ရှေးဟောင်းသွေးမျိုးဆက်
Vol. 32 Ch. 444
"လင်းအာ ပိုဖန်းကို ဒီလိုဆန့်ကျင်တာ မသင့်တော်ဘူးထင်တယ်နော်"
ညှင်သာသိမ်မွေ့သော စကားသံတစ်ခုက စိုးရိမ်နေဟန်ဖြင့် ပိုလင်း၏နားအတွင်း ဝင်ရောက်လာသည်။
"ရင်အာ အဆင်ပြေပါတယ်။ ဒီကောင်တွေက ငါတို့ကျင့်ကြံဆင့်ကို အမြဲလိုချင်နေတာလေ။ ငါ သည်းမခံနိုင်တော့ဘူး။ ဒီနေ့ သူတို့မျက်နှာကို ဖြတ်ရိုက်ပြီး သင်ခန်းစာပေးရမယ်"
ပိုလင်းက တစ်ချက်ပြုံး၍ ဖြေလိုက်သည်။ သူမကို အာရုံစိုက်နေကြသူများထဲတွင် အမှန်တကယ်စိုးရိမ်နေသူမှာ လောင်ရင်တစ်ယောက်တည်းသာ ဖြစ်သည်။ သူတို့က ညီအစ်မများကဲ့သို့ ခင်မင်ကြပြီး တခါတရံ ပိုပင်ပိုလေသည်။
"နင်က ဒီလောက်တောင်သေချင်နေမှတော့ ငါ့အဆိုးမဆိုနဲ့"
ပိုဖန်းက ဒေါသတကြီး ကြုံးဝါးလိုက်သောအခါ သူ၏ဝိညာဥ်အသိစိတ်က ကောင်းကင်တွင် မိုးကြိုးသားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းက တောင်ပံများကိုဖြန့်၍ လက်သည်းများကိုဝင့်ကာ ပိုလင်းအား ခုန်အုပ်လိုက်သည်။ ပိုလင်း၏ဝိညာဥ်အသိစိတ်ကလည်း မိုးကြိုးသားရဲဖြစ်သွား၍ ထိပ်တိုက်ရင်ဆိုင်လိုက်သောအခါ ကောင်းကင်၌ မိုးချုန်းသံများ ထွက်ပေါ်လာသည်။ တိုက်ပွဲက ပြင်းထန်လွန်းသောကြောင့် အနက်ရောင်တိမ်တိုက်များ လွင့်ပြယ်သွားကာ လျှပ်စီးတိုင်လုံးကြီးများ ဆက်တိုက်ကျဆင်းလာသည်။ ထို့ကြောင့် မြင်ကွင်းက ရင်သပ်ရှုမောဖွယ်ကောင်းပေသည်။
"ဘုန်း ဘုန်း ဘုန်း"
မိုးကြိုးသားရဲနှစ်ကောင်က ကြမ်းကြုတ်စွာ တိုက်ခိုက်နေကြပြီး အချိန်တိုအတွင်း အနိုင်ရသူကိုဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။ အဝေးရှိခန်းမအတွင်းမှ စောင့်ကြည့်နေကြသော မဟာအကြီးအကဲများက အံ့သြနေကြသည်။ အတိတ်တွင် ပိုလင်းက အဆုံးမဲ့အဆင့်ငါးသာဖြစ်သော်လည်း ရက်အနည်းငယ်အတွင်း အဆင့်ကိုးသို့ ရောက်ရှိနေခဲ့သည်။ ထို့အပြင် သူမက အဆုံးမဲ့အဆင့်တစ်ဆယ် ပိုဖန်းနှင့် ယှဥ်ပြိုင်နိုင်နေသည်။ ဤတိုက်ပွဲက သူမ၏ခွန်အားကို သက်သေပြနေသောကြောင့် အနာဂတ်တွင် မျိုးနွယ်အတွင်း၌ အဆင့်အတန်းက သေချာပေါက်မြင့်တက်လာပေလိမ့်မည်။
