← Chapters

ဟန်ဆောင်ကောင်းလွန်းပါသော

Vol. 74 Ch. 1020

ဟန်ဆောင်ကောင်းလွန်းပါသော

Vol. 74 Ch. 1020

" ကျွန်တော်လည်း သူ့ကို သိပြီးသား ဟုတ်လား " ရှဲ့ဟေးရန်မှာ အသက်ရှူသံများ မြန်ဆန်လာရပြီး ရီဝေဝေဖြစ်သွားရ၏။ သူသည် သူ၏ ဦးနှောက် ချို့ယွင်းသွားသည့်အလားပင် ခံစားလိုက်ရသည်။ သူ၏ အသိစိတ်ထဲ၌ လူတစ်ယောက်၏ ပုံရိပ်တစ်ခု အလိုလို ပေါ်ပေါက်လာပါသော်လည်း သူသည် ၎င်းအား ခေါင်းထဲမှ ချက်ချင်းထုတ်လိုက်၏။ ထို့အပြင် သူသည် ဖြစ်နိုင်ခြေလုံးဝမရှိဟုပင် သူ့ကိုယ်သူ ထပ်ခါတလဲလဲ ပြောနေမိတော့သည်...

" ဟုတ်တယ်။ နင်လည်း သူ့ကိုသိတယ် " နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာမူ ထိုသို့ဆိုကာ ချောင်းဟန့်လိုက်ပြီး မျက်နှာအမူအရာ ပြန်လည်တည်ကြည်သွား၏။ သို့သော် သူမ၏ မျက်ဝန်းများထဲတွင် ရှဲ့ဟေးရန် မမြင်နိုင်သည့် ဂုဏ်ယူဝင့်ကြွားမှု အရိပ်အယောင်များ ကိန်းအောင်းနေဆဲပင်။ သူမသည် မျက်နှာအမူအရာ ပြောင်းလဲမသွားအောင် ကြိုးစားကာ တည်ကြည်စွာ ဆက်ပြောလိုက်၏။

" သူက... နင့်ရဲ့ နံပါတ်ဆယ့်ခြောက် ဦးလေးဆရာ ဝမ်ပေါင်လဲ့ပဲ "

ထိုအခါ ရှဲ့ဟေးရန်မှာ မိုးကြိုးရေအချက်ပေါင်းများစွာ ပစ်ခတ်ခံလိုက်ရသည့်အလား တစ်ကိုယ်လုံး တုန်ရီသွား၏။ သူ့ဆရာ၏ စကားသံမှာမူ သူ၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သံများအဖြစ် ပြောင်းလဲသွားသည်။

" သူက... "

" နင့်ရဲ့ နံပါတ်ဆယ့်ခြောက် ဦးလေးဆရာ... "

" ဝမ်ပေါင်လဲ့ပဲ... "

ရှဲ့ဟေးရန်မှာ တစ်ခေါင်းလုံး ချာချာလည်နေရပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် လက်မြှောက်ကာ သူ၏ ဦးခေါင်းအား အားပါပါ ရိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် ရီဝေဝေဖြစ်နေသည့် အမူအရာဖြင့် သူ၏ ဆရာနှင့် ဆရာဘိုးဘိုးတို့အား စိုက်ကြည့်ရင်း ငေးငိုင်နေတော့သည်။ သူ၏ ဆရာမှာ စကားမဆုံးသေးပေ။

" ရန်လေး။ နင့်ရဲ့ ဆရာဘိုးဘိုး နင့်အကြောင်းတွေ ပြောတာ ဆရာ ကြားဖူးပါတယ်။ နင်က ပုံမှန်ဆို အရမ်းကို လိမ္မာပါးနပ်တဲ့ လူတစ်ယောက်ဖြစ်တဲ့အပြင် ဝမ်ပေါင်လဲ့နဲ့လည်း ရင်းနှီးတယ်ဆို။ အဲတာကို ငါတို့ရဲ့ မျိုးနွယ်ထဲမှာ ချန်ရှင်းနဲ့ မိသားစုလို ရင်းနှီးနေတဲ့သူက သူဖြစ်နေမှန်း နင်က ဘာလို့ မသိရတာလဲ " သူမသည် ခေါင်းယမ်းကာ သက်ပြင်းချ၍ မေးလိုက်၏။

