← Chapters

ကြီးမားသောလျှို့ဝှက်ချက်များ

Vol. 32 Ch. 451

ကြီးမားသောလျှို့ဝှက်ချက်များ

Vol. 32 Ch. 451

"မင်းရဲ့စိတ်ထဲမှာ မေးခွန်းတွေအများကြီး ရှိနေမယ်ထင်တယ်။ ငါ မင်းကို ဖြေပေးနိုင်တယ်။ မင်းက ဒီကိစ္စကို သိချိန်တန်ပါပြီ"

ရန်ဟိုင်က သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သည်။

"ဒါဆိုရင် စီနီယာရန်က ဘာကြောင့် အရှေ့ပိုင်းတိုက်ကြီးကို ရောက်လာရတာလဲ။ ဝိညာဥ်သားရဲကပ်ဘေးကို ထျန်းယွမ်မြို့တော်က စတင်ခဲ့တာလား"

ခဏတာစဥ်းစားပြီးနောက် ယဲ့ချန်က နောက်ဆုံးတွင် မေးလိုက်ခြင်းဖြစ်သည်။ ဤမေးခွန်းများက ရန်ဟိုင်ကို စိတ်ဆိုးဒေါသထွက်စေလျှင်လည်း သူက မေးရမည်ဖြစ်သည်။ ဝိညာဥ်သားရဲကပ်ဘေးကြောင့် တိုက်ကြီးလေးခုတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများစွာ သေဆုံးခဲ့ရသည်။

"ဒီကိစ္စကိုပြောရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက စပြောရလိမ့်မယ်"

ရန်ဟိုင်က ခေါင်းကိုမော့၍ အဝေးသို့ ငေးကြည့်လိုက်သည်။ သူက အတိတ်ကို ပြန်လည်တွေးတောနေဟန်ဖြင့် ငေးငိုင်နေခဲ့သည်။

"ကျုပ် နားထောင်နေပါတယ်"

"ဒီကမ္ဘာကြီးကို ကောင်းကင်မူလကြယ်လို့ခေါ်တယ်။ လွန်ခဲ့တဲ့နှစ်သိန်းချီက ကောင်းကင်မူလကြယ်က ထျန်းယွမ်လို့ခေါ်တဲ့ ကျင့်ကြံသူတစ်ယောက်ကို ကြယ်သခင်အဖြစ် အသိအမှတ်ပြုခဲ့တယ်"

ရန်ဟိုင်က ချက်ချင်းမဖြေဘဲ မည်သည့်နေရာမှစပြောရမည်ကို တွေးတောနေပုံပေါ်သည်။ အချိန်ခဏတာတိတ်ဆိတ်နေပြီးမှ သူက တည်ငြိမ်သောလေသံဖြင့် စကားစလိုက်၏။ ထျန်းယွမ်ဆိုသော အမည်ကြောင့် ယဲ့ချန်က မင်သက်သွားခဲ့သည်။ ရန်ဟိုင်ပြောလိုက်သော ကြယ်သခင်က ကျောက်စိမ်းနန်းတော်၏ပိုင်ရှင် အကြီးအကဲထျန်းယွမ် ဖြစ်နေနိုင်သည်။

"အမှန်တကယ်ဆိုရင် ငါတို့ကြယ်က ကြယ်စင်စုတစ်ခုမှာ တည်ရှိတယ်။ ရှေးဟောင်းကြယ်စင်စုထဲမှာ ငါတို့ကြယ်က အစွမ်းအထက်ဆုံးမဟုတ်ဘူး။ ဒီမျိုးနွယ်တွေအားလုံးဟာ ကောင်းကင်မူလကြယ်ရဲ့ မျိုးရင်းတွေမဟုတ်ခဲ့ဘူး။ သူတို့အားလုံးက ကြယ်စင်စုတစ်ခုလုံးကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်တစ်ခုကြောင့် စုဝေးခဲ့ကြရတယ်"

"ဘယ်လိုအန္တရာယ်မျိုးလဲ"

ယဲ့ချန်သည် ကြယ်စင်စုတစ်ခုလုံးကို ခြိမ်းခြောက်နိုင်သော အန္တရာယ်အကြောင်း သိလိုနေသည်။

"နယ်ခြားမျိုးနွယ်စုတစ်ခု ဖြစ်တယ်။ သူတို့နဲ့ယှဥ်ရင် ဝိညာဥ်သားရဲကပ်ဘေးက ဘာမှမပြောပလောက်ဘူး။ ကြယ်သခင်ရဲ့စုစည်းမှုနဲ့ အင်အားစုတွေအားလုံး စုဝေးခဲ့ကြတယ်။ ရန်သူတွေကို တွန်းလှန်ဖို့အတွက်ဆိုရင် ပြန်လည်တိုက်ခိုက်ရမယ်ဆိုတာကို သူတို့က နားလည်သွားတဲ့နောက်မှာ ဧရာမစစ်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့ပြီး အစွမ်းထက်ကျင့်ကြံသူပေါင်းများစွာ ကျဆုံးခဲ့ရတယ်"

