ကြယ်မြို့
Vol. 32 Ch. 448
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်က ဆိုင်အတွင်းရောက်သောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ ရောင်းချရန်ပြသထားသော ပစ္စည်းများက ခရမ်းရောင်နတ်ဆိုးချပ်ဝတ်များ ဖြစ်ကြသည်။ အမျိုးမျိုးသော အရွယ်အစားနှင့်ပုံစံရှိသည့် ချပ်ဝတ်များကို အတန်းလိုက် ခင်းကျင်းထားသည်။ အဆင့်ရှစ်နတ်ဆိုးချပ်ဝတ် အစုံတစ်ရာကျော်နှင့် အဆင့်ကိုးနတ်ဆိုးချပ်ဝတ် အစုံဒါဇင်ချီရှိသည်။ အနောက်ပိုင်းရှိနံရံပေါ်တွင် ချိတ်ထားသော နတ်ဆိုးချပ်ဝတ်ငါးစုံထံ သူ၏အကြည့် ကျရောက်သွားခဲ့သည်။ ၎င်းတို့အပေါ်ရှိ ရုန်းများက အခြားချပ်ဝတ်များနှင့်မတူ ကွဲပြားခြားနားနေသည်။ လျှပ်စီးများတဖြတ်ဖြတ်လက်နေသော ချပ်ဝတ်၊ နှင်းအလွှာပါးပါးတစ်ခု ဖုံးအုပ်နေသော ချပ်ဝတ်၊ အနီရောင်မီးများ တောက်လောင်နေသော ချပ်ဝတ်၊ ဝါညစ်ညစ်အရောင် ချပ်ဝတ်နှင့် ရွှေရောင်အလင်းများ တောက်ပနေသော ချပ်ဝတ်တို့ဖြစ်ကြသည်။ သူက အကြည့်တစ်ချက်ဖြင့် ၎င်းတို့မှာ လျှပ်စီး၊ ရေခဲ၊ မီးတောက်၊ မြေကြီးနှင့် သတ္တုအမျိုးအစား ချပ်ဝတ်များဖြစ်ကြောင်း ပြောနိုင်သည်။ ၎င်းတို့အပေါ်တွင် ရေးထွင်းထားသော ရုန်းများကနက်ရှိုင်းပြီး မြင့်မြတ်သည်။ ၎င်းတို့၏အဆင့်ကလည်း အဆင့်ကိုးနတ်ဆိုးချပ်ဝတ်ထက် များစွာပို၍ အစွမ်းထက်ပုံပေါ်သည်။
"ဒါတွေက လူသားအဆင့် ချပ်ဝတ်တွေလား"
ယဲ့ချန်က ချပ်ဝတ်ငါးစုံအပေါ် လိုချင်တပ်မက်စိတ်များ ဖြစ်ပေါ်လာသည်။ အကယ်၍ သူသာ မျောလွင့်နေသော မြို့တော်ကြီးအတွင်း ဝင်ရောက်နိုင်ပြီး ဤချပ်ဝတ်များကိုရယူနိုင်ပါက အစွမ်းထက်စစ်တပ်တစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။ အဆင့်ရှစ်နတ်ဆိုးချပ်ဝတ်က နတ်အဆင့်ကျင့်ကြံသူများ၏အစွမ်းကို ကာကွယ်ပေးနိုင်ပြီး အဆင့်ကိုးဆိုလျှင် အဆုံးမဲ့အဆင့်ခုနစ်အောက် ကျင့်ကြံသူများ မည်သည်ကိုမှ တတ်နိုင်မည်မဟုတ်ပေ။ လူသားအဆင့် နတ်ဆိုးချပ်ဝတ်ဆိုလျှင် ကြီးမြတ်သူအဆင့်များကိုပင် ခုခံနိုင်ပေလိမ့်မည်။ ကျောက်စိမ်းနန်းတော်က နှစ်ပေါင်းများစွာတည်ရှိခဲ့ပြီး ကျင့်ကြံသူပေါင်းများစွာ ဝင်ရောက်ခဲ့ဖူးသော်လည်း ခြောက်ထပ်ရှိရတနာများက အရာမယွင်းပေ။ ထို့ကြောင့် ဤမြို့တော်ကြီးအတွင်း ထိုးဖောက်ဝင်ရောက်ရန် မလွယ်ကူကြောင်း သက်သေပြနေသည်။