" ဆ... ဆရာဘိုးဘိုး... ဆရာဘိုးဘိုးဆီမှာ ချန်ရှင်းနဲ့ ရင်းနှီးတဲ့တပည့် တစ်ယောက်ရှိတယ်လို့ ပြောခဲ့တုန်းက... ဝမ်ပေါင်လဲ့က ဆရာဘိုးဘိုးကို သူ့ရဲ့ဆရာအဖြစ် မသတ်မှတ်ရသေးဘူးလေ " ရှဲ့ဟေးရန်မှာ လုံးဝ ဆွံ့အမှင်တက်နေရပြီဖြစ်ရာ မီးတောက်ခေါင်းဆောင်ကြီးအား စိုက်ကြည့်ရင်း စကားများပင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်လာရတော့သည်။

" ဟုတ်တယ်လေ။ ဒါပေမဲ့ ဝမ်ပေါင်လဲ့က ငါ့တပည့်ပဲ။ အဲဒီတုန်းက သူက ငါ့ကို သူ့ရဲ့ဆရာအဖြစ် မသတ်မှတ်ရသေးရင်တောင် ငါ့ရဲ့ရင်ထဲမှာတော့ သူက ငါ့ရဲ့တပည့်ပဲ။ ဘာလို့လဲ။ မင်းက မင်းဘာသာမင်း နားလည်မှုလွဲသွားတာကို အခုမှ ငါ့ကို အပြစ်တင်ချင်နေတာလား " မီးတောက်ခေါင်းဆောင်ကြီးမှာ မကျေမနပ်ဖြစ်နေသည့် အမူအရာဖြင့် ပြန်ပြောလိုက်၏။ သူသည် သူ့ဘက်မှ လိမ်ပြောခဲ့ခြင်းမဟုတ်ဘဲ ရှဲ့ဟေးရန်ဘက်မှ သူ၏ စကားကို အဓိပ္ပါယ်ကောက်လွဲသွားခြင်းသာ ဖြစ်သည်ဟု ပြောလိုက်ခြင်း ဖြစ်သည်။

" ကျွန်တော်... ဆရာဘိုးဘိုး... " ထိုအခါ ရှဲ့ဟေးရန်မှာ ရုတ်တရက်ဆိုသလို မတ်တတ်ထလာပြီး အသက်ရှူသံများ လေးလံလာတော့သည်။ သူသည် မျက်လုံးများ ပြူးနေပြီဖြစ်သလို ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း အဆက်မပြတ် တုန်ရီနေ၏။ စိတ်ထဲတွင်မူ သူသည် မတရားခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။

သူသည် အများကြီးဒုက္ခခံခဲ့ပြီးမှ သူ့အား ကူညီပေးမည့်လူမှာ သူ၏ ဘေးတွင် တစ်ချိန်လုံးရှိနေခဲ့ကြောင်း သိလိုက်ရလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။

အကယ်၍ သူသာ ယခုလို ဖြစ်လာလိမ့်မည်ဟု ကြိုသိထားခဲ့ပါက ထိုစဉ်တုန်းက ရှဲ့မိသားစု၏ ဈေးထဲမှ စိုးရိမ်တကြီးနှင့် ထွက်ခွာသွားခဲ့ရမည် မဟုတ်ပေ။ ထို့အပြင် သူသည် ချန်ရှင်းနှင့် ရင်းနှီးသည့်လူတစ်ယောက်အား လိုက်လံရှာဖွေနိုင်ရန် ဦးနှောက်အခြောက်ခံ၍ စဉ်းစားနေစရာ လိုခဲ့မည်လည်း မဟုတ်ပေ။