ရန်ဟိုင်၏စကားကြောင့် ယဲ့ချန်သည် ကျောက်စိမ်းနန်းတော်လေးထပ်မြောက်ရှိ ရေခဲဖြင့်ပြုလုပ်ထားသော ဧရာမဂူသင်္ချိုင်းကြီးအကြောင်း တွေးလိုက်မိသည်။

"နောက်ဆုံးမှာ သခင်ထျန်းက အစွမ်းထက်ကျင့်ကြံသူတွေအားလုံးကို ခေါင်းဆောင်ပြီး နယ်ခြားရန်သူတွေကို ယာယီတားဆီးနိုင်ခဲ့တယ်။ ဒါပေမယ့် ယာယီသာဖြစ်လို့ ကြယ်စင်စုတစ်ခုလုံးရဲ့ ကြယ်သခင်တွေက အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြတယ်။ သခင်ထျန်းက အစည်းအဝေးတက်ဖို့ ထွက်သွားပြီးတဲ့နောက်မှာ ဘယ်တော့မှပြန်ရောက်မလာခဲ့ဘူး။ ကောင်းကင်မူလကြယ်က နောက်ထပ်ကြယ်သခင်တစ်ယောက် ရွေးချယ်လိုက်တဲ့အချိန်မှာ သူ ကွယ်လွန်သွားပြီဆိုတာကို ငါတို့အားလုံး သိလိုက်ရတယ်။ ကောင်းကင်မူလကြယ်က တစ်ကြိမ်မှာ ကြယ်သခင်တစ်ယောက်တည်းသာ ရှိရတယ်"

ယဲ့ချန်သည် ကျောက်စိမ်းနန်းတော်ထဲတွင် ထျန်းယွမ်၏အသိစိတ်ကို တွေ့ခဲ့ရသော်လည်း သေဆုံးသွားပြီ မယုံကြည်ခဲ့ပေ။ သို့သော် ထျန်းယွမ်မြို့တော်မှရန်ဟိုင်က ပြောလာသောအခါ လက်မခံချင်သော်လည်း လက်ခံရမည်ဖြစ်သည်။ သူ၏ရင်ထဲတွင် ဝမ်းနည်းစိတ်တစ်ခု ဖြစ်တည်လာ၏။

"ဒုတိယမြောက်ကြယ်သခင်က ရှင်းရွှမ်လို့ခေါ်ပြီး သခင်ထျန်းထက် ပိုပြီးအစွမ်းထက်တယ်။ သူက ကျင့်ကြံသူတွေကိုဦးဆောင်ပြီး နယ်ခြားမျိုးနွယ်ကို လေးငါးကြိမ်မကမောင်းထုတ်နိုင်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက နယ်ခြားမျိုးနွယ်ရဲ့ အစွမ်းထက်ကျင့်ကြံသူတွေရောက်ရှိလာပြီး သခင်ရှင်းက တိုက်ပွဲအတွင်းမှာ သေဆုံးသွားခဲ့တယ်။ ဒါပေမယ့် သူမသေခင်မှာ နယ်ခြားမျိုးနွယ်ရဲ့ကျင့်ကြံသူတွေကို လျှို့ဝှက်ကျင့်စဥ်တစ်ခုအသုံးပြုပြီး သတ်ဖြတ်ပစ်လိုက်တယ်။ သူက ထျန်းယွမ်မြို့တော်ရဲ့ကျင့်ကြံသူတွေကို နောက်ထပ်ကြယ်သခင်တစ်ယောက် ထပ်ရှာဖွေဖို့ အမိန့်ပေးထားခဲ့တယ်"

ရန်ဟိုင်က ခဏတာတိတ်ဆိတ်သွားပြီးနောက် ဆက်ပြောလိုက်သည်။

"သခင်ရှန်း မကွယ်လွန်ခင်မှာ ကိစ္စတွေအများကြီး ပြုလုပ်ခဲ့တယ်။ သူရဲ့လျှို့ဝှက်ကျင့်စဥ်ကြောင့် မသေဆုံးခင်မှာ ပိုင်ဆိုင်ထားတဲ့စွမ်းအားတွေနဲ့ အနီးဆုံးက ကြယ်သေတစ်လုံးကို ငါတို့ကြယ်ပေါ်မှာ ဖောက်ခွဲပေးခဲ့တယ်။ ဒီလုပ်ရပ်က ငါတို့ကိုကူညီဖို့အတွက် ကြယ်အမြုတေနဲ့ အာကာသကျောက်တွေအများကြီးကို ထောက်ပံ့ပေးခဲ့တယ်"

