← Chapters

ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နေဖန်ဆင်းရှင်

Vol. 39 Ch. 529

ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နေဖန်ဆင်းရှင်

Vol. 39 Ch. 529

ကောင်းကင်နတ်ဆိုးစစ်သူကြီး၏ ကိုယ်နှစ်ခြမ်းက ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြီး အသက်မထွက်သေးဘဲ အကြောဆွဲနေသည်။ သူသည် ခေါင်းလေးလုံးပင် ပေါက်နေသော ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်၏။ ချင်မူက လကျောက်စိမ်းမျက်လုံးဖြင့် သူ့ကို နှစ်ခြမ်းပိုင်းခဲ့‌သော်လည်း အင်အားကြီးမားသည့် အသက်စွမ်းအားကြောင့် ချက်ချင်း မသေသေးပေ။

သူ၏ခေါင်းလေးလုံးက ချင်မူ့အား ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်နေသော်လည်း တဖြည်းဖြည်း စွမ်းအင်ကုန်ခမ်းကာ သေဆုံးသွားသည်။

ပတ်ဝန်းကျင်ရှိ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ‌ကောင်းကင်နတ်သိုင်းပညာရှင်များမှာ အကြီးအကျယ် အံ့အားသင့်နေကြပြီး သွေးချောင်းစီးနေသော စစ်မြေပြင်ထက်တွင် သင်္ချာထိုင်တွက်နေသည့် ကောင်လေးကို ကြောင်ကြောင်ငေးငေး ကြည့်နေမိသည်။

ကောင်းကင်နတ်ဆိုးစစ်သူကြီးသည် ကောင်းကင်နတ်အသွင်အဆင့်တွင် အင်အားကြီးမားသော သိုင်းပညာရှင်တစ်ယောက် ဖြစ်သည့်အပြင် ကောင်းကင်နတ်ဆိုးမျိုးနွယ်တွင် ထင်ရှားကျော်ကြားသည့် လူငယ်သိုင်းပညာရှင်တစ်ယောက် ဖြစ်၏။ သူ့အစွမ်းအစများက မယုံနိုင်လောက်အောင် နက်နဲသိမ်မွေ့သောကြောင့် သိုင်းကွက်တစ်ကွက် ထုတ်ဖော်လိုက်သည်နှင့် ယဇ်ပလ္လင်ပေါ်ရှိ လူပေါင်းရာချီ သေဆုံးခဲ့ရလိမ့်မည်။ သို့တိုင်အောင် သတ်ဖြတ်ခံလိုက်ရလေသည်။

“ဒါ ဘယ်သူလဲ” ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်က ခပ်တိုးတိုး မေးလိုက်၏။

သူ့‌ဘေးရှိ တစ်ယောက်က ပြန်ဖြေသည်။ “သူက မိစ္ဆာနတ်ဘုရား ဖုရွေ့လော်ရဲ့ တပည့်ပဲ.... ‌ကောင်းကင်နတ်အသွင်အဆင့် မိစ္ဆာနတ်ဆိုးပညာရှင်တွေကြားမှာ အဆင့် ၇ ချိတ်တယ်။ အစစ်အမှန်မိစ္ဆာတစ်ကောင် ဖြစ်လာမယ့် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်လို့တောင် လူသိများတယ်... ဖုရွေ့လော် သဘောအကျဆုံး တပည့်ပဲ...”

“မဟုတ်ဘူး ... သူ့ကို ပြောနေတာ မဟုတ်ဘူး”

“ငါလည်း မသိဘူး....”

...

