← Chapters

ကျောက်စိမ်းနန်းတော်၏ငါးထပ် သရဲကမ္ဘာ

Vol. 32 Ch. 445

ကျောက်စိမ်းနန်းတော်၏ငါးထပ် သရဲကမ္ဘာ

Vol. 32 Ch. 445

"လင်းအာ ငါ နင့်အတွက် တကယ်ဂုဏ်ယူတယ်"

လောင်ရင်၏ ရွှင်မြူးသော အသံလေးက ပိုလင်း၏နားအတွင်း ဝင်ရောက်လာသည်။ သူမက တစ်ချက်ပြုံးလိုက်မိသော်လည်း နှလုံးသားထဲရှိ လောင်ရင်၏နေရာကို ယဲ့ချန်ဆိုသော ပုံရိပ်က အစားထိုးဝင်ရောက်သွားပြီဖြစ်သည်။

"မောင်လေးကြောင့်သာမဟုတ်ရင် မမက မိုးကြိုးမျိုးနွယ်မှာ ဒီလိုမျိုးအဆင့်မြင့်တက်လာဖို့ မဖြစ်နိုင်ဘူး။ မင်းကို ဘယ်လိုကျေးဇူးတင်ရမလဲ"

ပိုလင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူမ၏မျက်နှာထက်တွင် အလွန်လှပသော အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။ ပိုဖန်းမှာ မြို့ရိုးပေါ်တွင် ပက်လက်လဲကျနေရာမှ ခေါင်းမော့၍ လေထဲရှိပုံရိပ်ကို စိုက်ကြည့်နေခဲ့သည်။ သူက သွေးတစ်ပွက်အန်ထုတ်လိုက်ရပြီး အခုအချိန်မှစ၍ ပိုလင်းမှာ သူထိ၍ရသော ဖြစ်တည်မှုမျိုး မဟုတ်တော့ကြောင်း နားလည်သွားသည်။ အဆင့်အတန်းချင်းက မိုးနှင့်မြေပမာ ကွာခြားသွားခဲ့သောကြောင့် အလွန်အမင်းစိတ်ပျက်နေသည်။ အကယ်၍ သူသာ အနာဂတ်ကိုကြိုသိနိုင်လျှင် လက်ခုပ်အတွင်းမှ ပိုလင်းကို သိမ်းပိုက်ထားမိပေလိမ့်မည်။ အဓိကခန်းမအတွင်းရှိ ပိုလဲ့မှာလည်း လက်သီးဆုပ်အံကြိတ်ပြီး ပိုလင်းကို စိုက်ကြည့်နေသည်။ သို့သော် သူက မိုးကြိုးမျိုးနွယ်ကို သစ္စာဖောက်သော လုပ်ရပ်မျိုးအတွက် သတ္တိမရှိချေ။ ပိုလင်းကိုထိခြင်းက မိုးကြိုးမျိုးနွယ်တစ်ခုလုံးကို စော်ကားသည်နှင့် တူညီသည်။ သူမက အချိန်တိုအတွင်း အဆင့်တက်လာသော အကြောင်းအရင်းကို သူက သိချင်နေခဲ့သည်။ သို့သော် မည်မျှစဥ်းစားပါစေ သူမက ယဲ့ချန်နှင့် လင်မယားအရာရောက်သွားသောကြောင့် ဟူသည့် အကြောင်းအရင်းကို ရှာတွေ့မည်မဟုတ်ပေ။

နတ်မိုးကြိုးမြို့တော်၏ လှပစွာဆင်ယင်ထားသော အိမ်တော်တစ်ခုအတွင်း မျက်နှာကို ဇာပဝါဖြင့်ဖုံးကွယ်ထားသော မိန်းမလှလေးတစ်ယောက်က ဇိသာတီးခတ်နေသည်။ သူမက အလွန်သိမ်မွေ့လှပသကဲ့သို့ ဂီတသံက နွေဦးစမ်းချောင်းပမာ ညှင်သာစွာ ထွက်ပေါ်လာနေသည်။ သူမသည်လည်း အလှတစ်မျိုးပိုင်ဆိုင်ထားပြီး သိမ်မွေ့နူးညံ့သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ မျက်နှာလေးကို ဇာပဝါဖြင့် ဖုံးကွယ်ထားသော်လည်း နှင်းဖြူရောင်အသားအရေနှင့် အလှတရားကို အပြည့်အဝပျောက်ကွယ်သွားစေရန် မစွမ်းဆောင်နိုင်ပေ။ သူမက မဟာအကြီးအကဲ လောင်ရင်ဖြစ်သည်။