"နောက်ဆုံးတော့ မင်း ခြောက်ထပ်အထိ ရောက်လာနိုင်ပြီပေါ့"
ထိုအချိန်၌ ရင်းနှီးသော စကားသံတစ်ခု လေထဲမှ ထွက်ပေါ်လာခဲ့သည်။ အသံပိုင်ရှင်က ကျောက်စိမ်းနန်းတော်၏ဝင်ပေါက်တွင် တွေ့ဖူးသော နန်းတော်ပိုင်ရှင် ထျန်းယွမ်ဖြစ်နေသောကြောင့် ယဲ့ချန်က ခဏတာမင်သက်သွားပြီးမှ ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့သည်။
"အကြီးအကဲထျန်းယွမ်"
ယဲ့ချန်က ရိုသေလေးစားစွာ နှုတ်ခွန်းဆက်လိုက်သည်။ သူက ဤနေရာတွင် ထျန်းယွမ်၏အသံကို ကြားရမည်ဟု မျှော်လင့်မထားပေ။
"ကျောက်စိမ်းနန်းတော်ထဲမှာ မိုးပျံမြို့တော်တစ်ခုရှိနေတဲ့ အကြောင်းအရင်းကို မင်း သံသယဝင်နေမယ်ထင်တယ်"
ထျန်းယွမ်၏အသံက လေထဲတွင် လွင့်ပျံနေသော်လည်း လူကိုမူ မမြင်ရချေ။
"ဟုတ်ကဲ့။ ကျုပ် အကြောင်းအရင်းကို သိချင်ပါတယ်"
"ဒီမြို့က ရှေးခေတ်ဟောင်းတုန်းက ထျန်းယွမ်ရှေးဟောင်းမြို့တော်ရဲ့ အရံကြယ်မြို့ဆယ်ခုထဲက တစ်ခုဖြစ်တယ်။ ဒါက ထျန်းယွမ်မြို့တော်ရဲ့ ပုံစံအသေးစားဖြစ်ပြီး လူဦးရေဆယ်သန်းကျော် နေထိုင်ခဲ့တယ်။ နောက်ပိုင်းမှာ အားလုံးသေဆုံးသွားကြတော့ ငါက ဒီမြို့ကို ကျောက်စိမ်းနန်းတော်ထဲမှာ သိမ်းဆည်းထားလိုက်တယ်"
အတိတ်ကို ပြန်လည်တွေးတောနေသော ထျန်းယွမ်၏အသံက ဆို့နင့်အက်ကွဲနေသည်။ ယဲ့ချန်က မော့ကြည့်လိုက်သော်လည်း ထျန်းယွမ်အစား အစအဆုံးမဲ့သော လေဟာနယ်ကိုသာ မြင်တွေ့နေရသည်။ မိုင်ပေါင်းများစွာကျယ်ဝန်းပြီး အလွန်ကြီးကျယ်ခမ်းနားသော အဆောက်အအုံများနှင့် မြို့ကြီးက ထျန်းယွမ်မြို့တော်၏ အရံကြယ်မြို့တစ်ခု ဖြစ်နေခဲ့သည်။ သို့ဖြစ်လျှင် ထျန်းယွမ်မြို့တော်၏ခမ်းနားမှုကို စဥ်းစားကြည့်နိုင်သည်။ ထို့အပြင် ထျန်းယွမ်၏စကားအရ ကြယ်မြို့အတွင်းရှိ လူဦးရေဆယ်သန်းကျော်က သေဆုံးသွားခဲ့ကြောင်း သိလိုက်ရသဖြင့် ယဲ့ချန်က အလွန်ထိတ်လန့်သွားခဲ့သည်။ အလွန်များပြားသော အရေအတွက် သေဆုံးသွားရသော အကြောင်းအရင်းက မေးခွန်းထုတ်ချင်စရာပင်။
