သူပုန်တာအို၏ သစ္စာဖောက်သုတ္တန်
Vol. 83 Ch. 1147
“အကုန်လုံးကို ကယ်ကြစို့”
စကားလုံးများ ပါးစပ်မှ ထွက်ရုံရှိသေး၊ မန်ဟိုကား တစ်ကိုယ်လုံး ခြောက်ကပ်ပိန်ချုံးလာသဖြင့် မျက်နှာကြီးရှုံ့မဲ့နေသော တာအိုကောင်းကင်ထံ ထွက်သွားလေပြီ။ တာအိုကောင်းကင်မှာ မန်ဟိုပြီးလျှင် အစွမ်းထက်ဆုံးဖြစ်သော်လည်း ခေါင်းပင် မနည်းထောင်နေရသည်။ သူက မန်ဟို့ကို နားမလည်နိုင်သောမျက်လုံးများဖြင့် မော့ကြည့်လိုက်၏။
သူ ကြည့်နေစဉ် မန်ဟိုက အနားရောက်လာပြီး သူ့ကို ချုပ်ထားသည့် သံကြိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်ကာ ၎င်းတစ်လျှောက်လုံး တုန်ခါသွားစေသည်။ သံကြိုးမှာ ပေါက်ကွဲတော့ခါနီးလေပြီ။
“တာအိုကောင်းကင် ကူဦး” မန်ဟိုက မျက်မှောင်ကြုတ်လျက် အော်ပြောလိုက်သည်။
“မင်း ဘာလို့ ငါ့ကို ကယ်နေတာလဲ” တာအိုကောင်းကင်မှာ စိတ်နှလုံးတုန်လှုပ်နေ၍ မပူးပေါင်းသေးဘဲ မေးသည်။ သူ့မှာ လျင်မြန်စွာ ခြောက်ကပ်ပိန်ချုံးနေပြီး တာအိုများလည်း စုပ်ယူခံနေရသည့်တိုင် သူ့မာနနှင့် ဂုဏ်သိက္ခာက ထိုအရာများထက် အရေးပါနေသေးသည်။
မန်ဟိုက တာအိုကောင်းကင်ကို ကြည့်၍ တည်ငြိမ်စွာ ပြောသည်။ “တစ်နေ့ ငါ ထိပ်ဆုံးကို ရောက်လို့ ပြန်လှည့်ကြည့်တဲ့အခါ ငါ တစ်ယောက်တည်းဖြစ်နေမှာကို မမြင်ချင်ဘူး။ ပိုအရေးကြီးတာက ငါတို့အားလုံးက ... တောင်ပင်လယ်လောကကပဲ မဟုတ်လား”
သူ့စကားလုံးများသည် တာအိုကောင်းကင်ကို တုန်ရီမှင်သက်သွားစေ၏။ ထို့နောက် တာအိုကောင်းကင်က မျက်လုံးများ ခဏပိတ်လိုက်ပြီးနောက် သူ့ကျင့်ကြံခြင်းအခြေခံစွမ်းအား ပေါ်ထွက်လာသည်။ သူနှင့်မန်ဟိုက သံကြိုးကို ဖျက်စီးရန် အတူပူးပေါင်းလိုက်ကြသည်။
တာအိုကောင်းကင် လွတ်သွားသည်နှင့် သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူက မန်ဟို့ကို ပို၍ပင်တွေဝေရှုပ်ထွေးနေသော အမူအရာဖြင့် လှမ်းကြည့်လိုက်လေသည်။
မန်ဟို၏ရွေးချယ်မှုက တာအိုကောင်းကင်ကို အမှန်တကယ် ဆွံ့အသွားစေသည်။ မန်ဟိုက သူ့ကို ထိုကဲ့သို့အကြောင်းရင်းများအတွက် ကယ်တင်ပေးလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့ပေ။