"လင်းအာ နောက်ဆုံးတော့ နင်လိုချင်တာကို ရသွားပြီပေါ့"

လောင်ရင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူမ၏ညှင်သာသော အသံထဲတွင် ဝမ်းသာမှုနှင့် ဝမ်းနည်းမှုတို့ ရောယှက်နေသည်။

ကျောက်စိမ်းနန်းတော်၏ ငါးထပ်မြောက်က ငရဲဘုံတစ်ခုနှင့် တူညီနေသည်။ ကောင်းကင်က မည်းနက်နေပြီး လေပြင်းများက အရိုးထိစိမ့်အောင်အေးကာ အလောင်းများ တောင်လိုပုံနေသည်။ နတ်အဆင့်သရဲများက နေရာတိုင်းမှထွက်ပေါ်လာနေပြီး ကြောက်မက်ဖွယ်ကောင်းစွာ အော်ဟစ်နေကြသည်။

ရှောင်ရိက မူလအသွင်ပြောင်း၍ ကောင်းကင်တွင် လှည့်ပတ်သွားလာနေသည်။ ဝိညာဥ်ပုလဲက သူ၏ဘေးတွင် လွင့်မျောနေပြီး အနက်ရောင်တဖိတ်ဖိတ်တောက်ပနေကာ မရေမတွက်နိုင်သော သရဲများကို စုပ်ယူနေသည်။

"အရမ်းကောင်းတယ်။ ဒီသရဲဝိညာဥ်တွေက ငါ့အတွက် နတ်ဆေးတစ်မျိုးလိုပဲ"

ဝိညာဥ်ပုလဲအတွင်း ထွင်ထျန်းက တင်ပျဥ်ခွေထိုင်နေသည်။ သူ၏ပတ်လည်ရှိ အရိုးခေါင်းများက အတွင်းသို့ရောက်လာသမျှ သရဲများကို တစ်ကောင်မကျန် ဝါးမျိုနေသည်။ ဤနေရာ၌ သရဲများ ပြည့်နှက်နေသောကြောင့် သူက စိတ်ရှိတိုင်းဝါးမျိုနိုင်သည်။ သရဲများစွာကို ဝါးမျိုပြီးနောက် ဝိညာဥ်ပုလဲက ပို၍တောက်ပလာပြီး ရှောင်ရိ၏ကိုယ်တွင်းသို့ အနက်ရောင်အလင်းများ ဖြန့်ကျက်ပေးလိုက်သည်။ လက်ရှိတွင် ရှောင်ရိက ဝိညာဥ်ပုလဲ၏ပိုင်ရှင်ဖြစ်လာကာ ကိုယ်ပိုင်အစိတ်အပိုင်းတစ်ခုကဲ့သို့ စိတ်တိုင်းကျထိန်းချုပ်လာနိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူက ဝိညာဥ်ပုလဲ၏စွမ်းအားကို ပို၍ထုတ်ဖော်လာနိုင်ခဲ့သည်။

အနက်ရောင်အလင်းတန်းများက သူ၏ကိုယ်တွင်းသို့ စိမ့်ဝင်လာသောအခါ အကြေးခွံများက အနက်ရောင်တောက်ပလာသည်။ ၎င်းတို့က အနက်ရောင်သလင်းကျောက်များဖြင့် ပြုလုပ်ထားသကဲ့သို့ တလက်လက်တောက်ပနေသည်။ ရုပ်ခန္ဓာ၏စွမ်းအင်ကလည်း များစွာတိုးတက်လာသည်။ ကောင်းကင်အမျက်ကပ်ဘေးဖြင့် ရုပ်ခန္ဓာကို သန့်စင်ပြီးနောက် ရှောင်ရိသည် နတ်ဘုရင်အဆင့်မှ အဆုံးမဲ့အဆင့်သို့တက်ရန် ခြေတစ်လှမ်းသာ လိုအပ်သည်။ ဝိညာဥ်ပုလဲမှ စွမ်းအားများ ထောက်ပံ့ပေးလိုက်သောအခါ အဆင့်ကြီးနှစ်ခုကြားရှိ အတားအဆီးက ချိုးဖျက်ခံလိုက်ရကာ အဆုံးမဲ့အဆင့်တစ်သို့ ရောက်ရှိသွားလေသည်။

