လူရွေးပွဲ(၂)
Vol. 47 Ch. 511-ခ
တစ်မိနစ်ခန့်ကြတော့ ကျိုးဖေးက အရယ်ရပ်လိုက်ပြီး “အစ်မယန် နင်က တကယ့်ဉာဏ်ကြီးရှင်ပဲ။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့နာမည်လဲ။ အဲဒါ ခဲအိုနဲ့ လိုက်တယ်”
“ဘာပဲဖြစ်ဖြစ် ပြိုင်ပွဲ နှစ်လှည့် သုံးလှည့်လောက် ပြီးရင် သူ့ကို သိသွားကြမှာ။ အဲဒီအချိန်က စတိတ်နာမည်က အသုံးမဝင်တော့ဘူး” ဇီယန်က ခေါင်းယမ်းကာ ပြောသည်။
ထိုနေ့ နှောင်းပိုင်းက ဤကိစ္စကို သေသေချာချာ စဉ်းစားပြီး ကျန်းဟန်နှင့် ဆွေးနွေးခဲ့သည်။ အကယ်၍ သူသာ ရှိုးတွင် ပါဝင်ရန် ဆန္ဒမရှိပါက မလိုက်ဘဲနေနိုင်သည်ဟု သူမ သူ့အား ပြောခဲ့သည်။ ကျန်းဟန်က သီချင်းအချို့ကို သီဆိုလိုက်သည်နှင့် သူက ဟန်ယန်ဖြစ်ကြောင်း ပရိသတ်များ အလွယ်တကူ သိရှိသွားမည်ဖြစ်သောကြောင့်ပင်။ ကျန်းဟန်က လူထု၏အာရုံစိုက်ခံရခြင်းကို အလိုရှိ မရှိ သူမ မသိချေ။
ရိုးရိုးသားသားပြောရလျှင် ဇီယန်သည် ဤရှိုးအတွက် ရက်ပေါင်းများစွာ စောင့်မျှော်နေခဲ့ပြီး ကျန်းဟန်က ၎င်းကို လွဲချော်သွားပါက သူမ အနည်းငယ် စိတ်ပျက်မိပေလိမ့်မည်။ သို့သော် ကျန်းဟန်က မဆိုင်းမတွပင် သူမနှင့်အတူ လိုက်ပါပေးမည်ဟု ကတိပေးခဲ့ရာ သူမ အလွန်စိတ်လှုပ်ရှားခဲ့ရ၏။
ဟယ်လီကော်ပတာသည် မကြာခင်တွင် ဗီလာ၏ ကတ္တရာပြေးလမ်းဆီသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် ကျောက်ဖုန်းက ကားနှစ်စီးပြင်ဆင်ထားရင်း သူတို့ကို စောင့်နေပြီဖြစ်သည်။
“နောက်မှ ရင့်ကို စမ်းသပ်တော့မယ်။ အင်း လာပါဦး”
ဇီယန်က ကျန်းဟန်၏ ပါးကို နမ်းလိုက်ပြီးနောက် ကားပေါ်တက်လိုက်သည်။
လန်ွယွဲ့က သူမ၏ကားကို မောင်းပြီး ကျိုးဖေးက ပရိုဂရမ်အဖွဲ့စီသွားသည်။
ကျောက်ဖုန်းနှင့် ကျန်းဟန်က သူတို့နောက်မှ ဖြည်းညှင်းစွာ မောင်းနှင်လိုက်ပါလာ၏။
“ဆရာ မင်းသာ ဖျော်ဖြေရေးရှိုးအစီအစဉ်မှာ ပါမယ်ဆိုတာ သိုင်းပညာရှင်တွေသိသွားရင် သိုင်းလောကတစ်ခုလုံး အံ့အားသင့်သွားလိမ့်မယ်” ကျောက်ဖုန်းက ပြုံး၍ ပြောသည်။
“ဖြစ်နိုင်ပါတယ်” ကျန်းဟန်က ပြန်ဖြေ၏။
