ချောကလက်ကိတ်
Vol. 8 Ch. 5
https://mmxianxia.com/wp-content/uploads/2023/12/received_391213593243385-183x300.jpeg
“အစ်ကိုကြီး၊ ဝင်လာလို့ရလား။” အပြင်ကနေ ညီမလေးအော်ရိုရာရဲ့အသံကို ကြားလိုက်ရတဲ့အတွက် ဒဏ်ရာတွေကြောင့် ညည်းညူနေရတဲ့ ဩစတင်းလည်း တံခါးဖွင့်ပေးလိုက်ပါတယ်။
“အော်ရိုရာ၊ မအိပ်သေးဘူးလား။” ဩစတင်းမေးလိုက်တော့ အော်ရိုရာက ခေါင်းညိတ်ပြပြီး အခန်းရဲ့ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ ဩစတင်းက စျေးပေါပေါ ဒဏ်ကြေလိမ်းဆေးပုလင်းကို ကိုင်ထားပြီး သူ့ခန္ဓာကိုယ်ပေါ်က အညိုအမည်းတွေကို လိမ်းနေပါတယ်။
“နာနေသေးတာလား။” အော်ရိုရာမေးလိုက်တော့ ဩစတင်းက လက်မထောင်ပြလိုက်တယ်။ “ဒီလောက်တော့ မဟုတ်တော့ပါဘူး။ ရိုက်နေတုန်းပဲ နာတာပါ၊ အခုကတော့ ဘာမှမဖြစ်တော့ဘူးလေ။” သူက အခုလိုပြောလိုက်ပေမဲ့ သူ့လက်က အခန်းကျဥ်းလေးရဲ့နံရံနဲ့ရိုက်မိသွားပြီး နာလွန်းလို့ တခြားလက်တစ်ဖက်နဲ့ ကိုယ့်လက်ကိုယ်ကိုင်ထားလိုက်ရတယ်။
အော်ရိုရာလည်း ဆေးပုလင်းကို လှမ်းယူလိုက်ပြီးတော့ “ညီမလေး ဆေးလိမ်းပေးမယ်လေ။” ဩစတင်းလည်း မငြင်းတော့ဘူး။ ဩစတင်းတစ်ကိုယ်လုံးက ဒဏ်ရာတွေကို ဆေးထည့်ပေးပြီးတဲ့နောက်မှာတော့ ညသန်းခေါင်ကျော်သွားပါပြီ။ ဩစတင်းလည်း အိပ်ချင်နေပြီဖြစ်တာကြောင့် သန်းဝေလိုက်ပေမဲ့ အော်ရိုရာကတော့ အိပ်ချင်နေသေးပုံမပေါ်ပါဘူး။ ဩစတင်းက သူ့ညီမလေးလည်း အဓိကရိုက်ခံထားရတာကို သတိထားမိပြီး အော်ရိုရာလက်ထဲက
ဆေးဘူးကို ပြန်ယူလိုက်တယ်။
“ညီမလေးလည်း အရိုက်ခံထားရတာမဟုတ်လား၊ နာနေသေးမှာပေါ့။ အစ်ကိုကြီးဆေးလိမ်းပေးမယ်လေ။”
“ရပါတယ်၊ ဘာမှမဖြစ်ပါဘူး။” အော်ရိုရာက ငြင်းပေမဲ့ ဩစတင်းက အော်ရိုရာရဲ့လက်ကိုကိုင်ပြီးရိုက်ခံထားရတဲ့ နေရာကိုကြည့်လိုက်တယ်။ သူထင်ထားသလိုမဟုတ်ဘဲ အညိုအမည်းစွဲနေတာမျိုးမရှိဘူး။
“ဟမ်၊ မနက်က ဒီနေရာအရိုက်ခံထားရတာမဟုတ်ဘူးလား။ ဟိုဖက်လက်ပြ...” ဩစတင်းက အော်ရိုရာရဲ့နောက်လက်တစ်ဖက်ကို ကြည့်လိုက်ပေမဲ့လည်း ဘာမှရှိမနေပြန်ဘူး။
“ဘာမှမဖြစ်ပါဘူးဆိုတာကို အစ်ကိုကြီးကလဲ။”
ဩစတင်းက အော်ရိုရာရဲ့ခန္ဓာကိုယ်က ရိုက်ခံထားရတဲ့နေရာတွေကို လိုက်ကြည့်ပေမဲ့ ဒဏ်ရာဒဏ်ချက်တစ်ခုမှမတွေ့ရဘူး။ ဘယ်တုန်းကမှ အရိုက်ခံမထားရသလိုပဲ။ ဩစတင်းစိတ်ထဲမှာ ပုံမှန်မဟုတ်မှန်းသိနေပေမဲ့ ဝမ်းသာအားရပဲ ကောင်မလေးခေါင်းကိုပွတ်ပြီးပြောလိုက်လေရဲ့။
“ဘာမှမဖြစ်ဘူးဆိုတော့ တော်သေးတာပေါ့၊ ညီမလေးရဲ့။”
“ကိုကြီးလည်းအိပ်တော့လေ၊ မနက်စျေးရောင်းရဦးမှာမလား။”
ဒီလိုနဲ့အော်ရိုရာလေး သူ့အခန်းသူပြန်သွားတယ်။ ဩစတင်းကတော့ နဖူးပေါ်လက်တင်စဥ်းစားရင်းကနေ ဒီမနက်က သူမြင်ခဲ့တဲ့မြင်ကွင်းတွေကို မေ့မရဖြစ်နေပါတယ်။ “အော်ရိုရာက ဘယ်လိုလုပ်ပြီး အဲဒီယဇ်ပလ္လင်ကြီးပေါ် ရောက်နေခဲ့တာလဲ။”
....