"ဒီလိုဆိုရင် စီနီယာတို့က ဘာကြောင့် သခင်ရှင်းရဲ့နေရာကို အမွေဆက်ခံခြင်းမရှိရတာလဲ"

"ကြယ်သခင်ရာထူးက အမွေဆက်ခံရတာမဟုတ်ဘူး။ ကြယ်ဝိညာဥ်က ရွေးချယ်တာဖြစ်တယ်။ ကြယ်တိုင်းက ဖြစ်တည်လာတဲ့အခါ ဝိညာဥ်တစ်ခု မွေးဖွားလာတယ်။ ကောင်းကင်မူလကြယ်ဝိညာဥ်က အလွန်အစွမ်းထက်တယ်။ သူ အသိအမှတ်ပြုတာကိုခံရဖို့ဆိုရင် အများကြီးစမ်းသပ်ခံရမယ်။ ဒါမှသာ ကြယ်သခင်ရာထူးကို ဆက်ခံနိုင်လိမ့်မယ်"

ရန်ဟိုင်၏စကားက ယဲ့ချန်ကို အလွန်အံ့သြသွားစေခဲ့သည်။ ဤကမ္ဘာကြီး၏ဖြစ်ရပ်များက သူတွေးနိုင်သည်ထက် ပို၍ကျော်လွန်နေသည်။ ကြယ်သခင်တစ်ယောက်က ကြယ်တစ်လုံးကို ဖောက်ခွဲပစ်နိုင်စွမ်းရှိကြောင့် အလွန်အစွမ်းထက်ကြောင်း သိသာနေသည်။

"ကောင်းကင်မူလတိုက်ကြီးရဲ့ အစီအရင်က ဘယ်လိုဖြစ်ပေါ်လာတာလဲ။ ဘာကြောင့် ဒါက တိုက်ကြီးငါးခုကို ပိုင်းခြားထားရတာလဲ"

ဤကား ယဲ့ချန်အမြဲတမ်းစိုးရိမ်နေခဲ့သော မေးခွန်းတစ်ခုဖြစ်သည်။

"ဒီအစီအရင်ကို သခင်ထျန်းရဲ့ခေတ်မှာ စတင်တည်ဆောက်ခဲ့ပြီး သခင်ရှင်းလက်ထက်မှာ ပြည့်စုံသွားခဲ့တယ်။ ဒါက သခင်ထျန်းရဲ့ အစွမ်းအထက်ဆုံးအစီအရင်ဖြစ်ပြီး နယ်ခြားမျိုးနွယ်ကို ခုခံပေးနိုင်တယ်။ အစီအရင်ပြည့်စုံသွားချိန်မှာ သခင်ရှင်းက ရွှမ်အဆင့်အထက် ကျင့်ကြံသူအားလုံးကို ဆင့်ခေါ်ခဲ့တယ်"

"အစီအရင်အပြင်ဘက်က လူတွေကရော ဘယ်လိုဖြစ်လာမှာလဲ"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ မေးခွန်းထုတ်လိုက်သည်။

"ကောင်းကင်မူလတိုက်ကြီးရဲ့ ကောင်းကင်မှာ ထျန်းယွမ်မြို့တော်နဲ့ ကြယ်မြို့ကိုးခုရှိတယ်။ ဒီမြို့တွေက ခံတပ်ဖြစ်ပြီး ကျဆုံးသွားရင် တိုက်ကြီးလေးခုလုံး ပျက်စီးသွားရလိမ့်မယ်။ ကျင့်ကြံသူတွေအားလုံးက နောက်ဆုံးခံစစ်အဖြစ် ကောင်းကင်မူလတိုက်ကြီးထဲကို ဆုတ်ခွာရလိမ့်မယ်။ စစ်ပွဲဖြစ်လာရင် ငါတို့က လူတိုင်းကို မကယ်တင်နိုင်ဘူး။ ကောင်းကင်မူလကြယ်ရဲ့အရင်းအမြစ်တွေက ကျင့်ကြံသူတိုင်းကိုထောက်ပံ့နိုင်ဖို့ မလုံလောက်ဘူး။ ပြီးတော့ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ကောင်းကင်မူလတိုက်ကြီးရဲ့ မျိုးနွယ်တွေက ကျန်တိုက်ကြီးလေးခုထက် များစွာပိုအစွမ်းထက်လာကြတယ်"