အဓိကခန်းမအတွင်းရှိ ပိုမေ့ကိုယ်ပွားအနီးတွင် ဆံပင်အညိုရောင်နှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ထိုင်နေသည်။ ထိုလူက ပိုဖန်း၏အစ်ကို ပိုလဲ့ဖြစ်ကာ မဟာအကြီးအကဲများကြားတွင် အဆင့်တစ်ဖြစ်၍ ပိုမေ့အောက်သာ နိမ့်ကျသူဖြစ်သည်။ မူလတွင် သူက လောင်ရင်တစ်ယောက်တည်းကိုသာ မျက်စိကျခဲ့သော်လည်း ပိုလင်းက သူ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ပိုလင်း၏ကျင့်ကြံဆင့်က လောင်ရင်အောက်မနိမ့်သောကြောင့် သူက နှစ်ယောက်လုံးကိုသိမ်းပိုက်လိုက်လျှင် ထူးကဲအဆင့်သုံးသို့ တစ်ချက်တည်း ရောက်သွားပေလိမ့်မည်။ ထိုအချိန်တွင် သူက ပိုမေ့နှင့် ခွန်အားအရာတွင် ပခုံးချင်း ယှဥ်ပြိုင်လာနိုင်ချေရှိသည်။
ပိုလင်းကိုစိုက်ကြည့်နေသော ပိုလဲ့၏မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ သူ၏စိတ်ထဲတွင် အလွန်လှပသော ပိုလင်းအပေါ် မကောင်းကြံနေပြီဖြစ်သည်။ ပိုမေ့က ပိုလဲ့ကို တစ်ချက်ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှမပြောဘဲ တိတ်ဆိတ်နေခဲ့သည်။
ပိုလင်းနှင့် ပိုဖန်း၏တိုက်ပွဲက မိုးကြိုးမြို့တော်၏ ကျင့်ကြံသူအားလုံးကို လှုပ်ရှားသွားစေခဲ့သည်။ မိုးကြိုးမျိုးနွယ်၏ အမျိုးသမီးများကြားတွင် နောက်ထပ်အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာပြီဖြစ်သည်။ ကောင်းကင်က ဆက်တိုက်တုန်ခါနေပြီး အဆုံးမဲ့အဆင့်ကျင့်ကြံသူနှစ်ယောက်၏ တိုက်ပွဲကြောင့် ပတ်ဝန်းကျင်က အရောင်ပြောင်းသွားခဲ့သည်။ မြို့တော်ကို တိုက်ပွဲ၏ သက်ရောက်ခြင်းမခံရစေရန် ပိုမေ့က ကာကွယ်ရေးအစီအရင်ကို အသက်သွင်းထားပြီးဖြစ်သည်။
"ပိုလင်း အဆုံးမဲ့အဆင့်ကိုးလောက်နဲ့ ငါ့ကိုယှဥ်နိုင်မယ် ထင်နေတာလား။ နင် သေရမယ်"
ပိုဖန်းက ဒေါသတကြီး ကြုံးဝါးလိုက်သည်။ တိုက်ပွဲအချိန် ကြာမြင့်လာသော်လည်း သူက ပိုလင်းကို မဖိနှိပ်နိုင်ပေ။ ဤကား သူ့ကိုအရှက်ခွဲနေသကဲ့သို့ ဖြစ်သောကြောင့် ဒေါသပေါက်ကွဲနေသည်။ သူ၏မိုးကြိုးသားရဲက ငါးဆခန့်ကြီးမားလာပြီး လျှပ်စီးများက ပိုင်နက်တစ်ခုပမာ ထွက်ပေါ်လာသည်။ လျှပ်စီးတိုင်လုံးကြီးများက ပိုလင်း၏ပတ်လည်တွင် လှောင်အိမ်ကြီးတစ်ခုပမာ ထွက်ပေါ်လာခဲ့သည်။ သူမ၏ခန္ဓာကိုယ်ရော ဝိညာဥ်ပါ လျှပ်စီးလှောင်အိမ်အတွင်း ဖမ်းချုပ်ခံလိုက်ရသည်။
"နင့်တစ်ဘဝလုံး ငါ့ကိုနိုင်မှာ မဟုတ်ဘူး။ နင်က တစ်သက်လုံး ငါ့နောက်လိုက်ဖြစ်ရမယ်"