ထိုစဉ်တုန်းက သူသည် ရှဲ့မိသားစု၏ ဈေးထဲ၌ ဝမ်ပေါင်လဲ့အား ကူညီပေးခဲ့သည်ဟုပင် ခံစားနေရ၏။ အကယ်၍ ထိုစဉ်တုန်းကသာ သူ့ဘက်မှ စကားအနည်းငယ်ပြော၍ အကူအညီတောင်းလိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့မှာ သူ့အား ကူညီပေးရန် စဉ်းစားလိုက်မည်သာ ဖြစ်သည်။ ထို့အပြင် သူ့ဘက်မှ ငွေအရင်းအနှီး အနည်းငယ်ခန့် စိုက်ထုတ်လိုက်မည်ဆိုပါက ဤ ပြဿနာကြီးမှာ ထိုစဉ်ကတည်းက ပြေလည်သွားလောက်ပြီ ဖြစ်သည်။

သို့သော် အဘယ်ကြောင့် ယခုလို အခြေအနေအထိ ရောက်လာခဲ့ရပါသနည်း...

မကြာသေးမီတုန်းကပင် ဝမ်ပေါင်လဲ့မှာ သူ ချန်ရှင်းအား လိုက်ရှာနေရသည့် အကြောင်းရင်းကို မေးမြန်းခဲ့သေးသည် မဟုတ်ပါလော။ ယခုတွင် သူသည် သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သောအခါ ဝမ်ပေါင်လဲ့မှာ သူ့အား ကူညီပေးလိုသောကြောင့် ထိုသို့ မေးခဲ့ခြင်းဖြစ်ကြောင်း နားလည်သွားတော့သည်။

သို့သော် ထိုစဉ်တုန်းက သူသည် ဝမ်ပေါင်လဲ့၏ မေးခွန်းအား အဖက်မလုပ်ခဲ့ပေ။

" ဘုရားရေ... ငါ... ငါ... " ရှဲ့ဟေးရန်မှာ အော်ငိုပစ်ချင်စိတ်များ ပေါက်လာပါသော်လည်း မျက်ရည်တစ်စက်မှ ကျမလာခဲ့ပေ။ သို့သော် သူသည် နှလုံးသားထဲတွင်မူ မခံမရပ်နိုင်လောက်အောင် ဖြစ်နေရ၏။ မီးတောက်ခေါင်းဆောင်ကြီးမှာ သူ့အား လှည့်စားခဲ့ခြင်းဖြစ်သည်ဟု သူက ခံစားလိုက်ရ၏။

" ဘာကို ငါ...ငါ... လဲကွ။ အကြီးအကဲတွေကို အရိုအသေ မရှိတဲ့ကောင် " မီးတောက်ခေါင်းဆောင်ကြီးမှာ မျက်မှောင်ကြုတ်သွားပြီး အေးစက်စက် နှာမှုတ်လိုက်၏။ ထို့နောက် သူသည် မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး အစွမ်းထက် အငွေ့အသက်တစ်မျိုး ထုတ်လွှတ်လိုက်တော့သည်။

ထို မြင်ကွင်းကြောင့် ရှဲ့ဟေးရန်မှာ တစ်ကိုယ်လုံးတုန်ရီသွားရပြီး စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွား၏။ သူသည် မီးတောက်ခေါင်းဆောင်ကြီးမှာ ပေါက်ကွဲတော့မည့် မီးတောင်ကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုမီးတောင်ကြီး ပေါက်ကွဲသွားသည်နှင့် မိုးကောင်းကင်ကြီးမှာ ပျက်စီးသွားရမည်ဖြစ်သလို ကမ္ဘာမြေကြီးမှာလည်း တစ်စစီ ကြေမွသွားရမည်သာ ဖြစ်သည်။