“ဆရာ ကျွန်တော်တွေ့ဖူးသမျှ ယောက်ျားသားတွေထဲမှာ ဆရာက မိန်းမနဲ့ ကလေးကို အချစ်ဆုံးယောက်ျားပဲ။ ကျွန်တော့်ရဲ့ အိုင်ဒေါအနေနဲ့ ဆရာက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်ပဲ။ အဟမ်း….” ကျောက်ဖုန်းက ကျန်းဟန်၏အမူအရာကို အကဲခတ်ရင်း ပြောသည်။
ကျန်းဟန်က ရယ်ချင်သွားပြီး ကျောက်ဖုန်းကို တစ်ချက်ကြည့်လိုက်၏။ “ငါ့ကို မြှောက်ပင့်မနေနဲ့တော့။ မင်း တောင်းဆိုစရာတစ်ခုခု ရှိလို့မဟုတ်လား”
“ဟဲဟဲ.. ဆရာက တကယ့်ကို အမြင်စူးရှတာပဲ” ကျောက်ဖုန်း စပ်ဖြီးဖြီးလုပ်လိုက်ပြီး “အရင်တစ်ခါ ဆရာပေးတဲ့ ဆေးလုံးတစ်သုတ်ကို မှတ်မိလား။ ၆၀ ရာခိုင်နှုန်းကို သက်တော်စောင့်အဖွဲ့ကို ပေးပြီး၊ ၂၀ ရာခိုင်နှုန်းကို ဝမ်မိသားစုကို ပေးခဲ့တယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကို ဝံပုလွေခေါင်းတပ်ဖွဲ့ကို ပေးလိုက်တယ်။ ကျွန်တော်က ကောင်းကင်အဆင့်ကို တက်လှမ်းတော့မှာ။ နည်းပြလျှို၊ ရှုယုံ၊ လောင်မုံ့(မုံ့ကြီး) နဲ့ အားဟူတို့ကတည်း မြေကမ္ဘာအဆင့်ကို တက်လှမ်းပြီး အခု ကောင်းကင်အဆင့်နဲ့ နီးကပ်နေပြီ။ ဒါပေမယ့် ကျွန်တော်တို့ နောက်ထပ် ထပ်မတက်နိုင်တော့ဘူးဖြစ်နေတယ်။ ကြီးမြတ်တဲ့မဟူရာနတ်ဆိုးအရိပ်က ကျွန်တော်တို့အတွက် နားလည်ဖို့ အရမ်းနက်နဲလွန်းနေတယ်”
“အဲဒါက မင်း ကျင့်ကြံခြင်းလမ်းကြောင်းပေါ်ကို စပြီး ရောက်ခါစမလို့ပဲ” ကျန်းဟန်က ခေါင်းယမ်းလိုက်ပြီး “ညတိုင်း ကျင့်ကြံခြင်းကို အချိန်ပိုပေးလိုက်။ မင်းရဲ့ စွမ်းရည်က မင်းရဲ့ကျင့်ကြံမှုအဆင့်ကို နှစ်လသုံးလအတွင်း အမီလိုက်လာလိမ့်မယ်”
“ဪ… အဲဒါက ပုံမှန်ပဲဆိုတာ ကြားလိုက်ရမှ စိတ်သက်ရာရသွားတော့တယ်” ကျောက်ဖုန်း စိတ်သက်ရာရစွာဖြင့် သက်ပြင်းချလိုက်၏။
“စာလေ့လာသလိုမျိုးပဲလေ။ ကျင့်ကြံခြင်းဆိုတာက ရေစီးကို တွန်းလှန်ဆန်တက်သလိုပဲ။ ရှေ့ကို ဆက်ပြီး ကူးရင်ကူး မဟုတ်ရင် နောက်ကို ပြန်ပါသွားမှာ။ သဘာဝရဲ့ စည်းမျဉ်းတွေက ရိုးရှင်းတယ်လို့ ထင်ရပေမယ့် အမှန်တရားနဲ့ နီးစပ်ဖို့က မင်းအတွက် အဝေးကြီးလိုသေးတယ်။ အဲဒီနိယာမတွေကို ဖြည်းဖြည်းချင်း နားလည်သဘောပေါက်ဖို့ လိုတယ်။ ငါက မင်းကို ဦးတည်ရာလမ်းကြောင်းရှာဖို့ လမ်းပြခဲ့ပေမယ့် မင်းကိုယ်တိုင် ရှေ့ကို ဆက်လျှေက်ပြီး အန္တိမပန်းတိုင်ကို ရောက်ဖို့ မင်းကိုယ်မင်း အားကိုးရမှာ” ကျန်းဟန်က ခေါင်းညိတ်သည်။
