ကျစ်ဆံမြီးကျစ်ထားသော မိန်းကလေး နှင့် အရိပ်ကောင်လေး
Vol. 38 Ch. 528
“နင်က.... ကျစ်ဆံမြီးနဲ့ မိန်းကလေး မဟုတ်လား” ချင်မူမှာ ကျစ်ဆံမြီးရှည်ရှည်လေး နှစ်ချောင်းဖြင့် မိန်းကလေးကို ကြည့်ရင်း အမှောင်ထုထဲတွင် တွေ့ခဲ့ဖူးသော မိန်းကလေးအား သတိရသွား၏။ သူ ဝမ်းသာအားရ မေးလိုက်မိသည်။ “တကယ်ပဲ နင်လား”
အရိပ်မိန်းကလေးတွင်လည်း ကျစ်ဆံမြီးနှစ်ချောင်း ရှိခဲ့သော်လည်း သူတို့နှစ်ယောက်မှာ မတူညီသောကမ္ဘာနှစ်ခုတွင် တည်ရှိနေခဲ့သည့်အတွက် တစ်ယောက်မျက်နှာတစ်ယောက် မမြင်ခဲ့ရသလို၊ စကားပင် မပြောနိုင်ခဲ့ပေ။ အရိပ်ကောက်ကြောင်းကိုသာ မှတ်ထားခဲ့ရခြင်း ဖြစ်သည်။
ယခု သူ၏ရှေ့တူရူရှိ နတ်ဘုရား၏ ပခုံးပေါ်တွင် ရပ်နေသော မိန်းကလေးတွင်လည်း ခါးအထိ ကျနေသည့် ကျစ်ဆံမြီးလေးနှစ်ချောင်း ရှိနေသည်။
ကျစ်ဆံမြီးနှင့်မိန်းကလေးဟု သူ ပြောလိုက်သည်ကို ကြားလျှင် သူမက အလွန်အမင်း ဝမ်းသာသွားပြီး အံ့အားသင့်သွား၏။ နတ်ဘုရားပခုံးပေါ်မှ အပြေးအလွှား ခုန်ဆင်းလာကာ ချင်မူ့ဘေးသို့ ရောက်လာသည်။ သူမပါးနှစ်ဖက်ပေါ်တွင် ပါးချိုင့်လေးနှစ်ခုက ထင်းနေသည်။ “နင်က အရိပ်ကောင်လေးပဲ... အဖေ၊ သူက အဲဒီအချိန်တုန်းက ပျောက်ကွယ်သွားတဲ့ အရိပ်ကောင်လေးပဲ”
နတ်ဘုရားက ချင်မူ့ကို ငုံ့ကြည့်ရင်း မယုံသင်္ကာ မေးသည်။ “မင်းက အဲဒီအရိပ်ဆိုရင် ဘာလို့ အခု ရုပ်ခန္ဓာ ရှိနေတာလဲ... စောစောက မင်း တိုက်ခိုက်နေတာ ငါတို့ မြင်ခဲ့ရတယ်... တကယ် အံ့အားသင့်စရာကောင်းလွန်းလို့ ဒီလို သိုင်းပညာရှင်တစ်ယောက် ဘယ်ကနေ ရောက်လာတာလဲ တွေးနေတာ.... မင်းက ခုနစ်စဉ်ကြယ်အဆင့်လား... ငါတို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ မင်းလို ထူးချွန်တဲ့ ခုနစ်စဉ်ကြယ်အဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တွေ ရှိပေမယ့် မင်းလို ထူးခြားတဲ့လူမျိုးကတော့ သိပ်ရှားတယ်... မင်းက သိပ်အထင်ကြီးစရာကောင်းတဲ့ လူငယ်ပဲ”
ချင်မူ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။ “ဒီနေရာမှာ ကျွန်တော့်ထက် သန်မာအားကောင်းတဲ့ ခုနစ်စဉ်ကြယ်အဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တွေ ရှိသေးတာလား... သူတို့က လောကသခင်ခန္ဓာတွေလား’
“လောကသခင်ခန္ဓာ ဟုတ်လား” နတ်ဘုရားက သူတို့နှစ်ယောက်ကို သယ်ပြီး ရှေ့ဆက်သွားသည်။ “လောကသခင်ခန္ဓာက ဘာလဲ... ငါ တစ်ခါမှ မကြားဖူးဘူး... အစစ်အမှန်နတ်ဘုရားအထုံပါရမီ ရှိတဲ့ လူငယ်တွေတော့ ရှိတယ်... ဝိညာဉ်ခန္ဓာတွေကြားက ဘုရင်တွေပေါ့... သူတို့က သန်မာအားကောင်းတဲ့ စွမ်းရည်တွေနဲ့ မွေးလာကြပေမယ့် လောကသခင်ခန္ဓာတော့ မဟုတ်ဘူး”