ကျစ်ဆံမြီးနှင့်ကောင်မလေးက ပြုံးရယ်လျက် ချင်မူ့ကို ဆွဲထူသည်။ “နင် အခု သတ်လိုက်တာ ဖုယွီရှောင် လို့ ခေါ်တယ်... သူက ကောင်းကင်နတ်အသွင်အဆင့် မိစ္ဆာနတ်ဆိုးတွေကြားမှာ သိပ်အဆင့်မြင့်တယ်... နင် လုပ်လိုက်တာက ကောင်းမှုအကြီးကြီးပဲဟ”

ချင်မူ အလောင်းကို တအံ့တဩ လှမ်းကြည့်လိုက်မိသည်။ “သူ့အဆင့်က မြင့်တယ်ဟုတ်လား... ဒီလောက်သန်မာအားကောင်းနေတာ အံ့ဩစရာမရှိဘူးပဲ.... ငါသာ တန်ခိုးရှင်သစ်ခုတ်သမားဆီက သိုင်းကွက်ကို မသင်ယူနိုင်ခဲ့ရင် သူ့ဆီက တိုက်ကွက်လေးတစ်ကွက်တောင် ခံနိုင်ခဲ့လောက်မှာ မဟုတ်ဘူး”

သူက ပြန်ထိုင်ပြီး သင်္ချာဆက်တွက်နေသည်။

ကျစ်ဆံမြီးနှင့်မိန်းကလေးက ကျောက်စိမ်းမျက်လုံးကို ကြည့်ကာ စပ်စုသည်။ “နင် သူ့ကို ဘယ်လိုသတ်ခဲ့တာလဲ... ဒီမျက်လုံးက....”

“ဒီမျက်လုံးကို ချုံဧကရာဇ်ခေတ်တုန်းက နတ်ဘုရားတွေ သွန်းလုပ်ခဲ့တဲ့ မျက်လုံး.... သူတို့က လ‌ပေါ်မှာ ဝင်္ကပါတည်ဆောက်ပြီး လစွမ်းအားကို သုံးထားတာ” ချင်မူက တွက်ချက်ရာတွင် ပြန်အာရုံစိုက်လိုက်သည်။ “ဖုယွီရှောင်ရဲ့ ‌ခေါင်းလေးလုံးက ခန္ဓာကိုယ်ကို ထိန်းချုပ်ပေးတယ်... အဲ့ဒါကြောင့် အသိစိတ်အလျဉ် ထွေပြားနေတာမျိုး ဖြစ်သင့်ပေမယ့် အန္တရာယ်နဲ့ တွေ့တဲ့အခါ သူ့ခေါင်းလေးလုံးက ခန္ဓာကိုယ်ကို သပ်သပ်စီ မထိန်းချုပ်တော့ဘူး

“အန္တရာယ်နဲ့ တွေ့တဲ့အခါ သူ့တုံ့ပြန်မှုက  ကြွက်သားကနေ မှတ်ထားတဲ့ အလိုအလျောက် တုံ့ပြန်မှု ဖြစ်လာတယ်.... ဒါ့ကြောင့် ငါ့အနေနဲ့ သူ့ကြွက်သားတွေ ဘယ်လိုရွေ့သွားမလဲ... သူ့ကောင်းကင်နတ်သိုင်းတွေနဲ့ သိုင်းကွက်တွေ ဘယ်လိုဖြစ်သွားလဲ တွက်လိုက်ဖို့ပဲ လိုတာ... အဲဒါကို သိလိုက်တာနဲ့ ငါ ဒီကျောက်စိမ်းမျက်လုံးကို အသက်သွင်းလိုက်တယ်... သူ အလိုအလျောက် တုံ့ပြန်တဲ့အနေနဲ့ ခုန်လိုက်တဲ့အချိန်မှာ အလင်းတန်းနဲ့ တိုက်မိပြီး သူ့ကိုယ်သူ သတ်လိုက်မိသွားရောပေါ့”

ကျစ်ဆံမြီးနှင့်မိန်းကလေးမှာ မျက်လုံးအပြူးသားဖြင့် သူ့ကို ကြည့်ကာ အံ့အားသင့်နေသည်။ ဖုယွီရှောင်က သူ့ကိုယ်သူ သတ်လိုက်မိခြင်းလော.....

တွက်ချက်မှုများကို ထိုကဲ့သို့ အသုံးပြုနိုင်သည်လား.... သူ မည်သို့ တွက်သွားသနည်း....