ရန်ဟိုင်၏စကားကြောင့် ယဲ့ချန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ ထျန်းယွမ်မြို့ကျဆုံးသွားလျှင် တိုက်ကြီးလေးခုလုံး စွန့်ပစ်ခံရပြီဖြစ်ကြောင်း ချက်ချင်းနားလည်လိုက်သည်။ လက်ရှိတွင် သူတို့အားလုံးကို ကာကွယ်ပေးနေသည်မှာ ထျန်းယွမ်ရှေးဟောင်းမြို့တော်ဖြစ်သည်။ အသက်ရှင်ရန်အတွက် အရင်းအမြစ်များကို ဦးစားပေးလာရသောအခါ အားနည်းသူများမှာ စွန့်ပစ်ခံရပေလိမ့်မည်။ ဤကား ရက်စက်သော်လည်း ရှောင်လွှဲမရသော အမှန်တရားပင်ဖြစ်လေသည်။ ကောင်းကင်မူလတိုက်ကြီးမှလွဲလျှင် ကျန်တိုက်ကြီးလေးခုက အချိန်မရွေးဖျက်ဆီးခံရနိုင်သော အန္တရာယ်ရှိနေခဲ့သည်။

"ဝိညာဥ်သားရဲတွေက ဘာကြောင့်ထွက်ပေါ်လာရတာလဲ"

ယဲ့ချန်က သက်ပြင်းတစ်ချက်ချ၍ မေးလိုက်ပြန်သည်။

"ဒါက သခင်ရှင်းရဲ့စီစဥ်မှုတစ်ခုပါပဲ။ သူ့ဆုံးဖြတ်ချက်ကို ငါတို့က မေးခွန်းမထုတ်ရဲဘူး။ လာမယ့်အနာဂတ်မှာ ကပ်ဘေးက ပိုပြီးကြောက်စရာကောင်းလာလိမ့်မယ်။ မင်းက အသက်ရှင်ချင်ရင် ကောင်းကင်မူလတိုက်ကြီးဆီ ဝင်ခွင့်ရအောင် ကြိုးစားရမယ်။ ထျန်းယွမ်မြို့တော်က အရာအားလုံးကိုစောင့်ကြည့်ဖို့ ကျင့်ကြံသူတွေ စေလွှတ်ထားပေမယ့် ငါတို့က ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး။ သေတာရှင်တာက မင်းရဲ့အစွမ်းအပေါ်မှာ မူတည်တယ်"

ရန်ဟိုင်၏အသံက ခံစားချက်မရှိဟန်ဖြင့် တည်ငြိမ်နေခဲ့သည်။

"ဒါဆိုရင် အပြစ်မရှိသူတွေ အများကြီးသေဆုံးသွားမှာကို ခင်ဗျားက ကြည့်နေမှာလား"

ယဲ့ချန်၏ရင်ထဲတွင် ခံစားချက်များ တင်းမာလာသည်။

"သူတို့က ဝိညာဥ်သားရဲတွေကြောင့်မသေရင်တောင် နယ်ခြားမျိုးနွယ်ရောက်လာရင် အစာဖြစ်သွားလိမ့်မယ်။ ဝိညာဥ်သားရဲကပ်ဘေးကို မကျော်ဖြတ်နိုင်ရင် အသက်ရှင်ဖို့ အခွင့်အရေးမရှိဘူး။ သခင်ရှင်းကိုယ်တိုင်က အနာဂတ်အတွက် လူတစ်ယောက်က အပြစ်သားဖြစ်ရမယ်ဆိုရင် သူဖြစ်ပါစေလို့ မိန့်ခဲ့တယ်။ သခင်ရှင်းကြောင့်သာမဟုတ်ရင် ကောင်းကင်မူလကြယ်တစ်ခုလုံးက အတောမသတ်နိုင်အောင် ဖျက်ဆီးခံရပြီးပြီ"

ရန်ဟိုင်၏အဖြေကြောင့် ယဲ့ချန်က တိတ်ဆိတ်သွားခဲ့သည်။ ကြယ်သခင်ရှင်းထံတွင်လည်း ကြယ်တစ်ခုလုံးတည်ရှိရေးအတွက် ရွေးချယ်စရာမရှိပေ။ ဝိညာဥ်သားရဲကပ်ဘေးကို ကျော်ဖြတ်နိုင်မှသာ ကောင်းကင်မူလတိုက်သို့ဝင်ရန် အရည်အချင်းပြည့်မီပေလိမ့်မည်။

"ဒါဆိုရင် ကျုပ်က ကောင်းကင်မူလတိုက်ကြီးကို ဝင်ခွင့်ရဖို့ ဘယ်လိုလုပ်ရမလဲ"