“ဝိညာဉ်ခန္ဓာတွေရဲ့ ဘုရင်တွေဟုတ်လား”
ချင်မူ မျက်တောင်ပုတ်ခတ်လိုက်မိသည်။ ဝိညာဉ်ခန္ဓာများအကြားတွင် ဘုရင်များရှိသည်ဟု သူ တစ်ခါမှ မကြားခဲ့ဖူး၍ ငေးကြောင်သွားမိသည်။ သို့သော် သူ့နှလုံးသွေးတို့ ဆူပွက်ကာ စိတ်လှုပ်ရှားလာသည်။ ဝိညာဉ်ခန္ဓာများအကြားက ဘုရင်များ... အစစ်အမှန်နတ်ဘုရားအထုံပါရမီများနှင့် လူငယ်များတဲ့လော... သူ ဤကမ္ဘာသို့ လာခဲ့သည်မှာ မှန်သွားချေပြီ။
ချင်မူသည် ဤကမ္ဘာသို့ လာရန် သူ့ကိုယ်သူ ယဇ်ပူဇော်၍ နေရာရွှေ့ပြောင်းလာခဲ့ခြင်း ဖြစ်၏။ စစ်မြေပြင်သို့ စတင်ဝင်ရောက်လိုက်ကတည်းက ကောင်းကင်နတ်ဆိုးအုပ်၏ ထူးခြားသော အားသာချက်များကို သတိပြုမိခဲ့သည်။ သူတို့၏အစွမ်းအစများက အတိုင်းထက်အလွန် သန်မာအားကောင်းလှပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စံနှုန်းထားများနှင့် တိုင်းတာပါက ပန်ကုန်းစုန်အောက် နိမ့်ကျမည်မဟုတ်ပေ။ မှန်သည်... ပြေးသည့်နေရာတွင်တော့ ပန်ကုန်းစုန်က ပြိုင်ဘက်ကင်းနေသေး၏။
‘ထိုက်ဧကရာဇ်ကောင်းကင်ဘုံက နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် စစ်ကြီးဆင်နွှဲနေခဲ့ရတယ်... ဒီနေရာရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေဟာ နတ်ဘုရားလို အမြန်နှုန်းနဲ့ တိုးတက်နေပြီ... ဒီမှာဆို ပထမဘိုးဘေးကြီးကို အနိုင်ယူနိုင်မယ့် နည်းလမ်း ငါ ရှာတွေ့လောက်တယ်’
ချင်မူ လက်သီးတင်းတင်း ဆုပ်လိုက်မိသည်။ ပထမဆုံးလူသားဧကရာဇ်ကို အနိုင်ယူရန်မှာ သူ၏အကြီးမားဆုံး ပန်းတိုင်ဖြစ်လာခဲ့၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် သူ့ကို အနိုင်ယူနိုင်မည့် မျှော်လင့်ချက်ကို ရှာမတွေ့တော့၍ ဤထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင်လည်း တွေ့လိုတွေ့ငြား ရှာရမည်။
ရှာမတွေ့လျှင်တောင်မှ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများစွာ သိမြင်လာခြင်းက သူ့ကို တိုးတက်လာစေလိမ့်မည်။
ရုတ်တရက် နတ်ဘုရားက စစ်မြေပြင်ထဲသို့ ပြေးဝင်သွားပြီး သူတို့အား ချန်ခဲ့သည်။ “မင်းတို့တွေ ဒီမှာနေခဲ့”
အဝေးရှိ ဟင်းလင်းပြင်၌ အက်ကွဲကြောင်းတစ်ကြောင်း ပေါ်လာပြီး မည်းနက်နေသော လက်ကြီးခြောက်ဖက်က ဆွဲဖြဲလိုက်၏။ လက်ကြီးများက အက်ကွဲကြောင်း၏ အနားများကို ဆုပ်ကိုင်ကာ ပိုကျယ်အောင် ဆွဲဖွင့်နေသည်။
နတ်ဘုရားက တရှိန်ထိုး ပြေးသွားပြီး ဓားအိမ်မှ ဓားကို ဆွဲထုတ်ကာ လက်များအား ခုတ်ဖြတ်ပစ်လိုက်သည်။ သို့သော် လက်နှစ်ဖက်ကိုသာ ဖြတ်ရသေးသည့်အချိန် တူကြီးတစ်လက် ရောက်ချလာပြီး သူ့ကို ရိုက်ထုတ်လိုက်၏။ မိစ္ဆာနတ်ဘုရားတစ်ပါးက သူ့ကို တားရန် ရောက်လာ၏။