“ဒီမှာ သင်္ချာစွမ်းရည်မြင့်တဲ့ သိုင်းသမားတွေ ရှိလား” ချင်မူက ထောင်ကျယ်အိတ်ကို ဖွင့်၍ တွက်ချက်ရေးကိရိယာများကို ပြန်သိမ်းလိုက်ရင်း မျက်မှောင်ကြုတ်ကာ ပြော၏။ “ကမ္ဘာတံတားကို တည်ဆောက်ဖို့ အများကြီး တွက်ချက်ရလိမ့်မယ်.... ငါ တစ်ယောက်တည်းသာဆို နှစ်ဝက်လောက် အချိန်ယူပြီး ယဇ်ပူဇော်ခြင်းစွမ်းအင်အကူးအပြောင်းအတွက် ညီမျှခြင်းကို တွက်နေရမှာ.. ညီမျှခြင်းရမှ ကမ္ဘာနှစ်ခုကြား ဆယ်သွယ်ပေးမယ့် တံတားအတွက် ဟင်းလင်းပြင်သင်္ချာကို တွက်ထုတ်နိုင်လိမ့်မယ်”

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။

တခဏကြာသော် ကျစ်ဆံမြီးနှင့်မိန်းကလေးက တိုးညှင်းသောအသံဖြင့် မေးလိုက်သည်။ “နင် အခုပြောလိုက်တာက ဘာလဲ.... ညီမျှခြင်းဟုတ်လား”

“ညီမျှခြင်း.. သင်္ချာညီမျှခြင်းဆိုတာ ကိန်းရှင်ကို ရှာဖို့ သုံးတဲ့ဟာပဲ.... ကိန်းရှင်ဆိုတာကတော့.... မင်းတို့တွေ ကိန်းရှင်ကို မသိဘူးလား.... သင်္ချာသဘောတရားအရ ကိန်းရှင်က မသိကိန်းပဲ.... မသိနိုင်တဲ့ ပမာဏပေါ့”

ချင်မူက ခေါင်းမော့၍ ထိုက်ဧကရာဇ်၏ ကောင်းကင်နတ်သိုင်းပညာရှင်များကို ကြည့်လိုက်သည်။ ဤလူများမှာ ကောင်းကင်ဘုံမှ ပြုတ်ကျလာသော စာအုပ်တစ်အုပ်အား နားထောင်နေရသကဲ့သို့ သူ့အား ကြည့်နေကြ၏။

ချင်မူ ခံစားချက်မကောင်းတော့ပေ။ “မင်းတို့တွေမှာ သင်္ချာကျမ်းဆယ်ကျမ်း မရှိဘူးလား... အခြေခံအကျဆုံး သင်္ချာအရေးအသားကိုးခုရော... တစ်ခါမှ မသင်ဖူးဘူးလား... ထိုက်ရွှမ်သင်္ချာကျမ်းရော သိလား.... ရွှမ်းနွီသင်္ချာကျမ်းရော.... အနည်းဆုံးတော့ နက္ခတ္တသင်္ချာညီမျှခြင်းကို‌တော့ သိမှာပါ ဟုတ်တယ်မလား... နက္ခတ္တသင်္ချာညီမျှခြင်းက မိုးလေဝသအခြေအနေကို တွက်ထုတ်ပေးတဲ့ ညီမျှခြင်းပဲလေ”

ပတ်ဝန်းကျင်ရှိ လူများမှာ ငေးငေးကြောင်ကြောင်အမူအရာများဖြင့် ခေါင်းယမ်းလိုက်ကြ၏။

ကျစ်ဆံမြီးနှင့် မိန်းကလေးက ပြောသည်။ “အတွက်အချက်သိတော့ရော ဘာအသုံးဝင်မှာမလို့လဲ”