နံပါတ်တစ် ဂိုဏ်းတူအစ်မကြီး၏ အမူအရာမှာလည်း ပြောင်းလဲသွား၏။ သူမသည် ချက်ချင်းဆိုသလိုပင် ရှေ့သို့လှမ်းလာပြီး တစ်ကိုယ်လုံးတုန်ရီနေသည့် ရှဲ့ဟေးရန်အား လှမ်းဆွဲလိုက်သည်။ ထို့နောက် သူမသည် သူ၏ ရှေ့တွင် ရပ်ကာ ဒေါသထွက်နေသည့်ပုံ ပေါက်နေသော မီးတောက်ခေါင်းဆောင်ကြီးအား ဦးညွှတ်၍ တောင်းပန်လိုက်တော့သည်။

" ဆရာ။ ကျေးဇူးပြုပြီးတော့ စိတ်ကို အေးအေးထားပါ "

" စိတ်ကိုအေးအေးထားရမယ် ဟုတ်လား။ တုံ့အာ။ ငါမှားသွားပြီ။ ငါ ဒီကောင့်ကို နင့်ရဲ့ တပည့်အဖြစ် လက်မခံခိုင်းခဲ့သင့်ဘူး။ သူ့ရဲ့ တပည့်ရာထူးကို ငါ ချက်ချင်း ပြန်ရုပ်သိမ်းမယ်။ မီးတောက်မျိုးနွယ်ထဲမှာ ဒီလို ရိုင်းစိုင်းပြီး လူပါးဝတဲ့ ကောင်မျိုးကို လက်မခံနိုင်ဘူး " မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုသို့ ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်အား မြှောက်လိုက်၏။ သို့သော် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ အလွန်အင်မတန်မှ စိတ်သောကရောက်နေသည့် အမူအရာဖြင့် ချက်ချင်း ဒူးထောက်ချလိုက်ပြီး ဆိုလိုက်တော့သည်။

" ဆရာ "

" ကျွန်မက ဘယ်တုန်းကမှ တပည့်တစ်ယောက် လက်မခံခဲ့ဖူးပါဘူး။ ဒါပေမဲ့ အခု ကျွန်မကိုယ်တိုင် ရန်လေးကို ကျွန်မရဲ့ တပည့်အဖြစ် လက်ခံခဲ့တာဆိုတော့ သူက ကျွန်မရဲ့ တပည့် ဖြစ်သွားပြီ။ ဆရာ... ကျေးဇူးပြုပြီးတော့ သူ့ရဲ့ မသိနားမလည်မှုကို ဗွေမယူပါနဲ့။ သူက... ကလေးပဲရှိသေးတာလေ "

" နင်... " မီးတောက်ခေါင်းဆောင်ကြီးမှာမူ မျက်နှာအမူအရာ ပျက်နေပြီဖြစ်သည်။ သူသည် သူ၏ ဝါအရင့်ဆုံးတပည့်အား ကြည့်လိုက်ပြီးနောက် သူ့ကြောင့် သွေးပျက်လုမတတ် ကြောက်ရွံ့တုန်လှုပ်နေသည့် ရှဲ့ဟေးရန်အား စိုက်ကြည့်လိုက်၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူသည် အေးတိအေးစက် အမူအရာဖြင့် နှာမှုတ်ကာ ဆိုလိုက်သည်။

" ရှဲ့ဟေးရန်။ မင်းရဲ့ဆရာသာ မင်းရဲ့ကိုယ်စား အသနားမခံခဲ့ဘူးဆိုရင် ငါ မင်းကို ဂိုဏ်းစည်းကမ်းတွေအတိုင်း အပြစ်ပေးပြီးလောက်ပြီ... ထားလိုက်ပါတော့။ သူက နင့်ရဲ့တပည့်ပဲ။ နင်လုပ်ချင်တာလုပ် " မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုသို့ ဆိုလိုက်ပြီးနောက် သူ၏ အင်္ကျီလက်အား ဝှေ့ယမ်း၍ အလွန်အင်မတန်မှ ဒေါသထွက်နေသည့် အမူအရာဖြင့် ထွက်ခွာသွား၏။

သူ ထွက်ခွာသွားသည်နှင့် မျှော်စင်ထဲရှိ ဖိအားများမှာလည်း လွင့်ပါးပျောက်ကွယ်သွားပြီး အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

အကယ်၍ ဝမ်ပေါင်လဲ့မှာ ထိုနေရာတွင် ရှိနေပြီး ထိုမြင်ကွင်းအား မြင်လိုက်ရမည်ဆိုပါက စိတ်ထဲ၌ အသံကုန် အော်ဟစ်မိလိုက်မည်သာဖြစ်သည်။ သူ၏ ဆရာမှာ အလွန်အင်မတန်မှ ဟန်ဆောင်ကောင်းလွန်းနေသည် မဟုတ်ပါလော...

