မင်းက ငါ့သားကို သတ်ခဲ့တာ သေပေတော့
Vol. 83 Ch. 1148
မန်ဟို၏မျက်လုံးများ နီရဲတွတ်သွားသည်။ သူပုန်တာအို၏သစ္စာဖောက်သုတ္တန်ကား သူ့ကို ဖော်ပြ၍ပင် မရလောက်အောင် ပြင်းထန်သော ဆာလောင်မွတ်သိပ်မှုဖြင့် ပြည့်နှက်သွားစေသော်လည်း သူ့အနေဖြင့် ၎င်းကို ဘယ်နည်းနှင့်မှ မရနိုင်ပေ။
သူသာ မဟုတ်။ တာအိုကောင်းကင်နှင့် အက်ရှလွန်တိုင်း တောင်ပင်လယ်လောကမှ လူအားလုံး ထိုနည်းတူ မလှုပ်နိုင်တော့ပေ။ လေဟုန်ခွင်းလောကသည် ယခုတွင် ယခင်နှင့်မတူတော့၍ သူတို့အားလုံးသည် လှုပ်ရှားနိုင်စွမ်းကင်းမဲ့နေစေသည့် အံ့မခန်းဖွယ်နှင်ထုတ်ခြင်းစွမ်းအားတစ်ရပ်ကို ခံစားနေရကြ၏။
မန်ဟိုက ဟိန်းဟောက်လိုက်သည်။ သူ့မှာ ရှေ့သို့ သွား၍ အနက်ရောင်အလင်းတန်းနှင့် သူပုန်တာအို၏သစ္စာဖောက်သုတ္တန်ကို ဆုပ်ကိုင်ချင်ပါသော်လည်း ကံဆိုးစွာဖြင့် မလုပ်နိုင်ပေ။
သူ လုပ်နိုင်သမျှမှာ အာကာသအပြင်ရှိ ဧရာမပိုက်ကွန်ကြီးနှင့် လေဟုန်ခွင်းလောက တဖြည်းဖြည်း ၀င်ရောက်သွားနေသည့် လျင်မြန်စွာ ကျယ်ပြန့်လာနေသော တွင်းနက်ကြီးကို ကြည့်နေရုံသာဖြစ်သည်။
သူ့မှာ ဖြစ်ပျက်နေသောအရာကို တားနိုင်စွမ်းလည်းမရှိသလို ၊ သုတ္တန်ကို ရယူနိုင်စွမ်းလည်း ကင်းမဲ့နေသည်။ လေဟုန်ခွင်းလောက၏အပြင်တွင်မူ ပါရာဂွန်ပင်လယ်အိပ်မက်သည် တုန်ရီနေ၏။ သူမသည် လေဟုန်ခွင်းအင်ပါယာသခင်နှင့် တိုက်ခိုက်နေခြင်းမရှိတော့ပေ။ အင်ပါယာသခင်က ဒဏ်ရာအမျိုးမျိုးမှ သွေးများ စီးကျနေလျက် လေဟုန်ခွင်းလောကဆီသို့ လှည့်ပြန်သွားခဲ့ပြီဖြစ်သည်။ ထို့နောက် သူသည် ၎င်း၏အောက်သို့ ပျံသန်းရင်း အပေါ်သို့ တွန်းတင်ပေးနေ၏။
တဝုန်းဝုန်း မြည်သံများ ကြားနေရပြီး လေဟုန်ခွင်းလောကမှာ ယခုတွင် တွင်းနက်ကြီး၏ စုပ်ယူခြင်းခံရပေတော့မည်။
ပါရာဂွန်ပင်လယ်အိပ်မက်က သက်ပြင်းချပြီးနောက် လက်ချောင်းတစ်ချောင်းအား လေကိုခွင်း၍ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အဖြူရောင်အလင်းတန်းတစ်တန်းက လေဟုန်ခွင်းလောကဆီ ပျံထွက်သွား၏။ ၎င်းက လေဟုန်ခွင်းလောက၏ အမှောင်ထုကို ထိုးခွင်း၍ စုတ်ဖြဲရင်း မန်ဟိုနှင့် တောင်ပင်လယ်လောကမှ ကျင့်ကြံသူအားလုံးအပေါ် ကျရောက်လာလေသည်။ ထို့နောက် ၎င်းသည် စစ်ပွဲထဲတွင် မပါ၀င်ခဲ့သော ကျင့်ကြ့သူများကို ရှာဖွေရန် ပြည်ထောင်ကိုးခုတစ်ခွင်တွင် ပျံ့နှံ့သွား၏။