"အတိတ်က ဘာတွေဖြစ်ခဲ့တာလဲ"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်ခြင်းဖြစ်သည်။
"မင်းက ရွှမ်အဆင့်အထိ ကျင့်ကြံနိုင်ရင် အလိုလိုနားလည်လာပါလိမ့်မယ်။ အချိန်တန်ရင် ထျန်းယွမ်မြို့တော်တစ်ခုလုံးကို မြင်နိုင်လာလိမ့်မယ်"
ထျန်းယွမ်က အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးမှ သက်ပြင်းတစ်ချက်ချလိုက်သည်။
"ရွှမ်အဆင့်လား"
ယဲ့ချန်က တုန်လှုပ်သွားခဲ့သည်။ ကြယ်အမြုတေကဲ့သို့ ရတနာမျိုးဖြင့်ပင် ထိုအဆင့်သို့ရောက်အောင် ကျင့်ကြံရန် အလွန်အမင်းခက်ခဲပေသည်။ ထို့အပြင် အချိန်လည်း များစွာလိုအပ်နိုင်သည်။ ရွှမ်အဆင့်သည် အဆုံးမဲ့အဆင့်၊ ထူးကဲအဆင့်နှင့် ကြီးမြတ်အဆင့်ဟူသော အဆင့်ကြီးသုံးဆင့်တွင် အဆင့်ငယ်ပေါင်းသုံးဆယ်ကို ကျော်ဖြတ်ရပေလိမ့်မည်။ ပိုမေ့၊ ထန်တိုက်လင်နှင့် အစွမ်းထက်ပါရမီရှင်များသည်ပင် ထူးကဲအဆင့်သို့ရောက်ရန် များစွာကြိုးစားခဲ့ကြသည်။ ရွှမ်အဆင့်ကား ရောက်ရှိရန် အလွန်ခဲယဥ်းနေသည်။
"မင်းရဲ့လက်ရှိခွန်အားနဲ့ ကြယ်မြို့ရဲ့ ကာကွယ်ရေးစနစ်ကို ချိုးဖျက်နိုင်မှာမဟုတ်ဘူး။ ကြီးမြတ်သူအဆင့်ကို ရောက်တဲ့အထိ စောင့်ရမယ်။ မြို့ရဲ့ကာကွယ်ရေးအစီအရင်က အားပျော့နေပေမယ့် အဆုံးမဲ့အဆင့်နဲ့ဝင်ရောက်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ခုနစ်ထပ်ကို လုံးဝမသွားနဲ့ဦး။ ထူးကဲအဆင့်တစ်ယောက်တောင် သေသွားနိုင်ချေရှိတယ်"
ထျန်းယွမ်က လေးနက်စွာ အကြံပေးလိုက်သည်။ သူ၏အသံက ဖြည်းဖြည်းချင်း ဝေးကွာလာသကဲ့သို့ ထင်မှတ်ရသည်။
"အကြီးအကဲ အပြင်ကမ္ဘာမှာ ဝိညာဥ်သားရဲကပ်ဘေး ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းကို မေးမြန်းချင်ပါတယ်။ ဒီကပ်ဘေးနဲ့ ထျန်းယွမ်မြို့တော် ဆက်စပ်နေသလား"
ထျန်းယွမ် ပျောက်ကွယ်သွားတော့မည်ကို သတိထားမိသော ယဲ့ချန်က အလောတကြီးမေးလိုက်ခြင်းဖြစ်သည်။
