← Chapters

ထူးဆန်းသောမြို့ တော်ကြီး

Vol. 32 Ch. 447

ထူးဆန်းသောမြို့ တော်ကြီး

Vol. 32 Ch. 447

ယဲ့ချန်သည် သရဲဘုရင်တံဆိပ်က မည်သို့သောရတနာဖြစ်ကြောင်း မသိသော်လည်း နှမြောတဿဖြစ်နေခဲ့သည်။ မူလတွင် သူက သရဲဘုရင်ကိုဖိနှိပ်၍ ၎င်းကို ထိန်းချုပ်ချင်ခဲ့သော်လည်း ပေါက်ကွဲပျက်စီးသွားမည်ဟု မျှော်လင့်မထားပေ။ သရဲဘုရင်သည်လည်း တံဆိပ်နှင့်အတူ ပျက်စီးသွားနိုင်သည်။ သူက ညာလက်ကိုယမ်းလိုက်သောအခါ နတ်ဆိုးဖိနှိပ်နာရီကသေးငယ်လာပြီး လက်ဝါးအတွင်း ကျဆင်းလာ၏။ ၎င်းကိုထိလိုက်မိချိန်တွင် တစ်ခုခုထူးဆန်းနေသည်ဟု ခံစားလိုက်ရပြီး ၎င်းက တစ်မျိုးတဖုံကွဲပြားနေသည်။

"နတ်ဆိုးဖိနှိပ်နာရီက ဘာဖြစ်သွားတာလဲ"

ယဲ့ချန်က အံ့သြသွား၍ ရတနာကို အသေးစိတ်စစ်ဆေးရန် ဂရုတစိုက်ကြည့်ရှုလိုက်သည်။ သူ၏ပခုံးပေါ်ရှိ အမွေးပွလေးကလည်း မျက်ဝန်းကျယ်ကြီးများနှင့် စပ်စုနေခဲ့သည်။ နတ်ဆိုးဖိနှိပ်နာရီက အသိဉာဏ်ရှိလာသည်ဟု ယဲ့ချန်မှာ ခံစားနေရပြီး ၎င်း၏ကိုယ်ထည်မှ သရဲဘုရင်နှင့်တူညီသော သွေးဆာသည့် အရှိန်အဝါတစ်ခုကို ထုတ်ဖော်လာသည်။

"ဆရာ ဒါက ဘယ်လိုဖြစ်သွားတာလဲ"

ယဲ့ချန်က ခဏတာစဥ်းစားပြီးနောက် တစ်ခုခုကို စဥ်းစားမိသွားဟန်ဖြင့် အတည်ပြုရန် မေးလိုက်ခြင်းဖြစ်သည်။

"သရဲဘုရင်တံဆိပ်ရဲ့ ရတနာဝိညာဥ်က သရဲဘုရင်ဖြစ်တယ်။ နတ်ဆိုးဖိနှိပ်နာရီကြောင့် တံဆိပ်က ပျက်စီးသွားတဲ့အခါ သူ့မှာ သွားစရာနေရာမရှိဘူး။ ဒါကြောင့် ရတနာဝိညာဥ်ပျက်စီးနေတဲ့ နတ်ဆိုးဖိနှိပ်နာရီထဲကို သူက ဝင်ရောက်သွားခဲ့တယ်"

ခြင်္သေ့ကြီးက သူ၏ကိုယ်လုပ်တော်များခြံရံ၍ သေရည်ကို အရသာခံသောက်သုံးနေရာမှ ဖြေလိုက်သည်။ သူက ဤဘဝကို အလွန်ကျေနပ်နေသည်။

"သရဲဘုရင်က ရတနာကိုတော့ သူ့စိတ်ကြိုက် မထိန်းချုပ်နိုင်ဘူးမလား"

ယဲ့ချန်က ခန့်မှန်ထားသည့်အဖြေကို ရလိုက်သော်လည်း စိုးရိမ်နေဆဲပင်ဖြစ်သည်။

"နတ်ဆိုးဖိနှိပ်နာရီက မင်းကို ပိုင်ရှင်အဖြစ် သတ်မှတ်ထားပြီးပြီ။ သရဲဘုရင်က ရတနာဝိညာဥ်ဖြစ်လာပေမယ့် မင်းကို တွန်းလှန်နိုင်မှာမဟုတ်ဘူး။ မင်းတော့ ပွပေါက်တိုးပြီ ကောင်စုတ်လေး"