ပိုဖန်း၏မျက်နှာက ရူးသွပ်နေပုံပေါ်သည်။ သူ၏နောက်လိုက်ဖြစ်ခဲ့ဖူးသော ပိုလင်းက မျက်တောင်တစ်ခတ်အတွင်း သူ့ကို ယှဥ်နိုင်လာသောအခါ အံ့သြစိတ်ကို ထိန်းချုပ်မထားနိုင်တော့ပေ။
"ပိုလင်းက သေချာပေါက်ရှုံးလိမ့်မယ်"
"ပိုဖန်းက လျှို့ဝှက်ကျင့်စဥ်တစ်ခု သုံးလိုက်တယ်။ ပိုလင်းက ဘယ်လိုလုပ် သူ့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ။ ခွန်အားချင်းရော အသက်ရော ကွာခြားလွန်းတယ်။ ဒါပေမယ့် ပိုလင်းကလည်း အစွမ်းတော့ထက်ပါတယ်။ သူမက အချိန်တိုအတွင်း အဆင့်လေးခုဆက်တိုက် တက်နိုင်ခဲ့တယ်။ ဒီလောက်အဆင့်မြန်မြန်တက်လိုက်ရင် ဘေးထွက်ဆိုးကျိုးက ပြင်းထန်လောက်မယ်။ အနာဂတ်မှာ သူမက အဆင့်တောင် ထပ်တက်နိုင်ပါဦးမလား"
မဟာအကြီးအကဲများက တိုက်ပွဲကို သုံးသပ်နေကြသည်။ လောင်ရင်ကမူ နှုတ်ခမ်းကိုကိုက်ထားပြီး စိုးရိမ်စွာ စောင့်ကြည့်နေသည်။ ပိုလင်းနှင့်သူမကြားတွင် ဆက်ဆံရေးတစ်ခုရှိသောကြောင့် ဟော့ဖန်းကို မရှုံးစေလိုပေ။ ပိုလင်း၏အဆင့်တက်မှုကလည်း သူမကို အလွန်အံ့သြစေခဲ့သည်။
"နင်သာဒူးထောက်ပြီး တောင်းပန်ရင် ဒီကိစ္စကို မေ့ပစ်လိုက်ပြီး ငါ့မယားကြီးဖြစ်ခွင့်ပေးမယ်"
ပိုလင်းက သူ၏လျှို့ဝှက်ကျင့်စဥ်အတွင်း ပိတ်မိနေသောကြောင့် ပိုဖန်းက ကျေနပ်စွာပြုံးလိုက်သည်။ သူက ကောင်းကင်တွင် လက်ကိုနောက်ပစ်၍ မတ်တပ်ရပ်နေပြီး မောက်မာစွာ အမိန့်ပေးလိုက်သည်။
"ပိုဖန်း နင်က ငါ့ကို လိုချင်တယ်ပေါ့။ ကိုယ့်မျက်ခွက်ကိုလည်း မှန်ထဲမှာ ကြည့်စမ်းပါဦး။ နင်က ငါ့ယောကျ်ားဖြစ်ဖို့ တန်လို့လား"
ပိုလင်းက ပိတ်မိနေသော်လည်း အလွန်အမင်းတည်ငြိမ်နေခဲ့သည်။ သူမ၏အသံက ချိုသာကြည်လင်သော်လည်း စကားလုံးများက ဓားသွားပမာ ပြင်းထန်လှသည်။ သူမကိုမော့ကြည့်နေကြသော မိုးကြိုးမျိုးနွယ်ဝင်များကြောင့် စိတ်ထဲ၌ ကျေနပ်နေခဲ့သည်။ မူလတွင် သူမက ရိုးရိုးအကြီးအကဲတစ်ယောက်သာဖြစ်ခဲ့သော်လည်း လက်ရှိတွင် မဟာအကြီးအကဲတစ်ယောက် ဖြစ်လာခဲ့သည်။ ဤအရာအားလုံးကို စွမ်းဆောင်ပေးခဲ့သူမှာ ယဲ့ချန်ဖြစ်သည်။ သူမ၏စိတ်အတွင်း၌ ယဲ့ချန်၏မျက်နှာနှင့် ပိုဖန်း၏မျက်နှာကို ယှဥ်ကြည့်လိုက်သောအခါ ပိုဖန်းကို ပို၍ရွံရှာလာခဲ့သည်။ ထို့ကြောင့် ပြင်းထန်စွာ လှောင်ပြောင်လိုက်ခြင်းဖြစ်သည်။
"ကောင်းပြီ။ နင်က သေချင်နေတာပေါ့"