ကျန်ရှိသူများလည်း ခေါင်းညိတ်ပြီး ပြုံးလျက် ပြောလာကြသည်။ “ငါတို့က စစ်မြေပြင်မှာ အမြဲတိုက်ခိုက်နေကြရတာ... ဒါကို ဘယ်လိုလုပ်အချိန်ပေးပြီး သင်နိုင်မှာလဲ... ငါတို့ အစွမ်းအစတွေကို မြှင့်ပေးနိုင်မယ့် အမြန်ဆုံးနည်းလမ်းက အဆက်မပြတ် လေ့ကျင့်ပြီး ကောင်းကင်နတ်သိုင်းတွေ တတ်မြောက်အောင် လုပ်ဖို့ပဲလေ”

ချင်မူ သူတို့ကို ဒေါသများဖြင့် ကြည့်လိုက်မိသည်။ “မင်းတို့တွေ မိုးလေဝသအခြေအနေကို မတွက်ဘူးလား.... အနည်းဆုံးတော့ ကောင်းကင်မှာ တွက်ချက်စရာ ကြယ်နက္ခတ်တွေ ရှိတယ်မဟုတ်ဘူးလား”

အားလုံး၏အမူအရာများက ထူးဆန်းသွား၍ ချင်မူ စိတ်ရှုပ်ထွေးသွားမိသည်။ ရုတ်တရက် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်က ပြောလိုက်၏။ “ကောင်းကင်မှာ ကြယ်နက္ခတ်တွေမှ မရှိတာ ... ငါတို့ ဘာကို တွက်ချက်ရမှာလဲ”

ချင်မူ မှင်သက်သွားပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်မိသည်။

ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်မှ မည်းနက်နေပြီး ကြယ်တစ်စင်းမှ မရှိ‌‌ပေ။ နေတစ်စင်း၏ အခြမ်းနှစ်ခြမ်းကိုသာ မြင်ရ၏။

ထိုအခြမ်းနှစ်ခြမ်းအပေါ်တွင် တကွဲတပြား ဖြစ်နေသော စက်သွားကိရိယာကြီးများကို ချင်မူ မြင်လိုက်ရသည်။ နေနှစ်ခြမ်းမှာ သွန်းလုပ်တည်ဆောက်ခံထားရခြင်းဖြစ်၏။ သဘာဝအလျောက် ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။

နေနှစ်ခြမ်းက လုံးဝန်းခြင်းပင် မရှိနေ၍ ချင်မူမှာ ရယ်ရခက် ၊ ငိုရခက် ဖြစ်သွားမိသည်။

ချင်မူ ‌ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာခဲ့တုန်းက ညအချိန်ဖြစ်၍ နေမရှိခဲ့ပေ။ ဤတစ်ခေါက်မှ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နေလုံးကြီးမှာ နှစ်ခြမ်းကွဲနေပြီး အခြမ်းများမှာလည်း လုံးဝန်းခြင်းပင် မရှိသည်ကို တွေ့ရခြင်းဖြစ်သည်။ အခြမ်းတစ်ခြမ်းသည် လေးထောင့် ကုဗတုံးအသွင် ဖြစ်ပြီး တစ်ခြမ်းက ဘဲဥပုံစံ ရှိသည်။ နှစ်ခြမ်းလုံး၏ မျက်နှာပြင်များက ချိုင့်သည့်နေရာ ချိုင့်၍ ခွက်သည့်နေရာ ခွက်နေသည်။

ချင်မူမှာ ကောင်းကင်ယံသို့သာ ပျံတက်ပြီး နေနှစ်ခြမ်းကို သွားဖျက်စီးပစ်ချင်လာတော့၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နက္ခတ်တာရာများက အတုဖြစ်သော်လည်း ၎င်းတို့ကို တည်ဆောက်ခဲ့သော နတ်ဘုရားများက အလေးအနက် ဖန်တီးထားခဲ့၏။ နေဖြစ်စေ၊ လဖြစ်စေ၊ လုံးဝန်းနေပြီး အချိုင့်အခွက်လုံးဝ မရှိပေ။

