← Chapters

ကြွေရုပ်လွှာ အလှလေး ၊ သက်တံ့ရောင်ဓား

Vol. 39 Ch. 530

ကြွေရုပ်လွှာ အလှလေး ၊ သက်တံ့ရောင်ဓား

Vol. 39 Ch. 530

စန်းဟွာ ထပြီး ချင်မူ့ကို ကျောခိုင်းကာ ထိုင်လိုက်သည်။ အင်္ကျီကို ကြယ်သီးဖြုတ်ပြီး နှင်းကဲ့သို့ ဖြူဆွတ်နေသော လည်တိုင်လေးအောက်ရှိ ဒဏ်ရာများကို ကြည့်လိုက်၏။ ထို့နောက် ကျောက်စိမ်းပုလင်းတစ်လုံး ထုတ်၍ ဒဏ်ရာထဲမှ သွေးခဲများကို ညှစ်ထုတ်ပြီးလျှင် သူမဘာသာသူမ ‌ဆေးလိမ်းလိုက်သည်။

“အဲဒီညက နင့်ကို ပြောတာတွေ များလွန်းလို့ မမှတ်မိတော့ဘူး” စန်းဟွာ၏ နားရွက်နှစ်ဖက်လုံး အတန်ငယ် နီရဲနေသည်။

အမှန်တွင် ထိုညတုန်းက သူမ အသက်မရှင်နိုင်တော့ဟု ထင်ခဲ့ပြီး ချင်မူ့ကို ရူးကြောင်ကြောင်စကားများစွာ ပြောခဲ့မိသည်။ စကားတချို့က ကောင်လေးများကိုပင် ရှက်သွေးဖြာသွားစေနိုင်၏။ သို့သော်လည်း ချင်မူ မကြားနိုင်မှန်း သိ၍ ရဲရဲတင်းတင်း ပြောခဲ့ခြင်းဖြစ်သည်။

မထင်မှတ်ဖွယ်ကောင်းစွာနှင့် သူမ ထိုညကို ဖြတ်ကျော်နိုင်ခဲ့ပြီး ချင်မူ့ကို နောက်တစ်ကြိမ် ထပ်မတွေ့နိုင်တော့ကြောင်း တွေးမိသောအခါ ထိုညက ရူးရူးကြောင်ကြောင်စကားများမှာ သူမရင်ထဲတွင် ထူးဆန်းသောခံစားချက်တစ်ခု ဖြစ်ပေါ်လာစေ၏။ စိတ်ထဲ ရှိသမျှအရာအားလုံးကို ပြောပြမိခဲ့‌သော အမှောင်ထုထဲက ကောင်လေးကို ယခုလို ပြန်တွေ့ရမည်ဟုလည်း သူမ မထင်ထားခဲ့ပေ။

ချင်မူမှာတော့ နေနှစ်ခြမ်းကို မော့ကြည့်ရင်း ကောင်းကင်ယံသို့ ပျံတက်ကာ အမှုန့်ခြေပစ်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်နေသည်။ ထို့နောက် မိန်းကလေးကို ကြည့်လိုက်ပြီး ဆေးကူလိမ်းပေးရန် လက်လှမ်းလိုက်သည်။

စန်းဟွာက သူမရင်ဘတ်ကို ကပျာကယာ ကာလိုက်၏။ “ယောက်ျားလေးနဲ့ မိန်းကလေး မထိသင့်ဘူး...”

“ငါက ဆေးဆရာပါ... နင့်ကို ဆေးကူလိမ်းပေးချင်ရုံပါဟာ... ပြီးတော့ ငါက ငါ့လူနာတွေကို မိဘလို သဘောထားပြီး ပြုစုပေးတတ်တယ်... ညစ်ညမ်းတဲ့အတွေး မရှိပါဘူး”

ထိုအခါမှ စန်းဟွာမှာ သူက နာမည်ကြီးသော ဆေးဆရာဖြစ်ကြောင်း ပြောခဲ့သည်ကို သတိရလိုက်၍ စိတ်အေးလက်အေး ဖြစ်သွားသည်။ ဆေးလိမ်းပေးနေသော သူ့အား ကြည့်လိုက်သည့်အခါ သူ၏လက်ဟန်နည်းစနစ်များက အတော်လေး သွက်လက်ကျွမ်းကျင်နေသည်ကို သူမ သတိထားမိလိုက်၏။ သူမက မယုံသင်္ကာမေးလိုက်သည်။ “နင်က သင်္ချာစွမ်းရည်မြင့်တယ်မဟုတ်လား... ဘာလို့ ဆေးလည်း ကုတတ်နေတာလဲ”

