စစ်မြေပြင်ပေါ်က ကောင်းကင်နတ်သိုင်းများ
Vol. 38 Ch. 527
“ဘာလို့ တန်ခိုးရှင်သစ်ခုတ်သမားက ဒီမှာ ပေါ်လာတာပါလိမ့်။ သူ သုံးလိုက်တဲ့ ယဇ်ပလ္လင်ကြည့်ရတာ တော်တော်ကြာကတည်းက ပြင်ဆင်ထားတဲ့ပုံပဲ... ဒါဆို ဒီကမ္ဘာကလူတွေ သူ့ကို ဆင့်ခေါ်လိုက်တာများလား”
ချင်မူ အကြီးအကျယ် အံ့အားသင့်သွားသည်။ ယဇ်ပလ္လင်မှာ စစ်မြေပြင်၏အလယ်တည့်တည့်တွင် မြှုပ်နှံခံထားရခြင်းဖြစ်သည့်အတွက် စစ်တပ်ကြီးနှစ်တပ် ဝင်တိုက်သွားသောအခါ အသွေးအသားတို့အား သွေးယဇ်ပူဇော်လိုက်သကဲ့သို့ ဖြစ်သွားကာ တန်ခိုးရှင်သစ်ခုတ်သမားအား ဆင့်ခေါ်ပေးလိမ့်မည်။
ဤအခြင်းအရာမှာ အချိန်ပေးပြင်ဆင်ထားခဲ့သည့် သက်သေပင် ဖြစ်သည်။
လွန်ခဲ့သောတစ်လက တန်ခိုးရှင်သစ်ခုတ်သမား အသက်ဝင်လာပြီး ပုဆိန်ကို ဆွဲလျက် ထွက်သွားသည့်အကြောင်း ရသေ့ကြီးချင်းယို ပြောခဲ့သည်ကို ချင်မူ သတိရလိုက်သည်။ တန်ခိုးရှင်သစ်ခုတ်သမားသည် သတင်းတချို့ ရလိုက်၍ ကျောက်ရုပ်အသွင်မှ အသက်ဝင်လာကာ ဤကမ္ဘာသို့ ဆင်းသက်လာခြင်း ဖြစ်မည်။
ချင်မူ ကျောနောက်မှ ရန်သူ၏တိုက်ကွက်ကို တားလိုက်သည့်အချိန်တွင် ကောင်းကင်အလိုတော်မုခ်ဝက ရုတ်တရက် ကြီးထွားလာသည်။ သူ ချာခနဲ လှည့်လိုက်သည့်အခါ ကောင်းကင်အလိုတော်မုခ်ဝလည်း လှည့်သွားပြီး ဝိညာဉ်များအား ယိုတုဆီသို့ တန်းပို့လိုက်၏။
သစ်ခုတ်သမား စီးနင်းထားသည့် ကျားနတ်မင်းက ယဇ်ပလ္လင်ထက်မှ ခုန်ချပြီး ရန်သူစစ်တပ်ကြီးဆီသို့ တရှိန်ထိုး ပြေးဝင်လာသည်။ သူက ချင်မူ့ကို တအံ့တဩ ကြည့်လိုက်ပြီး ကမ္ဘာမြေတုန်ဟည်းသွားစေသော အသံကြီး ထွက်လာ၏။ “အရှင်... သူက အရှင့်မျိုးဆက်နဲ့ တူသလိုပဲ”
ကျားနတ်မင်း၏ကျောပေါ်ရှိ တန်ခိုးရှင်သစ်ခုတ်သမားလည်း လှည့်ကြည့်လိုက်ရာတွင် ကောင်းကင်နတ်ဆိုးအုပ်အား ကောင်းကင်အလိုတော်မုခ်ဝဖြင့် တိုက်ခိုက်နေသော ချင်မူ့အား တွေ့လိုက်ရသည်။ သစ်ခုတ်သမား၏မျက်ဝန်းများက လင်းလက်နေ၍ ယဇ်ပလ္လင်ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွား၏။
“ထူးဆန်းတယ်..... သူ ဘယ်လို ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ရောက်လာတာပါလိမ့်....”