“ဒီလိုပြိုင်ဆိုင်မှုတွေ၊ တိုက်ပွဲတွေပြီးတဲ့နောက်မှာ ... ငါတို့က တကယ်ပဲ တစ်ဖွဲ့တည်းဖြစ်နိုင်သေးတယ်လား....” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ နောက်ဆုံးတော့ သူသည် ခေါင်းနောက်လှန်၍ တဟားဟား ရယ်ရင်း မန်ဟို့ကို တွေဝေနေသောမျက်လုံးများဖြင့် ပြန်ကြည့်လိုက်သည်။ သို့သော် ထိုမျက်လုံးများ၏အနက်ပိုင်းထဲတွင် တစ်ခါမှ မတည်ရှိခဲ့ဖူးသော အရာတစ်ခု ရှိနေသည် .... လေးစားမှု။
တာအိုကောင်းကင်၏ဘဝတွင် မည်သူ့ကိုမှ မလေးစားခဲ့ဖူးပေ။ ပါရာဂွန်ပင်လယ်အိပ်မက်ကိုပင် သူ့ထက် များစွာအစွမ်းထက်သောပုဂ္ဂိုလ်ဟုသာ မြင်ခဲ့သည်။ သူ လေးစားမိသည်ဟု ပြောနိုင်လောက်သည့်အရာဆို၍ သူ့ပါရာဂွန်ပန်းချီထဲရှိ လူသာ ရှိခဲ့လိမ့်မည်။ သို့သော် ယခုတွင် မန်ဟိုက သူ့နှလုံးသားထဲတွင် သူ အမှန်စင်စစ် လေးစားမိသောလူတစ်ယောက် ဖြစ်လာခဲ့လေပြီ။
သူသာ မန်ဟို့နေရာတွင် ဆိုပါက လူတိုင်းကို ကယ်ဖို့ ဆုံးဖြတ်မည်လား မေးခံရလျှင် .... ‘မကယ်ပါ’ ဟု သူ ဝန်ခံရလိမ့်မည်။
ရုတ်တရက် တာအိုကောင်းကင်သည် ဖျတ်ခနဲ လှည့်၍ မန်ဟို၊ ယွီဝမ်ကျန်းနှင့်အတူ အခြားသူများအား စကယ်တော့သည်။ လင်းချုံမှာ တာအိုကောင်းကင်ထက်ပင်ပို၍ စိတ်ရှုပ်ထွေးနေသည်။ မန်ဟို သူ့အား ချုပ်ထားသည့် သံကြိုးကို ဖျက်စီးဖို့ လာနေသည်ကို မြင်လျှင် သူသည် သူတို့နှစ်ယောက်အကြား ဖြစ်ခဲ့သမျှအရာအားလုံးကို ပြန်တွေးပြီး အပြစ်ရှိသလို မခံစားမိဘဲ မနေတော့ပေ။
တကယ်တမ်း သူတို့နှစ်ယောက်အကြား သွေးကြွေးရန်ငြိုးဟူ၍ အစကတည်းက မရှိခဲ့ပေ။
“ကျေးဇူးပဲ” သူက ခပ်ပြတ်ပြတ် ပြောလိုက်သည်။ သူ့ဘဝ ‘ကျေးဇူးပဲ’ ဟု ပြောဖူးသည့်လူများအား လက်ချိုးရေ၍ပင် ရသည်။
ဟန်ချင်းလဲ့လည်း ထိုနည်းတူ တွေဝေနေသည်။
“ငါ သူ့အပေါ် အသက်တစ်ချောင်း အကြွေးတင်သွားပြီ” သူက သံကြိုးကွဲကြေသွားသည်ကို ကြည့်ရင်း စိတ်ထဲတွင် ရေရွတ်လိုက်သည်။ အပြင်တွင် ဘာမှမပြောသော်လည်း လူကယ်ခြင်းက ... လူသတ်ခြင်းထက် ခက်ခဲသောအလုပ်ဖြစ်ကြောင်း သူ နားလည်သည်။
ထိုခက်ခဲမှုက လူတစ်ယောက်၏ သဘောထားဖြောင့်မတ်မှု၊ လူတစ်ယောက်နှလုံးသား၏ စင်ကြယ်မှု၊ စိတ်နေစိတ်ထားနှင့် ပတ်သက်သည်။
တကယ့်တကယ် သူနှင့်မန်ဟို့အကြား ဖြန်ဖြေမရသောအရာများ မရှိချေ၊ အမှန် တည်ရှိခဲ့သည့် တစ်ခုတည်းသောအရာမှာတော့ ပြိုင်ဆိုင်မှုသာ ဖြစ်သည်။ သို့သော် ထိုပြိုင်ဆိုင်မှု၏အကန့်အသတ်များကြောင့် .... အသက်အန္တရာယ်ထိပါးလားသည့်အဆင့်သို့ ရောက်ရှိသွားခဲ့ခြင်းပင်။