သို့သော် ရှဲ့ဟေးရန်မှာ သူ ဟန်ဆောင်နေကြောင်း သိထားခြင်း မရှိပေ။ သူသည် သူ မီးတောက်ခေါင်းဆောင်ကြီးအား ဒေါသထွက်အောင် လုပ်မိခဲ့သဖြင့် မီးတောက်ခေါင်းဆောင်ကြီး၏ အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ဆရာအသစ် သူ့အတွက် အသနားခံခဲ့သည့် မြင်ကွင်းကိုသာ မြင်ခဲ့ရသည်။ ထို့ကြောင့် သူသည် စိတ်ဝိညာဉ်ထဲ၌ပင် ကြောက်ရွံတုန်လှုပ်နေရ၏။

" ဆရာ... "

ထိုအခါ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ သက်ပြင်းချကာ မတ်တတ်ထလာပြီး ရှဲ့ဟေးရန်အား ကြည့်လိုက်သည်။

" ရန်လေး။ နင်က မီးတောက်မျိုးနွယ်ထဲကို ရောက်လာပြီဆိုတော့ ဒီနေ့ကစကပြီး ဂိုဏ်းစည်းကမ်းတွေကို လိုက်နာမှရမယ်။ ဒီနေ့ နင် နင့်ရဲ့ ဆရာဘိုးဘိုးကို အပြစ်လုပ်မိခဲ့တာမလို့ နောက်ထပ်တစ်ခေါက် ဒီလိုမျိုး ထပ်ဖြစ်မယ်ဆိုရင် ဆရာလည်း ကူညီပေးနိုင်မှာ မဟုတ်တော့ဘူး "

" ပြီးတော့ သေသေချာချာ စဉ်းစားကြည့်စမ်းပါ။ နင့်ဘက်က နစ်နာသွားတာ ဘာရှိလို့လဲ " နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ ရှဲ့ဟေးရန်အား အဓိပ္ပါယ်ပါပါကြည့်ကာ မေးလိုက်၏။ ထိုအကြည့်ကြောင့် ရှဲ့ဟေးရန်မှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး အသိစိတ်ပြန်ဝင်လာတော့သည်။

သူ၏ ဆရာ ပြောခဲ့သည့်စကားများမှာ မှန်ကန်ကြောင်း သူက သိထား၏။ သူ၏ ဆရာဘိုးဘိုးမှာ သူ့အား လှည့်စားခဲ့လျှင်တောင် နောက်ဆုံးတွင် သူ့ဘက်မှ နားလည်မှုလွဲသွားခဲ့ခြင်းသာ မဟုတ်ပါလော...

သူသည် ပျာယာခတ်ကာ အတွေးများ ကမောက်ကမ ဖြစ်သွားခဲ့ရခြင်းဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွား၏။ သူသည် မီးတောက်မျိုးနွယ်ထဲသို့ ဝင်လိုက်ပြီဖြစ်ရာ သူ့အား မီးတောက်ကြယ်စင်စု၏ အဖွဲ့ဝင်တစ်ယောက်အဖြစ် သတ်မှတ်၍ရနေပြီ မဟုတ်ပါလော။ တစ်ချိန်ထဲမှာပင် သူ့ဘက်မှ မည်သည့်အရာကိုမှလည်း ဆုံးရှုံးခဲ့ရခြင်းမရှိပေ။ ထိုအပြင် သူသည် ဝမ်ပေါင်လဲ့နှင့် တစ်ဂိုဏ်းတည်း ဖြစ်သွားပြီဖြစ်ရာ သူ့ဆီမှ အကူအညီတောင်းရန် ပို၍ပင် လွယ်ကူသွားပြီ ဖြစ်သည်။