“ကျွန်တော် မှတ်ထားပါ့မယ် ဆရာ” ကျောက်ဖုန်းက လေးနက်စွာ ပြန်ဖြေသည်။
မကြာမီပင် သူတို့ ရှိုး၏ ရိုက်ကွင်းနေရာသို့ ရောက်ရှိလာခဲ့ကြသည်။ ကားပေါ်မှ ဆင်းလာပြီးနောက် ကျောက်ဖုန်းက လက်မှတ်တစ်စောင်ယူကာ ပရိသတ်လုပ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ကျန်းဟန်၏ နံပါပြားအရ သူသည် ယနေ့ ပြိုင်ပွဲဝင် နံပါတ် ၁၈၈ ဖြစ်သည်။
လူရွေးပွဲတွင် ပါဝင်သူ အယောက်တစ်ထောင်ရှိသောကြောင့် အဖွဲ့တစ်ဖွဲ့ချင်းစီ၏ နည်းပြဒိုင်များက လူ ၃၃၀ ၏ ဖျော်ဖြေတင်ဆက်မှုကို ခံစားကြည့်ရှုရမည်ဖြစ်သည်။
ကျိုးဒုံနှင့် တာ့ဟွား၏ အားသာချက်မှာ ၎င်းတို့၏ လူရွေးချယ်သည့် အမြန်နှုန်းက အတော်လေး မြန်ဆန်ခြင်းပင်။ ထို့ကြောင့် သူတို့က ကျန်သည့်အချိန်များကို ထိပ်တန်းပြိုင်ပွဲဝင်များနှင့် အပြန်အလှန်ဆက်သွယ်ပြောဆိုရန် အသုံးပြုနိုင်ကြပြီး သူတို့အား တရားဝင်ပြိုင်ပွဲတွင် သူတို့အဖွဲ့သို့ ဝင်ရန် ဆွဲဆောင်နိုင်သည်။
ရိုက်ကွင်းသည် ကြီးမားသည့် စက်ရုံအဆောက်အဦးတစ်ခုဖြစ်ပြီး ၎င်း၏ရှေ့တွင် ရင်ပြင်ကျယ်ကြီးတစ်ခုရှိသည်။ ဝင်ပေါက်ဂိတ်တံခါးတွင် Chinese New Voice ဆိုင်းဘုတ်ကို ချိတ်ဆွဲထား၏။
ရက်အနည်းငယ်အတွင်း ပြင်ဆင်မွမ်းမံပြီးနောက် စက်ရုံအဆောက်အဦးဟောင်းကြီးမှာ ယခုတော့ အလွန်ခမ်းနားနေပြီဖြစ်သည်။
ဤရှိုးအတွက် ရံပုံငွေကောင်းကောင်း ရထားခဲ့သည် မဟုတ်ပါလား။
အဝင်ဝတွင် လူအလွန်များပြားသည်။ ကျောက်ဖုန်းက ဝန်ထမ်းလမ်းထဲအတိုင်း ဝင်သွားပြီး ကျန်းဟန်က အခြားပြိုင်ပွဲဝင်များနှင့်အတူ တန်းစီနေခဲ့သည်။
ရင်ပြင်ပတ်ပတ်လည်တွင် ထိုင်ခုံများစွာရှိသဖြင့် ၎င်းက ဘောလုံးကွင်းတစ်ခုနှင့် ပိုတူသည်။ ပထမအကျော့တွင် ပါဝင်သည့် ဖြေဆိုသူ ၇၀ ၈၀ ခန့်က ရင်ပြင်အလယ်ဗဟိုတွင် ရပ်နေကြပြီး ဒုတိယအကျော့အတွက် နံပါတ်ရရှိထားသူများက ကွင်းပတ်ပတ်လည်ရှိ ပလက်ဖောင်းပေါ်တွင် စောင့်ဆိုင်းနေကြသည်။