ထိုအလင်းတန်းများထဲမှ တစ်တန်းက ပြည်ထောင်ကိုးအတွင်းတစ်နေရာတွင် နဖူးပြင်ထက်မှ ချွေးများစီးကျနေလျက် မျက်နှာဖြူဖတ်ဖြူရော်နှင့် ထိုင်နေသော မိန်းကလေးတစ်ယောက်ထံသို့ ထွက်သွားသည်။ သူမသည် ကျင့်ကြံအဆင့် တက်ခါနီးနေသော်လည်း လေဟုန်ခွင်းလောကမှ နှင်ထုတ်အား၏ နှောင့်ယှက်ခြင်းခံနေရပုံရသည်။ ရလဒ်အနေဖြင့် သူမမှာ လှုပ်မရတော့ပေ။ ထိုမိန်းကလေးကား ချူယွီယန်မှတစ်ပါး အခြားမဟုတ်။
ချူယွီယန်သည် မူလက မန်ဟိုနှင့်အတူ ပြည်ထောင်ကိုးက နိုင်ငံ့အရှိန်အပေါ်တောင်ပေါ်တွင် ရှိခဲ့၏။ သို့သော် သူ၏ သိုလှောင်အိတ်ထဲမှ လွှတ်ပေးခံရပြီးနောက် သူမက တောင်ပေါ်တွင် နေရန် မရွေးချယ်ခဲ့ပေ။ မန်ဟို လောကစည်းတံဆိပ်ကို စတင်ဆင်ခြင်သုံးသပ်သည်နှင့်တစ်ပြိုင်နက် သူမက တိတ်တိတ်ဆိတ်ဆိတ် ထွက်လာခဲ့လေသည်။
သူမတွင် မာနရှိသည်။ အကာအကွယ်လိုအပ်နေသည့် အားနွဲ့နွဲ့လူတစ်ယောက်လို မန်ဟို့အနားကပ်နေမည်မဟုတ်ပေ။ ထို့ကြောင့် ထွက်ခွာလာခဲ့သည်။ နောက်ဆုံးတော့ သူမသည် ပြည်ထောင်ကိုး၏ တောင်တန်းများထဲ၌ ချောင်တစ်ချောင်ကို ရှာတွေ့ခဲ့ပြီး စိတ်ဝိညာဉ်နယ်ပယ်မှ အင်မော်တယ်နယ်ပယ်အဆင့်သို့ တက်ရန် တိတ်ဆိတ်စွာ တရားထိုင်နေခဲ့လေသည်။
ယခုတွင် ပါရာဂွန်ပင်လယ်အိပ်မက်ထံမှ အဖြူရောင်အလင်းက ထိုးဆင်းလာပြီး သူမကို လွှမ်းခြုံလိုက်သည်။
ရုတ်တရက် ပါရာဂွန်ပင်လယ်အိပ်မက်၏ အသံက သူတို့နားထဲတွင် ပဲ့တင်ထပ်လာ၏။ "မင်းတို့အားလုံး ငါပြောတာ နားထောင်ကြ။ မင်းတို့ရဲ့ နတ်မီးလျှံစမ်းသပ်ပွဲက ပြီးဆုံးသွားခဲ့ပြီ။ လေဟုန်ခွင်းလောက လေ့လာရေးခရီးလည်း အဆုံးသတ်ခဲ့ပြီ။ အခု ဖြစ်ပျက်နေတဲ့အရာကို ဘယ်အရာမှ ပြောင်းလဲလို့မရဘူး။ လူတစ်ယောက်က အင်မော်တယ်လောကကနေ ထွက်ခွာဖို့ သူပုန်တာအိုရဲ့ သစ္စာဖောက်သုတ္တန်ကို သုံးခဲ့ပြီ။ အတိတ်တုန်းက အဆင့်နိမ့်လောက ၃၀၀၀ လည်း အခုလိုပဲ လုပ်ခဲ့တာ
"အဲ့ဒီတော့ ဒါက အဆုံးသတ်ပဲထင်ပါရဲ့ …." အဆုံးနားတွင် ပါရာဂွန်ပင်လယ်အိပ်မက်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီး အလွန်စိတ်ပျက်အားလျော့သွားပုံရသည်။ သူမက ဖမ်းဆုပ်လိုက်သည့် လှုပ်ရှားမှုလုပ်လိုက်ရာ သူမအလင်းတန်း၏ ထိတွေ့ခြင်း ခံလိုက်ရသော လူတိုင်း မြောက်တက်လာကြသည်။ သူမကား လေဟုန်ခွင်းလောက ကောင်းကင်ဘုံ ၃၃ ခုထဲ ၀င်ရောက်မသွားခင် လူတိုင်းကို ဆွဲထုတ်၍ တောင်ပင်လယ်လောကဆီသို့ ပြန်ပို့ပေးရန် ပြင်နေသည့်အလားပင်။