တန်ခိုးရှင်သစ်ခုတ်သမား အကြည့်လွှဲလိုက်သည်။ ကျားနတ်မင်း ဖြတ်သွားသောနေရာတိုင်းတွင် မိစ္ဆာနတ်ဆိုးများနှင့် မြင်းများ လွင့်ထွက်ကုန်၏။ ကျားနတ်မင်း ဟိန်းဟောက်လိုက်သည့်အခါ အသံလှိုင်းများက မရေမတွက်နိုင်သော မိစ္ဆာများအား မြောက်တက်သွားစေသည်။
ချင်မူမှာ ထိုမြင်ကွင်းကို မြင်လျှင် နဂါးချီလင်၏ ဗိုက်လုံးလုံးကြီးအား ပြေးသတိရလိုက်ပြီး တန်ခိုးရှင်သစ်ခုတ်သမားကို မနာလိုဖြစ်မိသွား၏။ ‘ကျားနတ်မင်းက သူ့ကို အရှင်လို့ ခေါ်နေတာဆိုတော့ သူက တန်ခိုးရှင်သစ်ခုတ်သမားရဲ့ စီးတော်ကျား ဖြစ်ရမယ်... တကယ် ခံ့ညားချက်ပဲ’
ကျားကြီး၏ကျောပေါ်တွင် သစ်ခုတ်သမားက ပုဆိန်ကို မြှောက်၍ သူ့ဆီ ပျံသန်းလာနေသော မိစ္ဆာနတ်ဘုရားတို့၏ ကောင်းကင်နတ်သိုင်းများအား ခုတ်ပိုင်းပစ်နေသည်။ ကျားနတ်မင်းက ခံ့ညားလှသော ကိုယ်ထည်ကြီးဖြင့် လွှားခနဲ လွှားခနဲ ခုန်ပျံရင်း သူ့ကို ရန်သူတပ်စခန်းဆီသို့ သယ်ဆောင်သွား၏။
ကျားနတ်မင်း ယဇ်ပလ္လင်ထက်မှ ခုန်ဆင်းလိုက်ပြီး ရန်သူတပ်စခန်းဆီသို့ ရောက်သွားသည့်အချိန်အထိ အသက်ရှူချိန်အနည်းငယ်သာ ကြာလိုက်သည်။
တန်ခိုးရှင်သစ်ခုတ်သမားက ပုဆိန်ကြီးကို မြှောက်လိုက်ပြီး ပုဆိန်ကြီး၏အတက်အကျနှင့်အတူ စခန်းထဲရှိ ခေါင်းလေးလုံးမိစ္ဆာနတ်ဘုရားမှာ ထပင် မထနိုင်ခင် ခေါင်းလေးလုံးစလုံး လွင့်ထွက်သွားသည်။
“ဟ တိ လာ (သတ်)”
မိစ္ဆာနတ်ဘုရားများက တရှိန်ထိုး ပြေးလာကာ ကျားနတ်မင်းအား ဝိုင်းလိုက်ကြ၏။ ကျားနတ်မင်း၏ ကျောပေါ်၌ ထိုင်နေသော တန်ခိုးရှင်သစ်ခုတ်သမားက ပုဆိန်ကြီးကို မြှောက်လိုက်သည့်အခါ ပုဆိန်အလင်းရောင်သည် ဒီရေလှိုင်းကြီးပမာ ဖြာဆင်းသွား၏။
‘မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ... မဟုတ်ဘူး သူ ထုတ်လွှတ်လိုက်တာက ... ပြီးပြည့်စုံတဲ့ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ် ဖြစ်လိမ့်မယ်’
ကောင်းကင်နတ်ဆိုးအုပ်က အဆက်မပြတ် တိုက်ခိုက်နေ၍ ချင်မူမှာ ဆက်တိုက် နောက်ဆုတ်နေရပြီး ယဇ်ပလ္လင်ပေါ် ရောက်သွားသည်။ ထိုအချိန်တွင် တန်ခိုးရှင်သစ်ခုတ်သမား၏သိုင်းကွက်ကို မျက်ဝန်းထောင့်စွန်းမှ မြင်လိုက်ရ၏။ ‘လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်အပေါ် သူ့ရဲ့ သဘောပေါက်နိုင်စွမ်းက ငါ့ထက် အများကြီး သာနေတာပဲ’