နောက်တစ်နေ့မနက်။
ဩစတင်းက သန်းဝေရင်းအိပ်ရာထလိုက်တယ်။ ခနနေရင် စျေးရောင်းသွားရမှာဖြစ်လို့ ရေမိုးချိုးပြီး မြန်မြန်ဆန်ဆန်အဝတ်အစားလဲလိုက်တယ်။ မနက်စာမစားခင် အိပ်ရာပေါ်မှာလှဲပြီး အနားယူနေတဲ့ အမေကိုလည်း သွားကြည့်ရသေးတယ်။ သူတို့အမေက သိပ်ပြီးမကျန်းမာတာကြာပြီ။
အမေဖြစ်သူမနိုးသေးတာတွေ့တော့ အမေရဲ့နဖူးကိုနမ်းပြီး သူပြန်ထွက်လာခဲ့တယ်။ သူ့အဖေကိုတော့ ဘယ်နေရာမှာမှမတွေ့ရသေးဘူး။ ခါတိုင်းလိုပဲ မနက်စာမစားဘဲ အရက်ဆိုင်ထွက်သွားပြန်ပြီနဲ့တူပါရဲ့။
ဩစတင်းက သူတို့အိမ်ကျဥ်းကျဥ်းရဲ့စင်္ကြန်လမ်းပေါ်မှာပဲလုပ်ထားတဲ့ ထမင်းစားဝိုင်းနဲ့မီးဖိုချောင်ဆီကိုသွားတော့ အော်ရိုရာလေး ကြက်ဥကြော်နေတာ တွေ့လိုက်ရတယ်။ ခါတိုင်းဩစတင်းက မနက်စာချက်နေကျဖြစ်ပေမဲ့ အော်ရိုရာလေးက သူ့ထက်အရင်နိုးနေတဲ့ပုံပဲ။
“အော်ရိုရာ၊ ဒီနေ့ဘယ်အချိန်နိုးတာလဲ။”
“အစောကြီးနိုးတာမဟုတ်ဘူး၊ ကိုကြီးရဲ့။ မအိပ်ရသေးတာ။”
“.....”