ကြယ်များ၊ ကြယ်အစုများနှင့် နဂါးငွေ့တန်းများသည်လည်း လွန်စွာအသက်ဝင်နေသည့်အတွက် တာအိုဂိုဏ်း၏ တာအိုရသေ့များမှာ နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် အလှည့်စားခံခဲ့ရ၏။ တာအိုသခင်လင်းရွှမ်ဆိုလျှင် လျှို့ဝှက်ချက်ကို သိလိုက်သည်နှင့် တာအိုနှလုံးသားပါ ပြိုလဲသွားခဲ့သည်။

သို့သော် ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ ပို၍ပင်အခြေအနေ ဆိုးနေသည်။ သူတို့၏နေနှစ်ခြမ်းမှာ ကရော်ကမယ် တည်ဆောက်ခံထားရ၏။

ချင်မူ မှင်သက်စွာဖြင့် ခေါင်းယမ်းလိုက်မိသည်။ ဤမြင်ကွင်းက နေသင်္ဘောကို ပထမဆုံးမြင်ခဲ့ရသည့်အချိန်တုန်းက အံ့အားသင့်ခဲ့ရသည်ထက်ပင် ပိုမိုအံ့အားသင့်စေ၏။ မှန်ပါသည်၊ နေသင်္ဘောတုန်းက ပြောင်မြောက်လှသော လက်ရာကို တအံ့တဩ ရင်သပ်ရှုမောခဲ့ရသော်လည်း .... ဤခံစားချက်မှာတော့ ကရော်ကမယ်လက်ရာကြောင့် ကြက်သေသေသွားခြင်းပင် ဖြစ်သည်။

“ကြယ်တစ်စင်းမှ မရှိဘူး... မင်းတို့တွေ နက္ခတ္တသင်္ချာညီမျှခြင်းကို ဘယ်လိုသိပါ့မလဲ...”

ချင်မူ‌က ခေါင်းညိတ်ရင်း နဂါးချီလင်ကို ပြေးသတိရလိုက်သည်။ ‘ဒီကမ္ဘာရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေက သင်္ချာစွမ်းရည် မမြင့်ကြဘူး... ဖက်တီးနဂါးကိုသာ ခေါ်လာခဲ့ရင် တော်တော်လေး အဆင်ပြေသွားမှာပဲ...’

ဤကမ္ဘာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ကျူးကျော်ဝင်ရောက်လာမှုကြောင့် နေ့စဉ်ရက်ဆက် တိုက်ခိုက်ကြရ၏။ အသက်ဆက်ရှင်လိုလျှင် ‌အစွမ်းအစများကို အဆက်မပြတ် မြှင့်တင်နေရန် လိုအပ်သည်။ ထို့အတွက် ကောင်းကင်နတ်သိုင်းများကို လေ့ကျင့်ပြီး ခန္ဓာကိုယ် သန်မာအောင် လုပ်ရသည်။ ကောင်းမွန်သော ဝိညာဉ်လက်နက်များကို သွန်းလုပ်ရ၏။

သူတို့အတွက် သင်္ချာက သိပ်အရေးမပါသည်သာမက အဓိပ္ပါယ်မရှိသောအရာပင် ဖြစ်နေလိမ့်မည်။ သင်္ချာက သူတို့အစွမ်းအစများကို မမြှင့်တင်ပေးနိုင်သည့်အတွက် မျိုးရိုးစဉ်ဆက် ပစ်ထားခဲ့ရာမှ သူတို့၏သင်္ချာစွမ်းရည်က ဆိုးရွားသထက် ဆိုးရွားလာ‌တော့သည်။

ထိုက်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များစွာ ယဇ်ပလ္လင်ပေါ်သို့ ရောက်လာကြပြီး‌ အောက်ငုံ့ကြည့်နေကြသည်။ သူတို့က လေးမြှားများ ထုတ်၍ ‌အောက်သို့ ပစ်လွှတ်ကြ၏။ မြှားအလင်းတန်းများက စစ်မြေပြင်တစ်လျှောက် ထိုးခွင်းရင်း မိစ္ဆာနတ်ဆိုးများစွာ သတ်ဖြတ်သွားသည်။