တန်ခိုးရှင်သစ်ခုတ်သမားသည် ပုဆိန်ကြီးကို ဖြစ်ကတတ်ဆန်း လွှဲယမ်းနေခြင်းမဟုတ်ပေ။ ကျန်လက်တစ်ဖက်က မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ ကောင်းကင်နတ်သိုင်းမျိုးစုံကို ထုတ်လွှတ်နေ၏။ သို့သော် သီးခြားသိုင်းကွက်များမဟုတ်ဘဲ လီထျန်းရှင်၏ မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းကဲ့သို့ မတူညီသည့် သိုင်းကွက်များကို စုပေါင်းထားသည့် သိုင်းကွက်များ ဖြစ်သည်။ ကောင်းကင်နတ်သိုင်းရာပေါင်းများစွာကို ကျွမ်းကျင်တတ်မြောက်ပြီးနောက် ဆင်ခြင်သုံးသပ်ခြင်းမှတစ်ဆင့် သူက ကောင်းကင်နတ်သိုင်းတစ်မျိုးအဖြစ် ပေါင်းစည်းထားခဲ့ခြင်း ဖြစ်၏။
အခြားသူများဆိုလျှင် သူ၏ကောင်းကင်နတ်သိုင်းများက မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှ ဖြစ်သည်ကိုပင် မြင်နိုင်မည်မဟုတ်ပေ။ သို့သော် ချင်မူက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဖြစ်သည့်အလျောက် တမုဟုတ်ချင်း သတိထားမိလိုက်သည်။
တန်ခိုးရှင်သစ်ခုတ်သမား၏ ပတ်ပတ်လည်တွင် ထူးဆန်းသော အားလှိုင်းမျိုးစုံ ပေါက်ကွဲပျံ့နှံ့နေပြီး မိစ္ဆာနတ်ဘုရားများအား တွန်းထုတ်လိုက်၏။ ထိုအချိန်၌ ပုဆိန်ကြီးက သူတို့ဆီ ကျဆင်းလာပြီး လည်တိုင်များအား ခုတ်ဖြတ်ပစ်လိုက်သည်။ ပုဆိန်ကြီး၏ခွန်အားမှာလည်း အတိုင်းထက်အလွန် ကြောက်စရာကောင်းသည်။
ချင်မူမှာ တန်ခိုးရှင်သစ်ခုတ်သမား၏ ကောင်းကင်နတ်သိုင်းများကို အသေးစိတ် လေ့လာချင်သော်လည်း သူ့ကို ဝိုင်းထားသည့် ကောင်းကင်နတ်ဆိုးအုပ်၏ အင်အားက များသထက် များလာသည်။ တန်ခိုးရှင်သစ်ခုတ်သမားက ဆင့်ခေါ်ခံလိုက်ရကတည်းက ရန်သူခေါင်းဆောင်များဆီသို့သာ တန်းတန်းမတ်မတ် ဦးတည်၍ စခန်းထဲရှိ မိစ္ဆာနတ်ဘုရားများကို စီးနင်းသတ်ဖြတ်နေခြင်း ဖြစ်၏။ ကျန်ကောင်းကင်နတ်ဆိုးများကို အဖက်မလုပ်သောကြောင့် သူတို့က စစ်မြေပြင်ထဲတွင် အင်အားအလုံးအရင်းဖြင့် ချီတက်ရင်း ရန်သူများကို သတ်ဖြတ်နေဆဲ ဖြစ်သည်။
ဤအခိုက်အတန့်တွင် ကောင်းကင်နတ်ဆိုးများ တဟုန်ထိုး ပြုံးတိုးနေကြသော်လည်း ယဇ်ပလ္လင်အနောက်ရှိ ကောင်းကင်နတ်သိုင်းပညာရှင်များကလည်း ရှေ့သို့တွန်းလာနေကြသည်။ တိုက်ခိုက်သံများကား စိတ်နှလုံးတုန်လှုပ်ဖွယ်ကောင်း၏။
ဤကဲ့သို့ ကောင်းကင်နတ်သိုင်းစစ်ပွဲကြီးတစ်ပွဲတွင် လူတစ်ယောက်၏အင်အားမှာ မပြောပလောက်ပေ။ သတိလက်လွတ် ဖြစ်သွားသည်နှင့် ရန်သူ၏သိုင်းကွက်အောက်တွင် အချိန်မရွေး သေဆုံးသွားနိုင်သည်။
ချင်မူမှာ အချိန်မရသဖြင့် အတွေးအားလုံးကို ဘေးချိတ်ကာ ရန်သူများအား အစွမ်းကုန် တိုက်ခိုက်နေရသည်။