ဩစတင်းက အော်ရိုရာကို ကြည့်လိုက်တယ်။ မအိပ်ရသေးဘူးပြောပေမဲ့ အားအင်တွေပြည့်ဝနေတဲ့ပုံပဲ။
အော်ရိုရာကတော့ ကြော်ထားတဲ့ ကြက်ဥကိုပန်းကန်ထဲထည့်ပြီး စားပွဲပေါ်တင်လိုက်တယ်။ ပန်းကန်ထဲမှာ
ကြက်ဥသုံးလုံးကြော်ထားတာတွေ့ရတယ်။ အဲဒီနောက် အထူးပြုလုပ်ထားတဲ့ ဆော့စ်ကိုဖြန်းလိုက်ပြီး မက္ကဆီကိုရဲ့ပုံမှန်မနက်စာ Huevos Rancheros
ကိုပြင်ဆင်လို့ပြီးသွားပြီ။
“သုံးဆောင်ပါရှင့်။”
“မအိပ်ရသေးဘူးဆိုရင်လည်း ဒီနေ့တော့အိမ်မှာပဲနေပြီး တစ်ရေးအိပ်လိုက်ပါလား။ အစ်ကိုနဲဲ့ဒီနေ့မလိုက်နဲ့တော့လေ။”
အော်ရိုရာက အဲဒီမေးခွန်းကို ပြန်မဖြေဘဲ စားပွဲပေါ်ထိုင်လိုက်ပြီး ကြက်ဥတစ်လုံးကိုသူ့ပန်းကန်ထဲယူစားတယ်။ ဩစတင်းလည်း တစ်လုံးယူစားလိုက်တယ်။ အော်ရိုရာက အရင်စားလို့ပြီးသွားပြီး စျေးရောင်းဖို့ပြင်တယ်။ ရောင်းဖို့ကြိုဝယ်ထားတဲ့ အအေးပုလင်းတွေအားလုံးကို ရေခဲဗုံးထဲထည့်လိုက်ပြီး
“အစ်ကိုကြီး၊ မြန်မြန်စားလေ။ တော်ကြာမနက်ပိုင်းကားတွေလွတ်သွားဦးမယ်။”
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။” ဩစတင်းလည်း မနက်စာကို မြန်မြန်လက်စသတ်လိုက်ပြီး အအေးဘူးအပြည့်ပါတဲ့ ရေခဲဖော့ဘူးကိုစက်ဘီးပေါ်တင်လို့ သူ့ညီမလေးနဲ့အတူစထွက်ဖို့ပြင်တယ်။
“အမေရေ၊ မနက်စာစားပွဲပေါ်မှာ တင်ထားခဲ့တယ်နော်။ နိုးလာရင် စားလိုက်ဦး။” အော်ရိုရာက အခုလိုပြောရင်း သူ့အစ်ကိုကြီးရဲ့စက်ဘီးရှေ့မှာတက်လိုက်တယ်။ နောက်ထိုင်ခုံက ရေခဲဘူးကြောင့်ပြည့်နေပြီလေ။ ဒီတော့ ရှေ့ကစက်ဘီးတန်းပေါ် ခွထိုင်မှဖြစ်မှာ။
အားလုံးအသင့်ဖြစ်ပြီးတဲ့နောက်တော့ ဩစတင်းစက်ဘီးစနင်းတယ်။
....
“ကျေးဇူးတင်ပါတယ်ရှင့်။” နောက်ဆုံးကျန်တဲ့ အချိုရည်ဘူးကို လာဝယ်တဲ့ နိုင်ငံခြားသားဖြစ်ပုံပေါ်တဲ့သူကို အော်ရိုရာလေးက ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။ အဲဒီလူကလည်း ပြုံးလိုက်ပြီး အော်ရိုရာလေးခေါင်းကို ပုတ်လိုက်တယ်။
“ငါလူရွေးတာ မမှားဘူးပဲ၊ မင်းက တကယ်ချစ်ဖို့ကောင်းတယ်။”
ဩစတင်းက အဲဒီလူကြီးကို မသင်္ကါတဲ့အကြည့်နဲ့ မော့ကြည့်လိုက်တယ်။ သူက ဘာမှမပြောပေမဲ့ အော်ရိုရာလက်ကိုဆွဲပြီး “အော်ရိုရာ ပြန်ကြရအောင်။”
အော်ရိုရာကတော့ ဘာမှစိတ်ပူပုံမရပေမဲ့ ဩစတင်းက အဲဒီလူကိုစတွေ့ကတည်းက တစ်ခုခုမူမမှန်မှန်း သတိထားမိပါတယ်။ လူကြီးက သူတို့စက်ဘီးပေါ် ပြန့်တက်တဲ့အထိ နောက်ကနေလိုက်နေပြီး ဩစတင်းကို ပြောလိုက်လေရဲ့။
“ဩစတင်း၊ မင်းကလည်း ငါရွေးထားတဲ့အထဲမှာ ပါတယ်နော်။”
ဩစတင်းက အဲဒီလူကြီးကို ပိုမသင်္ကါဖြစ်လာပြီး မြို့ထဲကလူတွေပြောတတ်တဲ့ ကလေးလူကုန်ကူးသမားတို့ နှာဘူးကောင်တို့ဖြစ်နေမှာကို တွေးမိပြီး စက်ဘီးကို အားကုန်နင်းတယ်။ ဒါပေမဲ့ စက်ဘီးဆိုင်ကယ်လောက် မြန်လာတာတောင် လူကြီးက သာမန်အတိုင်း သူတို့နောက်ကနေ လိုက်လာနေနိုင်တုန်းပဲ။
“အခုတော့ မင်းဘယ်သိဦးမလဲ၊ ဒါပေမဲ့ မင်းအိမ်ပြန်ရောက်ရင်တော့ သိလာမှာပါ။” လူကြီးက ရယ်သံပါပါနဲ့ ပြောလိုက်တယ်။ ဩစတင်းစက်ဘီးနင်းနေရင်းက လှည့်ကြည့်တော့ အဲဒီလူကြီးကို မတွေ့တော့ဘူး။
အဲဒီအစား ကြောက်စိတ်က ပိုလွန်ကဲလာခဲ့တယ်။
...