ဖန်းတုံးအာနှင့် အခြားသူများက ပထမဆုံး လေပေါ်မြောက်တက်သွားကြသူများဖြစ်ပြီး လင်းချုံ၊ ဟန်းချင်းလဲ့နှင့် တာအိုကောင်းကင်တို့က နောက်မှ လိုက်ပါလာသည်။
ထို့နောက် မန်ဟို။ သူသည် လေပေါ်သို့ ဖြည်းဖြည်းချင်း မြောက်တက်လာပြီး လေဟုန်ခွင်းလောကမှ အားလုံးနှင့်အတူ ဆွဲထုတ်ခံရတော့ပေတော့မည်။ သို့သော် သူ့အကြည့်က တွင်းနက်ကြီးထဲသို့ အပြည့်အ၀ ၀င်ရောက်တော့မည့် အနက်ရောင်အလင်းတန်းဆီမှ မခွာပေ။ ထိုအခိုက်အတန့်တွင် သူ့ကိုယ်ထဲရှိ ဆာလောင်မွတ်သိပ်မှုသည် အလွန်တရာမှ ငမ်းငမ်းတက်လာ၏။
“လေဟုန်ခွင်းလောကခရီးက ... ပြီးပြီလား။ ငါ့သွေးတွေ ပွက်နေပြီ။ သူပုန်တာအိုသစ္စာဖောက်သုတ္တန်က ငါ့ကို တတိယနိဗ္ဗာနသစ်သီးနဲ့ ပေါင်းစည်းနိုင်အောင် ကူညီပေးနိုင်တယ်။ အဲဒီအခွင့်အရေးကလည်း ငါ့အရှေ့တည့်တည့်မှာ။ တကယ်ပဲ ... ငါနဲ့ ရေစက်မပါတာလား” မန်ဟိုမှာ ၎င်းကို လက်မခံနိုင်သည့်တိုင် တခြား ရွေးချယ်စရာမရှိပေ။ လေဟုန်ခွင်းလောက၏ နှင်ထုတ်အားက အလွန်ပြင်းထန်လှသည့်အပြင် အလင်းတန်းကလည်း ထိုစွမ်းအား၏အရင်းအမြစ် ဖြစ်သည်။ ၎င်းသည် သူ့ကို အနားပင် မကပ်နိုင်အောင် တွန်းထုတ်နေ၏။
ထိုမျှသာမက ပါရာဂွန်ပင်လယ်အိပ်မက်က သူ့ကို အသည်းအသန် ပြန်ဆွဲနေရာ အနက်ရောင်အလင်းတန်းနှင့် ဝေးသထက် ဝေးသွားစေသည်။
သူက မျက်လုံးများ နီရဲနေလျက် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံကို ထုတ်လွှတ်လိုက်ရင်း ဟိန်းဟောက်လိုက်သည်။ မိုးပြာရောင်အလင်းများ ဖြာထွက်လာကာ သူ့ဒဏ်ရာများမှ သွေးများ ပန်းထွက်လာ၏။ ဒဏ်ရာအပေါ် ဒဏ်ရာဆင့်၍ သူ့ကို ထပ်မသွားနိုင်အောင် တားလိုက်သဖြင့် အရိုးကျိုးသံကဲ့သို့အသံများ ထွက်လာသည်။
ရှေ့ဆက်တိုးဖို့က ခက်ခဲလွန်း၍ သူ့မှာ သူပုန်တာအိုသစ္စာဖောက်သုတ္တန်အနား ခြေတစ်လှမ်းပင် မကပ်နိုင်ပေ။
ဤအခိုက်အတန့်တွင် ရုတ်တရက် တာအိုကောင်းကင်က ဟိန်းဟောက်လိုက်သည်။ “မန်ဟို ... ငါ မင်းကို ကူညီပေးပါရစေ”
သူလည်း ပါရာဂွန်ပင်လယ်အိပ်မက်၏ ဆွဲခေါ်ခြင်းခံနေရသော်လည်း မန်ဟို့မျက်နှာထားကို မြင်သည့်အခါ လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်၍ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်လိုက်သည်။ သူသည် အသက်စွမ်းအားတချို့ကိုပင် လောင်ကျွမ်း၍ လက်ချောင်းကို မန်ဟို့ထံ ဝှေ့ယမ်းလိုက်ရာ တွန်းအားတစ်ရပ်အား သူ့ကို ဝင်တိုက်သွားစေသည်။ မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ ချက်ချင်းပင် သူသည် မီတာဒါဇင်အနည်းငယ်မျှ ရှေ့ရောက်သွား၍ သူပုန်တာအိုသစ္စာဖောက်သုတ္တန်နှင့် နီးသွား၏။