ကျစ်ဆံမြီးနှင့် မိန်းကလေးမှာ စစ်မြေပြင်ဆီသို့ စိုးရိမ်ပူပန်စွာ လှမ်းကြည့်နေသည်။ သူမအဖေ ထိခိုက်မသွားဘဲ သူ့ကို တိုက်ခိုက်ခဲ့သော မိစ္ဆာနတ်ဘုရားအား သတ်ရန် ပြန်ရောက်လာကြောင်း မြင်မှ သူမ သက်ပြင်းချနိုင်သွားသည်။
“ဟေ့ နင်တို့တွေက ဒီနေရာက မဟုတ်ပါဘူး... ဘာလို့ ဒီမှာ ပေါ်လာတာလဲ”
ချင်မူ အတန်ငယ် ဇဝေဇဝါ ဖြစ်နေမိသည်။ ဤမိန်းကလေးနှင့် သူ ဆုံတွေ့ခဲ့သော နေရာမှာ မဟာမြို့ပျက်၏အတွင်းပိုင်းတွင် ဖြစ်ခဲ့သော်လည်း ဤနေရာမှာမူ မိုင်နှစ်သောင်း၊ သုံးသောင်းမျှ ဝေးကွာနေသည့် မဟာမြို့ပျက်၏နယ်စပ်တွင် ရှိနေ၏။ သူမအနေဖြင့် ဤပတ်ဝန်းကျင်၌ ရှိမနေသင့်ပေ။
ကျစ်ဆံမြီးနှင့်မိန်းကလေး မျက်နှာညှိုးကျသွားသည်။ “နင် ပျောက်သွားပြီးတော့ ငါတို့မြို့ ကျူးကျော်ခံလိုက်ရပြီး လူတွေအများကြီး သေကုန်တယ်... အဖေက ငါတို့ကို ကယ်ထုတ်ပြီး ဒီမင်ယီမြို့ဆီ ခေါ်လာပေးခဲ့တာ....”
သူမက ရှေ့သို့ ပြေးသွား၍ ချင်မူလည်း သူမနောက်မှ ကမန်းကတန်း လိုက်သွားသည်။ “ငါ ပျောက်သွားတုန်းက ည, ကနေ နေ့ဖြစ်သွားတဲ့ အချိန်ဆိုတော့... နင်တို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံထဲက မိစ္ဆာနတ်ဆိုးတွေ ပျောက်မသွားဘူးလား”
ကျစ်ဆံမြီးနှင့် မိန်းကလေး ဇဝေဇဝါ ဖြစ်သွား၏။ “ဘာလို့ပျောက်သွားမှာလဲ”
ချင်မူ မှင်သက်သွားမိသည်။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ မဟာမြို့ပျက်လို အမှောင်ထု၏ ကျူးကျော်မှုအား ခံစားခဲ့ရသည်ဟု သူ ထင်မိခဲ့၏။ အမှောင်ထု ဆုတ်ခွာသွားသည့်အချိန်တွင် သူလည်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှ ထွက်သွားခဲ့ရသည်။ သို့သော် ယခုအခြေအနေအရ ထိုက်ဧကရာဇ်ကောင်းကင်ဘုံက မဟာမြို့ပျက်နှင့် မတူပေ။ မိစ္ဆာနတ်ဆိုးများသည် နေထွက်လာလျှင် ပျောက်မသွားဘဲ အချိန်အကန့်အသတ်မရှိ နေနိုင်၏။
‘တုထျန်းမိစ္ဆာဘုရင် ပြောသွားတာ မှန်နေတဲ့ပုံပဲ။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ ကော်းကင်နတ်ဆိုးကမ္ဘာကြားက လောကစည်းအတားအဆီး တွန်းဖွင့်ဖျက်စီးခံလိုက်ရတာပဲ ဖြစ်မယ်...’ ချင်မူ အံ့အားသင့်နေမိသည်။ ‘သူ ခန့်မှန်းခဲ့တာက အတိအကျ မှန်နေတော့ ကျန်တာတွေလည်း မှန်လာလောက်တယ်... ကောင်းကင်နတ်ဆိုးတွေ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို သိမ်းနိုင်သွားရင် .... ဒီကမ္ဘာကို ယဇ်ပူဇော်စတေးပြီး ကောင်းကင်နတ်ဆိုးကမ္ဘာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဝင်တိုက်သွားစေလိမ့်မယ်.... ဒါပေမဲ့ ငါ အဲဒီလိုမဖြစ်အောင် ဘယ်လိုတားရမလဲ’