ပိုဖန်းမှာ ဒေါသကြောင့် ရူးသွပ်မတတ်ဖြစ်နေခဲ့သည်။ သူ၏မျက်လုံးများက ဒေါသကြောင့် သွေးနီရောင်တောက်ပနေသည်။ ပိုလင်းက သူ့ကို လူပုံအလယ်တွင် အရှက်ခွဲနေသောကြောင့် ဒေါသတကြီးဖြစ်လာကာ ပေါက်ကွဲချင်နေခဲ့သည်။ သူက ဤမိန်းမကို အသေသတ်ရန် ဆုံးဖြတ်လိုက်သည်။
"ပိုလင်းက တကယ်အကြောက်အလန့်မရှိဘူးပဲ။ လေကြီးနေတာလား တကယ်အစွမ်းထက်နေတာလား"
မိုးကြိုးမျိုးနွယ်ဝင်များက ပိုလင်း၏စကားကြောင့် မင်သက်နေကြသည်။ လက်ရှိတွင် သူမက ပိုဖန်း၏လျှို့ဝှက်ကျင့်စဥ်အတွင်း ဖမ်းချုပ်ခံထားရပြီး အဆုံးမဲ့အဆင့်ကိုးသို့ တက်ကာစဖြစ်သောကြောင့် ချိုးဖျက်ရန် မဖြစ်နိုင်ပေ။
"နင်ရဲ့လှည့်ကွက်သေးသေးလေးက ငါ့ကို ဘာလုပ်နိုင်မှာမလို့လဲ"
ပိုလင်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူမ၏ကျောဘက်မှ လျှပ်စီးတောင်ပံခြောက်ခု ထွက်ပေါ်လာကာ တစ်ကိုယ်လုံး မိုးကြိုးများ လွှမ်းခြုံလာသည်။ တဖျတ်ဖျတ်ခတ်နေသော တောင်ပံများကြောင့် ပိုလင်းမှာ မိုးကြိုးနတ်ဘုရားမတစ်ပါးပမာ ထင်မှတ်ရသည်။ သူမက လက်တစ်ဖက်ကို အသာယမ်းလိုက်သောအခါ လျှပ်စီးလှောင်အိမ်ကြီးက ဘန်းခနဲ ပြာကျသွားသည်။ သူမ၏ကျောဘက်မှ တောင်ပံများထွက်ပေါ်လာချိန်တွင် မဟာအကြီးအကဲအားလုံးက မျက်လုံးပြူးသွားကြသည်။ သူတို့ဝိညာဥ်များ တုန်ခါနေပြီး ပိုမေ့၏ကိုယ်ပွားပင် အံ့သြနေခဲ့သည်။
"ပိုလင်းကိုယ်ထဲမှာ ရှေးဟောင်းသွေးမျိုးဆက် နိုးထလာပြီ"
"ဒါက သေချာပေါက် ရှေးဟောင်းမျိုးဆက်သွေးပဲ"
"လူတိုင်း နားထောင်စမ်း။ ဒီသတင်းကို မိုးကြိုးမျိုးနွယ်အပြင်ဘက် မပြန့်စေနဲ့။ မဟုတ်ရင် အမေးအမြန်းမရှိ သေဒဏ်ပေးမယ်။ ပိုလင်းကို မဟာအကြီးအကဲအဖြစ် ချက်ချင်းခန့်အပ်တယ်။ တစ်ယောက်ယောက်က သူမကိုထိရဲရင် ငါကိုယ်တိုင် သတ်ပစ်မယ်"
ပိုမေ့ကိုယ်ပွားက မိုးကြိုးမျိုးနွယ်တစ်ခုလုံးကို အမိန့်ပေးလိုက်သည်။ သူ၏မျက်လုံးများတွင် လျှပ်စီးကြောင်းများ တဖျတ်ဖျတ်လင်းလက်နေသည်။ ဘေးတွင်ထိုင်နေသော ပိုလဲ့မှာ ကျောရိုးအတွင်းမှ စိမ့်တက်သွားခဲ့သည်။ ပိုလင်းကိုကြည့်နေသော သူ၏မျက်လုံးအတွင်းမှ တဏှာစိတ်များပျောက်ကွယ်သွားပြီး မကောင်းကြံသည့်အတွေးများ မတွေးရဲတော့ပေ။ ရှေးဟောင်းမျိုးဆက် သွေးနိုးထလာသဖြင့် ပိုလင်း၏အဆင့်အတန်းက အလွန်မြင့်မားလာခဲ့သည်။ သူမက မျိုးနွယ်တစ်ခုလုံးတွင် မဟာအကြီးအကဲပိုလဲ့ထက်ပင် ပို၍အရေးပါလာပြီး ဘုရင်ပိုမေ့တစ်ယောက်တည်းအောက်သာ နိမ့်ကျလေသည်။
