နင်လည်း သူ့ကို သိပြီးသားပါ
Vol. 74 Ch. 1019
ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့၏ မေးခွန်းအား ကြားလိုက်ရသောအခါ မပွင့်တပွင့် ပြုံး၍ ပြန်ပြောလိုက်၏။
" ညီကိုပေါင်လဲ့။ ငါ မီးတောက်ခေါင်းဆောင်ကြီးနဲ့ တွေ့ပြီးရင် မင်းကို ပြောပြပါ့မယ်။ အဲဒီအချိန်ရောက်ရင် မင်း ငါ့ကို ကူညီပေးနိုင်ဖို့ ငါ မျှော်လင့်ပါတယ် " ရှဲ့ဟေးရန််မှာ သူ၏ မေးခွန်းအား အဖက်မလုပ်ပါသော်လည်း အပေါ်ယံတွင်မူ မောက်မာထောင်လွှားမှု လုံးဝ မရှိသည့်ပုံစံ ဟန်ဆောင်နေလိုက်၏။ ထို့အပြင် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဝမ်ပေါင်လဲ့ကိုပင် အရိုအသေပေးလိုက်သေးသည်။
ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ မသိမသာ ဝင်းလက်တောက်ပသွား၏။ သူသည် ဉာဏ်ပြေးပြီး အတွေ့အကြုံ ရင့်သန်သူတစ်ယောက်ဖြစ်ရာ ရှဲ့ဟေးရန် တွေးနေသည့်အရာများကို ခန့်မှန်းမိပေသည်။ သို့သော် သူသည် စိတ်ကွက်သွားခြင်း မရှိပေ။ သူ၏ အမြင်တွင် ရှဲ့ဟေးရန်၏ ခေါင်းထဲ၌ မည်သည့်အတွေးများ ရှိနေရှိနေ ဤ ဖြစ်စဉ်ကြီး တစ်ခုလုံးမှာ သူ့အတွက် အရောင်းအဝယ် ကိစ္စတစ်ခုသာ ဖြစ်ပေသည်။
" မိတ်ဆက်ပေးဖို့အတွက် သာမန်ဂြိုဟ်နှစ်လုံးရတာ မဆိုးပါဘူး။ သူ့ရဲ့ ကောင်းကြောင်းတွေ ပြောပေးဖို့ကလည်း... ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုတွေအစ်မတွေ အကုန်လုံးက ငါ့ရဲ့ဆရာ ဖြစ်နေတာဆိုတော့ ကိစ္စမရှိပါဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ချောင်းဟန့်လိုက်၏။ သူသည် ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်ရာ ရှဲ့ဟေးရန်နှင့် အခြားကိစ္စများအကြောင်း ဆွေးနွေးနေလိုက်တော့သည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်မှာ အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြပြီး မီးတောက်ပင်မဂြိုဟ်ထဲသို့ ဝင်သွားလိုက်ကြ၏။ သူတို့မှာ လေထဲ၌ ထိုးခွင်းပျံသန်းရင်း မီးတောက်ခေါင်းဆောင်ကြီး၊ ဝမ်ပေါင်လဲ့နှင့် အခြားတပည့်များ၏ မျှော်စင်များ ရှိနေကြသည့်နေရာသို့ ဦးတည်သွားကြတော့သည်။
သိပ်မကြာခင် သူတို့မှာ ထိုနေရာသို့ ရောက်သွားတော့မည်ဖြစ်ရာ ရှဲ့ဟေးရန်မှာ အနည်းငယ်ခန့် စိုးရိမ်စပြုလာ၏။ သူသည် ဤခရီးစဉ်၏ အကျိုးအမြတ်များအကြောင်း တွေးပူနေခြင်း ဖြစ်ပြီး ထို အကြောင်းများကို ခေါင်းထဲမှ မထုတ်နိုင်ဘဲ ဖြစ်နေရသည်။ သူသည် သူ၏ အစီအစဉ်မှာ မှားယွင်းမှု မရှိနိုင်ကြောင်း ယုံကြည်ထားပါသော်လည်း ဝမ်ပေါင်လဲ့အား လေသံတိုးတိုးဖြင့် မေးမိလိုက်ဆဲပင်။