"ငါက ထျန်းယွမ် ချန်ထားရစ်ခဲ့တဲ့ အသိစိတ်တစ်ခုပါပဲ။ အပြင်ကမ္ဘာအကြောင်းမသိတာ နှစ်ပေါင်းများစွာရှိပြီ။ ဒီကပ်ဘေး ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာကို ငါ မသိဘူး။ ဝိညာဥ်သားရဲတွေကလည်း မိစ္ဆာသားရဲမျိုးနွယ်တစ်ခုဖြစ်ပြီး ကြမ်းကြုတ်ကာ အစွမ်းထက်တယ်။ သူတို့က ပြဿနာရှာခဲ့ပေမယ့် ထျန်းယွမ်မြို့တော်ရဲ့ကျင့်ကြံသူတွေက ယဥ်ပါးအောင် ထိန်းကျောင်းနိုင်ခဲ့တယ်။ ထျန်းယွမ်မြို့တော်က သူတို့ရဲ့စိတ်ထဲမှာ ရတနာတွေကို ချန်ထားရစ်တတ်တယ်။ ဖြစ်နိုင်တာက ထျန်းယွမ်မြိူ့တော်က လွတ်မြောက်လာတဲ့ ဝိညာဥ်သားရဲတွေကြောင့် ဒီကပ်ဘေးဖြစ်လာတာပဲ။ အဖြေကိုတော့ မင်းကိုယ်တိုင် ရှာဖွေရမယ်"
ထျန်းယွမ်က ခဏတာတိတ်ဆိတ်သွားပြီးနောက် အဖြေပေးလိုက်သည်။ ထို့နောက် သူ၏အသံက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
"ထျန်းယွမ်မြို့တော်က ဝိညာဥ်သားရဲတွေ လွတ်ထွက်လာတာလား။ ဒါဆိုရင် ဝိညာဥ်မျှော်စင်နဲ့ အခြားနေရာက ဝိညာဥ်သားရဲတွေကရော ဘယ်ကရောက်နေတာလဲ"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ ကျောက်စိမ်းနန်းတော်အတွင်းရှိနေသည်မှာ ထျန်းယွမ်၏ အသိစိတ်တစ်ခုသာ ဖြစ်နေသောကြောင့် ပြင်ပကိစ္စများကို ရှင်းလင်းစွာ သိထားခြင်းမရှိပေ။ သေချာသောအရာတစ်ခုက ဝိညာဥ်သားရဲများသည် ထျန်းယွမ်မြို့တော်မှ ထိန်းကျောင်းယဥ်ပါးစေသော သားရဲများဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့ထံမှ ထျန်းယွမ်ငွေပြားများ၊ ဆည်းဆာရွှေနှင့် အခြားရတနာများ ရှိနေခြင်းဖြစ်သည်။ ထျန်းယွမ်မြို့တော်၏ ကျင့်ကြံသူတစ်ယောက်က ၎င်းတို့ကို လွှတ်ပေးလိုက်ပုံပေါ်သည်။ ထိုလူက တိုက်ကြီးလေးခုလုံးရှိ ကျင့်ကြံသူအားလုံးကို သတ်ဖြတ်ရန် ရည်ရွယ်နေသဖြင့် ဤကိစ္စသာအမှန်ဆိုလျှင် အလွန်ရက်စက်ကြမ်းကြုတ်သူ ဖြစ်ပေလိမ့်မည်။ ထျန်းယွမ်မြို့တော်က အလွန်အမင်းအစွမ်းထက်ကာ ဆန်းကျယ်သည်။ ထိုနေရာသို့ ဝင်ခွင့်ရသူတိုင်းက ရွှမ်အဆင့်များဖြစ်နေသောကြောင့် ပြန်လည်ဆန့်ကျင်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
"ရှေးခေတ်ဟောင်းမှာ ဘာတွေဖြစ်ခဲ့တာလဲကွာ"
