ကြီးမြတ်သူအဆင့် လူတစ်ယောက်
Vol. 32 Ch. 450
"ငါ့လက်ရှိခွန်အားနဲ့ သွေးဆာချပ်ဝတ်သားရဲကို သတ်နိုင်မလား။ နတ်ဆိုးဖိနှိပ်နာရီကရော ဒီကောင်ကြီးကို ဖိနှိပ်နိုင်မှာလား။ တကယ်လို့ မဖိနှိပ်နိုင်ရင် ဒီကောင်ကြီးလိုက်သတ်တဲ့အခါ ငါ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး"
အမွေးပွလေးသည် ယဲ့ချန်ကို စိုးရိမ်တကြီးစိုက်ကြည့်နေသည်။ သူက အသက်နှင့်ရင်းရသော စွန့်စားမှုကို အလွယ်တကူမပြုလုပ်လိုသဖြင့် အတွေးနက်နေသည်။ အချိန်ကြာမြင့်စွာ စဥ်းစားပြီးနောက် နည်းလမ်းတစ်ခု ထွက်ပေါ်လာသဖြင့် သူ၏မျက်လုံးများ တောက်ပလာခဲ့သည်။ ကောင်းကင်ဓားပျံများက သွေးဆာချပ်ဝတ်သားရဲ၏ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်ပေလိမ့်မည်။ အဆုံးမဲ့အဆင့်သုံးသို့ တက်ရောက်ပြီးနောက် ဓားပျံကိုထိန်းချုပ်နိုင်သော အကွာအဝေးက မီတာတစ်ထောင်အထိ တိုးတက်လာခဲ့သည်။ ၎င်းက အဝေးသို့ရောက်လေလေ စွမ်းအားက လျော့နည်းသွားလေလေဖြစ်သော်လည်း လုံလောက်ပေသည်။ ထို့ကြောင့် သူက ပစ်မှတ်ကို အဝေးမှတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
"အမွေးပွလေး ငါ ဒီကောင်ကြီးကိုသတ်ဖို့ အကြံရပြီ"
ယဲ့ချန်က တစ်ချက်ပြုံး၍ မုန်တိုင်းဓားကိုဆွဲထုတ်ကာ ပစ်မှတ်အနီးသို့ တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် ခိုးကြောင်ခိုးဝှက် ချီတက်သွားခဲ့သည်။ သူက ၎င်း၏အနီးအနား နှစ်ထောင်မီတာအထိ ချဥ်းကပ်သွားလိုက်သည်။ သားရဲအသိုက်မှရလာသော အတွေ့အကြုံများအရ သွေးဆာချပ်ဝတ်သားရဲသည် အနီးကပ်တိုက်ခိုက်ရာတွင် ကြမ်းတမ်းသော်လည်း အဝေးရှိပစ်မှတ်များကို ရင်ဆိုင်ရာတွင် ညံ့ဖျင်းကြောင်း သိသာသည်။
"မုန်တိုင်းဓားလျှို့ဝှက်ကျင့်စဥ်"
လေထဲတွင် မုန်တိုင်းဓားနှင့် ပုံစံတူဓားအရိပ်များစွာ ထွက်ပေါ်လာသည်။ ကျင့်ကြံဆင့်မြင့်တက်ပြီးနောက် ယဲ့ချန်သည် မုန်တိုင်းဓား၏ရုန်းကို အသက်သွင်းလိုက်လျှင် ဓားအရိပ်ပေါင်းခြောက်ဆယ်ကျော်အထိ ထုတ်လုပ်လာနိုင်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို ပစ်မှတ်ထံ တည့်တည့်မတ်မတ် ပျံသန်းသွားစေသည်။ သူ၏ညာလက်က ကောင်းကင်ဓားပျံခြောက်လက်ကို တရစပ်ဖန်တီး၍ မုန်တိုင်းဓားအရိပ်များအတွင်း ပေါင်းစပ်ပေးလိုက်ပြန်သည်။ ထို့နောက် သူက ချက်ချင်းပုန်းအောင်းလိုက်ပြီး အမွေးပွလေးကလည်း သားရဲကြီးအာရုံမခံနိုင်စေရန် မြူခိုးတစ်ခုဖော်ထုတ်၍ ဖုံးလွှမ်းလိုက်သည်။