သူတို့အိမ်ပြန်ရောက်တော့ ရပ်ကွက်ထဲက လူတွေအများကြီး အိမ်ရှေ့မှာစုနေတာ တွေ့ရတယ်။ ဘေးအိမ်က အဖွားအန်ဒရေတောင်ရောက်နေပြီး သူတို့ပြန်လာတာတွေ့တော့ ဝမ်းနည်းနေတဲ့မျက်နှာနဲ့ထွက်လာပြီး ပြောလိုက်လေရဲ့။
“အောင်မလေး၊ တော်သေးတာပေါ့။ မြေးတို့ပြန်လာလို့လဲ။”
“အဖွားအန်ဒရေ၊ ဘာတွေဖြစ်နေတာလဲဟင်။”
“မြေးတို့အမေဆုံးသွားပြီကွဲ့။” ဒီစကားကို ကြားရပြီးတဲ့နောက် ဩစတင်းရဲ့ခြေဖျားလက်ဖျားတွေအေးစက်သွားတယ်။
“အဖွားတို့စီစဥ်စရာရှိတားစီစဥ်ထားပြီးပြီမလို့ ကလေးတို့ပူစရာတော့မရှိပါတော့ဘူး၊ မြေးတို့အဖေပြန်လာမှာ အကျိုးအကြောင်းပြောလိုက်ပါ။”
ဩစတင်းက အော်ရိုရာရဲ့လက်ကိုဆွဲပြီး အိမ်ထဲဝင်လိုက်တော့ သူတို့အမေကို ဖန်လုံအခေါင်းထဲထည့်ထားတာတွေ့ရပြီး သူ့ရင်ထဲက ခံစားချက်တွေအကုန်အေးခဲသွားတယ်။ အဲဒီအချိန်မှာပဲ ဩစတင်းရဲ့အဖေ
အော်ရိုရာရဲ့ပထွေးက ပြန်လာတယ်။
“ကောင်လေး၊ မင်းစျေးရောင်းလို့ပြီးပြီလား။ ငါ့အတွက် ပိုက်ဆံနည်းနည်းပေးစမ်း။”
ဩစတင်းက သူ့အဖေမျက်နှာကိုမကြည့်ဘဲ မြေပြင်ကိုပဲ စိုက်ကြည့်နေတယ်။ သူ့မျက်လုံးထဲ မျက်ရည်တွေ ပြည့်နေခဲ့လို့လေ။ “အဖေ... အမေသေသွားပြီဗျ။”
“ငါသိတယ်၊ အဲဒီတော့ဘာဖြစ်လဲ။ ငါကတော့ သောက်စရာရှိတာသောက်မှာပဲ။ ငါ့ကိုပိုက်ဆံပေး။”
ဒီရေဂိုက ကောင်လေးရဲ့ပခုံးကို အားနဲ့ဖျစ်ညှစ်လိုက်ပြီး ပြောလိုက်တယ်။ ဒါပေမဲ့ ကောင်လေးကဂရုမစိုက်ဘဲ မုန်းတီးမှုအပြည့်ပါတဲ့ မျက်လုံးတွေနဲ့မော့ကြည့်လိုက်တယ်။
“ခင်ဗျားလို လူ့တိရစ္ဆာန်တစ်ကောင်အတွက် ကျုပ်ဆက်ပြီး လုပ်မကျွေးနိုင်တော့ဘူး။”
“မင်းဘာပြောလိုက်တာလဲ။” ဒီရေဂိုက ဒေါသထွက်လာပြီး ဩစတင်းရဲ့ရင်ဘတ်ကို ဆောင့်ကန်လိုက်တဲ့အတွက် သူ့ခန္ဓာကိုယ်မြောက်တက်သွားပြီး နံရံနဲ့ဝင်တိုက်မိတယ်။ ဒါပေမဲ့ ဒီရေဂိုက ဒီလောက်နဲ့မရပ်သေးဘဲ အိမ်ကြမ်းပြင်မှာကျနေတဲ့ ဖန်ခွက်ကြီးတစ်ခွက်အရွယ် ကျောက်ခဲတစ်ခဲကိုကောက်ပြီး ဩစတင်းရဲ့ခေါင်းကိုထုချလိုက်တယ်။