" ညီကိုပေါင်လဲ့။ မင်းရဲ့ ဂိုဏ်းတူအစ်ကိုတွေ အစ်မတွေထဲက ချန်ရှင်းနဲ့ ရင်းနှီးတဲ့ တစ်ယောက်က ဘယ်သူလဲဆိုတာ မင်း သိလား "
" ချန်ရှင်း ဟုတ်လား " ဝမ်ပေါင်လဲ့မှာ ထိုမေးခွန်းကို ကြားလိုက်ရသောအခါ မှင်တက်သွားပြီး ရှဲ့ဟေးရန်အား တအံ့တဩနှင့် စိုက်ကြည့်နေလိုက်၏။
" သူက အဆုံးမဲ့မျိုးနွယ်စုထဲက နတ်ဧကရာဇ်တွေကိုတောင်မှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ပထမအဆင့် နတ်ဘုရင်လေ။ သူက နတ်ဆိုးတစ်ပါးအတိုင်းပဲ။ ပြီးတော့ အရင်တုန်းက သူက အမှောင်ဂိုဏ်းသားတစ်ယောက်လည်း ဖြစ်ခဲ့သေးတယ်... " ရှဲ့ဟေးရန်မှာ လေသံတိုးတိုးဖြင့် ဆိုလိုက်ပြီးနောက် သက်ပြင်းချလိုက်၏။
" မင်း သူ့ကို မသိလောက်ပါဘူးကွာ "
ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ အထူးတဆန်း ဖြစ်နေရပြီဖြစ်သည်။ အကယ်၍ သူသာ ချန်ရှင်းအား မသိပါက အခြား မည်သူကမှ သိတော့မည်မဟုတ်ပေ။ သို့သော် သူသည် သူ ချန်ရှင်းနှင့် သိကျွမ်းကြောင်း ထုတ်ပြောခဲ့ခြင်းမရှိဘဲ စပ်စုလိုသည့်အမူအရာဖြင့် မေးလိုက်၏။
" မင်းက ချန်ရှင်းကို ရှာနေတာလား ဒါမှမဟုတ် ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုတွေအစ်မတွေကို ရှာနေတာလား "
" သူနဲ့ ရင်းနှီးတဲ့လူကို သိရင်သာ ငါ့ကို ပြောပြစမ်းပါ " ရှဲ့ဟေးရန်မှာ သူ၏ ဖခင်အကြောင်း တွေးရင်း သည်းမခံနိုင်တော့သဖြင့် စိတ်မရှည်သည့်လေသံဖြင့် ပြန်ဖြေလိုက်၏။
ဝမ်ပေါင်လဲ့မှာ သူ၏အဖြေကို ကြားလိုက်ရသောအခါ မျက်ခုံးပင့်မိသွားပါသော်လည်း စိတ်ရှည်လက်ရှည်နှင့် ပြန်ပြောလိုက်ဆဲပင်။
" အမှန်အတိုင်းပြောရရင်က ငါ မီးတောက်ကြယ်စင်စုထဲကို ရောက်လာတာ သိပ်မကြာသေးဘူးကွ။ အဲတာမလို့ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုတွေ အစ်မတွေထဲ ဘယ်သူက ချန်ရှင်းနဲ့ ရင်းနှီးသလဲဆိုတာ ငါ မသိဘူး။ ဒါပေမဲ့... " ဝမ်ပေါင်လဲ့တစ်ယောက် စကားဆုံးအောင် မပြောနိုင်ခင်မှာပင် ရှဲ့ဟေးရန်မှာ သက်ပြင်းချကာ ခေါင်းယမ်း၍ ဆိုလိုက်၏။
" ထားလိုက်တော့။ ငါ့ဟာငါပဲ ကြည့်ရှင်းလိုက်မယ် " ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့အား အများကြီး မျှော်လင့်ထားခြင်း မရှိပေ။ သူသည် စိုးရိမ်ပူပန်နေသောကြောင့်သာ မေးမြန်းခဲ့ခြင်း ဖြစ်၏။ ယခုတွင် သူတို့မှာ မျှော်စင်ကြီး၏ ရှေ့သို့ ရောက်နေပြီဖြစ်ရာ သူသည် ဝမ်ပေါင်လဲ့၏ စကားများကို နားထောင်ရန် စိတ်မပါတော့ပေ။ ထို့ကြောင့် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ နှုတ်ဆက်စကားဆိုလိုက်ပြီးနောက် ထွက်ခွာသွားရန် ပြင်လိုက်၏။