ယဲ့ချန်က ရန်ဟိုင်ကိုစိုက်ကြည့်၍ လေးနက်စွာမေးလိုက်သည်။ ဝိညာဥ်သားရဲများက ပို၍အစွမ်းထက်လာပြီး နယ်ခြားမျိုးနွယ်များက ကျားချောင်းချောင်းနေခဲ့သည်။ သူ၏ခွန်အားဖြင့် ကြယ်တစ်ခုလုံးကိုမကယ်တင်နိုင်လျှင်ပင် ကြယ်ခန်းမတပည့်များနှင့် ယဲ့မျိုးနွယ်ကို ကယ်တင်ရန် အကောင်းဆုံးကြိုးစားမည်ဖြစ်သည်။

"ဝင်ခွင့်ရဖို့ မင်းက ကြီးမြတ်သူအဆင့်ကို ရောက်နေရမယ်။ ဝင်ခွင့်ကို ဆည်းဆာရွှေဆယ်သန်းနဲ့ ဝယ်ယူနိုင်တယ်"

ရန်ဟိုင်သည် လျှို့ဝှက်ချက်များစွာကို သိလိုက်ရသော်လည်း ချက်ချင်းတည်ငြိမ်သွားသော ယဲ့ချန်ကို အံသြစွာ ကြည့်လိုက်မိသည်။

"ကြီးမြတ်သူအဆင့်ကို ရောက်ရမှာလား"

ဤလိုအပ်ချက်က အလွန်မြင့်မားလှသည်။ သူက ထိုအဆင့်သို့ရောက်ရန် အချိန်များစွာယူရမည်ဖြစ်သည်။ အခြားကျင့်ကြံသူများအတွက်လည်း အလွန်တရာခက်ခဲနိုင်သည်။

"ကောင်းကင်မူလတိုက်ဝင်ခွင့်ရဖို့ မလွယ်ကူဘူး။ ဒါပေမယ့် သခင်ရှင်းက မင်းတို့ကို အခွင့်အရေးပေးဖို့အတွက် အများကြီးကြိုးစားထားတယ်။ မင်းတို့အတွက် အာကာသကျောက်တွေ ဖြန့်ဝေပေးထားပြီး စားလိုက်ရင် ကျင့်ကြံဆင့်ကိုထောက်ပံ့ပေးနိုင်တဲ့ ဝိညာဥ်သားရဲတွေလည်း ပါတယ်။ နောက်တစ်ချက်ပြောရရင် အစွမ်းထက်ကျင့်ကြံသူတွေရဲ့ မိသားစုဝင်ဖြစ်ရမယ်။ မင်းက နတ်ဘုရင်အဆင့်အထက် ဝိညာဥ်သားရဲတွေကို လုံလုံလောက်လောက်သတ်ပြီးရင် ဆည်းဆာရွှေတွေ ရလိမ့်မယ်"

ရန်ဟိုင်က အဝေးရှိသွေးဆာချပ်ဝတ်သားရဲအလောင်းကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။

"ဆည်းဆာရွှေကို ဘယ်နေရာမှာ အသုံးပြုရမလဲ"

ယဲ့ချန်က သံသယဖြင့် မေးလိုက်သည်။ ဆည်းဆာရွှေများက ပိုမိုကောင်းမွန်သော သတ္တုများဖြစ်ကာ ကောင်းကင်မူလတိုက်ကြီးအတွက် အရေးကြီးသော ရတနာတစ်မျိုးဖြစ်နိုင်သည်။

"မင်းက ဝိညာဥ်သားရဲတွေအကြောင်း နားမလည်သေးဘူးထင်တယ်။ ဝိညာဥ်သားရဲတွေက ကြမ်းကြုတ်ရက်စက်ပေမယ့် ကြယ်သခင်နှစ်ပါးက ဒီကောင်တွေမှာ အခြားသားရဲတွေမှာမရှိတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားတာကို သိခဲ့တယ်"