ဝိညာဥ်ပုလဲသည် သူ၏ခေါင်းအထက်တွင် အနက်ရောင်နေမင်းပမာ ထွန်းလင်းနေသည်။ ရာချီသော တောင်ပံမြွေနဂါးများစွာက ၎င်းအတွင်းမှထွက်ပေါ်လာကာ နေရာတိုင်းသို့ ပျံသန်းသွားကြသည်။ သူတို့အားလုံးက ရှောင်ရိနှင့် တစ်ထပ်တည်းတူညီသောကြောင့် ရုပ်ခန္ဓာအစစ်က ၎င်းတို့ကြားတွင် ပုန်းကွယ်နိုင်သည်။ ကျင့်ကြံဆင့်မြင့်တက်လာသောအခါ သူက ဝိညာဥ်ပုလဲ၏အစွမ်းအချို့ကို စတင်ထိန်းချုပ်လာနိုင်သည်။ ရှောင်ရိသည် အဆုံးမဲ့အဆင့်တစ်သို့ရောက်လာပြီး ဝိညာဥ်ပုလဲ၏ကာကွယ်မှုကြောင့် တိုက်ခိုက်ရာတွင် နန်ရှင်းတစ်အောက် မနိမ့်တော့ပေ။ ယေဘူယျအားဖြင့်ပြောရလျှင် သူ၏ကြောက်မက်ဖွယ် ကျင့်ကြံဆင့်တက်နှုန်းကြောင့် ကောင်းကင်အမျက် ကျဆင်းလာရမည်ဖြစ်သည်။ သို့သော်လည်း သူက လောကကြီးမှ သီးခြားခွဲထွက်နေသော ကျောက်စိမ်းနန်းတော်အတွင်း ရောက်နေသဖြင့် ၎င်းက ကျဆင်းလာခြင်းမရှိပေ။

မရေမတွက်နိုင်သော သရဲများက ယဲ့ချန်တို့အုပ်စုထံ တိုးဝင်လာနေကြသည်။ သူက ဝိညာဥ်စစ်သည်တော်ကို ထုတ်ဖော်လိုက်သကဲ့သို့ အမွေးပွလေး၏အမြှီးများ ယမ်းခါသွားကာ ကောင်းကင်မှ လရောင်ဖြာကျလာသည်။ ၎င်းအလင်းရောင်ကြောင့် သရဲများက အရက်မူးနေသကဲ့သို့ ယိမ်းထိုးနေသောအခါ ဝိညာဥ်စစ်သည်တော်က အရေအတွက်များစွာကို တစ်ချက်တည်း ရှင်းပစ်လိုက်သည်။ ဝိညာဥ်အသိစိတ်သည် အလောင်းတောင်နှင့် အရိုးပင်လယ်များရှိသော ငါးထပ်တွင် ရှေ့ဆက်တိုးနေသည်။ နတ်အဆင့်သရဲများ သေဆုံးသွားချိန်တွင် အလောင်းများကြား၌ ဝိညာဥ်လက်နက်များ၊ သိုလှောင်အိတ်များနှင့် ရတနာများစွာကို တွေ့လိုက်ရသည်။ ၎င်းတို့က ဤအလောင်းများအသက်ရှင်စဥ်က ပိုင်ဆိုင်သော အရာများဖြစ်ကြသည်။