ကျစ်ဆံမြီးနှင့်မိန်းကလေးက ပလ္လင်ဆီသို့ ပြေးတက်သွားကာ အလျင်အမြန် လှမ်းပြောသည်။ “နင် တိုက်ခိုက်ခဲ့ရတာ တော်တော်ကြာပြီ... မင်ယီမြို့ဆီ သွားပြီး အနားယူသင့်တယ်.... ငါကတော့ ရန်သူတွေကို တိုက်ခိုက်လိုက်ဦးမယ်”
“ဒီလောက်ဒဏ်ရာလေးက ဘာမှမဟုတ်ပါဘူး” ချင်မူက သူမကို အမှီလိုက်ကာ ပြောလိုက်သည်။ “ငါက ဆေးဆရာတစ်ယောက်ပါ... ငါ့ကမ္ဘာဆို အတော်လေး နာမည်ကြီးတယ်... စောစောကပဲ ငါ့ကိုယ်ငါ ကုသပြီးပြီ။ ငါ ပိုသန်မာအားကောင်းတဲ့ သိုင်းကွက်တွေ၊ စွမ်းရည်တွေကို ရှာချင်လို့ ဒီကမ္ဘာကို လာခဲ့တာ.... ငါ့ကမ္ဘာရဲ့ သိုင်းကွက်တွေ၊ စွမ်းရည်တွေက သမိုင်းထဲမှာ ပျောက်ကွယ်ကုန်လို့လေ”
စစ်မြေပြင်၏အလယ်၌ တောင်ကြီးသဖွယ် မြင့်တက်နေသော ယဇ်ပလ္လင်ကြီးအား ချင်မူ့ကို ဆယ်မိုင်အကွာသို့ ရိုက်ထုတ်ခဲ့သော ကောင်းကင်နတ်ဆိုးစစ်သူကြီးမှ ကောင်းကင်နတ်ဆိုးအုပ်ကို ဦးဆောင်၍ နေရာယူထားပြီဖြစ်သည်။ ပလ္လင်ထက်တွင် ကောင်းကင်နတ်ဆိုးအုပ်၏ စစ်သည်တော်များက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် တိုက်ခိုက်နေ၏။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ နေရာအနေအထား အသာစီးမရလိုက်သဖြင့် အရေးနိမ့်နေကြသည်။
ကောင်းကင်နတ်ဆိုးစစ်သူကြီးက ယဇ်ပလ္လင်၏အမြင့်ဆုံး၌ နေရာယူလျက် ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်နေ၏။ ကောင်းကင်ယံတွင် အနက်ရောင်မိုးကြိုးများက မိုးသီးမိုးပေါက်များသဖွယ် မြေပြင်ပေါ်သို့ ရွာကျနေသည်။ မိုးကြိုးများနှင့် ထိမှန်သွားသည့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ အသားတို့အရည်ပျော်ကျသွားပြီး အရိုးစုများ ဖြစ်ကုန်ကြ၏။
ချင်မူ မျက်လုံးများ မှေးကျဉ်းလိုက်မိသည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ကောင်းကင်နတ်သိုင်းများက မိစ္ဆာလမ်းစဉ်လိုက်စားသော ကောင်းကင်နတ်ဆိုးဂိုဏ်းသားများ၏ သိုင်းကွက်များထက်ပင် ရက်စက်ကြမ်းတမ်းပြီး ထူးဆန်းနေ၏။
ကျစ်ဆံမြီးနှင့်မိန်းကလေးက ပလ္လင်ပေါ်သို့ တရှိန်ထိုး တက်သွားသည်။ “ငါတို့ မင်ယီမြို့ထဲကနေ စစ်ပွဲကို စောင့်ကြည့်နေတုန်းက နင် တိုက်ခိုက်နေတဲ့ပုံကို မြင်ခဲ့ရတယ်။ နင်က သိပ်သန်မာအားကောင်းတယ်... မှော်စွမ်းအင်ကလည်း လန့်စရာကောင်းလောက်အောင် သိပ်သည်းကြီးမားတယ်... နင့်ကောင်းကင်နတ်သိုင်းတွေကလည်း ထူးခြားတယ်... နင့်ရဲ့သဘောပေါက်နိုင်စွမ်းကလည်း မြင့်မားတယ်... ဒါပေမဲ့ နင့်ကျင့်စဉ်တွေမှာ ပြဿနာရှိနေတဲ့ပုံပဲ... အစစ်အမှန်နတ်ဘုရားအဆင့် သိုင်းကွက်တွေကိုလည်း ထုတ်မကစားပြခဲ့ဘူး.... နင်တို့ကမ္ဘာသားတွေမှာ ကွာဟမှုတစ်ခု ရှိနေတယ်လို့ ငါ့အဖေက ပြောခဲ့တယ်”