“အား....” ဩစတင်းရဲ့အော်သံနဲ့အတူ နဖူးကနေ သွေးတွေစီးကျလာတယ်။ နာရေးအတွက်ရှိနေတဲ့ ရပ်ရွာကလူတွေလည်း သတိထားမိလာပြီး လာတားဖို့လုပ်ပေမဲ့ ဒီရေဂိုကတော့ သောင်းကျန်းနေဆဲပါ။ သူက နောက်တစ်ကြိမ် လူအုပ်ရဲ့ချုပ်နှောင်မှုကနေ ရုန်းထွက်လာပြီး ဩစတင်းကိုရိုက်ဖို့ကြံပြန်တယ်။ ဒါပေမဲ့ မျက်လုံးအစိမ်းပုပ်ရောင်ပြောင်းနေပြီဖြစ်တဲ့
အော်ရိုရာက ဩစတင်းရှေ့မှာရပ်လိုက်ပြီး ဒီရေဂိုကိုစိုက်ကြည့်လိုက်တယ်။
“ရပ်လိုက်တော့... ရပ်လိုက်ပါတော့။” သူ့တစ်ကိုယ်လုံး တုန်ခါနေပြီး တားဆီးလိုက်ပေမဲ့ ဒီရေဂိုကမရပ်ခဲ့ပါဘူး။ ဩစတင်းလည်း သူ့ညီမလေးကို ခိုက်မိမှာစိုးလို့ ရှေ့တက်လာပြီး ကာကွယ်လိုက်တာကြောင့် သူ့ရဲ့နားထင်ကို ခဲနဲ့ရိုက်မိပြီးလဲကျသွားတယ်။ သူလဲကျသွားပြီး သတိလစ်မသွားခင် အော်ရိုရာဆီကနေ ထွက်လာတဲ့ ဒေါသတကြီးအော်သံကိုသာ သူကြားလိုက်ရတယ်။
....
“ဟေး၊ ကောင်လေး။ မင်းနိုးလာပြီလား။ တကယ့်ကို
ပွဲကြည့်ရမယ့်အချိန်မှ သတိရလာတာပဲ။”
ရင်းနှီးနေတဲ့ စကားသံကို ကြားလိုက်ရတဲ့အတွက် သူမျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့တစ်ကိုယ်လုံး
ပေါ့ပါးနေတာ တွေ့လိုက်ရတယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာ
ရှိနေခဲ့တဲ့ ဒဏ်ရာတွေကို လိုက်ကြည့်တော့ တစ်ခုမှရှိမနေတော့ဘူး။
“မင်းဒဏ်ရာတွေကို ငါ့ရဲ့နာနိုနည်းပညာနဲ့ကုသပြီးသွားပြီ။” စျေးရောင်းတုန်းက တွေ့ခဲ့တဲ့ လူကြီးကပဲ ပြောလိုက်ပြန်တယ်။ သူပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူတို့တွေယာဥ်ပျံတစ်ခုပေါ်ရောက်နေမှန်း ဩစတင်းသိလိုက်ရတယ်။ လူကြီးက ဩစတင်းမမြင်ဖူးတဲ့ အနက်ရောင်နည်းပညာဝတ်စုံတစ်ခုကိုဝတ်ထားပြီး သူ့အနားမှာ ပိုးတောင်မာတွေရဲ့ခေါင်းမျိုးရှိတဲ့ လူတူသတ္တဝါကြီးတွေရပ်နေတာ တွေ့ရတယ်။
“ခင်ဗျားက ဘယ်သူလဲ။”
“ငါ့ရဲ့လူနာမည်ကတော့ ရေဂင်၊ အပြာရောင်ပိုးတောင်မာမျိုးနွယ်ရဲ့ဗိုလ်ချုပ်ပဲ။”
“ပိုးကောင်ဗိုလ်ချုပ်။” မရင်းနှီးတဲ့စကားလုံးမလို့ ဩစတင်းက လိုက်ပြောကြည့်လိုက်တယ်။ ရေဂင်က လက်ဖျောက်တီးလိုက်တော့ ယာဥ်ပျံရဲ့အတွင်းဖက်နံရံတွေအကုန်လုံးက ဖန်သားပြင်အဖြစ်ပြောင်းသွားပြီးတော့ တိုက်ပွဲတစ်ခုကိုပြသနေပါတယ်။ ဩစတင်းနေခဲ့တဲ့ မြို့တစ်ခုလုံး ပြာကျနေပြီဖြစ်ပြီးတော့