တောင်ကြားအတွင်း အနားယူနေသော သွေးဆာချပ်ဝတ်သားရဲ၏ နက်ရှိုင်းကာကြီးမားသော မျက်လုံးနီကြီးများ ဖြတ်ခနဲ ပွင့်လာသည်။ ၎င်းက တိုးဝင်လာနေသော အန္တရာယ်ကို အာရုံခံမိသဖြင့် ထ၍စစ်ဆေးလိုက်သောအခါ ဓားအရိပ်များကိုသာ မြင်တွေ့ခဲ့သည်။ မုန်တိုင်းဓားများ၏ အရှိန်အဝါက အားနည်းလွန်းသောကြောင့် အန္တရာယ်မရှိသော်လည်း ရန်စခံလိုက်ရသဖြင့် ၎င်းက ဒေါသထွက်သွားခဲ့သည်။ အားနည်းလှသော ကျင့်ကြံသူတစ်ယောက်က ရန်စလာခြင်းကို သည်းမခံနိုင်ခဲ့ပေ။ ထိုအချိန်တွင် ကောင်းကင်ဓားပျံများက မည်သည့်အရှိန်အဝါမှ ဖော်ထုတ်ခြင်းမရှိဘဲ တိတ်တဆိတ် ပြေးဝင်လာနေသည်။
မုန်တိုင်းဓားများကို သားရဲကြီးက အထင်သေးစွာကြည့်၍ လက်သည်းများဖြင့် ပုတ်ထုတ်လိုက်သည်။ ဓားအရိပ်များက ၎င်း၏အကြေးခွံကို ထိမှန်သွားသောအခါ တဘန်းဘန်းပေါက်ကွဲ ပျက်စီးသွားကြသည်။ ၎င်းက မည်သည့်ဒဏ်ရာမှမရသည့်အပြင် ခြစ်ရာပင် မထင်ခဲ့ချေ။ ၎င်းက မောက်မာစွာဖြင့် ခေါင်းကိုမော့၍ ဟိန်းဟောက်လိုက်သည်။ ရန်သူက အလွန်အားနည်းနေသောအခါ သေလမ်းရှာခြင်းသက်သက်ဖြစ်သည်ဟု သတ်မှတ်ကာ လိုက်လံရှာဖွေနေခဲ့သည်။ သို့သော် ထိုအချိန်တွင် ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။
"ဘန်း ဘန်း ဘန်း"
ကောင်းကင်ဓားပျံများက အကြေးခွံများကို တစ်ချောင်းပြီးတစ်ချောင်း ဖောက်ထွက်လာကာ သွေးများပန်းထွက်လာသဖြင့် မြေပြင်က အနီရောင်ပြောင်းသွားခဲ့သည်။ သွေးဆာချပ်ဝတ်သားရဲက နာကျင်စွာအော်ဟစ်၍ ဟန်ချက်မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဝုန်းခနဲလဲကျသွားခဲ့သည်။
"ဘုန်း"
၎င်း၏အနီးရှိ တောင်ကြီးတစ်လုံးမှာ ရုန်းကန်နေသော စွမ်းအားများကြောင့် အမှုန့်ဖြစ်သွားခဲ့သည်။ ပုရွက်ဆိတ်ကဲ့သို့ ဖြစ်တည်မှုလေးတစ်ခုက ၎င်းကို ဒဏ်ရာရစေမည်ဟု လုံးဝမျှော်လင့်မထားသဖြင့် အကာအကွယ်ကင်းမဲ့နေသော ကိုယ်အတွင်း ဓားပျံများက စိတ်တိုင်းကျဖျက်ဆီးသွားကြသည်။ သွေးကြောများပြတ်တောက်သွားကာ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ထုတ်ချင်းပေါက် ထိုးဖောက်သွားကြသည်။ ၎င်းက မြေပြင်တွင်ရုန်းကန်၍ နာကျင်စွာ အော်မြည်နေသည်။ သေလုမျောပါးဖြစ်နေသော သွေးဆာချပ်ဝတ်သားရဲကြီးမှာ ယဲ့ချန်၏ကောင်းကင်ဓားပျံများကြောင့် ဒဏ်ရာများ ပို၍ဆိုးရွားလာခဲ့သည်။