ကောင်းကင်နတ်ဆိုးအုပ်၏ စွမ်းရည်များက ထူးဆန်းပြီး အင်အားကြီးမားသည်။ သူတို့၏ ကျင့်စဉ်ပညာရပ်များ၊ သိုင်းကွက်များနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျင့်စဉ်ပညာရပ်များ၊ သိုင်းကွက်များမှာ တောင်ဝင်ရိုးနှင့် မြောက်ဝင်ရိုးစွန်းပမာ ကွာခြား၏။
ကောင်းကင်နတ်ဆိုးတို့၏ သိုင်းကွက်များက မရှုပ်ထွေးသော်လည်း မှော်စွမ်းအင်က အားကောင်းပြင်းထန်သည်။ ရုပ်ခန္ဓာများကလည်း လူသားမျိုးနွယ်နှင့် မတူပေ။ ကောင်းကင်နတ်ဆိုးမျိုးနွယ် ရှစ်မျိုးရှိ၏ ... ငါးကြေးခွံနှင့် ဗီဇပြောင်းဖားများ၊ ချော်ရည်ပူဘီလူးများ၊ ချောမောသောလူငယ် အသူရာများ၊ ရုပ်ဆိုးဆိုး အမျိုးသမီးများ၊ လူရုပ်သွင်နှင့် ကင်းမြီးကောက်ရှိသော အမျိုးသမီးများ၊ ခြေချောင်းရှစ်ချောင်းရှိသော ဗီဇပြောင်းသတ္တဝါများ၊ လက်တံရှည်ရှစ်ခုရှိသော ဗီဇပြောင်းသတ္တဝါများနှင့် လက်နှစ်ဖက်နေရာတွင် မြွေကြီးနှစ်ကောင် ရှိနေသော ဗီဇပြောင်းသတ္တဝါများ ဟူ၍ ဖြစ်သည်။
ကောင်းကင်နတ်ဆိုးများက ယဇ်ပလ္လင်ကို ဝိုင်းအုံနေကြပြီး ချင်မူ့အနောက်ရှိ ကောင်းကင်အလိုတော်မုခ်ဝကို ရှောင်တိမ်းရင်း ချင်မူ့အား တစ်ပြိုင်တည်း တိုက်ခိုက်နေကြသည်။
ချင်မူမှာ သူတို့ကို အစွမ်းကုန် ခုခံနေရသဖြင့် ဓားအလက်ရှစ်ထောင်မှာ ရေလှိုင်းသဖွယ် ရိုက်ခတ်လိုက်၊ ဆုတ်ခွာလိုက် ပျံဝဲနေ၏။ ထို့နောက် ဓားပျံများက ကျိုင်းကောင်များသဖွယ် ဖြန့်ကျက်လိုက်သည့်အခါ ဓားရောင်များ လင်းလက်တောက်ပလာသည်။ တခဏအတွင်း တောင်တန်းမြစ်ပြင်များ ပေါ်လာပြီး ‘တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသောဓား’ကို ဖွဲ့တည်ပေးလိုက်၏။
သို့တိုင်အောင် နောက်တခဏတွင် တောင်တန်းမြစ်ပြင်ပန်းချီထဲမှ သွေးများ စီးဆင်းလာပြီး တောင်တန်းများနှင့် မြစ်ပြင်မှာ သွေးချင်းနီသွားတော့သည်။ ထို့နောက် ပြိုကွဲသွား၏။ ချော်ရည်ပူဘီလူးကြီးတစ်ကောင်က တင်းပုတ်ကြီးကို လွှဲရမ်းကာ ပြိုကွဲသွားသည့် တောင်တန်းမြစ်ပြင်များထဲမှ ထွက်လာသည်။
ချင်မူ လက်နှစ်ဖက်လုံးကို အပေါ်သို့ တွန်းမြှောက်ကာ နောက်ဆုတ်လိုက်သည်။ ရွှင်ပျော်ပျော်ဓားက ပျံထွက်သွားပြီး ကျန်ဓားအလက်ရှစ်ထောင်က တရွှစ်ရွှစ် ပြေးဝင်လာကြသည်။ မျက်စိတစ်မှိတ်အတွင်း ကလေးဓားအားလုံး အမေဓားနှင့် ပူးကပ်ပေါင်းစည်းသွား၏။