မိန်းကလေးက အလွန်သန်မာအားကောင်းသော စွမ်းရည်များနှင့် ရုပ်ခန္ဓာအား ပိုင်ဆိုင်ထားသည့် အသူရာတစ်ယောက်ကို ရင်ဆိုင်လိုက်သည်။ အသူရာ၏ သိုင်းကွက်များက လျှပ်စီးသဖွယ် လျင်မြန်ပြီး သူ လှုပ်ခါလိုက်တိုင်း သင်္ကေတအမှတ်အသားများက သူ့အရေပြားတွင် ရေးဆွဲထားသကဲ့သို့ ထွက်ပေါ်လာသည်။
သို့သော် ကျစ်ဆံမြီးနှင့်မိန်းကလေး၏ ရုပ်ခန္ဓာကလည်း ကြောက်စရာကောင်းလောက်အောင် သန်မာ၏။ သူတို့နှစ်ယောက်က ကောင်းကင်နတ်သိုင်းများအား လက်ဝါးများ၊ လက်ချောင်းများကြားတွင် သိုဝှက်လျက် လေမုန်တိုင်းတိုက်ခတ်နေသည့်အလား လျင်မြန်စွာ တိုက်ခိုက်နေကြ၏၊ ဤသို့ဖြင့် ရလဒ်က တမုဟုတ်ချင်း ထွက်ပေါ်လာသည်။
ကျစ်ဆံမြီးနှင့် မိန်းကလေးက ပြိုင်ဘက်၏ မျက်ခုံးနှစ်ဖက်ကြားကို ခပ်ဆတ်ဆတ် ထိုးနှက်ရင်း နှလုံးသားကို ဖျက်စီးလိုက်၏။ အသူရာမှ နှလုံးသားပေါက်ကွဲသွား၍ မြေပြင်ပေါ်သို့ အရိုးကြိုးပြတ် လဲကျသွားပြီး ပလ္လင်၏ လှေကားထစ်များအတိုင်း လိမ့်ကျသွားတော့သည်။
ချင်မူ၏ မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ မိန်းကလေး၏ ကောင်းကင်နတ်သိုင်းများက သူ၏ကောင်းကင်နတ်သိုင်းများလောက် သေသပ်မလှပပေ... အကြမ်းစားပင် ဆန်နေသေးသည်။ သို့သော် သူ၏သိုင်းကွက်တွင် ထူးခြားသော အားသာချက်များ ရှိနေ၏။
ကျစ်ဆံမြီးနှင့်မိန်းကလေးက လမ်းတောက်လျှောက် တိုက်ခိုက်ရင်း ယဇ်ပလ္လင်ထက်သို့ တက်သွားပြီး သူ့ကို စကားပြောနေသည်။ “အဖေ ပြောတာတော့ နင့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအတော်များများက အစစ်အမှန်နတ်ဘုရားအထုံပါရမီတွေ ရှိတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေနဲ့ သိပ်မကွာဘူးတဲ့ .... ဥပမာ နင့်ရဲ့လက်တွေ၊ နှလုံး၊ တန်ထျန်း၊ ခြေထောက်တွေနဲ့ ၊ မျက်လုံးတွေက အင်မတန် အဆင့်မြင့်မားနေပြီ
“ဒါပေမဲ့ နင့်လက်တွေက လက်တွေ ဖြစ်နေသလို၊ ခြေထောက်တွေကလည်း ခြေထောက်တွေ ဖြစ်နေသေးတုန်းပဲ၊ တန်ထျန်းကလည်း တန်ထျန်း၊ နှလုံးကလည်း နှလုံး ဖြစ်နေသေးတယ်... တစ်ခုချင်းဆီ ကြည့်ရင်တော့ နင့်အစွမ်းအစတွေက မြင့်မားပေမယ့် နင့်ရုပ်ခန္ဓာက သူတို့ကို မပေါင်းစည်းနိုင်သေးတဲ့အတွက် ... နင့်မှာ အစစ်အမှန်နတ်ဘုရားအထုံပါရမီမျိုး မရှိဘူး... အစစ်အမှန်နတ်ဘုရားငယ်တစ်ယောက်နဲ့ ယှဉ်ရင် နင်က နိမ့်ကျနေသေးတယ်”
သူမက စကားပြောနေရင်း ကောင်းကင်နတ်ဆိုးများအား ကြမ်းတမ်းပြင်းထန်စွာ သတ်ဖြတ်သွားပြီး ယဇ်ပလ္လင်ထိပ်သို့ တစ်ထစ်ချင်း တက်နေသည်။
သူမကြောင့် ရန်သူများ ဖရိုဖရဲဖြစ်သွားသဖြင့် ကျန်ကောင်းကင်နတ်သိုင်းပညာရှင်များလည်း စိတ်အားတက်ကြွလာကြပြီး ယဇ်ပလ္လင်ထိပ်သို့ အရူးအမူး ပြေးတက်သွားကြသည်။ သို့သော် ကောင်းကင်နတ်ဆိုးများ အုံဖွဲ့ရောက်လာရှိလာ၍ တဖြည်းဖြည်း အရှိန်ကျလာ၏။