ဤနေရာတွင် လူများစွာရှိနေ၍ ခန်းမကို ဆူညံ့အုန်းကြွက်နေစေသည်။ တချို့က အချင်းချင်း ရင်းနီးကြပုံရပြီး မကြာခင်တွင် အတူတူစုရုံးကာ ပြိုင်ပွဲအကြောင်း ဆွေးနွေးနေကြသည်။
နေကာမျက်မှန်တပ်ထားပြီး တစ်ယောက်တည်းထိုင်နေသည့် ကျန်းဟန်က လူအများ၏ အာရုံစိုက်မှုကို ဖမ်းစားထားသည်။
သူ အနည်းငယ် စိတ်ရှုပ်ထွေးနေ၏။
သူတို့ ငါ့ကို သိသွားကြတာလား။ ဘာလို့ ငါ့ကို ကြည့်နေကြတာလဲ…
မကြာခင်တွင် ၁၀ နာရီထိုးသွားပြီး လူတစ်ထောင်နီးပါး စုရုံးရောက်ရှိလာသည်။
တကယ်တမ်း တက်ေ၇◌ာက်သည့် လူဦးရေမှာ တရားဝင် တစ်ထောင်မဟုတ်ချေ။ အကြောင်းအမျိုးအမျိုးကြောင့် မတက်ရောက်နိုင်သည့် လူများလည်း ရှိပေသည်။
“Chinese New Voice ရဲ့ ပထမရာသီ ရှိုးကနေ ကြိုဆိုပါတယ်။ ကျွန်တော်က ဒါရိုက်တာချုပ် ချန်းရှုပါ။ ဦးစွာပထမ ကြယ်လေးပွင့် နည်းပြဒိုင်များကို ကြိုဆိုလိုက်ရအောင်ခင်ဗျာ”
ညာဘက်ရှိ စတိတ်စင်လေးတွင် ချန်းရှုက အဖွင့်မိန့်ခွန်းကို ပြောပြီး ရိုက်ကူးရေးစက်ကိရိယာ ၂၀ ကျော်က စတင်လည်ပတ်နေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ချန်းရှု၏နောက်ကျောဘက်သို့ ကင်မရာများစွာ ချိန်ရွယ်ထားသည်။
ကြယ်လေးပွင့်နည်းပြများက ကွင်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြ၏။
“ရပ်စတား ကျိုးဒုံ၊ နာမည်ကျော်အဆိုတော် တာ့ဟွား၊ ကြယ်ပွင့်အသစ် ဂူဖန်း၊ ပေါ့ဘုရင်မ ဇီယန် တို့ကို ကြိုဆိုလိုက်ရအောင်ခင်ဗျာ”
ချန်းရှုက အသံတိုးတိုးဖြင့် ပြောသည်။
“ဝိုး…”
“ဟူး….”
“ဖြောင်း ဖြောင်း ဖြောင်း”
အနုပညာရှင်များ ဝင်လာသည်နှင့် ခန်းမတစ်ခုလုံး မီးများ လင်းထိန်သွားသည်။
အော်ဟစ်သံများ၊ အားပေးသံများ၊ အာမေဋိတ်သံများ၊ လက်ခုပ်သံများက နေရာအနံ့မှ ထွက်ပေါ်လာ၏။
ကျန်းဟန်သည် မိန်းကလေးများ၏ အော်ဟစ်သံကိုပင် ကြားလိုက်ရသည်။
“ဝိုး ဂူဖန်းက အရမ်းချောတာပဲ။ သူက ရုပ်အချောဆုံးယောက်ျားပဲ”
သို့သော် ကျန်းဟန်မှာ ယောက်ျားလေးများ၏ အော်သံကို ပို၍ ကြားမိ၏။
“ဝိုး ဇီယန်က အရမ်းလှတယ်။ ဓာတ်ပုံတွေထဲကထက် အများကြီး ပိုလှတယ်ကွ”
“သူက တကယ့်ကို နတ်သမီးတစ်ပါးပဲ”
“ငါတော့ သူ့ကို ချစ်မိသွားပြီ”
“….”
အဟမ်း
ရပ်စမ်း.