ချော်ရည်ပူဘီလူးကြီးက တင်းပုတ်ကြီးဖြင့် ရိုက်ချလိုက်သဖြင့် ကြောက်မက်ဖွယ်ရာ လေလှိုင်းများ အရပ်လေးမျက်နှာသို့ လိမ့်ဆင်းဖြာထွက်သွားပြီး ယဇ်ပလ္လင်၏ပတ်ပတ်လည်ရှိ အလောင်းများ လေပေါ်မြောက်တက်ကုန်သည်။
ချင်မူက ရွှင်ပျော်ပျော်ဓားကို ပင့်မြှောက်၍ လေပွေပမာ လျင်မြန်စွာ လွှဲယမ်းရောက်ရှိလာသည့် ချော်ရည်ပူဘီလူးကြီး၏ တူအား ခုခံလိုက်သည်။ လက်နက်နှစ်ခု ထိတိုက်သွားသည့်အခါ ဒင်ခနဲ အသံတစ်ချက်သာ မြည်သွားသော်လည်း ချင်မူမှာ ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး လေပေါ် လွင့်တက်သွားသည်။
ထိုအချိန်တွင် ချော်ရည်ပူဘီလူးကြီးမှာ သူ၏တူကြီးနှင့်အတူ နှစ်ခြမ်းကွဲသွား၏။
ချင်မူ မြေပေါ်ပင် ပြန်မဆင်းနိုင်ခင် လက်တံရှည်ရှစ်ခုရှိသော အမျိုးသမီးက လက်တံများ ဖြန့်ကားလိုက်သည်ကို မြင်လိုက်ရသည်။ လေပေါ် မြောက်တက်သွားခဲ့သည့် အလောင်းများ တစစီ စုတ်ဖြဲခံလိုက်ရပြီး သွေးအခိုးအငွေ့များက ချင်မူ့ကို လွှမ်းခြုံသွားသည်။
ချင်မူက ရွှင်ပျော်ပျော်ဓားကို လှုပ်ခါလိုက်သည်။ ကလေးဓားများက အမေဓားမှ ပြန်ခွာလိုက်ပြီး ဓားအလက်ရှစ်ထောင်သည် ကြက်ခြေခတ်လျက် ရှိနေသော ဓားမရှည်နှစ်လက်အသွင် ဖွဲ့တည်လိုက်သည်။ ဓားမရောင်များက မဟူရာညသန်းခေါင်ယံ၌ ထိန်ထိန်သာနေသော လမင်းပမာ လင်းထိန်သွား၏။
လရောင်လွှမ်းနေသည့် ဓားမရောင်များက တစ်ရောင်တည်း ပေါင်းစည်းကာ ပေါက်ကွဲသွား၏။ ထိုအခါ အလင်းတန်းများက ဥက္ကာပျံများသဖွယ် ရွာကျသွားတော့သည်။
ရွှစ်
သွေးမြူထု ပိုင်းခြမ်းခံလိုက်ရသည့်အချိန်တွင် လက်တံရှစ်ခုအမျိုးသမီးမှာ ကြယ်အလင်းရောင်ကို မြင်လိုက်ရ၏။ သူမလက်တံများက အလင်းရောင်ကို ကာဆီးလိုက်သော်လည်း လရောင်နှင့် ကြယ်ရောင်က သူမခန္ဓာကိုယ်အပေါ် ဖြာကျကာ အပိုင်းပိုင်း ခုတ်ထစ်ဖြတ်တောက်သွားသည်။
သားသတ်သမား၏ ဝက်ခုတ်ဓားမသိုင်း ... ‘’လရောင်အောက်မှာ ဓားမရှည်ကို ဝင့်လေတော့ ... ကြယ်စင်ကြားက နတ်မြင်းတွေ လန့်သွားရတယ်’’
ချင်မူ ဓားမရှည်နှစ်လက်ကို လွှတ်လိုက်သည့်အခါ ဓားမရှည်နှစ်လက်သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဓားပျံများအဖြစ် ဖြာထွက်သွား၏။ ဓားပျံများက သူ့ကို ဝန်းရံ၍ သူ့ဆီလာနေသော မိစ္ဆာဓားမများအား ကာဆီးပေးလိုက်၏။
ချင်မူက လက်ကို လှန်၍ မုဒြာဟန်ဖြင့် ရိုက်ထုတ်လိုက်သည့်အခါ မိစ္ဆာသိုင်းသမား၏ ဓားမသိုင်းမှာ ရပ်တန့်သွားပြီး အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားတော့သည်။
ဝုန်း ဝုန်း ဝုန်း