ချင်မူက စနေဂြိုဟ်အရှင်သခင်အသွင် ပြောင်းကာ ကောင်းကင်အလိုတော်မုခ်ဝအား ရှေ့သို့ စေလွှတ်လိုက်သည်။ မုခ်ဝထဲ ရောက်သွားသည့် ကောင်းကင်နတ်ဆိုးများမှာ တမုဟုတ်ချင်း ဝိညာဉ်နုတ်ယူခံလိုက်ရ၍ အတုံးအရုန်း လဲကျသေဆုံးသွားကြသည်။
ချင်မူ ပတ်ဝန်းကျင်ကို ကြည့်ကာ ခေါင်းညိတ်လိုက်မိသည်။ ကျစ်ဆံမြီးနှင့်မိန်းကလေး စကားက မှန်၏။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များထက် အမှန်တကယ် သာပေသည်။
သူတို့၏ကောင်းကင်နတ်သိုင်းပညာရှင်များက မသေသပ်မလှပသော်လည်း စွမ်းအားက ပိုသန်မာအားကောင်း၏။ သူတို့၏ခန္ဓာကိုယ်ရွေ့လျားမှုများက ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် မယှဉ်နိုင်သော်လည်း သန်မာလှသည့် ရုပ်ခန္ဓာများကြောင့် အားအင်ပိုပါလေသည်။
ဤသည်မှာ သူတို့၏ကျင့်စဉ်များမှ အကျိုးသက်ရောက်မှု ဖြစ်လိမ့်မည်။
သားသတ်သမား၊ ရွှေအ၊ ထော့ကျိုး၊ အဘွားစစ်နှင့် မျက်ကန်းကဲ့သို့ သန်မာအားကောင်းသော သိုင်းပညာရှင်များသည်ပင် နယ်ပယ်တစ်ခုတွင်သာ ကျွမ်းကျင်ပြီး နတ်ဘုရားအဆင့်အထိ ကျင့်ကြံထားကြခြင်း ဖြစ်၏။ နယ်ပယ်အားလုံးတွင် ထိုကဲ့သို့ မရောက်နိုင်ပေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံလို နှစ်ငါးရာမှ တစ်ကြိမ်ပေါ်သည့် ပါရမီရှင်တစ်ယောက်လည်း နယ်ပယ်အားလုံးတွင် နတ်ဘုရားအဆင့် ရောက်အောင် မကျင့်နိုင်ပေ။
သို့တိုင်အောင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံရှိ ကောင်းကင်နတ်သိုင်းပညာရှင်များ၏ ကျင့်စဉ်ပညာရပ်များက အဆင့်တစ်ဆင့် မြင့်မားနေသည့်အတွက် သူတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ကျင့်ကြံနိုင်ကြ၏။ သူတို့က နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်သောကြောင့် သူတို့သိုင်းစွမ်းအားက ပိုမိုအားကောင်းလေသည်။
‘ထိုက်ဧကရာဇ်ကောင်းကင်ဘုံက ကောင်းကင်နတ်သိုင်းပညာရှင်အားလုံး ဒီလောက်သန်မာနေတာ အံ့ဩစရာမရှိဘူးပဲ’
ချင်မူမှာ ကောင်းကင်ယံကို အုပ်မိုးထားသော မိုးသားတိမ်တိုက်များ လွင့်စင်သွားပြီး ကောင်းကင်တစ်ပြင်လုံး ကြည်လင်သာယာလာသကဲ့သို့ ခံစားချက်မျိုး ခံစားလိုက်ရသည်။ သူ ဤနေရာသို့ လာခဲ့သည့် ရည်ရွယ်ချက်မှာ ပထမဆုံးလူသားဧကရာဇ်အား အနိုင်ယူနိုင်မည့် နည်းလမ်းကို ရှာဖွေရန် ဖြစ်၏။ ယခုတွင် ရောင်နီ မြင်ရချေပြီ။
“ဒါပေမဲ့ နင့်မှော်စွမ်းအင်က သိပ်အားကောင်းပြီး ကောင်းကင်နတ်သိုင်းတွေကလည်း သေသပ်လှပတော့ အားနည်းချက်ရှိနေပေမယ့် တိုက်ခိုက်နိုင်သေးတယ်.... ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ နင်နဲ့ အဆင့်တူချင်း ယှဉ်နိုင်မယ့်လူ များများစားစား မရှိလောက်ဘူး”