ထိုမျှသာမက သူသည် မီးတောက်မျိုးနွယ်ထဲသို့ ဝင်နိုင်ခဲ့သည်ဖြစ်ရာ ရှဲ့မိသားစုထဲရှိ သူ၏ ရာထူးအဆင့်အတန်းမှာလည်း မြင့်မားလာတော့မည် ဖြစ်သည်။ သူ၏ စီးပွားရေးလုပ်ငန်းများမှာလည်း ပို၍ပင် အဆင်ပြေချောမွေ့လာတော့မည် ဖြစ်သည်။ သူ၏ ကျောထောက်နောက်ခံမှာ ယခင်တုန်းကထက် အများကြီးပို၍ အင်အားကြီးမားနေပြီ မဟုတ်ပါလော။ အရေးကြီးဆုံးအချက်မှာ... ယခင်တုန်းက သူသည် ရှဲ့မိသားစုထဲရှိ မျိုးနွယ်စုဝင်ပေါင်း မြောက်မြားစွာထဲမှ တစ်ယောက်သာ ဖြစ်နေခဲ့သောကြောင့် ရှဲ့မိသားစု ခေါင်းဆောင်ကြီးမှာ သူ အခက်အခဲများနှင့် ကြုံရပါက သူ့အား ကူညီပေးမည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ သူသည် မီးတောက်ကြယ်စင်စုထဲရှိ တစ်ဦးတည်းသော တတိယမျိုးဆက် တပည့်တစ်ယောက် ဖြစ်နေပြီဖြစ်သည်။ သို့ဖြစ်ရာ အကယ်၍ သူသာ အန္တရာယ်များနှင့် ကြုံလိုက်ရမည်ဆိုပါက တပည့်များအား ရင်အုပ်မကွာ ကာကွယ်စောင့်ရှောက်တတ်သည်ဟု နာမည်ကြီးသော မီးတောက်ခေါင်းဆောင်ကြီးမှာ သူ့အား သေချာပေါက် ကူညီပေးမည်သာ ဖြစ်သည်။

ရှဲ့ဟေးရန်မှာ ထိုအကြောင်းများကို တွေးမိလိုက်သောအခါ ချက်ချင်းဆိုသလိုပင် မျက်ဝန်းများအရောင်တောက်ပလာ၏။ သူသည် အကျိုးအမြတ်တစ်ခု ရရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ယနေ့မှစ၍ ဝမ်ပေါင်လဲ့အား ဦးလေးဆရာဟု ခေါ်ဆိုသုံးနှုန်းရတော့မည် ဖြစ်ပါသော်လည်း သူ၏ တာဝန်မှာ ထိုတစ်ခုသာရှိပေသည်။

ထို့ကြောင့် ရှဲ့ဟေးရန်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏ဆရာရှေ့တွင် ဒူးထောက်လိုက်၏။

" အခုလို ညွှန်ကြားပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ "

ထိုအခါ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ ရှဲ့ဟေးရန်အား နူးညံ့သိမ်မွေ့မှု အပြည့်ရှိသောအမူအရာဖြင့် ကြည့်နေလိုက်၏။ ထို့နောက် သူမသည် နွေးထွေးကြင်နာမှု အရိပ်အယောင်များ ပြည့်နက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ရှဲ့ဟေးရန်၏ ဦးခေါင်းအား အသာအယာ ပုတ်လိုက်သည်။ သို့သော် သူမသည် သူမလက်အား ချက်ချင်းဆိုသလိုပင် ပြန်လည်ရုတ်သိမ်းကာ ရှဲ့ဟေးရန်၏ အင်္ကျီနောက်ကျောပေါ်သို့ ပြန်တင်လိုက်၏။ ရှဲ့ဟေးရန်မှာ သူ၏ ခေါင်းပေါ်၌ ဆီများ ရွှဲနေအောင် လိမ်းထားသည် မဟုတ်ပါလော... သို့သော် သူမသည် ကျေနပ်အားရနေသည့် မျက်နှာမူအရာဖြင့် ဆိုလိုက်ဆဲပင်။