တချို့‌ကောင်းကင်နတ်သိုင်းပညာရှင်များက ဓားစက်လုံးများနှင့် ဓားမစက်လုံးများ ပင့်မြှောက်ကာ အဝေးမှ ရန်သူများအား တိုက်ခိုက်နေကြသည်။

ချင်မူမှာ တစ်စုံတစ်ခုကို တွေးမိလိုက်၍ ကမန်းကတန်း မေးလိုက်သည်။ “မင်းတို့တွေ ဒီယဇ်ပလ္လင်ကို ဘယ်လိုတည်ဆောက်ခဲ့တာလဲ”

ကျစ်ဆံမြီးနှင့်မိန်းကလေးက လေးအတတ်တွင်လည်း ကျွမ်းကျင်ပြီး ရန်သူများကို ပစ်ခတ်နေသည်။ “ယဇ်ပလ္လင်က ဟိုးကတည်းက ရှိနေခဲ့တာ... အဖေ ပြောတာတော့ ထိုက်ဧကရာဇ်‌ကောင်းကင်ဘုံ ဆက်မတောင့်ခံနိုင်တော့ရင် နတ်ဘုရားတစ်ပါးကို ဆင့်‌ခေါ်ပြီး အကူအညီတောင်းခံနိုင်အောင် ရှိနေတာတဲ့...

“အခု ထိုက်ဧကရာဇ်ကောင်းကင်ဘုံက ပျက်စီးတော့မှာဆိုတော့ မင်ယီမြို့ရဲ့ နတ်ဘုရားတွေက ပလ္လင်ကို စစ်မြေပြင်ရဲ့ အလယ်မှာ မြုပ်ထားခဲ့တယ်... တိုက်ခိုက်နေတဲ့ လူတွေ သေသွားတဲ့အခါ ဆင့်ခေါ်ဖို့ လိုအပ်တဲ့ အသွေးအသားတွေကို စတေးပြီးသား ဖြစ်သွားတာပေါ့....”

သူမမျက်နှာ ညှိုးငယ်သွားသည်။ ယဇ်ပူဇော်ခံလိုက်ရသူများမှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်၏။

“ယဇ်ပလ္လင်ကို လွန်ခဲ့တဲ့နှစ်နှစ်သောင်းတုန်းက ချန်ထားခဲ့တာပဲ ဖြစ်မယ်” ချင်မူမှာ အဝေးတွင် တိုက်ခိုက်နေသော တန်ခိုးရှင်သစ်ခုတ်သမားဆီသို့ လှမ်းကြည့်မိလိုက်သည်။ ထိုနေရာရှိ တိုက်ပွဲမှာ ပို၍ပင် ပြင်းထန်ပြီး တန်ခိုးရှင်သစ်ခုတ်သမားက ရန်သူ၏တပ်စခန်းကို ချေမှုန်းနေသည်။

“တန်ခိုးရှင်သစ်ခုတ်သမားက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ တောင့်မခံနိုင်တဲ့ အချိန်ကျရင် သူ့ကို ဆင့်ခေါ်နိုင်အောင် ယဇ်ပလ္လင်ကို ချန်ထားခဲ့တာပဲ... ဒါဆို သူ့ရည်ရွယ်ချက်က ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် အချိန်ဆွဲပေးဖို့ ဖြစ်လိမ့်မယ်...”

ချင်မူ လကျောက်စိမ်းမျက်လုံးကို ကောက်ပြီး ချိန်လိုက်သည်။ အလင်းတန်းများက ကောင်းကင်နတ်ဆိုးမျိုးနွယ် မိစ္ဆာနတ်ဆိုးများကို သတ်ဖြတ်လိုက်၏။

လကျောက်စိမ်းမျက်လုံးက လေးမြားတို့ထက် ပိုမိုဝေးကွာသော နေရာသို့ ရောက်နိုင်သလို၊ စွမ်းအားကလည်း ပိုမိုပြင်းထန်သည်။ သို့ဖြစ်၍ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ အဆင့်မြင့်သိုင်းပညာရှင်များအား အလွယ်တကူ သတ်နိုင်၏။ ချင်မူက စစ်သူကြီးများကို ပစ်မှတ်ထားသည်။ သူတို့ သေသွားသည်နှင့် မိစ္ဆာနတ်ဆိုးများမှာ ခေါင်းဆောင်ကင်းမဲ့သွား၍ ဆက်လက်ချီတက်ရန် ခက်ခဲလာသည်။