“မန်ဟို ငါလည်း မင်းကို ကူပေးမယ်” လင်းချုံက အော်ပြောသည်။
“ငါရောပဲ” ဟန်ချင်းလဲ့လည်း အော်သည်။
“အစ်ကိုမန်ဟို ငါလည်း မင်းကို ကူညီပေးပါရစေ” ယွီဝမ်ကျန်းက လှမ်းအော်သည်။
လင်းချုံသည် ခေါင်းလှန်နောက်၍ ဟိန်းဟောက်ရင်း လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းကာ သူ၏ကျင့်ကြံခြင်းအခြေခံအား တောက်လောင်လာစေသည်။ မြေအောက်ကမ္ဘာပေါ်လာပြီး တွန်းအားတစ်ရပ်အသွင်ပြောင်း၍ မန်ဟို့ကို ဝင်တိုက်လိုက်၏။ ဟန်ချင်းလဲ့လည်း အစိမ်းရောင်မိုးကြိုးကို ဆင့်ခေါ်ရင်း ဒဏ်ရာအပြင်းအထန်ရလိုက်၍ သွေးအန်လိုက်ရသည်။ မိုးကြိုးသည် အသက်နုတ်မိုးကြိုးမဟုတ်ဘဲ တွန်းအားများဖြင့် ပြည့်နှက်နေ၏။
ယွီဝမ်ကျန်းက ဟိန်းဟောက်လိုက်ရာ ခန္ဓာကိုယ်ကြီးမားလာပြီး နတ်ဘုရားစွမ်းအားအပြည့်ဖြင့် မန်ဟိုရှိရာသို့ လက်သီးဆယ်ချက်ပစ်လွှတ်လိုက်သည်။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားသော်လည်း မန်ဟို့အတွက်ဆိုလျှင် လုပ်ပေးချင်စိတ် ရှိလေသည်။
အက်ရှလွန်သုံးဦး၏ပူးပေါင်းအားများက မန်ဟို့အပေါ် ကျရောက်သွားသည့် တွန်းအားတစ်ရပ် ဖြစ်လာသည်။ သူသည် ဝုန်းခနဲ သူပုန်တာအိုသစ္စာဖောက်သုတ္တန်ထံသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။ သို့သော် ... မီတာသုံးဆယ်သာ ကွာဝေးတော့သည့်အချိန်တွင် သူ့မှာ ဖြည်းဖြည်းချင်း ရပ်လိုက်ရပြီး ဆက်မသွားနိုင်တော့ပေ။ ထပ်မံ၍ ပါရာဂွန်ပင်လယ်အိပ်မက်၏ စုဆုံအလင်းတန်းက သူ့ကို ပြန်ဆွဲခေါ်စပြုလာသည်။
“ငါ ဒါကို လက်မခံနိုင်ဘူး” သူက ဟစ်ကြွေးလိုက်သည်။ သွေးများက သူ၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စီးကျလာသည့်တိုင် သူဘာမှမတတ်နိုင်ပေ။
ဤအခိုက်အတန့်တွင် ချူယွီယန်သည် ပါရာဂွန်ပင်လယ်အိပ်မက်၏ အလင်းထဲတွင် မြောက်တက်လာရင်း ပြည်ထောင်ကိုး၏အပေါ်တွင် ပေါ်လာ၏။ သူမက မန်ဟို့ကို မြင်လိုက်ပြီး သူ၏ဟစ်ကြွေးသံကို ကြားလိုက်ရလေသည်။