ကျစ်ဆံမြီးနှင့်မိန်းကလေးက သူ့အဖေ၏ သူ့အပေါ် အမြင်အား ကျယ်လောင်စွာ ဆက်ပြောပြနေသည်။ “ဒါပေမဲ့ နင့်ကျင့်စဉ်တွေက ပြန့်ကြဲနေလွန်းတယ် .... နင်က မျက်လုံးကို လေ့ကျင့်ရင် မျက်လုံးတစ်ခုပဲ လေ့ကျင့်တယ်... လက်ကို လေ့ကျင့်ရင် လက်ပဲ လေ့ကျင့်တယ်... နှလုံးသားကို လေ့ကျင့်ရင်လည်း နှလုံးသားပဲ လေ့ကျင့်တယ်... နင်က အကုန်လုံးကို သပ်သပ်စီ ကျင့်ကြံနေတယ်
“ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ပေါင်းစည်းပြီး ရုပ်ခန္ဓာ၊ မှော်စွမ်းအင်၊ မူလဝိညာဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေကိုလည်း အတူတကွ ကျင့်ကြံလိုက်နိုင်ရင် နင် အင်မတန် တိုးတက်သွားမှာပဲ.... ဒါပေမဲ့ ဒါတွေအားလုံးကလည်း ပြန့်ကြဲနေတဲ့ ကျင့်စဉ်တွေကြောင့် ဖြစ်နေတာဆိုတော့ အခုမှ အားလုံးကို ပေါင်းစည်းချင်ရင် တော်တော်လေး ခက်လိမ့်မယ်”
ချင်မူ သက်ပြင်းမှုတ်ထုတ်လိုက်မိသည်။ ကျစ်ဆံမြီးနှင့်မိန်းကလေးမှာ သူမ၏ထိုးထွင်းသိမြင်နိုင်စွမ်းဖြင့် မတွေးနိုင်သဖြင့် သူမအဖေ၏ အမြင်ကို ပြန်ပြောပြနေခြင်းသာ ဖြစ်သော်လည်း ချင်မူ၏အားနည်းချက်ကို ချက်ကျလက်ကျ ထောက်ပြသွားခဲ့၏။ သို့မဟုတ် ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံး၏ အားနည်းချက်ဟုဆိုလျှင် ပိုမှန်လိမ့်မည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သမိုင်းတစ်လျှောက်လုံးတွင် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်သည် နယ်ပယ်တစ်ခုတွင် ကြိုးစားအားထုတ်နိုင်သရွေ့ တစ်လောကလုံး၏ ထိပ်ဆုံးတွင် ရပ်နိုင်၏။ သို့သော် ကြိုးစားအားထုတ်မှုအားလုံးကို အတူတကွ မပေါင်းစည်းနိုင်သရွေ့ ကျင့်စဉ်သည် ဘယ်သောအခါမှ စနစ်တစ်ခု ဖြစ်လာမည်မဟုတ်ပေ။
ဤသို့ဖြစ်ရသည်မှာလည်း လွန်ခဲ့သောနှစ်နှစ်သောင်းတုန်းက ကပ်ဆိုးကြီး၏ဘေးရန်မှ လွတ်မြောက်အောင် ထွက်လာခဲ့ရ၍ ကြားတွင် ကွာဟမှုကြီးတစ်ခု ရှိလာခြင်းဖြစ်လိမ့်မည်။ သူတို့အနေဖြင့် ကောင်းကင်နတ်သိုင်းများအား ကြိုးစားပမ်းစား ဖန်တီးတီထွင်နိုင်သော်လည်း ကျင့်စဉ်၏ ကန့်သတ်ချက်အနှောင်အဖွဲ့များမှ မဖောက်ထွက်နိုင်ပေ။
နောက်ဆုံးတော့ သူတို့နှစ်ယောက် ပလ္လင်ထိပ်သို့ ရောက်သွားသည်။ ကောင်းကင်နတ်သိုင်းပညာရှင်များက အောက်မှတက်လာနေသော ကောင်းကင်နတ်ဆိုးများကို တိုက်ခိုက်နေကြပြီး ကျန်ရှိသူများက ကောင်းကင်နတ်ဆိုးစစ်သူကြီးအား ဝိုင်းထားကြ၏။