ဝမ်ပေါင်လဲ့မှာမူ ချီတုံချတုံဖြစ်သွားရသည်။ သူသည် မီးတောက်ခေါင်းဆောင်ကြီး၏ မျှော်စင်ဆီသို့ ပျံသန်းသွားနေသော ရှဲ့ဟေးရန်အား လှမ်းကြည့်နေရင်း နောက်ဆုံးတွင် မနေနိုင်တော့သဖြင့် မေးမိလိုက်တော့သည်။
" ရှဲ့ဟေးရန်။ မင်း ဘာလို့ ချန်ရှင်းကို ရှာနေတာလဲ "
အကယ်၍ အခြားအခြေအနေမျိုးတွင်သာ ဆိုပါက ရှဲ့ဟေးရန်၏ လိမ္မာပါးနပ်မှုမျိုးနှင့်ဆိုလျှင် သူသည် ဝမ်ပေါင်လဲ့၏ မေးခွန်း၏ နောက်ကွယ်မှ လျှို့ဝှက်အဓိပ္ပါယ်အား ချက်ချင်း နားလည်သွားမည်ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် စိုးရိမ်စိတ်များ ကြီးထွားနေရသည်ဖြစ်ရာ သတိမထားမိလိုက်ပေ။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများအကြောင်း မေးမြန်းနေသည် မဟုတ်ပါလော။
" ပေါင်လဲ့။ မင်းကို ပြောပြလို့လည်း ဘာမှမထူးဘူးကွ။ မင်း ကူညီပေးနိုင်မှာမဟုတ်ဘူး။ ငါ မီးတောက်ခေါင်းဆောင်ကြီးနဲ့ တွေ့ပြီးလို့ အဖြေတစ်ခုရမှ မင်းဆီက အကူအညီလာတောင်းမယ် " ရှဲ့ဟေးရန်မှာ ထိုသို့ ပြန်ပြောလိုက်ပြီးနောက် နောက်သို့ပင် လှည့်မကြည့်ဘဲ မီးတောက်ခေါင်းဆောင်ကြီး၏ မျှော်စင်ဆီသို့ အလျင်အမြန် ပျံသန်းသွားလိုက်၏။ ထို့နောက် သူသည် မျှော်စင်ရှေ့၌ ရပ်ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ တရိုတသေ ဦးညွှတ်အရိုအသေပေးလိုက်ပြီး ရိုသေလေးစားမှု အပြည့်ရှိသော အမူအရာဖြင့် အကျယ်ကြီး အော်ပြောလိုက်တော့သည်။
" ကျွန်တော် ရှဲ့ဟေးရန် မီးတောက်ခေါင်းဆောင်ကြီးနဲ့ တွေ့ချင်လို့ပါ "
" ဝင်ခဲ့ " မီးတောက်ခေါင်းဆောင်ကြီးမှာ ရှဲ့ဟေးရန် ရောက်ရှိလာသည်ကို သူ၏ နတ်ဘုရားအာရုံဖြင့် အာရုံခံမိထားခဲ့ပြီးသား ဖြစ်သည်။ သူသည် ရှဲ့ဟေးရန် မီးတောက်ကြယ်စင်စုထဲသို့ စတင်ရောက်ရှိလာခဲ့စဉ်ကတည်းက သူ့အား သတိထားမိခဲ့ခြင်း ဖြစ်၏။ ထိုသို့ဖြင့် ရှဲ့ဟေးရန်မှာ အသက်ပြင်းပြင်းရှူကာ တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် မျှော်စင်ထဲသို့ ဝင်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ သူ၏ ဆရာ၏ မျှော်စင်ထဲသို့ ဝင်သွားသော ရှဲ့ဟေးရန်အား လှမ်းကြည့်နေရင်း အနည်းငယ်ခန့် မရွှင်မပျဖြစ်သွားရ၏။ ရှဲ့ဟေးရန်၏ စကားများကိုကြည့်လျှင် သူသည် ဝမ်ပေါင်လဲ့အား