ရန်ဟိုင်က တစ်ချက်ပြုံး၍ ဖြေလိုက်သည်။

"ဘာများလဲ"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်သည်။

"သူတို့ရဲ့အသက်ရှင်သန်နိုင်စွမ်းက အရမ်းမြင့်ပြီး ကြယ်သေတစ်လုံးပေါ်မှာတောင် အသက်ရှင်နိုင်ကြတယ်။ သူတို့အတွက် အရာအားလုံးကအစာဖြစ်ပြီး မျိုးပွားနိုင်စွမ်းက အလွန်မြင့်မားတယ်။ အရင်းအမြစ်တွေကုန်သွားရင် သူတို့က အချင်းချင်းပြန်လည်ဝါးမျိုကြပြီး ဆန်းကျယ်အဆင့်ကနေ နတ်အဆင့်၊ နတ်အဆင့်ကနေ မဟာသာလွန်အဆင့်စသဖြင့် တိုးတက်နိုင်ကြတယ်။ ပိုပြီးအစွမ်းထက်တဲ့ ရွှမ်အဆင့်ကိုတောင် ရောက်နိုင်စွမ်းရှိတယ်။ သူတို့ရဲ့အသားက ကျင့်ကြံရေးအတွက် အကူအညီပေးနိုင်ပြီး ထျန်းယွမ်ငွေပြား၊ ဆည်းဆာရွှေနဲ့ ပိုအဆင့်မြင့်တဲ့ နတ်ဆိုးရွှေသတ္တုတွေက သူတို့ရဲ့အမြုတေထဲမှာ ကြယ်ဝိညာဥ်ရဲ့စွမ်းအားအရ ဖြစ်တည်နေကြတယ်။ ဒီသတ္တုတွေကို အသုံးပြုပြီး တာအိုလက်နက်တွေကိုတောင် ထုလုပ်နိုင်တယ်။ ကောင်းကင်မူလတိုက်ကြီးမှာ ဒါတွေက ရောင်းဝယ်ရေးအတွက် ငွေကြေးစနစ်ဖြစ်တယ်"

ဝိညာဥ်သားရဲများ၏ခေါင်းအတွင်းရှိ သတ္တုများက ကြီးမားသော အကျိုးသက်ရောက်မှုရှိနေသည်။ တာအိုလက်နက်များက ရှေးဟောင်းနတ်ရတနာများထက် ပို၍အစွမ်းထက်သော အရာများဖြစ်ကြသည်။ ရန်ဟိုင်၏ရှင်းပြချက်အရ ယဲ့ချန်သည် ဖြစ်ရပ်တစ်ခုလုံးကို နားလည်သွားခဲ့ကြသည်။ ပထမဆုံးအနေဖြင့် ဝိညာဥ်သားရဲကပ်ဘေးကို ကျော်ဖြတ်ကာ ကောင်းကင်မူလတိုက်ဝင်ခွင့်ရရန် ကြိုးစားရပေလိမ့်မည်။ သို့သော် သူက ထူးကဲအဆင့်သို့ပင်မရောက်သေးရာ ကြီးမြတ်သူအဆင့်က အလွန်ဝေးကွာနေသည်။

"မင်းရဲ့ပါရမီနဲ့ဆိုရင် ဝင်ခွင့်ရဖို့အတွက် အခွင့်အရေးရှိပါတယ်"

ယဲ့ချန်၏အတွေးများကို ရိပ်စားမိသော ရန်ဟိုင်က နှစ်သိမ့်အားပေးလိုက်သည်။ သူက ယဲ့ချန်၏ပါရမီကို သဘောကျနေခြင်းဖြစ်သည်။ လက်ရှိတွင် ယဲ့ချန်၏စိတ်အတွင်း ယဲ့မျိုးနွယ်နှင့် မိတ်ဆွေများအကြောင်းအတွေးက ကြီးစိုးနေသည်။ သူက ယဲ့မျိုးနွယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်လာကာ နှလုံးသားမဲ့သော တစ်ကိုယ်ကောင်းဆန်သူလည်း မဟုတ်ပေ။ သူက ရက်စက်စွာဖြင့် ကိုယ်လွတ်ရုန်းသွားလျှင် အနာဂတ်၌ သိုင်းတာအိုတွင် ကိုယ်တွင်းမိစ္ဆာဖြစ်ပေါ်လာ၍ ကျင့်ကြံခြင်း ရပ်တန့်သွားနိုင်သည်။ သူ၏ပခုံးပေါ်တွင် ယဲ့မျိုးနွယ်နှင့် ကြယ်ခန်းမကို ထမ်းထားရသဖြင့် ဖိအားများ ရုတ်တရက်တိုးလာခဲ့သည်။

"မင်းကို ကောင်းကင်မူလတိုက်ကြီးမှာ ပြန်တွေ့ဖို့ မျှော်လင့်ထားတယ်။ မင်းရဲ့ပါရမီကို ငါ စောင့်ကြည့်နေမယ်။ အခုတော့ နှုတ်ဆက်ပါတယ်"

ရန်ဟိုင်က ပြောပြောဆိုဆိုနှင့် ဖြတ်ခနဲ ပျောက်ကွယ်သွားသည်။ သူက တည်နေရာပြောင်းကျင့်စဥ်တစ်ခုကို အသုံးပြုလိုက်ခြင်းဖြစ်သောကြောင့် ယဲ့ချန်က အံ့သြသွားရသည်။ ကြီးမြတ်သူအဆင့် ကျင့်ကြံသူတစ်ယောက်က လျင်မြန်စွာထွက်ပေါ်လာ၍ တိတ်တဆိတ်ပျောက်ကွယ်သွားခဲ့သည်။ အနာဂတ်တွင် ကပ်ဘေးက ပိုမိုကြမ်းတမ်းလာမည်ကို သိရသောအခါ သူ၏စိတ်များ လေးလံနေသည်။ သူက သားရဲအလောင်းကြီးကို လက်မောင်းကာနေရာလပ်အတွင်း ပို့ဆောင်လိုက်၏။