သူမနှလုံးသားလေးမှာ တုန်ရီသွားပြီး သူမမှာ ပင့်သက်ရှိုက်လိုက်ရသည်။ ထို့နောက် သူမသည် လျှာထိပ်ကို ကိုက်၍ သွေးတစ်ချို့ ထွေးလိုက်၏။ မန်ဟို့ကို လေးလေးနက်နက် ကြည့်ရင်း ချူယွီယန်သည် လက်ကို ဝှေ့ယမ်းကာ သိုလှောင်အိတ်ထဲမှ ကြက်သွေးရောင်ဆေးလုံးတစ်လုံးအား ပျံထွက်လာစေသည်။ သူမက တွန့်ဆုတ်မနေဘဲ ၎င်းကို ပါးစပ်ထဲ ထည့်လိုက်သည်။
ချက်ချင်းပင် သူမကိုယ်လုံးလေးမှာ တုန်ရီလာပြီး ချွေးတို့ဖြင့် စိုရွှဲသွားသည်။ သူမကျင့်ကြံခြင်းအခြေခံစွမ်းအားများ မြင့်တက်လာပြီး သူမကား ဘာကိုမှ မချုပ်တည်းထားတော့ပေ။ သွေးများသည် သူမပတ်ပတ်လည်တွင် လွင့်စင်သွားရင်း မြူတိမ်တစ်ခုကို ဖန်တီးလိုက်နေ၏။ သူမကား တခဏလေးပင် တုံ့ဆိုင်းမနေဘဲ အင်မော်တယ်အဆင့်မှ ချိုးဖျက်၍ အင်မော်တယ်တံခါးအား ဆင့်ခေါ်ပေတော့မည်။
ဤသည်မှာ သူမ ခေါင်းထဲတွင် ပေါ်လာသည့် တစ်ခုတည်းသောအတွေး၊ မန်ဟို့ကို ကူညီပေးဖို့ ကြိုးစားနေသည့် သူမ၏နည်းလမ်းဖြစ်သည်။ ဤနေရာ၊ ဤအချိန်တွင် အင်မော်တယ်နယ်ပယ်သို့ တက်ဖို့ ကြိုးစားခြင်းက မသေချာမှုပေါင်းများစွာဖြင့် ပြည့်နှက်နေသည်သာမက အသက်အန္တရာယ်လည်း ရှိသည့်တိုင် ... ချူယွီယန်ကား ထိုအရာတစ်ခုကိုမှ တွေးမနေပေ။
သူမကျင့်ကြံခြင်းအခြေခံသည် အင်မော်တယ်နယ်ပယ်နှင့် လျင်မြန်စွာ နီးကပ်လာ၏။ သူမမှာ အင်မော်တယ်တံခါးကို မြန်မြန်ဆန်ဆန် ဆင့်ခေါ်ချင်နေသည်။ အဘယ်ကြောင့်ဆိုသော် .... တံခါး၏ရောက်ရှိလာမှုက အကန့်အသတ်မဲ့စွမ်းအားကို ခေါ်ဆောင်လာ၍ပင်။ ထိုစွမ်းအားက လေဟုန်ခွင်းလောက၏နှင်ထုတ်အားကို ပြောင်းလဲပေးကောင်း ပြောင်းလဲပေးနိုင်လိမ့်မည်။
သေတော့ မသေချာ။ သို့သော် ၎င်းက မန်ဟို့ကို ကူညီပေးနိုင်မည့် အခွင့်အရေးသေးသေးလေးကို ဆုပ်ကိုင်ထားသရွေ့ ချူယွီယန်သည် တွန့်ဆုတ်နေမည်မဟုတ်ပေ။ သွေးများ သူမပါးစပ်မှ ပန်းထွက်သွားပြီး သူမတစ်ကိုယ်လုံး တဝုန်းဝုန်း မြည်နေသည်။ သူမမှာ ပေါက်ကွဲတော့မည့်အလား ခံစားနေရ၏။
သူမမျက်နှာလေးမှာ သွေးဆုပ်ဖြူလျော်နေပြီး ချီစီးဆင်းမှုလမ်းကြောင်းများ ပြတ်တောက်ကုန်သော်လည်း ဆက်လက်ကြိုးစားနေဆဲသာဖြစ်သည်။ ကမ္ဘာကိုယ်တိုင်က သူမအဆင့်တက်ခြင်းကို ပို၍ပင် ခက်ခဲအောင် လုပ်နေသဖြင့် ကြောက်ခမန်းလိလိဖိအားက သူမအပေါ် သက်ရောက်နေသည်။
သို့ပင်ငြား သူမကား လက်မလျှော့။ မန်ဟို့ဘေးမှ ဖြတ်၍ပျံသန်းသွားခဲ့ပြီးဖြစ်ပြီး သူကလည်း သူမကို လှည့်ပင် မကြည့်ခဲ့စေကာမူ သူမသည် ဆက်လက်ကြိုးစားနေမြဲသာ။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ...