" တော်တယ် တပည့်လေး။ ကဲ အခု နင့်ရဲ့ နံပါတ်ဆယ့်ခြောက် ဦးလေးဆရာဆီ သွားတော့။ သူ့ကို ပျော်အောင်ထားဖို့ မမေ့နဲ့နော်။ သူပျော်နေရင် နင့်ရဲ့ ပြဿနာတွေအကုန်လုံး ပြေလည်သွားလိမ့်မယ် "

" တပည့် နားလည်ပါတယ် " ရှဲ့ဟေးရန်မှာ ခေါင်းမော့ကာ ထိုသို့ ဆိုလိုက်ပြီးနောက် အရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် မတ်တတ်ထလာပြီး ထွက်ခွာသွားရန် ပြင်လိုက်၏။ သို့သော် သူ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးချိန်တွင် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ မနေနိုင်တော့သဖြင့် လှမ်းပြောမိလိုက်တော့သည်။

" ရန်အာ။ နောက်ကျရင် ဆံပင်ကို ဆီတွေအများကြီး မလူးနဲ့။ ဆရာ့ရဲ့ လက်မှာ ပေလို့ "

ရှဲ့ဟေးရန်မှာ ထိုစကားကို ကြားလိုက်ရသောအခါ အနည်းငယ်ခန့် ရှက်ကိုးရှက်ကန်း ဖြစ်သွားရ၏။ ထို့နောက် သူသည် ချက်ချင်း ခေါင်းညိတ်ပြလိုက်ပြီး မျှော်စင်ထဲမှ ထွက်ခွာလာတော့သည်။ သူသည် မျှော်စင်အပြင်ဘက်၌ ရပ်ကာ ခပ်လှမ်းလှမ်းရှိ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးအား လှမ်းကြည့်နေရင်း သူ၏ မျက်နှာအား ဖြတ်၍ တိုက်ခတ်နေသည့် လေပူများအား ခံစားကြည့်လိုက်၏။ ထို့နောက် သူသည် ဖြစ်ပျက်ခဲ့သမျှ အရာများကို ပြန်လည် စဉ်းစားတွေးတောကြည့်လိုက်သည်။ အရာအားလုံးမှာ အိပ်မက်တစ်ခုကဲ့သို့ပင်။

" ဆရာပြောတာမှန်တယ်။ ဘာမှ ရေးကြီးခွင်ကျယ်မဟုတ်ဘူး။ သူ့ကို ဦးလေးဆရာလို့ ခေါ်ရုံပဲ။ ငါ မီးတောက်မျိုးနွယ်ထဲ ဝင်နိုင်မယ်ဆိုရင် ရှဲ့မိသားစုထဲမှာ ငါ့ရဲ့ ရာထူးအဆင့်အတန်းက မြင့်မားလာမှာပဲ " ရှဲ့ဟေးရန်မှာ သူ့ကိုယ်သူ အားပေးစကားပြောလိုက်ပြီးနောက် စိတ်ဓာတ်များ တက်ကြွသွားပြီး ဝမ်ပေါင်လဲ့၏ မျှော်စင်ဆီသို့ ဦးတည်ပျံသန်းသွားလိုက်၏။ သူသည် ထိုမျှော်စင်၏ အနီးသို့ ရောက်သွားသည်နှင့် အပြင်ဘက်မှနေ၍ အသံကုန်အော်ဟစ်လိုက်တော့သည်။

" ကျွန်တော် ရှဲ့ဟေးရန် ပြည်ထောင်စုကြီးထဲက ရုပ်အချောဆုံး နံပါတ်ဆယ့်ခြောက် ဦးလေးဆရာ ဝမ်ပေါင်လဲ့နဲ့ တွေ့ချင်လို့ပါ “

All Chapters