မိုးကြိုးမျိုးနွယ်သည် ရှေးဟောင်းသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော်လည်း သန့်စင်ခြင်းမရှိပေ။ ၎င်းက ရှေးဟောင်းနတ်သားရဲမျိုးနွယ်ဖြစ်သော အိပ်မက်ဆိုးသားရဲမျိုးနွယ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းအကြာက ရှေးခေတ်ဦးတွင် သာမန်သားရဲမျိုးနွယ်များပင် အလွန်အစွမ်းထက်သောအခါ နတ်သားရဲမျိုးနွယ်ဖြစ်သည့် အိပ်မက်ဆိုးသားရဲမျိုးနွယ်၏အစွမ်းကို မှန်းဆနိုင်ပေသည်။ ပိုလင်း၏ရှေးဟောင်းမျိုးဆက်သွေး နိုးထလာရုံဖြင့် အလွန်အစွမ်းထက်လာခြင်းက ခိုင်မာသော သက်သေဖြစ်သည်။
မူလတွင် ပိုလင်းသည် အဆင့်လျင်မြန်စွာတက်ရန် ဖြတ်လမ်းနည်းများ အသုံးပြုခဲ့သည်ဟု လူတိုင်းက ထင်ထားကြသည်။ ရှေးဟောင်းမျိုးဆက်သွေး နိုးထလာသောကြောင့်ဟု မျှော်လင့်မထားကြပေ။ ရှေးဟောင်းမျိုးဆက်သွေးနိုးထလာခြင်းကြောင့် ပိုလင်း၏အနာဂတ်မှာ အကန်အသတ်မဲ့ဟုပင် ဆိုနိုင်သည်။ မိုးကြိုးမျိုးနွယ်ဝင်အားလုံးက စိတ်၏အနက်ရှိုင်းဆုံးအပိုင်းမှ တုန်လှုပ်နေကြသည်။ နှစ်ပေါင်းသောင်းချီကြာသည်အထိ မိုးကြိုးမျိုးနွယ်တွင် ရှေးဟောင်းမျိုးဆက်သွေး နိုးထနိုင်သူ တစ်ဦးတစ်ယောက်ပင် မရှိခဲ့သောကြောင့်ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် တစ်ယောက်ထွက်ပေါ်လာကာ အနာဂတ်တွင် မိုးကြိုးမျိုးနွယ်က အောင်မြင်မှုများ ရရှိလာတော့မည်ဖြစ်သည်။
"ဒါ..ဒါက လျှပ်စီးတောင်ပံတွေလား။ မဖြစ်နိုင်ဘူး။ ငါ မယုံဘူးကွ"
ပိုဖန်းသည် ပိုလင်းကိုစိုက်ကြည့်နေပြီး နဖူးကြောများ ထောင်ထနေသည်။ သူက ပိုလင်းအပေါ် အခွင့်ကောင်းယူရန် နှစ်ပေါင်းများစွာ ကြံစည်လာခဲ့သည်။ သို့သော် သူ၏ပစ်မှတ်က ရှေးဟောင်းမျိုးဆက်သွေးနိုးထနိုင်မည်ဟု လုံးဝမျှော်လင့်မထားပေ။ သူ၏ပိုင်ဆိုင်မှုက လွတ်ထွက်သွားပြီး ပိုလင်းကိုသိမ်းပိုက်ရန် အခွင့်အရေးက လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။ ထို့ကြောင့် ဒေါသကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ သူ၏ဝိညာဥ်မှဖြစ်ပေါ်လာသော မိုးကြိုးသားရဲကြီးက ပိုလင်းထံ တောင်ကြီးတစ်လုံးပမာ ဝင်ရောက်သွားခဲ့သည်။