သူမ လေဟုန်ခွင်းလောကမှ ထွက်သွားတော့မည့်အချိန် သူမကိုယ်ထဲမှ သွေးများစွာ စိမ့်ထွက်လာသည်။ မိုးနှင့်မြေသည် တုန်ခါသွားပြီး အာကာသထဲရှိ တွင်းနက်ကြီးပင်လျှင် တုန်ခါသွား၏။ လှိုင်းဂယက်များအား ပိုက်ကွန်ကြီးအပေါ်တွင်ပင် မြင်လာရသည်။
ဤအခိုက်အတန့်တွင် ... ဧရာမရှေးဟောင်းအင်မော်တယ်တံခါးကြီးသည် အာကာသအတွင်းမှ ကျဆင်းလာ၏။ ၎င်းက လေဟုန်ခွင်းလောကထံ ထိုးဆင်းရင်း တွင်းနက်ကြီးအား တည့်တည့်မတ်မတ် တိုက်ချလိုက်သည်။
တိမ်တိုက်မြူစိုင်များ အရပ်လေးမျက်နှာတွင် လိမ့်ထွက်သွားလေသည်။ ရှေးဟောင်းအင်မော်တယ်တံခါးကြီးသည် ၎င်း၏ကိုယ်ပိုင်စိတ်ဆန္ဒနှင့် တောင်ပင်လယ်လောက၏စွမ်းအားတို့ ပြည့်နှက်နေသော ဖိအားကြီးကို ထုတ်လွှတ်လိုက်၏။ ၎င်း ကျဆင်းလာသည်နှင့်အမျှ လေဟုန်ခွင်းလောက၏အပေါ်တက်နှုန်းမှာ နှေးကွေးစပြုလာသည်။
တစ်ဆက်တည်းမှာ လေဟုန်ခွင်းလောကမှ နှင်ထုတ်အားသည် တောင်ပင်လယ်လောကမှ ဖိအားကို ကြောက်လန့်နေသကဲ့သို့ တုန်ရီလာ၏။
ပိုက်ကွန်ကြီးနှင့် တွင်းနက်ကြီး၏အနောက်၌ စုဝေးနေသော အရိပ်များက ဒေါသတကြီး အော်ဟစ်နေကြသည်။ သူပုန်တာအိုသစ္စာဖောက်သုတ္တန် သူတို့အရှေ့၌ ပေါ်လာသည့်အချိန်မှာပင် ရုတ်တရက် မထင်မှတ်ထားသည့်အရာတစ်ခု ဖြစ်သွားခဲ့လေပြီ။
“မလုပ်နဲ့”
“သေစမ်း”
“တစ်ယောက်ယောက် အခုအချိန်ကျမှ အဆင့်တက်ပြီး အင်မော်တယ်တံခါးကို ဆင့်ခေါ်နေတာ ယုံတောင်မယုံနိုင်ဘူး”
တချို့မှာ မအောင့်အည်းနိုင်တော့ဘဲ အင်မော်တယ်တံခါးနှင့်ပတ်သက်၍ တစ်ခုခုလုပ်ရန် နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်၍ တွင်းနက်ကြီးထဲ ဝင်သွားကြသည်။ အင်မော်တယ်တံခါးမှာ ပုံပျက်ရှုံ့တွသွားသည်။
နှင်ထုတ်အားက တုန်ရီ၍ အလုပ်လုပ်ခြင်း ရပ်တန့်သွားရာ မန်ဟို့အား အခွင့်အရေးရသွားစေသည်။ သူသည် သွေးအရိပ်ကြီးကဲ့သို့ ရုတ်တရက် ရှေ့တက်ရင်း နောက်ဆုံးမီတာသုံးဆယ်ကို ဖြတ်သန်းလိုက်၏။ သူ သူပုန်တာအိုသစ္စာဖောက်သုတ္တန်ဖြစ်သည့် အလင်းဆီ ရောက်သောအခါ သူ၏သွေးလွှတ်ကြောများမှာ သောင်းကျန်းဆူပွက်လာတော့သည်။
