် အသွင်ပြောင်းသွားကာ ပိုလင်း၏ကျောပြင်ကို တိုက်ခိုက်လိုက်သည်။ သို့သော် သူမက ပေါ့ပါးသွက်လက်စွာ ရှောင်တိမ်း၍ ခန်းမအပြင်သို့ ခုန်ထွက်လိုက်သည်။
ပုံရိပ်နှစ်ခုက နတ်မိုးကြိုးမြို့တော်၏ကောင်းကင်သို့ ပျံတက်သွားကြသည်။
"ပိုလင်း နင့်ကို နောင်တမရအောင် အခွင့်အရေးပေးမယ်။ အသက်ဆယ်ရှိုက်အတွင်း ငါ့ကိုတောင်းပန်ရင် ဒိနေ့ကိစ္စကို မရှိသလို သဘောထားပေးမယ်"
ပိုဖန်းသည် ပိုလင်း၏ အလှနှင့်ကျင့်ကြံဆင့်ကို လောဘတက်နေသောကြောင့် အလွယ်တကူ မစွန့်လွှတ်နိုင်ပေ။
"ငါ့စိတ်နဲ့ငါ လုပ်ချင်တာလုပ်နိုင်တယ်။ နင့်ကို ဘာကိစ္စကြောက်နေရမှာလဲ"
ပိုလင်းက နှာခေါင်းရှုံ့လိုက်ပြီး နတ်ဆိုးချပ်ဝတ်သည် လှပသောမျက်နှာလေးကို အပြည့်အဝ ဖုံးအုပ်သွားသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို နတ်ဆိုးချပ်ဝတ်မှ ကာကွယ်ပေးထားသဖြင့် ခုခံနိုင်စွမ်း အလွန်မြင့်မားလာသည်။
ထိုအချိန်တွင် များစွာသော ဝိညာဥ်အသိစိတ်များက ဤတိုက်ပွဲကို အာရုံစိုက်နေကြသည်။
"နင့်ကို အရှင်မင်းကြီးက အသိအမှတ်ပြုပြီးပြီဆိုရင်တောင် အဆင့်မသတ်မှတ်ရသေးရင် ငါ့ရှေ့မှာ မောက်မာလို့မရဘူး။ နင့်ကို စည်းကမ်းတွေအကြောင်း ကောင်းကောင်းသင်ပေးရပေးတာပေါ့"
မဟာအကြီးအကဲများအားလုံးက ဤမြင်ကွင်းကို စောင့်ကြည့်နေသဖြင့် ပိုဖန်းက အလျှော့မပေးနိုင်ပေ။ ထိုအကြီးအကဲများတွင် ထူးကဲအဆင့်ကျင့်ကြံသူများဖြစ်ကာ အဆင့်တစ်မဟာအကြီးအကဲဖြစ်သော ဟော့ဖန်း၏အစ်ကိုလည်း ပါဝင်ပေသည်။
မဟာအကြီးအကဲများသာမက ပိုမေ့၏ဝိညာဥ်အသိစိတ်ကပါ ဤတိုက်ပွဲကို စောင့်ကြည့်နေသည်။ ပိုလင်း၏ကျင့်ကြံဆင့်က အဆုံးမဲ့အဆင့်ကိုးဖြစ်သောကြောင့် မဟာအကြီးအကဲဖြစ်ရန် သတ်မှတ်ချက်ကို ပြည့်မီသော်လည်း တိုက်ပွဲဝင်ခွန်အားကို မစမ်းသပ်ရသေးပေ။ သူ၏မူရင်းခန္ဓာကိုယ်က သွေးဆာချပ်ဝတ်သားရဲကို လိုက်သတ်နေသော်လည်း နတ်မိုးကြိုးမြို့တော်ကိုစောင့်ရှောက်ရန် ဝိညာဥ်ကိုယ်ပွားကို ချန်ထားရစ်ခဲ့သည်။
မိုးကြိုးမျိုးနွယ်၏ မဟာအကြီးအကဲများနှင့် ဘုရင်ရှေ့တွင် ဟော့ဖန်းသည် သူ၏သိက္ခာကို အထိပါးခံ၍ မဖြစ်ချေ။