ဝံပုလွေတိုင်းပြည်၏ ဘုရင်သုံးယောက်နှင့် နတ်ဘုရင်များက ကျောက်စိမ်းနန်းတော်ပွင့်ပွင့်ချင်း အလောတကြီးဝင်ရောက်သွားသည်မှာ အဆန်းမဟုတ်တော့ပေ။ နေရာတိုင်းတွင် ရတနာများပြည့်နှက်နေပြီး အပြင်လောကကြီးတွင် မရှိသည့်အရာများပင် တည်ရှိနေသည်။ သို့သော် ငါးထပ်တွင် နတ်ဘုရင်အဆင့်သရဲများ ပြည့်နှက်နေသော ဝံပုလွေဘုရင်များက စွန့်စား၍ နေရာအချို့မှ ရတနာများကိုသာ ရယူနိုင်ခဲ့ကြသည်။ ယဲ့ချန်ကဲ့သို့ တစ်ထပ်လုံးရှိရတနာများကို အပြောင်ရှင်းနိုင်သော စွမ်းအားမျိုး မပိုင်ဆိုင်ထားကြပေ။

နန်ရှင်းတစ်သည် အလောင်းပုံများအကြား သွားလာနေပြီး ရှာရသမျှဝိညာဥ်လက်နက်များကို သိမ်းယူနေသည်။ ၎င်းတို့က အနည်းဆုံးအဆင့်လေးဖြစ်သည့်အပြင် ဆေးလုံးနှင့်ရတနာများပါဝင်သော သိုလှောင်အိတ်များစွာလည်း ရှိနေသည်။ ကြယ်ခန်းမတွင် တပည့်များစွာရှိသောကြောင့် ယဲ့ချန်က အလွန်ချမ်းသာသည့်တိုင်အောင် လူတိုင်းကို ဝိညာဥ်လက်နက်များ တပ်ဆင်ပေးနိုင်ခြင်းမရှိပေ။ ထို့ကြောင့် သူက နန်ရှင်းတစ်ကို ဤနေရာမှ ရတနာများကိုသိမ်းယူရန် အမိန့်ပေးလိုက်ပြီး ရှေ့ဆက်တိုးသွားခဲ့သည်။ အတွင်းပိုင်းသို့ ရောက်လာလေလေ သရဲများက ပို၍သန်မာလေလေဖြစ်သည်။ သူက အဆုံးမဲ့အဆင့်တစ် သရဲနှစ်ကောင်ကိုပင် တွေ့ခဲ့ရသည်။ ၎င်းတို့ကို ဝိညာဥ်စစ်သည်တော်က ဒဏ်ရာအပြင်းအထန်ရစေပြီးနောက် ထွင်ထျန်းက ဝါးမျိုသွားခဲ့သည်။ သရဲများက ကျင့်ကြံသူများ သေဆုံးသွားချိန်တွင် ဖြစ်ပေါ်လာသည့် နတ်ဆိုးဝိညာဥ်များဖြစ်ကာ သွေးနှင့်အသားကို ငတ်မြွတ်ဆာလောင်နေကြသည်။ ထို့အပြင် အသိဉာဏ်လည်း မရှိပေ။

အဝေးရှိ အမြင့်ဆုံး အလောင်းပုံကြီးထက်တွင် ကျောက်ပြားတစ်ချပ် တည်ရှိသည်။ ၎င်းတွင် ရေးထွင်းထားသော စာလုံးများက မှုန်ဝါးနေသည်။ ကျောက်ပြားအထက်တွင် အနက်ရောင်တံဆိပ်ပြားတစ်ခုရှိနေပြီး သာမန်ဆန်သော်လည်း ယဲ့ချန်သည် ဝိညာဥ်အသိစိတ်မှတဆင့် အစွမ်းထက်အရှိန်အဝါကို ခံစားနေရသည်။ သူက ၎င်းကို တိကျစွာမသိသော်လည်း အဖိုးတန်ရတနာဖြစ်ကြောင်း သိသာနေသည်။ ကျောက်ပြား၏ပတ်လည်တွင် ဒါဇင်ချီသောသရဲများက အစောင့်အကြပ်များအဖြစ် လှည့်ပတ်သွားလာနေကြသည်။ သုံးကောင်က အဆုံးမဲ့အဆင့်များဖြစ်ကာ ကျန်သရဲများက နတ်ဘုရင်အဆင့်ထိပ်ဆုံးများ ဖြစ်ကြသည်။ ၎င်းတို့က အကြောင်းအရင်းတစ်ခုကြောင့် ကျောက်ပြားအနီးမှ ထွက်ခွာမသွားဘဲ စောင့်ရှောက်နေကြသည်။