အပြုံးလေးတစ်စက ချူယွီယန်၏မျက်နှာလေးပေါ်တွင် ဖြစ်ထွန်းလာသည်။ ယခုတွင် သူမမှာ အားနည်းနေပြီး အင်မော်တယ်တံခါးမှာ တည်ရှိနေပြီဖြစ်သော်လည်း သူမတွင် ဖွင့်ရန် အားအင်မရှိတော့ပေ။ သို့သော် နောင်တမရ။
“တွေ့လား မန်ဟို။ ငါ နင့်ကို ကူညီပေးနိုင်ပါတယ်” သူမက ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
ခမ်းနားကြီးကျယ်သော အင်မော်တယ်တံခါးမှာ ပေါ်လာသည့်အချိန်မှာပင် ချက်ချင်း ဝေဝါးလာသည်။ ချူယွီယန်၏ လက်ရှိအခြေအနေကြောင့်၊ သူပုန်တာအိုသစ္စာဖောက်သုတ္တန်ကြောင့်နှင့် တွင်းနက်ထဲရှိ အရိပ်များ၏လုပ်ဆောင်မှုများကြောင့် ဖြစ်တန်ရာသည်၊ အင်မော်တယ်တံခါးမှာ မျက်စိတစ်မှိတ်အတွင်း ပျော်ကွယ်သွားတော့သည်။
ထိုသို့ဖြစ်သွားသည့်အခိုက်အတန့်တွင် လေဟုန်ခွင်းလောက၏ နှင်ထုတ်အားသည် တစ်ဖန်အားပြင်းလာ၏။ ထိုအခိုက်၌ မန်ဟို့လက်ကား သူပုန်တာအိုသစ္စာဖောက်သုတ္တန်၏အလင်းရောင်ထံမှ လက်မအနည်းငယ်သာ ကွာဝေးတော့သည်။
ထိခါနီးနေပြီ....
သို့သော် မိုးနှင့်မြေပမာ ဝေးကွာနေသည့်အလားပင်။
မန်ဟိုမှာ ရှေ့ဆက်မသွားနိုင်တော့ပေ။ နှင်ထုတ်အားကြောင့် တဖြည်းဖြည်း နောက်ပြန်ဆွဲခံနေရလေပြီ။ ဤရွေ့ဤမျှသာဆိုလျှင် အကြောင်းမဟုတ်။ သို့သော် ဤအခိုက်အတန့်တွင် ဧရာမလက်ကြီးတစ်ဖက်သည် တွင်းနက်ထဲမှ ဘွားခနဲ ထွက်လာ၏။ ၎င်းက အကြေးခွံများဖုံး၍ ခွန်အားကြီးမားကာ ရှေးကျနေသည်။ ၎င်းသည် ချက်ချင်း မန်ဟို့ထံ လှမ်းလိုက်ရာ တဂျိန်းဂျိန်းမြည်သံများ ပဲ့တင်ထပ်သွားစေ၏။
ထိုလက်ကြီးကား ခေါင်းသုံးလုံးလက်ခြောက်ဖက်အရိပ်ကြီး၏လက်မှတစ်ပါး အခြားမဟုတ်ပေ။ သူ့မှာ တစ်ကိုယ်လုံး ဆင်းမလာရဲသော်လည်း မန်ဟို့ကို မသတ်ဘဲ မနေနိုင်တော့၍ လက်ကို ဆန့်ထုတ်လိုက်ခြင်းဖြစ်သည်။
“မင်းက ငါ့သားကို သတ်ခဲ့တာ သေပေတော့” သူ့အသံက သတ်ဖြတ်လိုသောအငွေ့အသက်များဖြင့် ပြည့်နှက်လျက် ပဲ့တင်ထပ်လာသည်။ အရာအားလုံးတုန်ခါနေပြီး လေဟုန်ခွင်းလောကမှာ ပြင်းထန်သောတုန်ခါလှိုင်းများဖြင့် ပြည့်နှက်နေတော့၏။