ရန်သူအားနည်းနေသော အခြေအနေတွင် သူက သတ်ဖြတ်နိုင်ခြင်းမရှိပါက သွေးဆာချပ်ဝတ်သားရဲ လွတ်မြောက်သွားလျှင် နောက်တစ်ကြိမ်ဖမ်းမိရန် မဖြစ်နိုင်ကြောင်း ယဲ့ချန်က နားလည်ထားသည်။ သူက မီတာနှစ်ထောင်အဝေးတွင် နေရာယူထားပြီး ရှေးနည်းအတိုင်း ဆက်လက်တိုက်ခိုက်နေသည်။ အကယ်၍ ၎င်းက တည်နေရာပြောင်းရွှေ့နိုင်သော လျှို့ဝှက်ကျင့်စဥ်မျိုး ထုတ်မသုံးနိုင်လျှင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ဝူဇီသည်လည်း ကောင်းကင်အထက် ကီလိုမီတာတစ်ဆယ်အမြင့်တွင် နေရာယူထားကာ ပစ်မှတ်ထွက်ပြေးသွားပါက ခြေရာခံလိုက်နိုင်ရန် အသင့်ပြင်ထားခဲ့သည်။
နောက်ထပ်ဓားအရိပ်များ ထွက်ပေါ်လာသည်ကို မြင်သောအခါ သားရဲကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ၎င်း၏ကိုယ်ထက်တွင် ရွှေရောင်တောက်ပနေသော အလင်းလွှာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ကောင်းကင်ဓားပျံများက အလွန်အမင်းထက်ရှပြီး ကာကွယ်ရေးအစီအရင်များကိုပင် ထိုးဖောက်နိုင်သောကြောင့် ခန္ဓာကိုယ်အတွင်း ထပ်မံဝင်ရောက်သွားကြပြန်သည်။ ၎င်းက နာကျင်စွာအော်ဟစ်ရင်း သွေးများ ပန်းထွက်လာပြန်သည်။ ၎င်းက ယဲ့ချန်၏တိုက်ကွက်ကို ကာကွယ်ရေးအမျိုးအစား လျှို့ဝှက်ကျင့်စဥ်အသုံးပြု၍ ခုခံခြင်းက အကြံကောင်းတစ်ခုဖြစ်သည်။ သို့သော် ကောင်းကင်ဓားပျံများက ၎င်း၏ခံစစ်ကို အလွယ်တကူကျော်ဖြတ်နိုင်နေသည်။ ယဲ့ချန်သည် ပစ်မှတ်ကို စက်ဝိုင်းသဏ္ဍာန်လှည့်ပတ်၍ ဓားပျံများကို ဆက်တိုက်ပစ်ခတ်နေသည်။ ပစ်ခတ်နှုန်းက အလွန်မြန်ဆန်သောကြောင့် မြင်ရသောကျင့်ကြံသူတိုင်းကို တုန်တက်သွားသည်အထိ ကြောက်လန့်သွားစေနိုင်သည်။
သွေးဆာချပ်ဝတ်သားရဲကို ခုခံရန်အခွင့်အရေး လုံးဝမပေးလိုသော ယဲ့ချန်က ဓားပျံများကို ၎င်းသေဆုံးသည်အထိ ဆက်လက်ပစ်ခတ်နေမည်ဖြစ်သည်။ ရေပက်မဝင်သော တိုက်ခိုက်မှုများအောက်တွင် ပစ်မှတ်က သွေးချင်းချင်းနီနေပြီး တစ်ကိုယ်လုံးတွင် အပေါက်များ မရေမတွက်နိုင်အောင် ပြည့်နှက်နေသည်။ နောက်ဆုံးတွင် ဆက်တိုက်ရုန်းကန်နေသော သားရဲကြီးက မြေပြင်ပေါ်သို့ ဘုန်းခနဲလဲကျသွားကာ လှုပ်ပင်မလှုပ်တော့ချေ။