ခြင်္သေ့ကြီးက တစ်ချက်ပြုံး၍ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်ဗျာ။ ဆရာက ထင်တဲ့အတိုင်း ဉာဏ်ပညာရှိပါပေတယ်။ ကျုပ်သာဆိုရင် ဒီလိုအကြံမျိုး မစဥ်းစားနိုင်လောက်ဘူး"

ယဲ့ချန်က မျက်နှာပြောင်တိုက်၍ ခြင်္သေ့ကြီးကို မြှောက်ပင့်လိုက်သည်။ သူက ခြင်္သေ့ကြီးနှင့် အချိန်ကြာမြင့်စွာအတူရှိလာပြီးနောက် စိတ်နေစိတ်ထားကို ပို၍သိရှိလာသည်။ ဤတစ်ကြိမ်တွင် ခြင်္သေ့ကြီး၏အကူအညီကြောင့် နတ်ဆိုးဖိနှိပ်နာရီဖြင့် သရဲဘုရင်တံဆိပ်ထံမှ အကျိုးအမြတ်ရခဲ့သောကြောင့် သေချာပေါက်ချီးကျူးရပေလိမ့်မည်။

"ကောင်စုတ်ကလေး မင်း ငါ့ကို မြှောက်နေပြန်ပြီ။ လက်မခံဝံ့ပါဘူး"

ခြင်္သေ့ကြီးက စိတ်ပျက်စွာ ခေါင်းယမ်းနေသော်လည်း မျက်လုံးများတွင် ဂုဏ်ယူဟန်ဖြင့် တောက်ပနေခဲ့သည်။

"အရှင်က အရမ်းအစွမ်းထက်တာပဲ"

"အရှင်က ဉာဏ်ပညာလည်းရှိတယ်နော်"

ခြင်္သေ့ကြီး၏ ကိုယ်လုပ်တော်ခြင်္သေ့မများကလည်း တစ်ယောက်ပြီးတစ်ယောက် မြှောက်ပင့်လိုက်ကြသည်။ ခြင်္သေ့ကြီးက အချိန်ကြာမြင့်စွာ ကျေနပ်ပျော်ရွှင်နေသည်။ သူ၏အတိတ်မှဘဝနှင့် လက်ရှိဘဝကိုယှဥ်လိုက်လျှင် ကောင်းကင်ဘုံနှင့်ငရဲဘုံပမာ ကွာခြားနေသည်။

ယဲ့ချန်သည် လက်ဝါးအတွင်းရှိ နတ်ဆိုးဖိနှိပ်နာရီကို စစ်ဆေးနေသည်။ ၎င်းက သရဲဘုရင်ကို ရတနာဝိညာဥ်အဖြစ်ရရှိပြီးနောက် ပို၍ဆန်းကျယ်လာခဲ့သည်။ သူက ၎င်းကို အသက်သွင်းခါနီးတွင် လေပေါ်သို့ အလိုလိုပျံတက်သွားခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော သရဲများစွာက နာရီကိုယ်ထည်အတွင်း ဘက်ပေါင်းစုံမှ တိုးဝင်လာကြသည်။ အမွေးပွလေးက ဤမြင်ကွင်းကို စပ်စုနေသကဲ့သို့ ပုံရိပ်ယောင်ပုလဲကလည်း တဖြတ်ဖြတ်လင်းလက်နေသည်။ နတ်ဆိုးဖိနှိပ်နာရီက သူမနှင့် မြေခွေးဘိုးဘေးများကို အလွန်အံ့သြစေခဲ့သည်။