မန်ဟို လူတိုင်းကို ကယ်တင်နေစဉ် အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ဧကရာဇ်ကား ဘာမှမလုပ်ပေ။ ကျုံးဝူရလည်း တိတ်ဆိတ်စွာ ရပ်နေသည်။ မန်ဟို သံကြိုးများ၏လက်မှ အကုန်လုံးကို လွှတ်ပေးပြီးသွားသည့်အချိန်တွင် လေဟုန်ခွင်းလောကကား ဧရာမပိုက်ကွန်ကြီးထံမှ မီတာ ၃၀၀ သာ ကွာတော့ပြီ။
လှမ်းထိကြည့်နိုင်လောက်အောင် ... အလွန် နီးကပ်နေသည်။
ထိုမျှသာမက .... မန်ဟိုသည် တွင်းနက်ကြီးအထဲသို့ မော့ကြည့်လိုက်သည့်အခါ ခေါင်းသုံးလုံးလက်ခြောက်ဖက်အရိပ်ကြီးကို မြင်လိုက်ရ၏။ သူ၏အကြည့် ၎င်းအပေါ် ရောက်သွားသည်နှင့် စိတ်နှလုံးတုန်ရီသွားရလေသည်။
“ငါ့သားကို သတ်ခဲ့တာ မင်းပဲ” အသံကြီးက အမျက်တချောင်းချောင်း ထွက်နေသည်။ ခေါင်းသုံးလုံးလက်ခြောက်ဖက်အရိပ်ကြီးက ဧရာမပိုက်ကွန်ကြီး၏အနောက်မှနေ၍ မန်ဟို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသည်။ (လီလင်းအာကို အနိုင်ကျင့်ဖို့ လိုက်ဖမ်းခဲ့တဲ့ ရီဖဇီဆိုတဲ့လူကို မှတ်မိသေးရင် ဆက်စပ်တွေးမိမှာပါ)
မန်ဟို့မျက်လုံးများက အေးစက်စက် လက်သွားသော်လည်း သူက ဘာမှမပြောပေ။ တာအိုကောင်းကင်နှင့်အခြားသူများသည် သူ့အနောက်တွင် နေရာယူထားကြ၏။ သူတို့အနေဖြင့် ဝန်ခံချင်သည်ဖြစ်စေ၊ ဝန်မခံချင်သည်ဖြစ်စေ ... မန်ဟိုက သူတို့၏ခေါင်းဆောင်ဖြစ်လာခဲ့လေပြီ။
တစ်ချိန်တည်းမှာပင် လေဟုန်ခွင်းကမ္ဘာအနှစ်သာရအလင်းတန်းမှ ဖော်ဆောင်ထားသော တွင်းနက်ကြီးသည် ကြီးမားလာ၏။ သို့သော် လေဟုန်ခွင်းလောကတစ်ခုလုံးကို စုပ်ယူနိုင်လောက်အောင်တော့ မကြီးမားသေးပေ။
ဧကရာဇ်က တဟားဟား အော်ရယ်သည်။ ရယ်သံကြီးသည် စိတ်ပိုင်းဖြတ်ထားမှု၊ ရူးမိုက်မှုတို့ဖြင့် ပြည့်နှက်လျက် ချောက်ချားဖွယ် ကောင်းပြီး တစ်ဆက်တည်းမှာပင် သူ၏စွဲလမ်းမှုသည် နက်ရှိုင်းလာခဲ့၏။
“ငါ့ဘဝရဲ့ တာဝန်က လေဟုန်ခွင်းလောကကို တောင်ပင်လယ်လောကရဲ့လက်ကနေ လွတ်လပ်သွားအောင် ဦးဆောင်ပေးဖို့ပဲ။ လေဟုန်ခွင်းလောကရဲ့ လာမယ့်မျိုးဆက်သစ်အားလုံးအတွက် လွတ်လပ်ရေးကို ငါပေးမယ် ...
“အဲဒီရည်မှန်းချက်အတွက် ငါ အရာအားလုံးကို စတေးခဲ့ပြီးပြီ။ အဲဒီရည်မှန်းချက်ကြောင့်ပဲ ဘယ်အရာကိုမဆို စွန့်လွှတ်နိုင်တယ်။ ငါရဲ့တာဝန်၊ ငါ့ရဲ့ အိပ်မက် ဖြစ်နေလို့ .....