ထိုအချိန်တွင် ကျင့်ကြံသူအုပ်စုတစ်ခု ရောက်ရှိလာကာ နတ်အဆင့်ကျင့်ကြံသူများ ပါဝင်နေသည်။ အစွမ်းအထက်ဆုံးက အဆုံးမဲ့အဆင့်ခြောက်ဖြစ်သောကြောင့် သူက လျှို့ဝှက်ကျင့်စဥ်ဖြင့် အဝေးသို့ ထွက်ခွာသွားခဲ့သည်။ အချိန်ခဏအကြာတွင် ကိုယ်ပေါ်၌ ကျားသစ်နက်ပုံများ ဆေးမင်ထိုးထားသည့် ကျင့်ကြံသူတစ်ယောက် ဦးဆောင်သော အဖွဲ့တစ်ခုရောက်ရှိလာသည်။ သူက မီးတောက်သစ်နက်မျိုးနွယ်မှဖြစ်ကာ အခြားမျိုးနွယ်ဝင်များလည်း လိုက်ပါလာသည်။

"ရှန်းရန် ဒီသွေးအိုင်ကို ကြည့်စမ်း"

အဆုံးမဲ့အဆင့်သုံး မိုးကြိုးမျိုးနွယ်ဝင်တစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်။

"ဒါကသွေး ဆာချပ်ဝတ်သားရဲ ရဲ့သွေးဖြစ်တယ်။ ဒီသွေးအိုင်အရဆိုရင် သူက သေသွားလောက်ပြီ။ အလောင်းကို တစ်ယောက်ယောက်ယူသွားပြီ"

ရှန်းရန်က သွေးကို လက်ချောင်းဖြင့်တို့၍ ပါးစပ်ထဲသို့ထည့်ကာ အရသာခံစစ်ဆေးလိုက်၏။ လူတိုင်းက သွေးအိုင်ကိုအခြေခံ၍ သားရဲကြီးမသေခင် မည်မျှခံစားသွားရကြောင်း ခန့်မှန်းနိုင်ခဲ့သည်။

"တရားခံက ထူးကဲအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လိမ့်မယ်။ တကယ်လို့ သူသာ အလောင်းကိုယူသွားရင် ငါတို့ပြန်ရဖို့ မဖြစ်နိုင်ဘူး"

မိုးကြိုးမျိုးနွယ်ဝင်ကျင့်ကြံသူက သဲလွန်စများကိုအခြေခံ၍ သုံးသပ်လိုက်သည်။

"ဒီမှာ ကြည့်စမ်း"

ရှန်းရန်က တစ်ခုခုရှာတွေ့သွားဟန်ဖြင့် မြေပြင်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုနေရာတွင် ထက်ရှသော လက်နက်တစ်ခု ထိုးဖောက်ခံထားရသည့်အလား တစ်လက်မအရွယ် အပေါက်တစ်ခုရှိနေသည်။ ၎င်း၏ဘေးတွင် သွေးဆာချပ်ဝတ်သားရဲ၏ အကြေးခွံများရှိနေကာ နေရောင်အောက်တွင် ရွှေရောင်တောက်ပနေသည်။ ပြတ်ရှရာများက ဓားဖြင့်ခုတ်ထားသည့်အတိုင်း တိတိရိရိပြတ်ကျနေသည်။

"ဒါက ဘယ်လိုလက်နက်မျိုးလဲ။ ထက်လှချည်လား။ ဘယ်လိုလက်နက်မျိုးက သွေးဆာချပ်ဝတ်သားရဲရဲ့အကြေးခွံကို ဖြတ်တောက်နိုင်တာလဲ"

"အရှင်ပိုမေ့တောင်မှ ဒီကောင်ကြီးရဲ့ အားနည်းချက်တွေကို တိုက်ခိုက်ပြီး အနိုင်ယူခဲ့ရတယ်။ ဒါပေမယ့် ဒီလက်နက်က အကြေးခွံတွေကို ထိုးဖောက်နိုင်နေတယ်"

လူတိုင်းက မျက်နှာပျက်သွားကြသည်။ သူတို့က သားရဲကြီးကိုသတ်ဖြတ်၍ အလောင်းကိုသိမ်းယူသွားသော ကျင့်ကြံသူက မည်သူဖြစ်ကြောင်း စဥ်းစားမရပေ။

"ဒါတွေကို ငါယူသွားပြီး အရှင့်ကိုပြလိုက်မယ်"