ယဲ့ချန်သည် မျက်မှောင်ကြုတ်၍ အတွေးနက်နေခဲ့သည်။ သူ၏ရင်ထဲတွင် သံသယများပြည့်နှက်နေသည်။ ရွှမ်အဆင့်သို့ရောက်လျှင် ပြဿနာအားလုံး ဖြေရှင်းပြီးဖြစ်သွားနိုင်သည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် ကြယ်မြို့ကိုစစ်ဆေးကာ ခိုးဝင်နိုင်သော အပေါက်မျိုး ရှိမရှိ စစ်ဆေးလိုက်သည်။ သို့သော်လည်း အလွန်တင်းကျပ်သော ကာကွယ်ရေးစနစ်ကြောင့် သူက စိတ်ပျက်သွားရသည်။ သူသာ ဇွတ်အတင်းတိုးဝင်သွားလျှင် အစွမ်းထက်သော အစီအရင်ကြောင့် လွင့်ထွက်သွားနိုင်သည်။ သူက ဤမြို့အတွင်းဝင်လိုလျှင် ကြီးမြတ်သူအဆင့်သို့ရောက်ရန် ကြိုးစားရပေလိမ့်မည်။
ရှောင်ရိ၊ နန်ရှင်းတစ်နှင့် အမွေးပွလေးသည်လည်း ဝိညာဥ်ပုလဲအတွင်းမှ ကြယ်မြို့ကိုစိုက်ကြည့်ပြီး ထိတ်လန့်အံ့သြနေကြသည်။ အလွန်ကြီးမားသော မြို့ကြီးတစ်ခုက သူတို့အပေါ် အကျိုးသက်ရောက်မှု ကြီးမားပေသည်။
"ကောင်းကင်ဓားပျံနဲ့ဆိုရင် အစီအရင်တွေကို ထိုးဖောက်နိုင်လောက်မလား"
ယဲ့ချန်က သူ၏အကြံအတိုင်း ချက်ချင်းအကောင်အထည်ဖော်လိုက်သည်။ ကောင်းကင်ဓားပျံတစ်လက်ကို ချက်ချင်းဖန်တီး၍ ကြယ်မြို့၏ကာကွယ်ရေးအစီအရင်ထံ ပစ်ခတ်လိုက်သည်။ ဓားပျံက ခဏအတွင်း အစီအရင်ကို ချက်ချင်းထိမှန်သွားသော်လည်း ၎င်းတို့က တားမြစ်နိုင်စွမ်းမရှိခဲ့ပေ။
"အောင်မြင်သွားပြီလား"
ယဲ့ချန်၏မျက်လုံးများက ဝမ်းသာမှုကြောင့် တောက်ပသွားသော်လည်း ချက်ချင်း စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့သည်။ ကောင်းကင်ဓားပျံက အစီအရင်ကို ကျော်ဖြတ်သွားသော်လည်း ၎င်းက ရေပြင်တစ်ခုပမာ ပြန်လည်ပိတ်ဆို့သွားခဲ့သည်။ ထို့ကြောင့် သူက မြို့တော်အတွင်း ထိုးဖောက်ဝင်ရောက်ရန် အကြံအိုက်နေခဲ့သည်။ သူက ကြယ်မြို့ကို လှည့်ပတ်ကြည့်ရှုလိုက်သောအခါ အချို့နေရာများတွင် အပျက်အစီးများရှိနေကြောင်း သိလိုက်ရသည်။ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပုံပေါ်သော်လည်း ကာကွယ်ရေးအစီအရင်က အကောင်းအတိုင်းရှိနေသောကြောင့် မြို့တွင်းမှ ကျင့်ကြံသူများ သေဆုံးသွားရသည့် အကြောင်းအရင်းကို တွေးမရခဲ့ပေ။
"အတွင်းစစ်ပွဲလား။ ဒါလည်း မဖြစ်နိုင်ပါဘူး"