မက္ကဆီကိုဟီးရိုးအစည်းအရုံးက သူမြင်နေကျ ဟီးရိုးတွေနဲ့ ဓားခုတ်ကောင်တစ်ကောင် တိုက်နေတာကို မြင်လိုက်ရတယ်။
“အဲဒါက ကျွန်တော့်ညီမလေးလား။” ဓားခုတ်ကောင်ကို ကြည့်နေရင်းနဲ့ ရင်းနှီးနေတာကြောင့် မေးလိုက်တော့ ရေဂင်က ခေါင်းညိတ်ပြပါတယ်။
“မက္ကဆီကိုအစည်းအရုံးက သိပ်အင်အားမကြီးဘူး။
အမေရိကန်ကောင်တွေရဲ့စူပါပါဝါအဆင့်အတန်းကျဆင်းပြီးခါမှ တရားဝင်အစည်းအရုံးပြန်ဖြစ်လာတာ။
ဒါပေမဲ့ မင်းညီမလေးက သူတို့ကိုအလွယ်လေးအနိုင်ယူနိုင်ပါတယ်။”
“ကျွန်တော့်ညီမလေးက လူသတ်တဲ့မကောင်းဆိုးဝါးတစ်ယောက်ဖြစ်လာတာလား။ အဲဒီကျိန်စာကိုမိပြီးတော့။”
“ကျိန်စာမဟုတ်ပါဘူး၊ သာမန်လူသားတစ်ယောက်ကို ဆင်းရဲဒုက္ခတွေကနေ လွတ်မြောက်နိုင်စေတဲ့ မဟာကောင်းချီးတစ်ခုပါ ကောင်လေး။”
ရေဂင်က ဩစတင်းကို အယုံသွင်းတော့မယ့်လေသံနဲ့ ပြောလိုက်တယ်။ အဲဒီနောက် “မင်းညီမလေးက အခုငါနဲ့အဆင့်အတန်းတူတဲ့ ဓားခုတ်ကောင်မျိုးနွယ်ရဲ့ဗိုလ်ချုပ်ဖြစ်သွားပြီ။ ဒါပေမဲ့ လူသားတွေက မနာလိုတတ်တယ်ကွ။ သူ့ကိုသတ်ဖို့ ကြိုးစားကြမှာပဲ။ သူက အင်အားကြီးပေမဲ့ သူ့ကိုသတ်နိုင်တဲ့သူတွေလည်း ရှိနေသေးတယ်။”
“ခင်ဗျား ကျုပ်ဆီက ဘာလိုချင်လို့လဲ။”
“ငါက မင်းဆီက ဘာမှမလိုချင်ပါဘူးကွ။ ငါက မင်းကိုပေးချင်တာ။”
“.....” ဩစတင်းက ရေဂင်ကို လုံးဝမယုံဘူး။ ရေဂင်ကလည်း သူ့ကိုဩစတင်းယုံဖို့မမျှော်လင့်ထားပုံမရဘူး။ အဲဒီအစား သူ့ကိစ္စအောင်မြင်ရင်ပြီးရောလို့ သဘောထားပုံပဲ။ သူက နောက်ဗီဒီယိုတွေကိုစပြတယ်။
တစ်ခုက သစ်ဆွေးပိုးကောင်ကို ဖရက်က ဖျက်ဆီးလိုက်တဲ့ ဗီဒီယိုဖြစ်ပြီး နောက်တစ်ခုကတော့ လန်ဒန်မှာ ဖီးနစ်စစ်သည်က ကျိုင်းကောင်ကိုသတ်လိုက်တဲ့ ဗီဒီယိုဖြစ်တယ်။ အံ့မခန်းစွမ်းအားတွေကို မြင်လိုက်ရပြီဖြစ်တာကြောင့် ဩစတင်းရူးချင်နေပြီ။
“မြင်လား၊ သူတို့က အချိန်ကျလာရင် မင်းညီမလေးကို လာသတ်မယ့်သူတွေပဲ။”
“.....”