မိုးခြိမ်းသံများ မြည်ဟည်းသွားပြီး ဆယ်မိုင်အကွာအထိ ပေါက်ကွဲရိုက်ခတ်သွားသည်။ ချင်မူ၏ ‘ကောင်းကင်ဘုံကို မှောက်ခုံလှန်မည့် ယင်ယန်လက်များ’ ဖြတ်သွားသောနေရာတိုင်းတွင် လူများ၊ မြင်းများ မှောက်ခုံလန်ကုန်ကြသည်။
သူ၏မုဒြာလက်ဟန် ပုံစံနောက်တစ်မျိုး ပြောင်းလိုက်သည့်အခါ ဆယ်မိုင်ပတ်ပတ်လည် မြေပြင်အား ရေခဲများ လွှမ်းခြုံသွား၏။ သူက လက်ခလယ်ဖြင့် မျက်ခုံးနှစ်ဖက်ကြားသို့ ထိလိုက်ရာတွင် ဓားပျံများက ‘ကောင်းကင်ဘုံကို မှောက်ခုံလှန်မည့် ယင်ယန်လက်များ’၏ လမ်းကြောင်းအတိုင်း ဝဲကတော့သဖွယ် လည်ရင်း ဖြတ်သန်းသွားသည်။ သွေးများမှာ မြစ်သဖွယ် တသွင်သွင် စီးဆင်းနေတော့၏။
ဝဲကတော့ဓားချက်
ရုတ်တရက် မြွေကြီးနှစ်ကောင်က ချင်မူ့ကို ရစ်ပတ်ပြီး ဖြစ်ညစ်လိုက်သည်။ မြွေအမျိုးသမီးတစ်ယောက်က လေပေါ် ခုန်တက်၍ မြွေလက်များဖြင့် ချင်မူအား ဖမ်းချုပ်လိုက်သည်။
ချင်မူက ခေါင်းမော့၍ မျက်လုံးမှ အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။ မြွေအမျိုးသမီးမှာ ရင်ဘတ်တွင် အပေါက်များ ပွင့်ထွက်သေဆုံးသွားသော်လည်း မြွေလက်များက သူ့ကို ဆုပ်ကိုင်ပြီး လေပေါ် ပစ်မြှောက်လိုက်သေးသည်။
ရုတ်တရက် သူ့ကျောနောက်ရှိ အရုပ်ဆိုးဆိုးအမျိုးသမီးတစ်ယောက်က သူမအနောက်တွင် လွယ်ထားသည့် ဘူးသီးခြောက်ကြီးကို ရိုက်လိုက်သည်။ သွေးနီရောင်မိစ္ဆာချီက ရွှစ်ခနဲ ထွက်လာပြီး ချင်မူ့ဆီ တန်းတန်းမတ်မတ် ပြေးဝင်လာ၏။
“အစစ်အမှန်နဂါး လောကသခင်ခန္ဓာ” ချင်မူက ဒေါသတကြီး အော်ဟစ်ရင်း မြွေလက်များထဲမှ ရုန်းထွက်လိုက်သည်။ မုဒြာလက်ဟန်တစ်ခုဖြင့် သူ့အနောက်၌ မီးတောင်ကြီးတစ်လုံး ဖွဲ့တည်လာပြီး ဝုန်းခနဲ ပေါက်ကွဲသွားသည်။
လျှမ်းလျှမ်းတောက် ငရဲမီးလျှံလက်ဝါး
သူက လက်ဝါးဖြင့် အောက်သို့ ရိုက်ချလိုက်သည်။ သွေးနီရောင်မိစ္ဆာချီမှာ အရုပ်ဆိုးဆိုးအမျိုးသမီးနှင့်အတူ မီးလောင်ကျွမ်းသွား၏။
“ထူးခြားလိုက်တဲ့ ကောင်းကင်နတ်သိုင်း ... ခုနစ်စဉ်ကြယ်အဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တွေကြားမှာ မင်းက ထိပ်တန်းဆယ်ယောက်ထဲ ဝင်နိုင်တယ်”
ဌာန်ကရိုဏ်း သိပ်မမှန်သော အသံကို ကြားလိုက်သည့်အချိန်၌ ချင်မူ အံ့အားသင့်သွားမိသည်။ သူ ငုံ့ကြည့်လိုက်သောအခါ ကောင်းကင်နတ်ဆိုးအုပ်မှ စစ်သူကြီးတစ်ယောက် သူ့အား မော့ကြည့်ရင်း ယဇ်ပလ္လင်ပေါ်သို့ ပြေးတက်နေသည်ကို မြင်လိုက်ရ၏။