အထူးတလည် အားကိုးနေခြင်းမရှိကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မကျေမနပ်ဖြစ်သွားရ၏။ သူသည် ကူညီပေးရန် ကြံရွယ်ထားခဲ့ပါသော်လည်း ယခုတွင် မလိုတော့သည့်ပုံပင်။ ထို့ကြောင့် သူသည်လည်း နောက်သို့လှည့်ကာ သူ၏ မျှော်စင်ဆီသို့ ပျံသန်းသွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ မျှော်စင်ထဲသို့ ပြန်ရောက်လာပြီးနောက် တင်ပျဉ်ခွေထိုင်ချကာ မျက်လုံးများ မှေးသွား၏။ လမ်းတစ်လျှောက်လုံးတွင် သူသည် ရှဲ့ဟေးရန်၏ စကားများနှင့် အပြုအမူများကို ခေါင်းထဲမှ မထုတ်နိုင်ဘဲ ဖြစ်နေခဲ့ရသည်။ ခဏအကြာတွင် သူသည် အတွေးများထဲ၌ နစ်မျောသွား၏။
" ရှဲ့ဟေးရန်ရဲ့ အပြုအမူတွေကိုကြည့်ရင် သူ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းဆီကနေ အကူအညီတစ်ခုခု လိုနေတာသေချာတယ်... ရှဲ့မိသားစုက အစွမ်းထက် ကျင့်ကြံသူတွေအများကြီး ပိုင်ဆိုင်ထားတဲ့အပြင် အရှိန်အဝါလည်း ရှိတဲ့ အဖွဲ့အစည်း တစ်ခုဆိုတော့ သူတို့ မဖြေရှင်းနိုင်တဲ့ ပြဿနာမျိုး မရှိလောက်ပါဘူး။ ဒါပေမဲ့... အဲဒီ ပြဿနာက ဂိုဏ်းတူအစ်ကိုကြီးချန်ရှင်းနဲ့ ပတ်သက်နေရင်တော့ မလွယ်ဘူး။ ရှဲ့ဟေးရန်က ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတာဆိုတော့ သူကြုံနေရတဲ့ ပြဿနာက ဂိုဏ်းတူအစ်ကိုကြီးနဲ့ ပတ်သတ်နေလို့ သူ့ရဲ့ မိသားစုတောင်မှ မဖြေရှင်းပေးနိုင်တာပဲ ဖြစ်ရမယ် "
" ရှဲ့ဟေးရန် ဒီကိုရောက်လာရတဲ့ အကြောင်းရင်းက သူ ချန်ရှင်းကို မဆက်သွယ်နိုင်လို့ပဲ။ အဲတာမလို့ သူက ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုတွေအစ်မတွေထဲက ဘယ်သူက ချန်ရှင်းနဲ့ ရင်းနှီးလဲဆိုပြီးတော့ မေးခဲ့တာ... သူ ဒီလို နားလည်မှုလွဲသွားအောင် ဆရာ သူ့ကို စကားတစ်ခွန်းခွန်း ပြောခဲ့တာပဲဖြစ်ရမယ် " ဝမ်ပေါင်လဲ့မှာ ဉာဏ်ပြေးသူတစ်ယောက်ဖြစ်ရာ ရှဲ့ဟေးရန်၏ အပြုအမူများကို အကဲဖြတ်သုံးသပ်၍ ဖြစ်ကြောင်းကုန်စင်အား ချက်ချင်းနားလည်သွား၏။
ထိုအခါ သူသည် မျက်နှာအမူအရာ အထူးတဆန်း ဖြစ်သွားရ၏။ ထို့နောက် သူသည် ခေါင်းမော့လာပြီး မီးတောက်ခေါင်းဆောင်ကြီး၏ မျှော်စင်အား လှမ်းကြည့်လိုက်တော့သည်။
" ဒါ ဆရာ ရှဲ့ဟေးရန်အတွက် ဆင်ထားတဲ့ ထောင်ချောက်တစ်ခုပဲ။ သူက သူ့ရဲ့ တပည့်တွေထဲမှာ ချန်ရှင်းနဲ့ ရင်းနှီးတဲ့ လူတစ်ယောက် ရှိတယ်လို့ ရှဲ့ဟေးရန်ကို ပြောပြခဲ့တာပဲဖြစ်မှာ " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်သည်နှင့် ချောင်းဟန့်မိသွား၏။ ထို့နောက် သူသည် တစ်ခေါင်းလုံး ထူပူသွားအောင် ဆက်လက် စဉ်းစားတွေးတောနေလိုက်ပြီးနောက် မျက်ဝန်းများ အရောင်တောက်ပသွားတော့သည်။
" ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် သိပ်မကြာခင်မှာ ရှဲ့ဟေးရန် ငါ့ဆီ ရောက်လာလိမ့်မယ်... ညီကိုဟေးရန်ရေ။ မင်းအတွက် ငါ တကယ်ကို စိတ်မကောင်းပါဘူးကွာ " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလတ်ပေကလတ် လုပ်ကာ ရေရွတ်လိုက်၏။ သူ၏ နှလုံးသားထဲတွင်မူ မျှော်လင့်စောင့်စားချက်များဖြင့် ပြည့်နှက်နေတော့သည်။
" ပြီးတော့ ရှဲ့ဟေးရန်ဆီကနေ ဂိုဏ်းတူအစ်ကိုကြီး ရောက်သွားခဲ့တဲ့ နေရာကိုလည်း စုံစမ်းနိုင်ဦးမှာပဲ... သူက ငါ့ကို နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲမှာ ချန်ထားခဲ့ပြီးတော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့တာလေ... " ဝမ်ပေါင်လဲ့မှာ သူ၏နဖူးအား လက်ဖြင့်ပွတ်လိုက်ပြီးနောက် သိပ်မကြာခင်တွင် အဖြေတစ်ခု သိရတော့မည်ဖြစ်ကြောင်း ယုံကြည်နေ၏။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူကာ မျက်လုံးများမှိတ်၍ တရားထိုင်လိုက်ပြီးနောက် ရှဲ့ဟေးရန် ရောက်ရှိလာမည့်အချိန်အား စောင့်ဆိုင်းနေလိုက်တော့သည်။
သူ၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ ယခုတွင် ရှဲ့ဟေးရန်မှာ မီးတောက်ခေါင်းဆောင်ကြီး၏ မျှော်စင်ထဲ၌ ရိုးသားဖြူစင်မှု အပြည့်ရှိသော အမူအရာဖြင့် ဒူးထောက်နေ၏။ သူ၏ ရှေ့တွင်မူ ရွှေရောင် သိုလှောင်အိတ်သုံးလုံး ရှိနေသည်။
မီးတောက်ခေါင်းဆောင်ကြီးမှာမူ တည်ကြည်လေးနက်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် ထိုင်နေ၏။ သူ၏ဘေးတွင် ဝမ်ပေါင်လဲ့၏ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးလည်း ရှိနေသည်။ သူမသည်လည်း တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် မတ်တတ်ရပ်နေပြီး ရှဲ့ဟေးရန်အား ခေါင်းအစခြေအဆုံး အကဲခတ်နေ၏။ ထိုအချိန်တွင် မီးတောက်ခေါင်းဆောင်ကြီးမှာ တည်ကြည်စွာဆိုလိုက်သည်။
" မင်းက ငါ့ရဲ့တပည့်ဖြစ်ချင်လို့ ဟုတ်လား။ မရဘူးကွ။ ငါက တပည့်အသစ်တွေ ထပ်ပြီးတော့ လက်မခံတော့ဘူ။ မင်း တကယ်ပဲ စိတ်ဆန္ဒပြင်းပြနေတယ် ဆိုရင်တော့ ငါ့ရဲ့ နံပါတ်တစ်တပည့်ရဲ့ တပည့် လုပ်လို့ရတယ် "
ရှဲ့ဟေးရန်မှာ ထိုစကားများကို ကြားလိုက်ရသောအခါ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွား၏။ သို့သော် သူသည် ချင်းချက်ဆိုသလိုပင် အံကြိတ်ကာ မီးတောက်ခေါင်းဆောင်ကြီး၏ နံပါတ်တစ်တပည့် ရှေ့၌ ဒူထောက်ချလိုက်တော့သည်။