“ခွေးပေါက်လေးတွေကများ” ကောင်းကင်နတ်ဆိုးစစ်သူကြီးက ကျယ်လောင်စွာ ရယ်လိုက်ပြီး သူ၏မူလဝိညာဉ်က မီးဟုန်းဟုန်းတောက်လျက် သူ၏အနောက်၌ ဖွဲ့တည်နေသည်။ သူ၏ခေါင်းလေးလုံးက ပတ်ဝန်းကျင်ကို ကြည့်ရှုနေပြီး သူ့ကျောနောက်မှ အလံကြီးများ ပျံတက်လာ၏။ သူက သရော်တော်တော် ပြောလိုက်သည်။ “မင်းတို့ကို သတ်ဖို့က ငါ့လက်ကလေး လှန်သလို အလွယ်လေးပဲ”
ကျစ်ဆံမြီးနှင့်မိန်းကလေး နှင့် ကောင်းကင်နတ်သိုင်းပညာရှင်များ အမူအရာတင်းမာသွားကြသည်။ ကောင်းကင်နတ်ဆိုးစစ်သူကြီး၏ စွမ်းရည်များက အတိုင်းထက်အလွန် မြင့်မားသည့်အတွက် ချင်မူပင် သူ့အား ထိပ်တိုက်မရင်ဆိုင်ရဲပေ။ ထိုခေါင်းလေးလုံးစစ်သူကြီးသည် သိုင်းကွက်လေးတစ်ကွက်တည်းဖြင့် သူတို့အသက်ကို နုတ်ယူပစ်နိုင်၏။
‘ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် နောက်တစ်ဆင့်က ကျင့်စဉ်နဲ့ ပတ်သက်နေတာပဲ....’
ကျစ်ဆံမြီးနှင့်မိန်းကလေးဘေးတွင် ချင်မူမှာ အတွေးထဲ နစ်မျောနေပြီး ထောင်ကျယ်အိတ်ထဲမှ ကျောက်စိမ်းမျက်လုံးတစ်လုံး ထုတ်လိုက်သည်။ သူ့လက်များက မျက်လုံး၏ အနောက်နားအား ချောက်ခနဲ လှည့်လိုက်၏။
“ငါ တံတားတစ်စင်း ဆောက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို နင်တို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ ဆက်သွယ်နိုင်မယ်ထင်လား” ချင်မူက မေးလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ဒီမှာ အတွေ့အကြုံ လာယူပြီး အမြင်တွေပွင့်သွားအောင် လုပ်ပေးချင်မိတယ်”
ကျစ်ဆံမြီးနှင့်မိန်းကလေးမှာ အလွန်စိုးရိမ်ထိတ်လန့်နေ၍ နဖူးမှ ချွေးများပင် ကျနေသည်။ သူမက စိတ်ဆိုးမာန်ဆိုး ပြောလိုက်၏။ “ဘာလို့ မေးခွန်းတွေ မေးနေတာလဲ... အခု တခြားဟာတွေ တွေးမနေနဲ့ ... ငါတို့ရှေ့က ရန်သူကို မသတ်ရင်...”
ကျောက်စိမ်းမျက်လုံးဆီမှ အလင်းတန်းတစ်တန်း ထွက်လာ၍ ကောင်းကင်နတ်ဆိုးစစ်သူကြီးက ခုန်လိုက်သော်လည်း လေလယ်တွင် နှစ်ခြမ်းကွဲသွားသေး၏။
ချင်မူ ကျောက်စိမ်းမျက်လုံးကို ပြန်ပိတ်ပြီး ယဇ်ပလ္လင်အပေါ်တွင် ထိုင်ချကာ ထောင်ကျယ်အိတ်ထဲမှ တွက်ချက်ရေးကိရိယာများနှင့် စာရွက်အထပ်လိုက် ထုတ်လိုက်သည်။ ထို့နောက် စာရွက်အပေါ်၌ ဂဏန်းတချို့ မှတ်သားပြီး အတိုင်းအတာကိရိယာများ ထုတ်ပြီး ပုံဆွဲနေသည်။
သူက ခေါင်းပင်မမော့ဘဲ ပြောလိုက်သည်။ “ငါ ကမ္ဘာနှစ်ခုကို ဆယ်သွယ်ပေးနိုင်တဲ့ တံတားတစ်စင်း ဆောက်ချင်တယ်.... ဒါပေမဲ့ တွက်ချက်မှုတွေ အများကြီး လုပ်ဖို့လိုတယ်... နင်တို့မှာ သင်္ချာကျွမ်းတဲ့ သိုင်းပညာရှင်တွေ ရှိလား... ကမ္ဘာနှစ်ခုကြားက စွမ်းအင်ဟန်ချက်ကို ထိန်းနိုင်ရင် ဖြစ်နိုင်မယ် ထင်တာပဲ... ဘာလဲ... ဘာလို့ ငါ့ကို အထူးအဆန်းလို ကြည့်နေကြတာတုန်း”