“ကောင်းကင်ဘုံ ၃၃ ခုရဲ့ အင်မော်တယ်တွေ၊ နတ်ဆိုးတွေ ၊ မင်းတို့ ငါ့ကို မယုံလို့ရတယ်။ လေဟုန်ခွင်းလောကရဲ သွေးတွေ၊ ဝိညာဉ်တွေကို မယုံလို့ရတယ်။ အင်မော်တယ်တွေကို မယုံလို့ရတယ်။ လူတိုင်းကို မင်းတို့ မယုံလို့ရတယ်။ ဒါပေမဲ့ မင်းကို .... ယုံကို ယုံရမယ့် အရာတစ်ခုရှိတယ်” ဧကရာဇ်၏စကားသံသည် ခါးသီးနေသောရယ်သံကြီးဖြင့် ရောနေ၏။ သူက ရုတ်တရက် လျှာကို ကိုက်၍ ပေါက်ကွဲသွားစေသည်။ တစ်ဆက်တည်းမှာပင် သူ့တစ်ကိုယ်လုံးလည်း ပျက်စီးသွားသည်။
ကျန်ခဲ့သည့် တစ်ခုတည်းသောအရာမှာတော့ ရွတ်ဖတ်နေသော သူ့ဝိညာဉ်သာ ........
“ကြီးမြတ်သော စတေးမှု ....
“ဝိညာဉ်ကျမ်းသစ္စာ........
“ငါ၏ဝိညာဉ်နှင့် ယခုမှစ၍ အင်မော်တယ်လောကကို ပုန်ကန်၏
“ငါ၏သွေးနှင့် ယခုမှစ၍ အင်မော်တယ်လောကမှ ထွက်ခွာ၏
“ငါ၏စိတ်နှင့် ယခုမှစ၍ အင်မော်တယ်လောကကို အာခံ၏
“ယခုမှစ၍ လေဟုန်ခွင်းလောက၏ လေ၊ နှင်း၊ ကောင်းကင်၊ မြေကြီး၊ တောင်တန်း၊ မြစ်ချောင်း၊ သစ်ပင်နှင့် သက်ရှိသတ္တဝါအားလုံး ... အင်မော်တယ်လောကမှ ထွက်ခွာသည်” ဧကရာဇ် ဤစကားလုံးများကို ရွတ်နေစဉ် လေဟုန်ခွင်းလောကသည် စတင်တုန်ခါလာ၏။ မြစ်တွေ မည်းနက်ကုန်သည်၊ တောင်တွေ မည်းနက်ကုန်သည်၊ မြေတွေ မည်းနက်ကုန်သည်။
လေတွေ အော်ဟစ်ပြီး နှင်းတွေ ဟိန်းဟောက်ကုန်ကြသည်။ မြေတွေ တဒုန်းဒုန်းမြည်၍ တောင်တွေ တဝုန်းဝုန်း ဟစ်ကြွေးကုန်ကြသည်။ သက်ရှိသတ္တဝါများနှင့် ပေါင်းမြက်သစ်ပင်တို့ပင် ကျယ်လောင်စွာ မြည်တမ်းနေကြလေသည်။
လေဟုန်ခွင်းလော၏ ပြည်ထောင်ကိုးခုရှိ ကျင့်ကြံသူအားလုံး ဒူးထောက်ရှိခိုး၍ ခေါင်းများကို ပြန့်မော့ကာ ဧကရာဇ်၏စကားလုံးများအတိုင်း လိုက်ကြွေးကြော်ကြသည်။
“ယခုမှစ၍ .... ငါတို့ အင်မော်တယ်လောကမှ ထွက်ခွာသည်”
လေတွေ မည်းနက်ကုန်သည်၊ နှင်းတွေ မည်းနက်ကုန်သည်၊ မြေတွေ မည်းနက်ကုန်သည်၊ သစ်ပင်တွေ ခြောက်ကပ်ကုန်သည်၊ တစ်ချိန်တည်းမှာပင် ကျင့်ကြံသူအားလုံး၏ နဖူးများထက်၌ အနက်ရောင်အမှတ်တစ်ခုစီ ပေါ်လာကြ၏။
ယင်းကား ... သစ္စာဖောက်သူပုန်တစ်ယောက်၏ အမှတ်အသားပင်။
သက်ရှိသတ္တဝါအားလုံးသည် သူတို့ဝိညာဉ်များ၏ အလိုဆန္ဒများကို ရေရွတ်နေကြ၏။ သေမျိုးများပင်လျှင် ပါဝင်ကြသည်။ သူတို့ ဒူးထောက်နေစဉ် သွေးစွမ်းအားမှ အားဖြည့်ပေးထားသော သူတို့၏အသံများ ဟိန်းလာကြလေသည်။ “ယခုမှစ၍ ငါတို့ …. အင်မော်တယ်လောကမှ ထွက်ခွာသည်”
အနက်ရောင်အမှတ်အသားများ သက်ရှိအားလုံး၏နဖူးထက်၌ ပေါ်လာကြသည်။ မြို့များ မည်းကန်ကုန်သလို၊ လေဟုန်ခွင်းရှိ အရာဝတ္ထုတိုင်း ထိုနည်းတူပင်။ အရာအားလုံး ... မည်းနက်သွားလေပြီ။
အနက်ရောင်ကောင်းကင်၊ အနက်ရောင်မြေပြင်များ၊ အနက်ရောင်လေ၊ အနက်ရောင်နှင်း၊ အရာရာတိုင်း မည်းနက်ပိတ်ပိန်းလျက် ....