"ကိ ကိ ကိ"

ယဲ့ချန်၏ပခုံးပေါ်တွင်ရှိနေသော အမွေးပွလေးက သားရဲဘာသာဖြင့် ဆက်တိုက်ပြောဆိုနေသည်။ လက်ရှိတွင် ဝိညာဥ်အသိစိတ်ချင်း ဆက်သွယ်ထားသောကြောင့် သူမပြောချင်သည်ကို ယဲ့ချန်က နားလည်လိုက်သည်။ သူမက ယဲ့ချန်ကို ဂရုစိုက်ရန် သတိပေးနေခြင်းဖြစ်သည်။ ကျောက်ပြားအနီးမှ သရဲများက သူ့ကို အန္တရာယ်မပေးနိုင်သောကြောင့် အနက်ရောင်တံဆိပ် ဖြစ်နိုင်သည်။

ယဲ့ချန်သည်လည်း ၎င်းထံမှ ထူးဆန်းသော အရှိန်အဝါကို ခံစားနေမိသည်။ သူ၏မူရင်းခန္ဓာကို မိုင်ထောင်ချီအဝေးတွင် ရပ်တန့်၍ ဝိညာဥ်စစ်သည်တော်ကိုစေလွှတ်ကာ သရဲများကို တိုက်ခိုက်စေသည်။ သူက အဆုံးမဲ့အဆင့်သုံး ကျင့်ကြံသူဖြစ်သောကြောင့် ၎င်းတို့ကိုရင်ဆိုင်ရာတွင် ဖိအားမရှိချေ။ ထို့အပြင် သူ၏ဝိညာဥ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစပ်လိုက်လျှင် အဆုံးမဲ့အဆင့်ခုနစ်ကို တိုက်ခိုက်နိုင်သောကြောင့် အနက်ရောင်တံဆိပ်ကိုစမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။

ဆယ်မီတာကျော်မြင့်သော သရဲများမှာ မီတာငါးဆယ်ကျော်မြင့်သော ဝိညာဥ်စစ်သည်တော်ရှေ့တွင် ကြက်ပေါက်ကလေးများပမာ အားနည်းနေသည်။ သူက လက်ဝါးကြီးဖြင့် ဖမ်းဆုပ်လိုက်သောအခါ နတ်ဘုရင်အဆင့်များက အလန့်တကြားထွက်ပြေးသွားကြပြီး အဆုံးမဲ့အဆင့်တစ်နှင့် နှစ် သရဲကြီးသုံးကောင်က ဖမ်းချုပ်ခံလိုက်ရသည်။ ၎င်းတို့က ဆက်တိုက်အော်ဟစ်၍ ရုန်းကန်နေသော်လည်း ဝိညာဥ်စစ်သည်တော်၏ လက်ဝါးကြီးအတွင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။

"အစွမ်းထက်လိုက်တာ"

ရှောင်ရိနှင့် နန်ရှင်းတစ်က ကောင်းကင်သို့ ပြိုင်တူမော့ကြည့်လိုက်ကြသည်။ သူတို့က ယဲ့ချန်၏ဝိညာဥ်အသိစိတ်ကို အားကျနေသည်။ ဝိညာဥ်အသိစိတ်ဖြင့် မိုင်ထောင်ချီအဝေးသို့ ချက်ချင်းတိုက်ခိုက်နိုင်သောကြောင့် သူတို့က လိုချင်နေကြသည်။ သို့သော် ကံမကောင်းစွာဖြင့် နှစ်ယောက်လုံးက မှော်သားရဲများဖြစ်နေခဲ့ကြသည်။

ယဲ့ချန်သည် သရဲသုံးကောင်ကို ထွင်ထျန်းထံ ပေးအပ်လိုက်သောကြောင့် ထွင်ထျန်း၏အပြုံးက နားရွက်တက်ချိတ်မတတ် ကြီးမားသွားခဲ့သည်။

"အစ်ကိုကြီး တံဆိပ်ပြားကို သတိထား"