ထိုကောင်းကင်နတ်ဆိုးစစ်သူကြီး၏ အနောက်တွင် ဧရာမအလံကြီးများ ရှိသည်။ သူက ပြေးတက်နေရင်း ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည့်အခါ ခေါင်းလေးခေါင်းနှင့် လက်ရှစ်ဖက် ထွက်လာ၏။ သူက ဓားမရှည်များကို ဆွဲကိုင်ရင်း ခန့်မှန်းမရသော ခြေလှမ်းခြေကွက်များဖြင့် ပြေးနေပြီး သူ့လမ်းရှိ ကောင်းကင်နတ်သိုင်းပညာရှင်တိုင်းအား သတ်ပစ်နေသည်။
“မူလဝိညာဉ်ပုံရိပ်အသွင်”
ကောင်းကင်နတ်ဆိုးစစ်သူကြီးက ဓားဖနောင့်ဖြင့် ခေါင်းကို ရိုက်လိုက်ရာ ကိုက်သုံးဆယ်မြင့်မားသော မူလဝိညာဉ်တစ်ခုက သူ့ခန္ဓာကိုယ်ထဲမှ ခုန်ထွက်လာသည်။ ၎င်းက ကောင်းကင်ယံသို့ တက်လာပြီး လက်ကို မြောက်ကာ ချင်မူ့အား ရိုက်ထုတ်ရန် ပြင်နေ၏။ မူလဝိညာဉ်၏ လက်ဝါးကြီးမှာ ဧကတစ်ဝက်နီးပါး ကျယ်ပြန့်ပြီး အတွင်းထဲ၌ မိစ္ဆာသင်္ကေတအမှတ်အသားများက မှိတ်တုတ်မှိတ်တုတ် လင်းလျက် ရစ်ခွေလှည့်ပတ်နေသည်။
မိစ္ဆာသင်္ကေတများက ချင်မူ့အနားသို့ ရောက်မလာခင်ပင် သူ့ကို ချုပ်နှောင်တော့မည့် သံကြိုးများအလား ဖွဲ့တည်လာသည်။
ချင်မူ ထိုလက်ဝါးအားလှိုင်းအား လက်ခံ၍မဖြစ်ပေ။
ရွှင်ပျော်ပျော်ဓားနှင့် ကျန်ဓားပျံများက တရှိန်ထိုး ပြန်လာနေသော်လည်း ချင်မူ့ကို ကယ်တင်ပေးရန် ဝေးလွန်းနေ၏။
ထိုအခိုက်အတန့်တွင် သစ်ခုတ်သမား၏ လက်ချောင်းငါးချောင်း ပူးသွားပြီး မဟာဉာဏ်အလင်းပွင့်ကောင်းကင်နတ်ဆိုးကျမ်းစာမှ ကောင်းကင်နတ်သိုင်းမျိုးစုံ တစ်ခုတည်း ပေါင်းစည်းသွားသည်ကို ချင်မူ မြင်လိုက်ရသည်။ ကောင်းကင်နတ်သိုင်းမျိုးစုံကို စုပေါင်းလိုက်သော သိုင်းကွက်စွမ်းအားက မိစ္ဆာနတ်ဘုရားတစ်ပါးကို အစိတ်စိတ်အမြွှာမြွှာ ဖောက်ခွဲပစ်လိုက်၏။
ချင်မူ တမုဟုတ်ချင်း တုပလိုက်ပြီး လက်ချောင်းငါးချောင်းကို ပူးကပ်လိုက်သည်။
ထိုအခါ သူ၏လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်က ထူးဆန်းသော လမ်းကြောင်းတစ်ခုဖြင့် လည်ပတ်သွား၏။ ဝိညာဉ်သန္ဓေသားနှင့် ဝိညာဉ်က တစ်သားတည်း ဖြစ်သွားပြီး ဓာတ်ကြီးငါးပါး တောက်ပလာကာ အရပ်ခြောက်မျက်နှာသည် တစ်ခုတည်း ဖြစ်လာသည်။ ကြယ်ခုနစ်စင်းက ကောင်းကင်ယံသို့ ပျံဝဲတက်သွားပြီး နေနှင့်လ လည်ပတ်သွားသည်။
ဘုန်း ဘုန်း ဘုန်း
အတားအဆီးမဲ့သော စွမ်းအင်က ချင်မူ့ခန္ဓာကိုယ်မှ တဟုန်ထိုး ထွက်ပေါ်လာပြီး သူ့ကို ဝန်းရံထားသော မိစ္ဆာသင်္ကေတသံကြိုးများအား ဖျက်စီးပစ်လိုက်၏။ ထို့နောက် ချင်မူက လက်ကို မြှောက်၍ ကောင်းကင်နတ်ဆိုးစစ်သူကြီး၏ မူလဝိညာဉ်ဆီမှ လက်ဝါးကြီးအား ခုခံလိုက်သည်။