" ဆရာ။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ။ ကျွန်တော် ဆရာ့ရဲ့ စေတနာကို တစ်သက် မမေ့ပါဘူး "
" အဲ... " နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာမူ ချီတုံချတုံဖြစ်နေသည့် အမူအရာဖြင့် မီးတောက်ခေါင်းဆောင်ကြီးအား လှမ်းကြည့်လိုက်၏။ မီးတောက်ခေါင်းဆောင်ကြီးမှာမူ သူ၏ မုတ်ဆိတ်မွေးအား လက်ဖြင့်ပွတ်ကာ ရှဲ့ဟေးရန်အား သေသေချာချာ စဉ်းစားရန် တိုက်တွန်းလိုသည့် အကြည့်ဖြင့် ကြည့်နေလိုက်သည်။
ရှဲ့ဟေးရန်မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ စိုးရိမ်စိတ်များ ပို၍ပင် ကြီးထွားလာရတော့သည်။ ထို့ကြောင့် သူသည် နောက်ထပ်တစ်ကြိမ်ထပ်၍ ဒူးထောက်ချလိုက်ပြီး သိုလှောင်အိတ် အနည်းငယ်ခန့် ထပ်၍ ထုတ်ယူလိုက်၏။ ထို့နောက် သူသည် ၎င်းတို့အား သူ၏ ရှေ့၌ ချကာ နောက်ထပ်တစ်ကြိမ် ထပ်၍ တောင်းဆိုလိုက်တော့သည်။
နောက်ဆုံးတွင် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ စိတ်မပါလက်မပါ အမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး ရှဲ့ဟေးရန်အား သူမ၏ တပည့်အဖြစ် လက်ခံလိုက်၏။ ရှဲ့ဟေးရန်မှာ သူ၏ အစီအစဉ် အောင်မြင်သွားကြောင်း သိလိုက်ရသဖြင့် အပျော်လွန်သွားသည်။ ထို့နောက် သူသည် စိတ်အားထက်သန်မှု အပြည့်ဖြင့် သူ၏ဆရာနှင့် မီးတောက်ခေါင်းဆောင်ကြီးတို့အား မေးလိုက်တော့သည်။
" ဆရာ။ ဆရာဘိုးဘိုး။ မီးတောက်မျိုးနွယ်ထဲက ဘယ် ဦးလေးဆရာက ချန်ရှင်းနဲ့ ရင်းနှီးတာလဲဆိုတာ ပြောပြပေးလို့ရမလား "
မီးတောက်ခေါင်းဆောင်ကြီးမှာ ရှဲ့ဟေးရန်၏ မေးခွန်းအား ကြားလိုက်ရသောအခါ မျက်လုံးများ မှေးသွားပြီး ပြန်ဖြေခဲ့ခြင်းမရှိပေ။ သူ၏ ဘေးတွင်ရှိနေသည့် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီး၏ မျက်နှာအမူအရာမှာလည်း အထူးတဆန်းဖြစ်သွား၏။ ထို့နောက် သူမသည် ချောင်းဟန့်ကာ ဆိုလိုက်တော့သည်။
" နင့်ရဲ့ ဦးလေးဆရာတွေထဲမှာ ချန်ရှင်းနဲ့ ညီအစ်ကိုအရင်းတွေလို ခင်မင်ရင်းနှီးတဲ့ လူတစ်ယောက် ရှိတယ်။ အမှန်အတိုင်းပြောရရင် နင်လည်း သူ့ကို သိပြီးသားပါ... "
နံပါတ်တစ် ဂိုဏ်းတူအစ်မကြီး စကားမဆုံးနိုင်ခင်မှာပင် ရှဲ့ဟေးရန်မှာ ရင်ခုန်သံများ တစ်ခဏမျှ ရပ်တန့်သွားရ၏။ သူသည် တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ရိပ်မိသွားပြီဖြစ်သည်…