"ဒီကောင်ကြီး သေသွားပြီလား"
သို့သော် ယဲ့ချန်က ဓားပျံများပစ်ခတ်ခြင်းကို မရပ်တန့်ခဲ့ပေ။ သူက ဝိညာဥ်အသိစိတ်ဖြင့် ပစ်မှတ်ကို ဆက်တိုက်စောင့်ကြည့် ထောက်လှမ်းနေသည်။ ထူးကဲအဆင့် ရန်သူဖြစ်သောကြောင့် သေဆုံးခြင်းကမသေချာခင် အနီးသို့မကပ်သွားသည်က အကောင်းဆုံးဖြစ်ပေလိမ့်မည်။ နောက်ဆုံးတွင် သွေးဆာချပ်ဝတ်သားရဲ၏ အသက်စွမ်းအင် လုံးဝပျောက်ကွယ်သွားသည်ကို အာရုံခံမိသောအခါတွင်မှ ယဲ့ချန်က ရပ်တန့်လိုက်သည်။ လေထဲတွင်မတ်တပ်ရပ်နေသော သူက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။ ထူးကဲအဆင့်သားရဲတစ်ကောင်က သူ၏အဝေးပစ်တိုက်ကွက်အောက်တွင် သေဆုံးသွားပြီး အနာဂတ်တွင် တစ်ရန်အေးသွားပြီဖြစ်သောကြောင့် သူက ပြုံးလိုက်မိသည်။ သို့သော် သူက အလောင်းကြီးကို ထပ်ကာထပ်ကာစစ်ဆေးနေပြီး အလျင်စလို ချဥ်းကပ်သွားခြင်း မရှိပေ။ အကယ်၍ သွေးဆာချပ်ဝတ်သားရဲက ငြိမ်းခါနီးမီးတောက်ကဲ့သို့ ရှိသမျှစွမ်းအင်များဖြင့် နောက်ဆုံးတစ်ကြိမ်ရုန်းထလာလျှင် ပြဿနာတက်သွားနိုင်သည်။ ထို့ကြောင့် သူက အလောတကြီးရှေ့တက်မသွားဘဲ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့လေသည်။
ထိုအချိန်တွင် ဝိညာဥ်အသိစိတ်အတွင်း အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်ကို ရုတ်တရက်ခံစားမိလိုက်သဖြင့် ယဲ့ချန်က ခေါင်းနားပန်းကြီးသွားသည်။ သူက နောက်သို့လှည့်ကြည့်လိုက်သောအခါ နတ်ဆိုးချပ်ဝတ်အပြည့်အစုံ ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက်ကို တွေ့လိုက်ရသည်။ တစ်ကိုယ်လုံး အမွေးများ ထောင်ထသွားသည်။ ဤကျင့်ကြံသူက သူ့နောက်သို့ရောက်ရှိနေကာ လက်တစ်ချက်လှုပ်ရုံဖြင့် သူက မရဏလမ်းသို့ ရောက်နေပြီးဖြစ်ပေလိမ့်မည်။ သို့သော်လည်း တစ်ဖက်လူက တည်ငြိမ်စွာရပ်နေသောကြောင့် အန္တရာယ်မရှိကြောင်း နားလည်လိုက်သည်။ သူက တည်ငြိမ်စွာဖြင့် အကဲခတ်လိုက်သော်လည်း နတ်ဆိုးချပ်ဝတ်မှ ဖုံးကွယ်ထားသောကြောင့် ထိုကျင့်ကြံသူ၏မျက်နှာသွင်ပြင်ကို မမြင်ရချေ။ လျှပ်စီးများဖုံးအုပ်နေသော နတ်ဆိုးချပ်ဝတ်က ထူးခြားကြောင်း အကြည့်တစ်ချက်နှင့် ပြောနိုင်သည်။ ၎င်းက ကျောက်စိမ်းနန်းတော်ခြောက်ထပ်ရှိ ကြယ်မြို့တော်တွင် တွေ့ခဲ့ရသော ချပ်ဝတ်ငါးစုံအနက်မှ လျှပ်စီးချပ်ဝတ်နှင့် ဆင်တူနေခဲ့သည်။