သို့တိုင်အောင် ယဇ်ပလ္လင်ဆီသို့ ပြုံတက်လာကြသော ကောင်းကင်နတ်ဆိုးများလည်း များသထက် များလာသည်။ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ အဝေးရှိ မိစ္ဆာနတ်ဆိုးများကို ပစ်ချိန်မရတော့ဘဲ ပလ္လင်အောက်ရှိ မိစ္ဆာနတ်ဆိုးများကိုသာ တရစပ် ပစ်ချနေရတော့သည်။

ယဇ်ပလ္လင်အောက်တွင် အလောင်းများ တောင်လိုပုံနေသော်လည်း မိစ္ဆာနတ်ဆိုးများက အနက်ရောင်ပုရွက်ဆိတ်များသဖွယ် ဝိုင်းအုံနေဆဲ ရှိသေးသည်။ သူတို့အားလုံး ယဇ်ပလ္လင်ထက်သို့‌ ရောက်လာပေတော့မည်။

ချင်မူက လကျောက်စိမ်းမျက်လုံးကို သိမ်း၍ ဓားစက်လုံးထုတ်ကာ ယဇ်ပလ္လင်အား ကာရံလိုက်သည်။ ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် မိစ္ဆာနတ်ဆိုးများကား ယဇ်ပလ္လင်ထက်၌ အပြင်းအထန် တိုက်ခိုက်နေကြ၏။

ကောင်းကင်နတ်ဆိုးအုပ်သည် အလွန်ရဲရင့်၏။ သေရမည်ကို မကြောက်ဘဲ ကမူးရှူးထိုး တိုးဝင်လာတတ်၍ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များ၏ ထူးချွန်သောအစွမ်းအစများကြောင့်သာ မဟုတ်လျှင် သူတို့၏တိုက်ကွက်များအား ခုခံရန် ခက်လိမ့်မည်။

ချင်မူနှင့် မိန်းကလေးဘေးရှိ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်ပြီးတစ်ယောက် လဲကျသေဆုံးကုန်ကြသည်။ ချင်မူနှင့် မိန်းကလေးပင် အခြေအနေမကောင်းပေ။ ရန်သူ၏တိုက်ကွက်များအောက်၌ တစ်ချက်တစ်ချက် သေရတော့မလို ဖြစ်နေသည်။

ယဇ်ပလ္လင်ထက်တွင် သူတို့လူများ တစထက်တစ နည်းပါးသွားပြီး နောက်ဆုံးတွင် အယောက်နှစ်ဆယ်၊ သုံးဆယ်သာ ကျန်တော့သည်။ ရုတ်တရက် ကမ္ဘာမြေတုန်ဟည်းသွားစေသော အော်ဟစ်သံကြီးက အဝေးမှ ထွက်လာပြီး ယဇ်ပလ္လင်ကို ဝိုင်းအုံနေသည့် ကောင်းကင်နတ်ဆိုးများ လျင်မြန်စွာ ပြန်ဆုတ်သွားကြ၏။

ယဇ်ပလ္လင်ပေါ်ရှိ လူများမှာ ပခုံး‌ပေါ်ရှိ ဝန်ထုပ်များ ပြုတ်ကျသွားသကဲ့သို့ အသက်ရှူချောင်သွားကြသည်။ သူတို့အားလုံး အသက်ပြင်းပြင်းရှူကာ သွေးအလိမ်းလိမ်းဖြင့် ကြမ်းပြင်ပေါ် လဲချလိုက်ကြ၏။

သူတို့အနောက်မှ စစ်ခရာသံများ ၊ ဗုံသံများ မြည်ဟည်းလာသည်။ မင်ယီမြို့ထဲမှ စစ်တပ်ကြီးတစ်တပ် ထွက်လာပြီး ဆုတ်ခွာသွားသော နတ်ဆိုးစစ်တပ်နောက် လိုက်သွားကြသည်။