ချင်မူ ညည်းတွားလိုက်ရပြီး နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများ၏ လက်နက်များ တိုက်ခိုက်နေသည့် ကောင်းကင်ယံဆီသို့ မြောက်တက်သွားသည်။ ထို့ထက်မြင့်မြင့်သို့သာ မြောက်တက်သွားလျှင် သူ အသေဆိုးနှင့် သေရလိမ့်မည်။
မရေမတွက်နိုင်သော နေရာရွှေ့ပြောင်းသင်္ကေတများက သူ့ခန္ဓာကိုယ်ကို ဝန်းရံလိုက်သည်။ ချင်မူမှာ လက်နက်စစ်မြေပြင်ထဲ ရောက်လုဆဲဆဲမှာပင် ပျောက်ကွယ်သွား၏။
ဘုန်း
ဆယ်မိုင်အကွာသို့ သူ ပြုတ်ကျလာသည်။ ကောင်းကင်နတ်ဆိုးစစ်သူကြီး၏ မူလဝိညာဉ်ဆီမှ ကြောက်မက်ဖွယ်ရာ လက်ဝါးအားလှိုင်းကြောင့် သူ့မှာ ချီတက်လာနေသော ကောင်းကင်နတ်သိုင်းပညာရှင်များအထဲ ကျသွားပြီး တွန်းထုတ်ခံလိုက်ရ၏။
ချင်မူမှာ အကြိမ်နှစ်ဆယ်လောက် လိမ့်သွားပြီးနောက်မှ သူ့ကိုယ်သူ ထိန်းလိုက်နိုင်သည်။
မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းပညာရှင်များက သူ့ကို ဖြတ်ကျော်သွားကြ၏။ များစွာမကြာလိုက်ဘဲ သူတို့က ဝိညာဉ်လက်နက်များကို မြှောက်ကာ ပစ်လွှတ်လိုက်ကြသည်။ လက်နက်များက မိုးရွာကျနေသကဲ့သို့ ဒေါင်လိုက်ကျဆင်းသွားပြီး မြေပြင်တစ်ခုလုံး ဖုံးလွှမ်းသွားတော့သည်။ ထိုဝိညာဉ်လက်နက်မိုးကြောင့် မိစ္ဆာနတ်ဆိုးမည်မျှ သေဆုံးသွားမှန်း မသိပေ။
‘ငါ အသက်ရှင်နေသေးတယ်လား’
ချင်မူ သူ့ကိုယ်သူ ကမန်းကတန်း စမ်းကြည့်လိုက်သည့်အခါ တစ်ကိုယ်လုံး ဒဏ်ရာများဖုံးလွှမ်းနေသော်လည်း ကောင်းကင်နတ်ဆိုးစစ်သူကြီးဆီမှ အသေသတ်သိုင်းကွက်ကြောင့် ဒဏ်ရာမရခဲ့ကြောင်း တွေ့လိုက်ရသည်။ ချင်မူ အံ့ဩဝမ်းသာသွားတော့၏။
‘တန်ခိုးရှင်သစ်ခုတ်သမားရဲ့ အဲဒီသိုင်းကွက်စွမ်းအားက မယုံနိုင်လောက်အောင် ကြီးမားတာပဲ.... ငါ ဒုက္ခရောက်နေတာ သိလို့ ဒီသိုင်းကွက်ကို ငါ သင်ယူနိုင်အောင် ပြပေးပြီး မုချသေရမယ့် အခြေအနေကနေ ကယ်တင်ပေးလိုက်တာများလား’
သူ လက်ကို ဆန့်ထုတ်လိုက်သည့်အခါ ရွှင်ပျော်ပျော်ဓားနှင့် ကျန်ဓားပျံများ ပြန်လည်ရောက်ရှိလာပြီး သူ့လက်ဝါးထဲတွင် ဓားစက်လုံးအသွင် ဖွဲ့သွားသည်။
ရုတ်တရက် ခပ်စူးစူးအသံလေးတစ်သံ သူ့အနောက်မှ ထွက်လာ၏။ “ငါ နင့်ကို မြင်ဖူးသလိုပဲ”
ချင်မူ လှည့်လိုက်ပြီး သူ့အနောက်တွင် အလွန်အရပ်မြင့်မားသော နတ်ဘုရားတစ်ပါးကို မြင်လိုက်ရသည်။ နတ်ဘုရား၏ပခုံးပေါ်တွင် ကျစ်ဆံမြီးနှစ်ချောင်းဖြင့် မိန်းကလေးတစ်ယောက် ရှိနေ၏။ သူမက ခေါင်းလေးစောင်းကာ သူ့ကို ကြည့်နေသည်။