အဲဒါက ငါ့မိန်းမကွ…
ကျန်းဟန် မျက်မှောင်ကြုတ်ကာ မျက်မှန်ကို လက်ညှိုးဖြင့် ပင့်တင်လိုက်၏။
ဇီယန်ကို လှမ်းကြည့်လိုက်သည့်အချိန်တွင် သူ ပြန်လည် စိတ်ကြည်လင်သွားပြီး ပြုံးသွားပြန်သည်။
ယနေ့ ဇီယန်၏ ဝတ်စားဆင်ယင်မှုက အလွန်ဖက်ရှင်ကျနေသည်။ သူမက ဆံပင်ကို ကောက်ထားပြီး နဖူးပေါ်တွင် ပုံမှန်ဆံပင်ချို့ကိုသာ ချထားကာ မပို့တရို့အလှကို ပြသထားသည်။ သူမ၏ လည်တံရှည်ရှည်လေးနှင့် မျက်နှာလှလှလေးက တကယ်ကို မျက်စိဖမ်းစားနိုင်၏။
“နောက်ထပ်အနေနဲ့ ဒုတိယအကျော့ လူရွေးပွဲကို တိုက်ရိုက်စတင်လိုက်ရအောင်ခင်ဗျာ။ နည်းပြဒိုင်လေးယောက်က ရင်ပြင်မှာရှိတဲ့ ဖျော်ဖြေတင်ဆက်သူတွေကို အကဲဖြတ်ပြီး အနိုင်ရရှိသူတွေကို ကျွန်တော် အခုကိုင်ထားတဲ့ ရွှေဆွဲကြိုး ပေးအပ်မှာဖြစ်ပါတယ်”
ချန်းရှုသည် ရွှေလည်ဆွဲပြားနှင့် တူပြီး “Chinese New Voice” ဟူ၍ တရုတ်စာလုံးဖြင့် ရေးထားထားသော ရွှေဆွဲကြိုးကို ကိုင်ထားရင်း ကြေငြာသည်။
“ရွှေဆွဲကြိုးက အရေအတွက် ၁၀၀ ပဲရှိတယ်ဆိုတာ အလေးထား ပြောချင်ပါတယ်။ ဆိုလိုတာကတော့ လက်ရှိ လူပေါင်း ၁၀၀၀ နီးပါးထဲက လူ ၁၀၀ ပဲ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဇီယန်နဲ့ ဂူဖန်းက ရွှေဆွဲကြိုး ၃၃ ခုစီနဲ့ ကျိုးဒုံနဲ့ တာ့ဟွားက ၃၄ ခု အသီးသီး ရှိပါတယ်။ ဒုတိယအကျော့ လူရွေးပွဲကို စတင်ပါပြီ”
ချန်းရှု၏ အသံနှင့်အတူ ခန်းမထဲ၌ ဆွေးနွေးသံများ တဖြည်းဖြည်း ရပ်တန့်သွားသည်။
ယနေ့ လူရွေးပွဲက အလွန်ခက်ခဲမည်ဖြစ်ကြောင်း လူတိုင်း သဘောပေါက်ကြပြီး လူ ၁၀ ယောက်တွင် တစ်ယောက်သာ အနိုင်ရနိုင်မည်ဖြစ်သည်။
ထို့သို့ဖြင့် နည်းပြဒိုင်လေးယောက်က ပြိုင်ပွဲဝင်တင်ဆက်သူများကို စတင် အကဲဖြတ်သည်။
ပြိုင်ပွဲတင်များက သူတို့၏ အဆို၊ အက၊ ရပ်ပင်(Rapping) စွမ်းရည်တို့ကို အတတ်နိုင်ဆုံး ပြသကြသည်။
သို့သော် စစ်ဆေးမှုကို အောင်မြင်သူက အလွန်နည်းပါးနေသေးသည်။
ဂူဖန်းသည် တစ်ချိန်လုံး တည်ငြိမ်နေပြီး ပြိုင်ပွဲဝင်များ၏ သီဆိုမှုကို ဂရုတစိုက် နားထောင်ခဲ့၏။
ရုတ်တရက် အမျိုးသားတစ်ယောက်ကို သူ ဆန်းစစ်ကြည့်တော့ ပရိသတ်များဆီမှ အော်သံအချို့ကို သူ ကြားလိုက်ရသည်။