"နင် ယုံတာ မယုံတာ ငါက ဘာလုပ်ရမှာလဲ"
ပိုလင်းက တရကြမ်းတိုးဝင်လာသော သားရဲကြီးကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။ သူမ၏ ကျောက်စိမ်းဖြူရောင်လက်ဝါးအတွင်းမှ လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာ၏။ ၎င်းက သားရဲကြီးကို ထိမှန်သွားသောအခါ ဘန်းခနဲမြည်ဟီးသွားကာ အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။ ပိုဖန်းမှာလည်း သွေးများအန်ထွက်၍ အဝေးသို့ လွင့်ထွက်သွားခဲ့သည်။ သူက အပြင်းအထန် ဒဏ်ရာရသွားပြီဖြစ်သည်။ ပိုလင်းက လျှပ်စီးတောင်ပံများကို ဆင့်ခေါ်လိုက်သောအခါ ခွန်အားချင်းက အဆမတန်ကွာခြားလာခဲ့သည်။
"ဒါက ရှေးဟောင်းသွေးမျိုးဆက်ရဲ့အစွမ်းလား"
"အစွမ်းထက်လွန်းတယ်"
မိုးကြိုးမျိုးနွယ်ဝင်များစွာက စိတ်လှုပ်ရှားနေကြသည်။ အချို့က မျိုးနွယ်၏ကောင်းကျိုးအတွက် ပျော်ရွှင်နေကြသကဲ့သို့ မျက်မှောင်ကြုတ်နေသူများလည်း ရှိသည်။ ပိုလင်းက အလွန်အစွမ်းထက်လာသောအခါ သူတို့အနေဖြင့် သိမ်းပိုက်၍ အခွင့်ကောင်းယူရန် မဖြစ်နိုင်တော့ချေ။
ပိုလင်းသည် အဆုံးမဲ့အဆင့်ကိုးဖြစ်သော်လည်း အဆုံးမဲ့အဆင့်တစ်ဆယ် ပိုဖန်းကို တစ်ချက်တည်းဖြင့် ဒဏ်ရာရစေခဲ့သည်။ သူမက ထူးကဲအဆင့်တစ် ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်ရမည်ဆိုလျှင်ပင် အောက်ကျမည်မဟုတ်ပေ။ သူမ၏အရှိန်အဝါက ကောင်းကင်တွင် လျှပ်စီးကြောင်းများပမာ လင်းလက်တောက်ပနေသည်။ နတ်မိုးကြိုးမြို့တော်အတွင်းရှိ ကျင့်ကြံသူများက သူမအပေါ် ကိုးကွယ်ချင်စိတ်များပင် ဖြစ်ပေါ်လာသည်။ ပိုမေ့နှင့်ပိုလဲ့ကဲ့သို့ အလွန်အစွမ်းထက်သူများသာလျှင် ဤဖိအားကို ခုခံနိုင်ခဲ့ကြသည်။ ရှေးဟောင်းမျိုးဆက်သွေးက သာမန်မျိုးဆက်သွေးများထက် ပို၍မြင့်မြတ်ပေသည်။
"အခုအချိန်ကစလို့ မဟာအကြီးအကဲပိုလင်းကို မိုးကြိုးမျိုးနွယ်ရဲ့နေရာတိုင်းကို စိတ်ကြိုက်ဝင်ထွက်သွားလာခွင့်ပြုစေ။ သူမကို ဘယ်သူမှ မကန့်ကွက် မတားဆီးရဘူး။ မျိုးနွယ်ရဲ့ဆေးတွေကိုလည်း စိတ်ကြိုက်အသုံးပြုစေ"
ပိုမေ့၏ တစ်ချက်လွှတ်အမိန့်တော်က နတ်မိုးကြိုးမြို့တော်တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။ မြို့တော်တစ်ခုလုံးတွင် အော်ဟစ်အားပေးသံများ ပေါက်ကွဲထွက်ပေါ်လာလေသည်။