“မင်းသူ့ကို မကာကွယ်ချင်ဘူးလား၊ သူက မင်းအမြင်မှာ မကောင်းဆိုးဝါးဖြစ်လာပြီဆိုပေမဲ့ သူက မင်းကိုကာကွယ်ပေးဖို့လုပ်ရင်း ပထမဆုံးလူတစ်ယောက်ကို သတ်ခဲ့မိတာပဲ။ တိတိကျကျပြောရရင် မကောင်းတဲ့ မင်းအဖေကိုသတ်ရင်းနဲ့ပေါ့။”
“ငါ့ညီမလေးက ငါ့ကိုကာကွယ်ဖို့လုပ်ရင်း ဒီလိုဖြစ်သွားတာလား။”
“ဟုတ်တယ်၊ သူက မင်းကိုကာကွယ်ပေးရုံပဲဆိုတာကို နားမလည်နိုင်တဲ့ လူသားတွေက သူ့ကိုလိုက်သတ်ဖို့ကြိုးစားရင်း မင်းရဲ့မြို့လေး ခုလိုဖြစ်သွားတာပဲ။”
ဩစတင်းက ရူးချင်နေတဲ့ အမူအရာနဲ့ ရေဂင်ကို ကြည့်လိုက်တယ်။ သူကြံရာမရတော့ဘူး။ နောက်ဆုံး သူ့ကိုယ်သူ တတ်နိုင်သမျှတည်ငြိမ်အောင်ထိန်းလိုက်ရင်း အခုလိုမေးလိုက်ပါတယ်။
“ကောင်းပြီ၊ ကျုပ်သူ့ကို ကာကွယ်ချင်တယ်။ ကျုပ်ဘာလုပ်ရမလဲ။”
“ကောင်းတယ်၊ မင်းစိတ်ဓာတ်ကို ငါကြိုက်သွားပြီ။
မင်းအနေနဲ့ ဘာမှလုပ်စရာမလိုပါဘူးကွ။ မင်းအနေနဲ့
ငါတို့နဲ့တန်းတူ ဖြစ်လာဖို့ပဲလိုတာပါ။”
ပြောရင်းဆိုရင်းနဲ့ပဲ သူတို့ရဲ့ယာဥ်ပျံကြီးက အောက်ကိုနိမ့်ဆင်းလာတယ်။ ဗီဒီယိုတွေပြနေတဲ့ ယာဥ်ပျံရဲ့အတွင်းပိုင်းက ဖန်သားပြင်အများစုလည်း ပုံမှန်ပြန်ဖြစ်သွားပြီးတော့ အပြင်က မြင်ကွင်းတွေကို ပြသနေတဲ့ ဖန်သားပြင်တစ်ခုတည်းသာ ရှိတော့ပါတယ်။
ဩစတင်းကြည့်လိုက်တော့ သူတို့တွေက ရေပြင်နဲ့တဖြည်းဖြည်းနီးလာပြီးတော့ ပင်လယ်ရေပြင်ထဲကို ထိုးဆင်းသွားတယ်။ မကြာခင်မှာပဲ ပင်လယ်ရေပြင်ရဲ့အပေါ်ယံနယ်နိမိတ်ကို ကျော်လွန်လာပြီး ဒုတိယအလွှာဖြစ်တဲ့ ဆည်းဆာနယ်ပယ်ကိုရောက်လာကြပါပြီ။ ထူးဆန်းတဲ့ ပင်လယ်ရေသတ္တဝါတွေနဲ့ သာမန်လူသားတွေ မမြင်ဖူးတဲ့အရာတွေကို ဩစတင်းစမြင်နေရပြီ။
“ငါတို့က ပင်လယ်သမုဒ္ဒရာအောက်မှာရှိတဲ့ ချောက်နက်ကြီးတစ်ခုဆီကို သွားနေတာ။ ကမ္ဘာပေါ်က ဘယ်လူသားမှ မရောက်ဖူးသေးတဲ့နေရာပေါ့။ အဲဒီမှာ ငါမင်းကိုပေးချင်တဲ့အရာတစ်ခု ရှိနေတယ်လေ။”
....