လေထဲတွင် အစိတ်အပိုင်းအချို့ မျောလွင့်နေကာ ကြယ်မြို့ထံမှ ကျဆင်းလာခြင်းဖြစ်နိုင်သည်။ ၎င်းတို့ကြားတွင် ကျောက်တုံးများနှင့် သတ္တုအပိုင်းအစများရှိနေပြီး ပျက်စီးနေကြသော်လည်း ယဲ့ချန်က အားလုံးကိုသိမ်းယူ၍ အပြင်ရောက်မှလေ့လာရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်တွင် အဝေးမှ အဆုံးမဲ့အဆင့် သရဲအုပ်ကြီးက လူသားနံ့ရလိုက်သောကြောင့် ချက်ချင်းစုဝေးလာကြသည်။ ထောင်ချီသော သရဲများကြားတွင် အဆုံးမဲ့အဆင့်တစ်နှင့်နှစ်က အများစုဖြစ်သည်။ အဆင့်သုံးနှင့်အထက် သရဲအရေအတွက်က နည်းပါးပြီး အစွမ်းအထက်ဆုံးမှာ အဆင့်ငါးဖြစ်သည်။ ယဲ့ချန်၏လက်ရှိခွန်အားဖြင့် ဝိုင်းခံရလျှင်ပင် အသက်ရှင်လျက်လွတ်မြောက်နိုင်သော်လည်း အလွန်အန္တရာယ်များသည်။
သူက နတ်ဆိုးဖိနှိပ်နာရီကို ပျံသန်းလာနေသော သရဲများထံ ပစ်ခတ်လိုက်သည်။ ၎င်းက လေထဲ၌ အရွယ်အစားကြီးမားလာကာ အနက်ရောင်အလင်းများ ထုတ်လွှတ်လိုက်သည်။ သရဲများက တစ်စုံတစ်ခုသော အရှိန်အဝါ၏ဆွဲအားကြောင့် နာရီထံ ပြေးဝင်လာကြပြီး ကိုယ်ထည်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားကြသည်။ ၎င်းက တဒုန်းဒုန်းမြည်ဟီးနေပြီး သရဲဘုရင်၏ အော်ဟစ်ကြုံးဝါးသံလည်း ထွက်ပေါ်နေခဲ့သည်။ ၎င်းက သရဲအရေအတွက်ငါးရာခန့်ကို ဝါးမျိုပြီးသောအခါ အလင်းရောင်များ မှိန်ကျသွားသည်။
"ကြည့်ရတာ နတ်ဆိုးဖိနှိပ်နာရီက ဒီထက်ပိုပြီး မဝါးမျိုနိုင်တော့ဘူးထင်တယ်"
ယဲ့ချန်က လေထဲသို့ခုန်တက်၍ နတ်ဆိုးဖိနှိပ်နာရီကို ဖမ်းယူကာ ပြန်လည်သိမ်းဆည်းလိုက်သည်။ ထို့နောက် ကြယ်မြို့ကို စူးစမ်းနေသော ဝိညာဥ်ပုလဲကိုပါ သိမ်းဆည်းလိုက်၏။
"ရှောင်ရိ အမွေးပွလေး နန်ရှင်း ပြန်ကြစို့"
သူက တဟုန်ထိုးလျှပ်စီးကျင့်စဥ်ကို အသုံးပြုကာ ခြောက်ထပ်၏ထွက်ပေါက်သို့ လှစ်ခနဲ ပျံသန်းသွားခဲ့သည်။ သူက ကြယ်မြို့အတွင်း မဝင်နိုင်သောကြောင့် ရတနာများမရခဲ့သဖြင့် နှမြောစရာကောင်းသော်လည်း အနာဂတ်တွင် ပြန်လာ၍ရယူနိုင်ပေသည်။ ကျောက်စိမ်းနန်းတော်ခရီးတွင် သူက ရတနာများစွာရခဲ့သည်အပြင် ထျန်းယွမ်မြို့တော်နှင့် ဝိညာဥ်သားရဲများအကြောင်း သတင်းအချက်အလက်အချို့ ရရှိခဲ့သောကြောင့် အမြတ်ထွက်သည်ဟု ဆိုနိုင်လေသည်။