ချင်မူက သူမရင်သားပေါ်ရှိ ဒဏ်ရာကို အသေးစိတ် ကြည့်နေသည်။ “ငါ ဆေးပညာကို ဆယ်နှစ်ကျော် လေ့လာခဲ့ပြီးပြီ။ သင်္ချာကို လေ့လာတာက သုံးနှစ်လောက်ပဲ ရှိသေးတယ်.... ဒီတော့ ငါက ဆေးပညာမှာ ပိုကျွမ်းကျင်တယ်လို့ ပြောလို့ရတယ်”

“နင် ဘယ်လောက်ကြာကြာ ကြည့်နေဦးမှာလဲ” စန်းဟွာက ‌စိတ်ဆိုးမာန်ဆိုး ပြောပြီး သူမကိုယ်သူမ ကာရန် လက်နှစ်ဖက်ကို မြှောက်လိုက်သည်။

ချင်မူက သူမကို အလျင်အမြန် တား၍ အင်္ကျီကို ပခုံးအောက်သို့ ဂရုတစိုက် ချွတ်ချလိုက်သည်။ သူက ပြောလိုက်သည်။ “ငါက လူနာတွေကို မိဘလို သဘောထားပြီး ကုပေးတာပါဟ..... နင့်အသားက တော်တော်လေး ဖြူတယ်နော်... နင့်ပခုံးသားကလည်း နူးနူးညံ့ညံ့လေး... ရပ်လိုက်”

သူ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ စန်းဟွာ၏ ဒဏ်ရာမှာ ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်တစ်ယောက်ကြောင့် ရခဲ့သော ဒဏ်ရာဖြစ်၍ ဒဏ်ရာထဲတွင် ကောင်းကင်နတ်သိုင်းနှင့် မိစ္ဆာနတ်ဆိုးချီစွမ်းအင် ကိန်းဝပ်နေပြီး အသွေးအသားနှင့် ချီစွမ်းအင်ကို လှိုက်စားနေ၏။

ဤဒဏ်ရာမျိုးအတွက် သွေးတိတ်အောင် လုပ်ရခက်သလို၊ မိစ္ဆာနတ်ဆိုးချီကိုလည်း ဖယ်ရှားရခက်သည်။ ဒဏ်ရာ‌ပေါ် လိမ်းထားသော ဆေးစွမ်းအင်မှာ တွန်းကန်ခံနေရာ မိစ္ဆာနတ်ဆိုးချီက ဆေးနှင့် ယဉ်ပါးနေပြီဖြစ်ကြောင်း ထင်ရှား၏။

ချင်မူက မည်းနက်သွားသော ဆေးရည်ကို ပြန်ညှစ်ထုတ်ပြီး တစ်ချက်ရှူကာ ခေါင်းယမ်းလိုက်သည်။

ဤလိမ်းဆေးများက အကျိုးအာနိသင် မရှိပေ။

“အား နာတယ်ဟ ... ဒီလိမ်းဆေးက အဆိပ်ထုတ်ပေးဖို့ သုံးတာ... လိမ်းလိုက်တာနဲ့ မိစ္ဆာနတ်ဆိုးချီကို စုပ်လိုက်တာမလို့ အရောင်ပြောင်းသွားတာပဲ” စန်းဟွာက နာကျင်စွာ ညည်းညူပြီး လိမ်းဆေးပုလင်းများ ထုတ်လိုက်သည်။ “ဒီလိုဒဏ်ရာမျိုးအတွက် ငါ ဆယ့်နှစ်ကြိမ်လောက် လိမ်းဖို့လိုတယ်... ဒါမှ အဆိပ်အကုန် ထွက်လာတာ.... ငါ့ကို ခိုးကြည့်မနေနဲ့တော့ ... ငါ့ဘာသာငါ လိမ်းတော့မယ်”

ချင်မူ ထောင်ကျယ်အိတ်ထဲမှ ဆေးပင်များထုတ်ကာ ဆေးတစ်ချို့ ဖော်လိုက်သည်။ “နတ်ဆိုးအဆိပ်က အဆိပ်မဟုတ်ဘူး။ နင်ကျင့်ကြံထားတဲ့ နတ်ဘုရားကျင့်စဉ်ရဲ့ ဓာတ်သတ္တိကို မိစ္ဆာလမ်းစဉ်ရဲ့ ဓာတ်သတ္တိနဲ့ တိုက်ပေးလိုက်တာ.... နင် အခု သုံးနေတဲ့ လိမ်းဆေးက အဆိပ်ထုတ်ပေးတဲ့ လိမ်းဆေးမဟုတ်ဘူး... ဆေးလုံးအဆင့် အရည်အသွေးမပြည့်မှီသေးလို့ ဆေးရည်ဖြစ်နေတဲ့ စွမ်းအင်ဆေးလုံးတစ်မျိုးပဲ.... လိမ်းဆေးက မိစ္ဆာနတ်ဆိုးချီနဲ့ ယဉ်နေပြီ... မိစ္ဆာနတ်ဆိုးချီကို ထုတ်မပေးနိုင်တော့ဘူး”