မက်ဒါနာက လက်နှစ်ဖက်နဲ့မေးကိုထောက်ထားရင်း တံတောင်ဆစ်ကို စားပွဲပေါ်တင်ကာ ကိတ်မုန့်ဖုတ်ဖို့ ပြင်ဆင်နေတဲ့ အေမီရဲ့တင်ပါးလေးကို လိုက်ကြည့်နေတယ်။
“ဒီလိုကျတော့လည်း အေမီက ချစ်စရာလေး။”
အခုအေမီက အိမ်စေဝတ်စုံနဲ့တူပေမဲ့ တော်တော်လေးတိုပြီးတော့ ပေါင်တံညိုညိုလေးနဲ့ကျောပြင်ကို ဖော်ပြနေတဲ့ အထူးဝတ်စုံလေးကို ဝတ်ထားတာ။ သူ့ဘာသာ လိုင်းပေါ်ကရှာတွေ့လာပြီး မှာလိုက်တာတဲ့။ မက်ဒါနာက အမြဲမဝတ်ဖို့မှာပေမဲ့ ဒီနေ့တော့စမ်းဝတ်မယ်ဆိုပြီး ဝတ်ထားတာလေ။
“ဟေး၊ မက်ဒါနာ။ ဒီနေ့ပွဲက ငါ့အတွက်မဟုတ်ဘူးလား။ ဘာလို့ အဲဒီအရုပ်မကိုပဲ စိုက်ကြည့်နေတာလဲ။”
ဖရာလီတာက မက်ဒါနာရဲ့လက်မောင်းကို လက်ထဲမှာကိုင်ထားတဲ့ ခက်ရင်းနဲ့လှမ်းဆွလိုက်လို့ မက်ဒါနာရဲ့ယောက်ျားလေးဘဝတုန်းက တွေးထားတဲ့စိတ်ကူးလေးတွေ တစ်စစီကွဲကြေသွားရော။
“နာတယ်ဟဲ့၊ ဖရာလီတာရဲ့။” ဖရာလီတာကတော့ ဒေါသတကြီးနဲ့ မက်ဒါနာကို ကြည့်နေတုန်းပဲ။ သူတင်မကဘူး စားပွဲတစ်ခုတည်းမှာထိုင်နေကြသူတွေဖြစ်တဲ့ ဖလေရာ၊ လင်ဒါ၊ ဆိုဖီယာနဲ့ ဖရက်တို့ပါ မက်ဒါနာကို လက်ပိုက်ပြီးဒေါသတကြီးကြည့်နေကြတာ။
“အဲဒီကောင်မစုတ်အေမီက လုံးဝမတရားဘူး။ ငါတို့ကိုကျတော့ ဘလက်လစ်သွင်းထားပြီး သူကိုယ်တိုင်ကျ အစားအသောက်တွေနဲ့ရော အဝတ်အစားတွေပါသုံးပြီး တို့မက်ဒါနာကိုသွေးဆောင်နေတယ်။ လုံးဝမကျေနပ်ဘူး။”
ဖလေရာက လက်ကိုပိုက်ကာ ဒေါသတကြီးနဲ့မှတ်ချက်ချလိုက်တယ်။ ကျန်တဲ့သူတွေလည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ထောက်ခံကြတယ်။ မက်ဒါနာကတော့ ရယ်ကျဲကျဲမျက်နှာနဲ့ပဲ။
“ငါတို့ ဖရာလီတာ အလုပ်ကနေ ပြန်ရောက်လာတဲ့
အထိမ်းအမှတ်အနေနဲ့ ပါတီလုပ်နေတာမဟုတ်လား။
ဆူဆူပူပူမလုပ်ကြပါနဲ့တော့ဟယ်။ အေမီဖုတ်ပေးမယ့် ချောကလက်ကိတ်ကိုပဲ အရသာခံကြရအောင်။”
တစ်ကမ္ဘာလုံးက မဟာမိတ်အဖွဲ့ဝင်တွေရဲ့မြို့တော်တွေနဲ့မြို့ကြီးတွေမှာ ကာကွယ်ရေးစနစ်တွေတပ်ပေးပြီးတဲ့နောက်တော့ ဖရာလီတာက လန်ဒန်ကိုတောင် မပြန်တော့ဘဲနဲ့ မက်ဒါနာတို့ကျောင်းကို တန်းရောက်ချလာတယ်။ မက်ဒါနာလည်း ဖရာလီတာရဲ့မွေးနေ့ကို လွတ်သွားတာကြောင့် စိတ်ကျေနပ်အောင်ဆိုပြီး အခုလိုမွေးနေ့အတုလေးကျင်းပဖို့ ဆုံးဖြတ်လိုက်တာ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ အကုန်လုံးက အေမီရဲ့အဝတ်အစားသစ်ကိုပဲ ဒေါသထွက်နေကြလေရဲ့။
ကလင်... မိုက်ခရိုဝေ့ကနေ အချိန်ပြည့်ပြီလို့ အချက်ပေးတဲ့အသံ ထွက်လာပြီးတဲ့နောက် အေမီက ချောကလက်အိတ်ကို မိုက်ခရိုဝေ့ထဲကနေ ထုတ်ပြီး စားပွဲပေါ်လာတင်ပေးတယ်။
“ဗီယက်နာစတိုင် ချောကလက်ကိတ်လေးရပါပြီရှင့်။ အားလုံးပဲ သုံးဆောင်ကြပါ။”