“ဖန်ကျန်းက နောက်တစ်ဆင့်တက်ဖို့ သေချာတယ်”
“ဟုတ်တယ် သူရဲ့ နောက်ဆုံးထွက်ထားတဲ့ သီချင်းက တစ်နှစ်ကို ၃၀ မီလီယံ ဟစ်တ်ဖြစ်တယ်။ သူက အရမ်းပေါ်ပြူလာဖြစ်တာ”
“သူက တကယ်အားကောင်းတဲ့ အဆိုတော်တစ်ယောက်ပဲ။ ချန်ပီယံဖြစ်ဖို့ ထိပ်တန်းပြေးတဲ့သူတွေထဲက တစ်ယောက်ဖြစ်လိမ့်မယ်လို့ ငါထင်တယ်”
“…”
ပြိုင်ပွဲဝင်များက ထိုအကြောင်းကို စတင်ပြောဆိုကြပြီး ကင်မရာက ၎င်းကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားသည်။
သို့သော် အမှန်တရားက ပို၍ စိတ်ဝင်စားဖွယ်ကောင်း၏။
ဂူဖန်းနှင့် မျက်နှာချင်းဆိုင်ရချိန်တွင် ဖန်ကျန်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တံတွေးမျိုချနေရသည်။
သူ စိုးရိမ်စိတ်လှုပ်ရှားနေ၏။
အလွန်ကို စိတ်လှုပ်ရှားနေသည်။
ထို့ကြောင့် သူ သီချင်းစဆိုသည့်အချိန်တွင် ကီးအချို့ လွဲသွားသည်။
ဂူဖန်း မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းကိုအသာယမ်းကာ နောက်ပြိုင်ပွဲဝင်ဆီ ဆက်သွားလိုက်သည်။
“တောင်းပန်ပါတယ်။ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေလို့ပါ။ နောက်ထပ် အခွင့်အရေးပေးဖို့ ရမလား” ဖန်ကျန်း၏မျက်နှာ ဖြူဖျော့နေသည်။
သူ၏အမှားက သက်ပြင်းချသံများ ဆွေးနွေးသံများ ဖြစ်ပေါ်လာစေသည်။
“ငါမင်းကို အခွင့်အရေးပေးလိုက်ရင် တခြားသူတွေအတွက် မတရားဘူး။ ပြင်အဆင်ထားတဲ့သူတွေအတွက် အခွင့်အရေးက ရှိပါတယ်” ဂူဖန်းက ရပ်တန့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။ “သိသာပါတယ်။ မင်းက ဒီအတွက် မပြင်ဆင်ထားဘူး”
ထိုနောက် သူ ရှေ့ဆက်သွားကာ နောင်တရနေသည့် ဖန်ကျန်းကို ထားရစ်ခဲ့သည်။
ကျန်သည့် ပြိုင်ပွဲဝင်များ ထိတ်လန့်သွားပြီး ပို၍ စိတ်လှုပ်ရှားစိုးရိမ်လာကြ၏။
“ဂူဖန်းက အရမ်းတင်းကြပ်တယ်”
“အမှားလိုက်လိုက်မိတာနဲ့ နောက်ထပ် အခွင့်အရေး ရမှာ မဟုတ်တော့ဘူး။ ပြီးရင် ငါ အကောင်းဆုံး ကြိုးစားရမယ်။ သီချင်းဆိုနေတဲ့အချိန် မျက်လုံးမှိတ်ထားသင့်တယ်”
“ဒါပေမယ့် တီဗီမှာ ခဏခဏတွေ့ဖူးနေတဲ့ သူတို့ကို အပြင်မှာ နီးနီးကပ်ကပ်မြင်ရတော့ စိတ်မလှုပ်ရှားဘဲ မနေနိုင်ဘူး။ ဒါက အရမ်းကို ဖိအားများတာပဲ”