"ယဲ့ချန် စိတ်လိုက်မာန်ပါမလုပ်နဲ့။ သူက ကြီးမြတ်သူတစ်ယောက်ဖြစ်တယ်"
ခြင်္သေ့ကြီး၏ သတိပေးစကားသံက ယဲ့ချန်၏စိတ်အတွင်း ထွက်ပေါ်လာသည်။
"ကြီးမြတ်သူအဆင့် ကျင့်ကြံသူလား။ သူက ဘာလို့ရုတ်တရက်ပေါ်လာရတာလဲ။ သွေးဆာချပ်ဝတ်သားရဲအလောင်းကို လိုချင်လို့လား။ ဒါဆိုရင် ငါက ပေးလိုက်ရုံကလွဲလို့ ရွေးချယ်စရာမရှိဘူး။ ဘယ်လိုဖြစ်ဖြစ် အသက်ရှင်နေဖို့က အရေးအကြီးဆုံးပဲ"
ယဲ့ချန်က စိတ်ထဲမှရေရွတ်လိုက်ပြီး ဆန်းကျယ်သော ကျင့်ကြံသူနှင့် မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ နှစ်ယောက်လုံးက တိတ်ဆိတ်နေသောကြောင့် ပတ်ဝန်းကျင်က တင်းမာလာသည်။
"စီနီယာက ဘာလိုချင်ပါသလဲ"
အချိန်ကြာမြင့်စွာ တိတ်ဆိတ်ပြီးနောက် ယဲ့ချန်က တိတ်ဆိတ်မှုကိုဖြိုခွဲ၍ မေးလိုက်ခြင်းဖြစ်သည်။
"ဟား ဟား စိတ်ဝင်စားစရာကောင်းတဲ့ လူငယ်လေးပါလား။ မစိုးရိမ်ပါနဲ့၊ ငါက မင်းသတ်ထားတဲ့ ထူးကဲအဆင့် သွေးဆာချပ်ဝတ်သားရဲအလောင်းကို စိတ်မဝင်စားပါဘူး"
နတ်ဆိုးချပ်ဝတ်နှင့်ကျင့်ကြံသူက ခပ်အက်အက်အသံဖြင့် ဖြေလိုက်သည်။
"ဒါဆိုရင် စီနီယာက ဘာကြောင့်"
"မင်းရဲ့ကောင်းကင်ချီနဲ့ ဖန်တီးထားတဲ့ ဓားပျံတွေက ထူးခြားလို့ တစ်ခေါက်လောက်လာကြည့်တာပါ"
ယဲ့ချန်၏မေးခွန်းမဆုံးခင် ထိုကျင့်ကြံသူက ဖြတ်ပြောလိုက်သည်။
"ဒီကျင့်ကြံသူရဲ့ ရည်ရွယ်ချက်က ဘာလဲ"
ယဲ့ချန်၏စိတ်ထဲတွင် သံသယများ ပြည့်နှက်သွားခဲ့လေသည်။
"ငါက ရန်ဟိုင်ပါ။ ထျန်းယွမ်ရှေးဟောင်းမြို့တော်က ခရီးသည်တစ်ယောက်လည်း ဖြစ်တယ်။ လူငယ်လေး မင်းက ပါရမီရှိတယ်။ ငါက ဝိညာဥ်အသိစိတ်နဲ့ အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးရဲ့ ကျင့်ကြံသူတွေကို စစ်ဆေးခဲ့တယ်။ တော်တော်လေးကောင်းမွန်တဲ့ ပါရမီရှင်ရာချီကို ရှာတွေ့ခဲ့ပြီး မင်းက ထိပ်တန်းလူနည်းစုတွေထဲမှာ ပါဝင်တယ်"
ရန်ဟိုင်က ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလာပြီး ကိုယ့်ကိုကိုယ်မိတ်ဆက်လိုက်သည်။ သူက ယဲ့ချန်ကို အကဲခတ်နေဟန်ဖြင့် ခြေဆုံးခေါင်းဆုံးကြည့်နေခဲ့သည်။
"ဒဏ္ဍာရီလာ ရှေးဟောင်းထျန်းယွမ်မြို့တော်ရဲ့ ကျင့်ကြံသူတစ်ယောက်"
ယဲ့ချန်က ထိတ်လန့်သွားခဲ့သည်။ နောက်ဆုံးတွင် သူက ဤကမ္ဘာကြီး၏ လျှို့ဝှက်ချက်များကို ဖြေပေးနိုင်သော လူတစ်ယောက်ကို ရှာတွေ့ခဲ့လေသည်။