လေဟုန်ခွင်းလောကကား ယခုတွင် အခြေခံအဆင့်တွင် ပြောင်းလဲသွားခဲ့လေပြီ။ သူတို့သည် သစ္စာဖောက်သူပုန်များဖြစ်လာကြ၍ လေဟုန်ခွင်းလောက၏ မဟာတာအို ၃၀၀၀ အပေါ် သက်ရောက်မှုရှိလာသည်။ ထိုတာအိုများ၊ သဘာဝနိယာမများနှင့် အနှစ်သာရအားလုံး သစ္စာဖောက်ကုန်ကြသည်၊ ပုန်ကန်ကုန်ကြသည်။
လေဟုန်ခွင်းလောက၏ စိတ်ဆန္ဒတစ်ခုလုံးကား သစ္စာဖောက်ပုန်ကန်နေပြီဖြစ်၏။
နောက်ဆုံး သက်ရောက်ခံလိုက်ရသည့်အရာမှာတော့ ကမ္ဘာအနှစ်သာရအလင်းတန်း။ ၎င်းလည်း ရုတ်ခြည်း မည်းနက်သွားသည်။
အနက်ရောင်အလင်းတန်းအား မြင်လိုက်သည်နှင့်တစ်ပြိုင်နက် မန်ဟို၊ တာအိုကောင်းကင်နှင့် တောင်ပင်လယ်လောကမှ ကျင့်ကြံသူများ ရင်တဒိန်းဒိန်းခုန်လာကြပြီး မှင်သက်သွားကြသည်။ သူတို့သည် သူတို့ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ပိတ်ပိန်းမည်းနက်နေသော အမှောင်ကမ္ဘာကြီးကို မြင်လိုက်ရ၏။
တဖြည်းဖြည်း လေဟုန်ခွင်းလောက၏အတွင်းပိုင်းထဲမှ ရှေးကျသောအသံတစ်သံ ပဲ့တင်ထပ်လာသည်။ အသံသည် လေ၊ မိုးကြိုး၊ နှင်း၊ ကောင်းကင်၊ မြေကြီး၊ သစ်ပင်နှင့် သက်ရှိအားလုံးမှ လာနေသယောင်ပင်။
“သူပုန်တာအို၏....
“သစ္စာဖောက်သုတ္တန် ....”
အဆိုပါအသံကား အမှန်တွင် လေဟုန်ခွင်းလောကတစ်ခုလုံး၏ စိတ်ဆန္ဒဖြစ်သည်။
အသံထွက်လာသည်နှင့် အနက်ရောင်အလင်းတန်းက ပိုက်ကွန်ကြီးကို ဖောက်ထွက်ကာ တွင်းနက်ကြီးကို ပိုမိုကြီးမားလာစေသည်။ ဤအခိုက်အတန့်တွင် ပိုက်ကွန်အနောက်ရှိ အရိပ်များမှာ ဖြစ်ပျက်နေသောအရာနှင့်ပတ်သက်၍ ဘာမှမတတ်နိုင်တော့ပေ။ သူတို့အမူအရာများ ရိပ်ခနဲ ဖြစ်သွားကြပြီး ငမ်းငမ်းတက်နေသော လောဘအရိပ်အယောင်များ သူတို့မျက်လုံးများထဲတွင် ပေါ်လာကြသည်။
“အဲ့ဒါ ...”