စကားပြောနေစဉ် သူ့လက်ဝါးထက်၌ ချီစွမ်းအင်ဖြင့် ဖွဲ့တည်ထားသော ဆေးမီးဖိုတစ်လုံး ပေါ်လာပြီး ဆေးလုံးများ ဖော်စပ်ပြီးသွား၏။ သူက မီးနှင့်ရေဓာတ်သတ္တိကို ရောပြီး ဆေးဖော်စပ်နည်းစနစ်များဖြင့် ဆေးဖော်နေရာ စန်းဟွာမှာ ကြက်သေသေနေတော့သည်။

တခဏကြာသော် ချင်မူ ဆေးမီးဖိုကို လွင့်ဖယ်လိုက်သည့်အခါ ဆေးလုံးဆယ်လုံးကျော်က သူ့လက်ဝါးထဲသို့ ဆင်းသက်လာ၏။

သူက တစ်လုံးကို ခြေ၍ စန်းဟွာ၏ဒဏ်ရာအပေါ် သိပ်ပေးသည်။ “ငါ့ကမ္ဘာမှာ ငါက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်ပဲ... လူတွေကတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်လို့ ခေါ်ကြတယ်... ငါ မိစ္ဆာနတ်ဆိုးလမ်းစဉ်ကို နားလည်တယ်... မိစ္ဆာနတ်ဆိုးဆိုတာ နှလုံးသားထဲမှာ မွေးဖွားလာတာ... နတ်ဘုရားဖြစ်လာမလား... မိစ္ဆာနတ်ဆိုးဖြစ်လာမလားဆိုတာက နှလုံးသားအပေါ်ပဲ မူတည်တယ်... ဘယ်လိုပဲဖြစ်ဖြစ် ငါက မိစ္ဆာနတ်ဆိုးလမ်းစဉ်ကြောင့် ဖြစ်လာတဲ့ ဒဏ်ရာကို ကုသတဲ့နေရာမှာ အတွေ့အကြုံရှိတယ်”

များစွာမကြာလိုက်ဘဲ စန်းဟွာမှာ ဒဏ်ရာဆီ အေးစိမ့်စိမ့် ခံစားလိုက်ရပြီး မိစ္ဆာနတ်ဆိုးချီအားလုံး ထွက်သွားသည်။ သူမဒဏ်ရာမှာ ယားစပြုလာ၏။ ဤသည်မှာ ဒဏ်ရာပျောက်စ ပြုလာသည့် လက္ခဏာ ဖြစ်သည်။

“ဒီလောက်မြန်မြန် ပျောက်သွားတယ်လား... နင်က နင့်ကမ္ဘာမှာ နည်နည်းလေးပဲ နာမည်ကြီးတဲ့ ဆေးဆရာလို့ ပြောခဲ့တာမဟုတ်လား” စန်းဟွာမှာ မျက်လုံးအပြူးသားဖြင့် ငေးကြည့်ရင်း ကျစ်ဆံမြီးနှစ်ချောင်းဖြင့် သူမရင်ဘတ်ကို မသိမသာ ကာလိုက်သည်။ “နည်းနည်းလေးပဲ နာမည်ကြီးတဲ့ ဆေးဆရာက မိစ္ဆာနတ်ဆိုးချီကို ဒီလောက်မြန်မြန် တိုက်ဖျက်နိုင်တဲ့ ‌ဆေးလုံးတွေ ဖော်နိုင်တယ်တဲ့လား”

ချင်မူက ကျန်ဆေးလုံးများကို သူမလက်ထဲ ထည့်ကာ သွားဖြဲပြုံးလိုက်သည်။ “နှိမ့်ချနေတာပါ.... တကယ်တော့ ငါက နည်းနည်းပဲ နာမည်ကြီးတာမဟုတ်ဘူး... တစ်လောကလုံးမှာ သိပ်နာမည်ကြီးတယ်... ဒါပေမဲ့ နင် ငါ့စကားကို နားမလည်လိုက်ဘူး ဟုတ်တယ်မလား” သူက ကျေနပ်နေ၏။ “လူအများစုလည်း အဲဒီလို သဘောမပေါက်ကြဘူးဟ”