ကျစ်ဆံမြီးနှင့်မိန်းကလေးက ထပြီး နတ်ဆိုးစစ်တပ်နောက် လိုက်သတ်ချင်သော်လည်း ခြေထောက်များ ပျော့ခွေနေ၍ ပြန်ထိုင်ချလိုက်ရသည်။

ချင်မူက အဝေးသို့ တရှိန်ထိုး ပြေးတက်သွားသော မင်ယီစစ်တပ်ကြီးကို ကြည့်ရင်း တစ်စုံတစ်ခုကို သတိရလိုက်၏။ “ငါတို့နှစ်ယောက်အတူ သေရေးရှင်ရေးတွေကို နှစ်ကြိမ်တောင် ကျော်ဖြတ်ပြီးပြီနော်.. ဒါမဲ့ ငါ နင့်နာမည်ကို မသိသေးဘူး... ငါ့နာမည်က ချင်မူပါ .. နင့်နာမည်ကရော”

ကျစ်ဆံမြီးနှင့်မိန်းကလေးက သွေးအိုင်ထဲတွင် လှဲရင်း ကောင်းကင်ထက်ရှိ နေတစ်ခြမ်းအား ကြည့်နေသည်။ သူမက အသက်မှန်မှန်ရှူကာ ပြောလိုက်၏။ “ငါ့နာမည်က စန်းဟွာ... အဲဒီနေ့က ငါ နင့်ကို စကားတွေ အများကြီးပြောခဲ့ပေမယ့် နင်က တစ်ခွန်းမှ မကြားခဲ့ဘူး... နင် ငါ့ဘေးမှာ ရှိနေပေးခဲ့တာ ကံကောင်းတယ် ပြောရမယ်... နင့်ကြောင့်သာ ငါ တောင့်ခံနိုင်ခဲ့တာ... မဟုတ်လို့ကတော့ ဒီလောက် အသက်ရှည်နေမှာမဟုတ်ဘူး၊ ခန့်မှန်းကြည့်...” သူမက ပါးချိုင့်လေးနှစ်ခု ပေါ်လာသည်အထိ ပြုံးရင်း သူ့ကို လှည့်ကြည့်သည်။ “ခန့်မှန်းကြည့် ငါ နင့်ကို ဘာပြောခဲ့တယ်ထင်လဲ”

ချင်မူ ခေါင်းယမ်းလိုက်မိသည်။ “ငါတို့နှစ်ယောက်က ကမ္ဘာခြားနေတာလေ... ငါ ဘာကိုမှ မကြားခဲ့ရဘူး”

စန်းဟွာက ကောင်းကင်သို့ ကြည့်လိုက်သည်။ “ကြည့်... နေက တကယ်ကြီးတယ်နော်.... ငါတို့ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ နေမရှိဘူး... နတ်ဘုရားတစ်ပါးရဲ့ အကူအညီနဲ့ အဲဒီနှစ်ခြမ်းကို တည်ဆောက်ခဲ့တာ... ငါတို့အားလုံး သူ့ကို နေဖန်ဆင်းရှင်လို့ ခေါ်ခဲ့ကြတယ်... ဒါပေမဲ့ နေကို အပြီးမသတ်နိုင်ခင်မှာပဲ နေဖန်ဆင်းရှင်နတ်ဘုရားကို မိစ္ဆာနတ်ဘုရားတွေက သတ်ပစ်လိုက်တယ်လေ.... ဒီနေတွေက သိပ်ခမ်းနားတယ်မလား...”

“အေး ခမ်းနားပါတယ်...” ချင်မူမှာ သဘောမတူချင်သော်လည်း မကောင်းတတ်၍ အလိုက်သင့်ပြောပေးလိုက်သည်။ “ဆိုပါဦး အဲဒီနေ့ညက နင် ငါ့ကို ဘာတွေ ပြောခဲ့တာလဲ”

All Chapters