မြေခွေးဘိုးဘေးများသည် အမွေးပွလေးက ယဲ့ချန်နှင့်အတူရှိနေခြင်းကို အပြင်းအထန်ကန့်ကွက်ကြသည်။ မြေခွေးမျိုးနွယ်၏ခေါင်းဆောင်ကို လူသားတစ်ယောက်နှင့် အချိန်တိုင်း အတူရှိမနေစေလိုပေ။ သူတို့က ယဲ့ချန်ကိုထားရစ်ခဲ့ရန် အကြိမ်ပေါင်းများစွာ တိုက်တွန်းခဲ့ကြသည်။ ဤအကြောင်းအရင်းကြောင့် သူမကို ပုံရိပ်ယောင်ပုလဲအတွင်း အချိန်ကြာမြင့်စွာ ပိတ်ဆို့ထားခြင်းလည်းဖြစ်သည်။ သို့သော်လည်း အချိန်ကြာလာသောအခါ သူတို့က လက်လျှော့လိုက်ရပြီး အမွေးပွလေးကို ခွင့်ပြုပေးခဲ့ရသည်။ သူတို့က ယဲ့ချန် မည်မျှအစွမ်းထက်လာမည်ကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့သော် အမွေးပွလေးကို လူအသွင်မပြောင်းရန် တင်းကျပ်စွာ တားမြစ်ထားကြသည်။ မြေခွေးမျိုးနွယ်၏ခေါင်းဆောင်က လူသားတစ်ယောက်နှင့် အလွယ်တကူ လက်ထပ်၍ မဖြစ်ချေ။

အမွေးပွလေးသည် အရွယ်ရောက်ပြီးနောက် အမြှီးဆယ်ချောင်းအထိ စတင်ပိုင်ဆိုင်လာသောကြောင့် သူတို့က သန့်စင်သော မြေခွေးသွေးမျိုးဆက်ကို ထိန်းချုပ်လိုခဲ့ကြသည်။ အကယ်၍ သူမသာ အမြှီးဆယ်ချောင်း မြေခွေးတစ်ကောင်ဖြစ်လာလိုလျှင် မြေခွေးမျိုးနွယ်၏ ရှုပ်ထွေးသော စည်းမျဥ်းများကို လိုက်နာရမည်ဖြစ်သည်။ သို့သော် ဘိုးဘေးများက မည်မျှကန့်ကွက်ပါစေ သူမက ယဲ့ချန်ကို ထားရစ်ခဲ့မည်မဟုတ်ပေ။ သူမက ယဲ့ချန်ကို သူမ၏စိုးရိမ်စိတ်များအကြောင်း အချိန်တိုင်းဖုံးကွယ်ထားကာ ထုတ်ပြောနိုင်စွမ်း မရှိချေ။

နတ်ဆိုးဖိနှိပ်နာရီသည် သရဲများကို ဆက်တိုက်ဝါးမျိုနေသော်လည်း ၎င်းတို့က ပျောက်ကွယ်သွားခြင်းမရှိဘဲ သရဲဘုရင်၏ အစိတ်အပိုင်းတစ်ခုဖြစ်လာကြောင်း ယဲ့ချန်က အာရုံခံမိလိုက်သည်။ ၎င်းတို့နှင့် သရဲဘုရင်က စိတ်ကြိုက်ခွဲထွက်နိုင်၊ ပေါင်းစပ်နိုင်စွမ်းရှိနေသည်။ အကယ်၍ ရန်သူတစ်ယောက်ကို နတ်ဆိုးဖိနှိပ်နာရီက ဖမ်းချုပ်ပြီးလျှင် ၎င်းတို့၏တိုက်ခိုက်မှုကိုပါ ခံရပေလိမ့်မည်။

"နတ်ဆိုးဖိနှိပ်နာရီက ရတနာဝိညာဥ်ရှိလာတဲ့နောက်မှာ ဘယ်လောက်အထိ အစွမ်းထက်လာနိုင်လဲ"

ယဲ့ချန်က ခပ်တိုးတိုးရေရွတ်လိုက်သည်။ ကံမကောင်းစွာဖြင့် သူက ရတနာကိုစမ်းသပ်ရန် ပစ်မှတ်ရှာမတွေ့ခဲ့ပေ။ ထို့နောက် သူက နတ်ဆိုးဖိနှိပ်နာရီကို သရဲများအား ဆက်လက်စုပ်ယူခွင့်ပေးလိုက်ပြီး နတ်ဘုရင်အဆင့်များအားလုံး ပျောက်ကွယ်သွားချိန်တွင် ၎င်းကို ပြန်လည်သိမ်းယူလိုက်သည်။

"ရှောင်ရိ နန်ရှင်း မင်းတို့ ပြန်ထွက်လာလို့ရပြီ"