စန်းဟွာ ဇဝေဇဝါ ဖြစ်သွားမိသည်။ “နင် ငါ့ကို ဆေးလိမ်းမပေးတော့ဘူးလား”

ချင်မူက ဆေးကုပေးရန် တခြားသူများဆီ လျှောက်သွားသည်။ “နင့်ဒဏ်ရာကို လေ့လာချင်လို့ ‌ဆေးလိမ်းပေးမယ်လို့ ပြောခဲ့တာပါ... အခုတော့ နင့်ဘာသာနင် ဆေးလိမ်းလို့ရပြီ... ကျန်တဲ့လူတွေကိုလည်း ကယ်ရဦးမယ်”

စန်းဟွာ အင်္ကျီကို ပြန်ဆွဲတင်ပြီး ဟိုဟိုသည်သည် ပြေးလွှားကုသပေးနေသော ချင်မူ့အား လှမ်းကြည့်နေမိသည်။ သူမဘာသာ တွေးလိုက်မိ၏။ ‘သူက လူနာကို မိဘလို တကယ် သဘောထားပြီး ကုပေးနေတာပဲ... ညစ်ညမ်းတဲ့အတွေးလည်း မရှိဘူး... ဒီလိုရိုးသားတဲ့ လူငယ်တစ်ယောက်ဆိုတာ ရှားတယ်... ခိုးကြည့်တတ်တာ တစ်ခုပဲ...’

ချင်မူက ယဇ်ပလ္လင်ပေါ်ရှိ ဒဏ်ရာရထားသော ကောင်းကင်နတ်သိုင်းပညာရှင်များကို ဆေးကုပေးပြီး စစ်မြေပြင်ထက်တွင် လဲနေကြသည့် လူများနှင့် ကောင်းကင်နတ်ဆိုးများအား ငုံ့ကြည့်လိုက်သည်။ ဒဏ်ရာရထားသည့် လူများအား လှုပ်ရှားနေကြပြီး တချို့က အသက်ရှင်နေသေးသော ကောင်းကင်နတ်ဆိုးများအား သတ်ပစ်နေကြ၏။

ကောင်းကင်နတ်သိုင်းများကြောင့် ကျန်ရစ်ခဲ့သော မီးတောက်မီးလျှံများက စစ်မြေပြင်တစ်လျှောက် တမြေ့မြေ့ တောက်လောင်နေသည်။ ရထားလုံးများ၊ အလောင်းများ၊ အလံများနှင့် မြေကြီးတွင် ဒေါင်လိုက်စိုက်ဝင်နေသော ဝိညာဉ်လက်နက်များအားလုံး မီးစွဲလောင်နေကြသည်။

အဝေးတွင် သတ်ဖြတ်ပွဲကား မပြီးသေးပေ။

ချင်မူ ဝင်လာခဲ့သည့် ကမ္ဘာသည် အလွန်ကြမ်းတမ်းရက်စက်၏။ စစ်မြေပြင်များကို သူ ကြုံတွေ့ခဲ့ဖူးသော်လည်း မျက်စိရှေ့ရှိ မြင်ကွင်းက သူ့အတွက် တုန်လှုပ်ချောက်ချားဖွယ် ကောင်းနေသေးသည်။

“ဆေးပညာနဲ့ ဒီကမ္ဘာကို မကယ်နိုင်ဘူးလား”

ချင်မူ ခေါင်းယမ်းလိုက်မိသည်။ ဆေးပညာသည် လူအနည်းစုကိုသာ ကယ်တင်နိုင်၏။ ဤစစ်မြေပြင်ထက်တွင် ဒဏ်ရာထားသူအားလုံးကို ကယ်တင်ချင်လျှင် လပေါင်းများစွာ လိုအပ်လိမ့်မည်။ သုံးရက်တိုင်း အသေးစားစစ်ပွဲ ဖြစ်နေပြီး ငါးရက်တိုင်း အကြီးစားစစ်ပွဲ ဖြစ်နေသောနေရာတွင် သူ လိုက်ကယ်ပေးနိုင်သော အစွမ်းအစမရှိပေ။

သူက ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။ ကောင်းကင်ယံရှိ အချိုးအစားမကျသော နေနှစ်ခြမ်းက မှေးမှိန်ပြီး နီရဲလာသည်။