မိုကြိုးမျိုးနွယ်ဝင်တစ်ယောက်က ရှန်းရန်ထံမှ အကြေးခွံများကို လက်လွှဲရယူလိုက်သည်။ ထို့နောက် သူတို့အားလုံးက အဝေးသို့ ထွက်ခွာသွားကြသည်။

ထိုအချိန်တွင် ယဲ့ချန်သည် ကြယ်ခန်းမသို့ ပြန်ရောက်နေပြီဖြစ်သည်။ နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲတစ်ကောင်၏အသားကပင် အဖိုးတန်နေသောအခါ ထူးကဲအဆင့်ဆိုလျှင် အလွန်တရာအဖိုးတန်ပေသည်။ ထို့အပြင် သွေးဆာချပ်ဝတ်သားရဲက ဝိညာဥ်သားရဲမျိုးနွယ်တွင် ထိပ်တန်းမျိုးဆက်ဖြစ်သောကြောင့် သာမန်ထူးကဲအဆင့်များထက် ပို၍သာလွန်သည်။ ၎င်းက အလွန်ကြီးမားသောကြောင့် ယဲ့မျိုးနွယ်ဝင်များနှင့် ကြယ်ခန်းမ၏ပါရမီရှင်များ စားသောက်ရန် လုံလောက်သည်။ အပြင်အကြေးခွံ၊ အရိုးစသော အရာများအားလုံးကလည်း အဖိုးတန်သောကြောင့် တိရှုံးက ဝိညာဥ်လက်နက်များထုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးချနိုင်သည်။

"ရန်ဟိုင်ပြောသွားတာတွေကို ကြယ်သလင်းကျောက်ကနေ ပြောလိုက်ရမလား"

ယဲ့ချန်က ခဏတာစဥ်းစားပြီးနောက် အသွင်အပြင်ကိုပြောင်းလဲ၍ သူသိထားသမျှကိုဝေမျှရန် ပြင်ဆင်လိုက်၏။ ထိုအချိန်တွင် ကြယ်သလင်းကျောက်က တောက်ပလာပြီး ဆံပင်ဖြူဖြူနှင့် ပိန်ပိန်ပါးပါးအဘိုးအိုတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာခဲ့သည်။

"ကျုပ်က သမာဓိကောင်စီရဲ့ မဟာအကြီးအကဲ ရန်ဟုန်ဖြစ်တယ်။ ခေါင်းဆောင်သုံးယောက်က ကပ်ဘေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ လူတိုင်းကို အလယ်အင်ပါယာမြို့တော်ဆီ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီအချိန်မှာ ကျုပ်တို့ကြားက ရန်ငြှိုးတွေကို မေ့ထားပေးမယ်။ ဝိညာဥ်သားရဲတွေကြောင့် သေရေးရှင်ရေးဖြစ်တဲ့အချိန်မှာ အားလုံးပူးပေါင်းသင့်ပါတယ်"

ရန်ဟုန်က တစ်ချက်ပြုံး၍ ကြေညာလိုက်သည်။

နောက်ဆုံးတွင် သမာဓိကောင်စီထွက်ပေါ်လာသောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ ရန်ဟုန်၏လေသံအရ သူတို့က တစ်ခုခုကိုသိထားနိုင်သော်လည်း ထောင်ချောက်တစ်ခုဖြစ်နေနိုင်သည်။ ထိုလူများက ထန်တိုက်လင်ကိုပင် ချုံခိုတိုက်ခိုက်၍ သတ်ဖြတ်ရန် ကြံစည်ခဲ့ဖူးသည်။ ဤအချက်ကို သတိမထား၍ မရချေ။

"သမာဓိကောင်စီက ဒီလောက်ရိုးသားနေရင် ခေါင်းဆောင်သုံးယောက်က ဘာလို့ကိုယ်တိုင် ထွက်ပေါ်မလာရတာလဲ"

မိုးကြိုးမျိုးနွယ်၏ မဟာအကြီးအကဲတစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်။

"ခေါင်းဆောင်တွေက ကြီးမြတ်သူအဆင့်ကို တက်ရောက်နိုင်ဖို့ တံခါးပိတ်ကျင့်စဥ် ဝင်နေကြပါတယ်။ ကျေးဇူးပြုပြီး နားလည်ပေးပါ"

ရန်ဟုန်က ပြုံးနေသော်လည်း မောက်မာမှုက အထင်းသားပေါ်လွင်နေသည်။ ကျင့်ကြံသူအားလုံးက ကြီးမြတ်သူအဆင့်ဟူသော စကားလုံးကြောင့် ကျောရိုးထဲမှ အေးစိမ့်သွားကြလေသည်။

All Chapters