ယဲ့ချန်က ဝိညာဥ်ပုလဲအတွင်းသို့ သူ၏အသံကို ပို့ဆောင်လိုက်သည်။ ရှောင်ရိနှင့်နန်ရှင်းတစ်က အပြင်သို့ လှစ်ခနဲ ပြန်ထွက်လာကြသည်။ သူတို့သည် ယဲ့ချန်က သရဲဘုရင်ကို အနိုင်ယူလိုက်သောအဖြစ်ကို ဝိညာဥ်ပုလဲအတွင်းမှ အစအဆုံးမြင်နေရသောကြောင့် အံ့သြဘနန်းဖြစ်သွားကြသည်။

"ငါးထပ်တစ်ခုလုံးကို သဲလွန်စမကျန်အောင် ရှာကြ"

ယဲ့ချန်က လာရင်းခရီး၏ရည်ရွယ်ချက်ကို မမေ့ပေ။ သူ၏ဝိညာဥ်အသိစိတ်က နေရာတိုင်းသို့ လိုက်လံစစ်ဆေးခဲ့သည်။ သူတို့လေးယောက်သည် ကျောက်စိမ်းနန်းတော်၏ငါးထပ်မြောက်ကို မြေလှန်ရှာဖွေခဲ့ပြီး အဆင့်လေးနှင့်ငါး ဝိညာဥ်လက်နက်များနှင့် မြေအဆီအနှစ်ဆေးလုံး၊ ကောင်းကင်အဆီအနှစ်ဆေးလုံးစသော ဆေးလုံးများကို ရရှိခဲ့သည်။ ၎င်းတို့က သူ၏လက်မောင်းကာအတွင်း တောင်ကြီးတစ်ခုပမာ စုပုံရောက်ရှိသွားသည်။ သို့သော် ဝိညာဥ်သားရဲကပ်ဘေးနှင့်ပတ်သက်နေသော သဲလွန်စများကိုမူ ရှာမတွေ့ခဲ့ပေ။ လေးထပ်မြောက်ရှိ ပန်းပုဆရာအဘိုးအိုက သူ၏ခွန်အားဖြင့် ခြောက်ထပ်ကိုသာ အများဆုံးသွားနိုင်မည်ဟု သတိပေးထားသည်။ ခြောက်ထပ်တွင် မည်သည့်အရာများ စောင့်ကြိုနေမည်ကို သူ မသိပေ။ ထို့နောက် သူတို့လေးယောက်က ရှေ့ဆက်လာသောအခါ ငါးထပ်၏အဆုံးတွင် ပိန်းပိတ်အောင်မှောင်နေသည့် ဧရာမတွင်းနက်ကြီးထံ ရောက်လာကြသည်။ သူတို့က ခြောက်ထပ်သို့ ဆက်သွားလိုလျှင် ဤတွင်းထဲသို့ ဆင်းသက်ရပေလိမ့်မည်။ ငုံ့ကြည့်လိုက်လျှင် အလွန်တရာနက်ရှိုင်းသော တွင်းကြီးက အဆုံးမဲ့ချောက်နက်ကြီးတစ်ခုကဲ့သို့ ကြောက်မက်ဖွယ်အရှိန်အဝါကို ပေးစွမ်းနေသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က ကျောက်စိမ်းမျှော်စင်ကို ဝိညာဥ်သားရဲကပ်ဘေးနှင့် သက်ဆိုင်သော သဲလွန်စများ သို့မဟုတ် ထျန်းယွမ်မြို့တော်နှင့် သက်ဆိုင်သော သတင်းများအတွက် သေချာပေါက်ရှာဖွေရပေလိမ့်မည်။

"အမွေးပွလေး ရှောင်ရိ နန်ရှင်း မင်းတို့ဝိညာဥ်ပုလဲထဲကို ဝင်နေကြ"

ယဲ့ချန်က သူ၏နောက်လိုက်သုံးယောက်ကို သတိပေးလိုက်သည်။ ကျောက်စိမ်းနန်းတော်၏ ခြောက်ထပ်တွင် မည်သည့်အန္တရာယ်များ စောင့်ကြိုနေမည်ကို မသိရသောကြောင့် လုံခြုံရေးအတွက် ဝိညာဥ်ပုလဲအတွင်းဝင်နေခြင်းက ပို၍သင့်လျော်ပေသည်။

"အစ်ကိုကြီးလည်း သတိထားပါ"