“သူပုန်တာအို၏ သစ္စာဖောက်သုတ္တန်ပဲ။ ကမ္ဘာအနှစ်သာရတစ်ခုကနေ ဖြစ်ပေါ်လာတာ .... အဲဒါ သူပုန်တာအို၏သစ္စာဖောက်သုတ္တန်”
အသံများ ဆူညံလာစဉ် ဧကရာဇ်က သူ၏ဝိညာဉ်မှတစ်ဆင့် စကားပြောလိုက်သည်။ သူ့အသံသည် အားနည်းနေသည့်အတိုင် စွဲလမ်းသံပေါက်နေဆဲပင်။
“ကောင်းကင်ဘုံ ၃၃ ခု ။ အခု ... ငါတို့ကို ယုံပြီလား”
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံတစ်သံက တွင်းနက်ကြီးထဲမှ ပြန်ဖြေလိုက်သည်။ “ငါတို့ လေဟုန်ခွင်းလောကကို ယုံကြည်ပြီ။ လေဟုန်ခွင်းလောကတစ်ခုလုံးရဲ့ စိတ်ဆန္ဒက သူပုန်တာအို၏ သစ္စာဖောက်သုတ္တန်ကို ဖော်ဆောင်ခဲ့တယ်။ ဒါကြောင့် အခု ငါတို့ ... ယုံပြီ”
တစ်ချိန်တည်းမှာပင် တွင်းနက်ကြီးသည် အရွယ်အစားလျင်မြန်စွာ ကြီးမားလာ၏။
မျက်စိတစ်မှိတ်အတွင်း ၎င်းကား လေဟုန်ခွင်းလောကတစ်ခုလုံးကို ဝါးမြိုနိုင်သည်အထိ ကြီးမားလာခဲ့လေပြီ။ ဤတွင်းနက်ကြီးသည် တစ်လမ်းသွားနေရာရွှေ့ပြောင်းခြင်းမုခ်ဝမျိုး ဖြစ်၍ လေဟုန်ခွင်းလောကကို ကောင်းကင်ဘုံ ၃၃ ခုထဲသို့ ဝင်ရောက်စေနိုင်သော်လည်း ကောင်းကင်ဘုံ ၃၃ မှ အရိပ်ကြီးများအတွက်တော့ လေဟုန်ခွင်းလောက ရောက်လာမည်ကို စိတ်လှုပ်တရှား စောင့်စားနေရုံမှတစ်ပါး တခြားအရာမလုပ်နိုင်အောင် တားမြစ်ထား၏။
အသံကြီးက စကားဆက်ပြောလိုက်ပြီး မျှော်လင့်နေမှုနှင့် စိတ်လှုပ်ရှားနေမှုကြောင့် တုန်ရီနေလေသည်။
“လေဟုန်ခွင်းလောက လာတော့ ... မင်းတို့ရဲ့ သူပုန်တာအိုသစ္စာဖောက်သုတ္တန်ကို ယူလာပြီး ငါတို့ကို ဆက်သလော့
“လေဟုန်ခွင်းလောက ၃၄ ခုမြောက် ကောင်းကင်ဘုံဖြစ်လာအောင် လုပ်ပေးမယ်လို့ ကတိပေးတယ်။ ငါတို့အတူတူ အင်မော်တယ်လောကကို ထာဝရဖိနှိပ်ထားကြစို့။ အစစ်အမှန်တာအိုရဲ့ကောင်းချီးပေးမှုတွေကို ခံစားကြစို့”
တစ်ဆက်တည်းမှာပင် လေဟုန်ခွင်းလောကသည် တွင်းနက်ကြီးနှင့် နီးသထက်နီးသွားခဲ့လေပြီ။
မန်ဟိုမှာ တုန်ရီနေပြီး အသက်မနည်းရှူနေရသည်။ အနက်ရောင်အလင်းတန်းကို ကြည့်နေစဉ် သူ့မျက်လုံးများသည် စူးရှတောက်ပနေ၏။ ဘာတွေဖြစ်နေသလဲ ရေရေရာရာ မသိသော်လည်း လေဟုန်ခွင်းလောကတစ်ခုလုံး၏ ပုန်ကန်မှုက အဖိုးထိုက်ကမ္ဘာအနှစ်သာရကို ပြောင်းလဲသွားစေခဲ့ပြီး ‘သူပုန်တာအို၏သစ္စာဖောက်သုတ္တန်’ ဖြစ်လာစေခဲ့သည်။ ရလဒ်အနေဖြင့် .... သူ့ခန္ဓာကိုယ်ထဲရှိ သွေးအားလုံး ဆူပွက်လာခဲ့လေပြီ။