ရှောင်ရိက ကျောက်ပြားကို လက်ညှိုးထိုး၍ အော်ဟစ်လိုက်ခြင်းဖြစ်သည် ။အနက်ရောင်တံဆိပ်ပြားက ရုတ်တရက်လင်းလက်လာပြီး "သရဲဘုရင်တံဆိပ်"ဟူသော စကားလုံးများက လေထဲတွင် ထွက်ပေါ်လာကြသည်။

"ရှောင်ရိ နန်ရှင်း ဝေးဝေးကိုဆုတ်ကြ"

ယဲ့ချန်သည် ထူးဆန်းသောပြောင်းလဲမှုကို သတိထားမိသည်။ သူ့ထံတိုးဝင်လာနေသော ကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားရသောကြောင့် ရှောင်ရိနှင့်နန်ရှင်းတစ်ကို အလောတကြီး သတိပေးလိုက်သည်။

သူတို့နှစ်ယောက်သည်လည်း တံဆိပ်၏မူမမှန်မှုကို သတိထားမိလိုက်ကြသည်။ ယဲ့ချန်၏ခွန်အားအပေါ် ယုံကြည်သောကြောင့် စိတ်ချစွာဖြင့် မိုင်ပေါင်းရာချီအဝေးအထိ ချက်ချင်းဆုတ်ခွာသွားကြသည်။ သူတို့က အနက်ရောင်တံဆိပ်ကိုမမြင်ရသော အဝေးအထိ ဆုတ်ခွာသွားခြင်းဖြစ်သည်။

"ဒီတံဆိပ်က အဖိုးတန်ရတနာဆိုပေမယ့် ထိန်းချုပ်နိုင်ဖို့ ခက်ခဲမယ်ထင်တယ်"

ယဲ့ချန်က စိတ်ထဲမှ ရေရွတ်လိုက်ပြီး တစ်ဖက်လူ၏အတိမ်အနက်ကို ဝိညာဥ်စစ်သည်တော်ဖြင့် စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏အတွေးတစ်ချက်တွင် ဝိညာဥ်စစ်သည်တော်က တံဆိပ်ထံ လက်လှမ်းလိုက်သည်။ ထိုအချိန်တွင် တံဆိပ်ထံမှ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာကာ ဝိညာဥ်စစ်သည်တော်နှင့်အရွယ်အစားတူ သရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းက ဟိန်းဟောက်၍ ဝိညာဥ်စစ်သည်တော်ကို လက်သည်းများဖြင့် ကုတ်ချလိုက်သောအခါ ဘန်းခနဲ လွင့်ထွက်သွားခဲ့သည်။

ဝိညာဥ်စစ်သည်တော်မှာ တစ်ချက်တည်းဖြင့် ပျက်စီးလုနီးပါးဖြစ်သွားကာ အလင်းရောင်များ မှိန်ကျသွားသည်။

ယဲ့ချန်၏မြင်ကွင်းအတွင်း မီတာငါးဆယ်ကျော်မြင့်သော သရဲကြီးက ကောင်းကင်ကို ဖုံးအုပ်ထားသည်။ ငါးထပ်မြောက်၏ သရဲများကြားတွင် ၎င်းက အုပ်ချုပ်သူဖြစ်နိုင်ပြီး တိုက်ခိုက်လိုက်သောစွမ်းအားအရ အဆုံးမဲ့အဆင့်ခုနစ် ဖြစ်နိုင်သည်။ ဝိညာဥ်စစ်သည်တော်ကသာ ထူးခြားနေခြင်းမရှိလျှင် ဤတစ်ချက်တည်းဖြင့် ပေါက်ကွဲပျက်စီးသွားနိုင်သည်။

"ဒီသရဲက ကျန်တဲ့ကောင်တွေနဲ့ နည်းနည်းကွာခြားနေတယ်။ သေချာပေါက် တံဆိပ်ထဲမှာ ပုန်းနေတာဖြစ်ရမယ်။ ဒီကောင်ကြီးက ရတနာဝိညာဥ်များလား"

ယဲ့ချန်၏စိတ်ထဲတွင် မေးခွန်းတစ်ခု ဖြစ်ပေါ်လာလေသည်။

All Chapters