ရှောင်ရိသည် ငယ်ရွယ်သော်လည်း ခြောက်ထပ်က အန္တရာယ်များကြောင်း ခန့်မှန်းနိုင်သဖြင့် ယဲ့ချန်ကို စိုးရိမ်စွာပြောလိုက်သည်။ ငါးထပ်မြောက်ရှိသရဲများကပင် အစွမ်းထက်နေပြီဖြစ်ရာ ခြောက်ထပ်တွင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော အရာများ စောင့်ကြိုနေပေလိမ့်မည်။ အမွေးပွလေးကလည်း ယဲ့ချန်ကို စိုးရိမ်သောမျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။

"အန္တရာယ်ရှိရင် ငါက ကောင်းကင်ကြယ်တာရာတံဆိပ်ထဲကို ဝင်နိုင်တယ်ဆိုတော့ အဆင်ပြေမှာပါ။ ငါ့ကိုငါ ကာကွယ်နိုင်ပါတယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ နှစ်သိမ့်လိုက်သည်။ ကျန်သုံးယောက်က ဝိညာဥ်ပုလဲအတွင်း ဝင်ရောက်သွားချိန်တွင် သူက ၎င်းကိုသိမ်းဆည်း၍ တွင်းနက်ကြီးအတွင်း ခုန်ချလိုက်သည်။ သူက အောက်သို့ပြုတ်ကျနေစဥ် လေဟာနယ်အတားအဆီးတစ်ခုကို ဖြတ်သန်းလိုက်ရသကဲ့သို့ ခံစားမိလိုက်သည်။ ကျောက်စိမ်းနန်းတော်၏ အထပ်တစ်ခုချင်းစီတွင် ကိုယ်ပိုင်နေရာလပ်များ ပိုင်ဆိုင်ထားကြသည်။

မျက်တောင်တစ်ခတ်အတွင်း ယဲ့ချန်၏မြင်ကွင်းအတွင်း ရောက်ရှိလာသော အရာများကြောင့် အလွန်အံ့သြတုန်လှုပ်သွားခဲ့သည်။ သူ၏ခြေထောက်အောက်တွင် အနက်ရောင်လေဟာနယ်တစ်ခုရှိနေပြီး ခေါင်းအထက်တွင် အလင်းရောင်ဝဲကြီးတစ်ခု လည်ပတ်နေသည်။ သူ၏ရှေ့တည့်တည့်တွင် ဧရာမမြို့ကြီးတစ်ခုတည်ရှိနေကာ ၎င်း၏အကျယ်အဝန်းက မိုင်ပေါင်းရာချီသည်။ အဆောက်အအုံတိုင်းတွင် ကာကွယ်ရေးအစီအရင်များနှင့် ယန္တရားများ တပ်ဆင်ထားသည်။ အလင်းတန်းများဖြာကျနေသဖြင့် အဆောက်အအုံများက လင်းလက်တောက်ပနေသည်။ မြို့တော်၏ပတ်လည်တွင် မျှော်စင်ခြောက်ခုတည်ဆောက်ထားကာ ၎င်းတို့၏ပတ်လည်တွင် ဓားအစီအရင်တစ်ခု ခင်းကျင်းထားသကဲ့သို့ ဓားစီးကြောင်းတစ်ခု လည်ပတ်နေသည်။ ၎င်းတို့၏ထိပ်တွင် ဧရာမလေရဟတ်ကြီးတစ်ခုစီရှိနေကာ ဒလက်များကို အနီးကပ်လာသမျှကို ပိုင်းဖြတ်နိုင်စေရန် အလွန်ထက်ရှသော သံမဏိဓားသွားများဖြင့် ဖန်တီးထားသည်။ ၎င်းက လေထဲတွင် မျောလွင့်နေပြီး ယဲ့ချန်က အတွင်းသို့ဝင်နိုင်သော လမ်းတစ်ခုတလေပင် ရှာမတွေ့ခဲ့ပေ။ မြို့တော်၏ကာကွယ်ရေးစနစ်က အလွန်တင်းကျပ်ပြီး အနီးကပ်သွားလျှင် အစီအရင်များ သေချာပေါက် အသက်ဝင်လာပေလိမ့်မည်။