သူတို့ အမှားလုပ်မိလျှင် ဖန်ကျန်းကဲ့သို့ပင် အပယ်ခံရလိမ့်မည်။
ပထမအကျော့ ရွေးချယ်မှုတွင် နောက်တစ်ဆင့်သို့ တက်လှမ်းရန် မျှော်လင့်ထားသည့် ပြိုင်ပွဲဝင်အများအပြား ရှိခဲ့သော်လည်း သူတို့ စိုးရိမ်စိတ်လှုပ်ရှားနေကြပြီး မကြာခဏဆိုသလို အမှားများ လုပ်မိကြကာ အပယ်ခံခဲ့ကြရသည်။
နောက်ဆုံးတွင်တော့ အချို့သောလူများသည် တိုက်ရိုက်ဖျော်ဖြေရန်မဟုတ်ဘဲ စတူဒီယိုတွင် သီချင်းဆိုရန်သာ သင့်လျော်ကြသည်။ (မြန်မာပြည်က တချို့အဆိုတော်တွေကို မျက်လုံးထဲသွားမြင်တယ်။ စတူဒီယိုသီချင်းကောင်းပြီး ရှိုးပွဲမှာကျ ဂွမ်း)
တစ်နာရီခန့်ကြာပြီးနောက်…
ပထမအကျော့ ရွေးချယ်မှုအပြီးတွင် ပြိုင်ပွဲဝင်များ၏ ရလဒ်မျာ ကျေနပ်ဖွယ်မရှိချေ။
ဇီယန်က ရွှေဆွဲကြိုးသုံးခုကို ထုတ်ပေးပြီးပြီဖြစ်သည်။ ကျိုးဒုံနှင့် တာ့ဟွားက ငါးခုပေးထားပြီး ဂူဖန့်က တစ်ခုတည်းသာ ပေးထားသည်။
“အခု ဒုတိယအုပ်စုဖြစ်တဲ့ ပြိုင်ပွဲဝင် နံပါတ် ၉၀ ကနေ ၁၉၀ အထိ ကြိုဆိုလိုက်ကြရအောင်”
ဟို့တ်(host) ၏စကားကို ကြားတော့ ကျန်းဟန် မတ်တပ်ထရပ်လိုက်ပြီး ခန်းမအလယ်ဗဟိုသို့ လျှောက်သွားသည်။
သူ လမ်းလျှောက်လာရင်းဖြင့် ပရိသတ်တော်တော်များများ၏ အာရုံစိုက်မှုကို ခံလိုက်ရပြန်၏။
အကဲဖြတ်မှုအစတွင် ဇီယန်က ကျန်းဟန်၏ဘက်ခြမ်းကို စ၍ အကဲဖြတ်ရန် အထူးရွေးချယ်ခဲ့သည်။
မကြာမီပင် သူမ ကျန်းဟန်ဆီ နီးကပ်လာ၏။
ရုတ်တရက် တိုးလျသည့်အသံကို ကျန်းဟန် ကြားလိုက်ရသည်။
“ဟိုင်း ကိုလူချော။ ရှင့်က ချမ်းတာတဲ့ပုံပဲနော် ဟုတ်လား”
ကျန်းဟန် လှည့်ကြည့်လိုက်ရာ အရမ် ၁.၆ မီတာခန့်ရှိသည့် မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေးကို တွေ့လိုက်ရသည်။ သူမက အနည်းငယ် စိုးရိမ်စိတ်လှုပ်ရှားနေပုံရ၏။
ကျန်းဟန် သူမကိုတွေ့တော့ အံ့အားသင့်သွားသည်။
ဤမိန်းကလေးကို သူသိ၏။ သူ၏အရင်ဘဝတွင် သူမက နာမည်ကျော်အဆိုတော်တစ်ယောက် ဖြစ်လာခဲ့သည်။ သူမ၏ နာမည်က ထုံကျားကျားဖြစ်သည်။
“ဘာလို့ အဲ့လိုပြောတာလဲ” ကျန်းဟန်က ပေါ့ပေါ့ပါးပါး ပြန်ပြောသည်။