သူသည် နိဗ္ဗာနသစ်သီးကို စုပ်ယူခဲ့ပြီးနောက် ဖန်မျိုးနွယ်စု၏ ပထမမျိုးဆက်ခေါင်းဆောင်ကြီး ပြောခဲ့သောအရာကို ကောက်ကာငင်ကာ တွေးမိလိုက်၏။ ခေါင်းဆောင်ကြီးက ဖန်မျိုးနွယ်သွေးဆက်နှင့်ပတ်သက်သော လျှို့ဝှက်ချက်တစ်ခုကို ပြောပြခဲ့လေသည်။
ရောက်ရှိနေသောအခြေအနေအရ သူ့အနေဖြင့် စဉ်းစားနေရန် အချိန်မရပေ။ သို့သော် သူ့သွေးများ လောင်ကျွမ်းနေသလို ခံစားနေရခြင်းက မန်ဟို့ကို ဖန်သွေးဆက်၏လျှို့ဝှက်ချက်တစ်ခုကို သတိရစေခဲ့သည်။ ဘာကြောင့်မှန်းမသိသော်လည်း ယခုကြုံတွေ့နေရသော ခံစားချက်က သူ့ကို ရူးလောက်အောင် ဆာလောင်မွတ်သိပ်လာစေသည်။
သူပုန်တာအို၏သစ္စာဖောက်သုတ္တန်ကို .... ဆာလောင်မွတ်သိပ်နေမှု။
၎င်းကား မန်ဟို့အတွက် အလွန်အရေးကြီးပြီး .... ဖန်တစ်မျိုးနွယ်လုံးနှင့်ပင် သက်ဆိုင်နေသည့်အလားပင်။
ထိုမျှသာက သူ့သိုလှောင်အိတ်ထဲရှိ တတိယနိဗ္ဗာနသစ်သီးသည် ပြင်းပြင်းထန်ထန် တုန်ခါနေပြီး ထိုသုတ္တန်ကိုသာ သူ ရလိုက်ပါက ... နိဗ္ဗာနသစ်သီးကို အပြည့်အဝ စုပ်ယူနိုင်မည်ဟု ခံစားနေရသည်။
ထိုအခိုက်အတန့်တွင် ... သူသည် လောကပါလအင်မော်တယ်အဆင့်မှ ကျော်လွန်၍ ... လောကပါလတာအိုအင်မော်တယ်တစ်ဦး ဖြစ်လာလိမ့်မည်။
ထိုမျှသာမက ဖန်မျိုးနွယ်သွေး၏ အနက်ရှိုင်းဆုံးထဲတွင် တံခါးကြီးတစ်ချပ်အတွက် သော့ကို မြှုပ်နှံခံထားရသည်။ ထိုတံခါးပွင့်လာသည်နှင့် .... ဖန်မျိုးနွယ်စု၏ အနာဂတ်သည် ခံ့ညားတင့်တယ်တောက်ပလာလိမ့်မည်။
("မင်းနဲ့ငါက ရေစက်ပါတယ်။ သွေးချင်းလည်း နီးတယ်။ ရှေးဟောင်းနယ်ပယ်က တာအိုသစ်သီးနဲ့ စတင်ပေမယ့် နိဗ္ဗာနသစ်သီးတွေနဲ့ စတင်ရင် မင်းအနေနဲ့ တစ်ခါမှ မကြားဖူးတဲ့ အရာတစ်ခုကို လုပ်ဆောင်နိုင်သွားပြီး တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းကို ကိုင်လှုပ်နိုင်လိမ့်မယ်" - ပထမမျိုးဆက်ခေါင်းဆောင်ကြီးမှ မန်ဟို့ကို ပြောခြင်း အပိုင်း ၁၀၀၅)