ယဲ့ချန်သည် လေထဲတွင် မတ်တပ်ရပ်၍ ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်လိုက်သည်။ သူက ၎င်းကို မြို့တော်ထံ ဂရုတစိုက်စေလွှတ်လိုက်ပြီး အစီအရင်၏တားမြစ်ခြင်း မခံရသောကြောင့် အနည်းငယ်ကျေနပ်သွားခဲ့သည်။ မြို့တော်ကြီးက အလွန်ခမ်းနားပြီး လမ်းမများ၏ ဘေးတစ်ဖက်တစ်ချက်တွင် ဆိုင်များစွာ တည်ရှိသည်။ သို့သော်လည်း မြို့ကြီးထဲတွင် လူမဆိုထားနှင့်၊ ခွေးတစ်ကောင်ကြောင်တစ်မြီးပင် မရှိပေ။ သက်ဝင်လှုပ်ရှားနေသင့်သော လမ်းများက အေးစက်ကာ ပျက်စီးခြင်းကပ်ဘေး၏အသွင်ကို ဖော်ဆောင်နေသည်။ သူက ဆိုင်များကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ အဝတ်အစားများ၊ သိုလှောင်အိတ်များ၊ လက်နက်များ၊ အစားအစာများနှင့် ဆေးလုံးများစသည့် ကုန်ပစ္စည်းများစွာကို တွေ့လိုက်ရသည်။ သို့သော် ဝိညာဥ်လက်နက်များနှင့် သိုလှောင်အိတ်များမှလွဲလျှင် အရာအားလုံးက ပုပ်သိုးပျက်စီးသွားပြီဖြစ်လေသည်။

သိုလှောင်အိတ်များ၏ အကျယ်အဝန်းက သာမန်သိုလှောင်အိတ်များထက် များစွာပို၍ကြီးမားသောကြောင့် အဆင့်မြင့်သိုလှောင်အိတ်များ ဖြစ်သည်။ ဝိညာဥ်လက်နက်များက အဆင့်ခုနစ်နှင့် အထက်အဆင့်များဖြစ်ကာ စုစည်းလိုက်လျှင် တောင်တစ်လုံးပမာ ကြီးမားများပြားနိုင်သည်။ ၎င်းတို့သာ အပြင်လောက၌ထွက်ပေါ်လာလျှင် ကျင့်ကြံသူတိုင်းကို အုတ်အော်သောင်းတင်း ဖြစ်သွားစေပေလိမ့်မည်။ မျက်စိရှေ့တွင် ရတနာများစွာတွေ့နေရသော်လည်း ကံမကောင်းစွာဖြင့် မြို့တော်အတွင်း မဝင်ရောက်နိုင်ပေ။ ၎င်း၏ကာကွယ်ရေးက အလွန်တင်းကျပ်သောကြောင့် ယဲ့ချန်က ယုံကြည်မှုအပြည့်မရှိလျှင် ဝင်ရောက်ရန် မဝံ့ချေ။

ယဲ့ချန်၏ဝိညာဥ်အသိစိတ်က ရှေ့သို့ ဆက်လက်စစ်ဆေးနေပြီး လမ်းထောင့်တစ်ခုသို့အရောက်တွင် အလွန်ခမ်းနားသော ဆိုင်တစ်ခုက သူ၏အာရုံကို ဆွဲဆောင်ထားသည်။ ဆိုင်၏မျက်နှာစာကို ဖောက်ထွင်းမြင်ရ၍ တောက်ပကာအဖိုးတန်လွန်းသော အဝါရောင်ကျောက်စိမ်းများဖြင့် ပြုလုပ်ထားသည်။ အကယ်၍ အလယ်အင်ပါယာ၌ လက်မအရွယ် အဝါရောင်ကျောက်စိမ်းတစ်ခုကို လေလံတင်လိုက်လျှင် ချီစုစည်းဆေးလုံးသောင်းချီဖြင့် ရောင်းချနိုင်ပေလိမ့်မည်။ ဤမျှစျေးကြီးအဖိုးတန်သည့် အဝါရောင်ကျောက်စိမ်းတုံးကြီးက ခြောက်မီတာမြင့်၍ ငါးမီတာအထူရှိသော်လည်း အလှဆင်ရန် အသုံးပြုခံထားရ၏။ ဤကဲ့သို့ဆိုင်မျိုးတွင် မည်သည့်အရာများ ရောင်းချသည်ကို ယဲ့ချန်က သိလိုစိတ်ပြင်းစွာ ဖြစ်ပေါ်လာခဲ့လေသည်။

All Chapters