“အင်း ရှင့်ရဲ့အဝတ်အစားတွေအားလုံးက ဈေးကြီးတယ်လေ။ အပေါ်က Off-White၊ AJ1 THE10 အကန့်အသတ်ထုတ် ရှူးဖိနပ်၊ Dior နေကာမျက်မှန်၊ Gucci ဦးထုပ်……. အားလုံးပေါင်းတန်ဖိုးက အနည်းဆုံး ယွမ် ၁ သိန်းကျော်တယ်။ နည်းပြဒိုင်တွေရဲ့ အဝတ်အစားတောင် ရှင့်လောက် ဈေးမကြီးဘူး” ထုံကျားကျားက ရှက်ရွံ့စွာ ပြောသည်။
“ဪ သိပြီ” ကျန်းဟန် အံ့အားသင့်သွားပြီး ပြုံးလိုက်၏။
“ရှင် စိတ်လှုပ်ရှားနေလား” သူတို့ဆီ နီးကပ်လာသည့် ဇီယန်ကို ကြည့်ရင်း ထုံကျားကျားမှာ စိုးရိမ်တကြီး တံတွေးမြိုချသည်။ ထိုနောက် သူမက ကျန်းဟန်အား နှစ်သိမ့်အားပေး၏။ “စိတ်ပူနဲ့ ရှင့်အလှည့်ရောက်ရင် အကောင်းဆုံးသာ ကြိုးစား။ ပုံမှန်အတိုင်း ဖျော်ဖြေနိုင်သရွေ့ စစ်ဆေးမှုအောင်မြင်ဖို့ အလားအလာရှိတယ်ဆိုတာ ကျွန်မ တွေ့တယ်”
“ဟားဟား…”
ကျန်းဟန်မှာ မိန်းကလေးကို ကြည့်ရင်း မရယ်ဘဲ မနေနိုင်ချေ။ သိသာစွာပင် ဤမိန်းကလေးက သူ့ထက်ပို၍ပင် စိတ်လှုပ်ရှားနေသည်။ တကယ်တမ်းတွင် သူမက ကျန်းဟန်ကို ပြောသည့်စကာများဖြင့် သူမကိုယ်သူမ နှစ်သိမ့်နေ၏။
ခဏလောက် စဉ်းစားပြီးနောက် ကျန်းဟန် ပြောသည်။ “မင်းရဲ့အသံက အရမ်းကောင်းတယ်။ မင်းရဲ့ တကယ့်စွမ်းရည်ကို ပြသနိုင်မယ်ဆိုတာ ငါ သေချာတယ်”
“တကယ်လား” ထုံကျားကျား၏ မျက်လုံးများ တောက်ပသွားသည်။
“အင်း”
“ကျေးဇူးပါ။ ရှင့်စကားကို ကြားပြီးတော့ အခု ကျွန်မ နေလို့ပိုကောင်းသွားတယ်။ ရှင်လည်း ကံကောင်းပါစေ။ ရှင်က ရုပ်ချောတာပဲ။ ရုပ်ချောတဲ့သူတွေကို ဒိုင်တွေက ပိုပြီး သဘောကျကြတယ်လို့ ကျွန်မ ကြားတယ်” ဖော်ဖော်ရွေရွေနေတတ်သည့် မိန်းကလေးတစ်ယောက်အနေဖြင့် ထုံကျားကျားသည် ကျန်းဟန်ထံ တိုးကပ်လာပြီး သူမ၏အရပ်ကို သူ၏အရပ်နှင့် ယှဉ်ကြည့်သည်။
“ဒါနဲ့ စကားမစပ်။ ရှင့်အရပ်က ၁.၈ မီတာကျော်တယ်မလား။ ရုပ်ချောချာ အရပ်ရှည်ရှည်ကောင်လေးဆို ပိုပြီး မျက်နှာသာပေးခံရလိမ့်မယ်”
ကျန်းဟန် ပြုံးကာ မိန်းကလေးအား ခေါင်းညိတ်ပြလိုက်သည်။
သူ လှည့်ကြည့်လိုက်သည့်အချိန်တွင် ဇီယန်က သူ့အား ဒေါသမျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ ငါ့ကို သတ်တော့မယ်ထင်တယ်…
ကဲ…
ရုပ်ချောချောကောင်လေးက မျက်နှာပိုရမယ်ပေါ့…
ဒါပေမယ့် ငါတော့ အခု အသတ်ခံရမှာကြောက်နေရပြီ ညီမလေးရေ…