နေနှစ်စင်းက နေရာမှ မရွေ့ပေ။ နာရီအပိုင်းအခြားတစ်ခု သတ်မှတ်ထား၍ မှေးမှိန်စပြုလာခြင်း ဖြစ်လိမ့်မည်။

‘ဒီနေတွေကို ဖန်ဆင်းခဲ့တဲ့ နတ်ဘုရားက စိတ်ကူးကောင်းပေမယ့် သင်္ချာစွမ်းရည် မမြင့်ဘူး...’ ချင်မူမှာ အကြည့်လွှဲလိုက်မိသည်။ အချိုးအစား ကိုးရို့ကားရား ဖြစ်နေသော နေနှစ်ခြမ်းကြောင့် သူ မျက်ထောင့်မွှေးစူးလာ၏။ “အရုပ်ဆိုးလိုက်တာ... ဆက်ကြည့်နေရင် ငါ သွားပြီး ပြင်ပေးမိလိမ့်မယ်”

သူက ယဇ်ပလ္လင်ထက်တွင် ဖြည်းဖြည်းချင်း လျှောက်ရင်း လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်ဖြင့် ချီစွမ်းအင်ကို လှည့်ပတ်လိုက်သည်။ သူ၏ဝိညာဉ်သန္ဓေသားနှင့် ဝိညာဉ်က ပေါင်းစည်းသွားပြီး မူလဝိညာဉ်ကို ဖွဲ့တည်ပေးလိုက်သည်။ ထို့နောက် ရုပ်ခန္ဓာနှင့် မူလဝိညာဉ်က တစ်သားတည်း ဖြစ်သွားသည်။

သူ၏မူလဝိညာဉ်က ဝိညာဉ်စင်မြင့်အပေါ် နင်း၍ အရပ်ခြောက်မျက်နှာကို ပေါင်းစည်းလိုက်သည်။ ခေါင်းအထက်၌ နေနှင့်လဖြင့် ချီစွမ်းအင်က ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းပျံ့နှံ့သွား၏။ သူ့ဆံပင်များ အနည်းငယ် လွင့်ပျံ့သွားသည်။

တိုက်ခိုက်နေသည့်အတောအတွင်း ဤကမ္ဘာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များအား သန်မာအားကောင်းလာအောင် လုပ်ပေးနေသော အရာကို သူ မြင်ခဲ့ရသည်။ သေခြင်းရှင်ခြင်းစစ်ပွဲ... သေခြင်းနှင့် ရှင်ခြင်းသာ ရှိသော စစ်မြေပြင်၏အတွေ့အကြုံက သူ့စိတ်အခြေအနေကို ပြန်လည်တည့်မတ်ပေးခဲ့သည်။

ပထမဆုံးလူသားဧကရာဇ်နှင့် တိုက်ခိုက်ခဲ့ပြီးကတည်းက ချင်မူ စိတ်ဓာတ်ကျသွားခဲ့သည်။ သိုင်းကွက်များပင် ထုတ်ဖော်မကစားနိုင်ခဲ့၍ သားသတ်သမား၏ ဆူပူရိုက်ပုတ်ခြင်းပင် ခံခဲ့ရသည်။

သူ့အနေဖြင့် သိုင်းကွက်မထုတ်ဖော်ရဲခြင်း မဟုတ်ပေ.... မည်သည့်သိုင်းကွက်ဖြစ်စေ၊ မည်သည့်ကောင်းကင်နတ်သိုင်းဖြစ်စေ.... သူ ထုတ်ဖော်လိုက်သော အရာအားလုံး မှားနေသည်ဟု ခံစားခဲ့ရ၍ဖြစ်သည်။

မှားနေရသောအကြောင်းရင်းက ပထမဆုံးလူသားဧကရာဇ်ကြောင့် ယုံကြည်ချက်ပြိုလဲသွား၍ မဟုတ်ပေ။ ထိုတိုက်ပွဲက သူ၏အသိအမြင်ကို စိတ်ကူးဖြင့် မမှန်းဆနိုင်သော အမြင့်အထိ မြှင့်တင်ပေးလိုက်ခြင်းကြောင့် ဖြစ်သည်။

ထိုအမြင့်မှ ရပ်၍ ငုံ့ကြည့်လိုက်သောအခါ သူ သင်ယူခဲ့သော သိုင်းကွက်အားလုံး၊ ကောင်းကင်နတ်သိုင်းအားလုံးတွင် ဟာကွက်များ ပြည့်နေတော့၏။

သူ၏အသိအမြင်က မြင့်မားသော်လည်း သူ၏အခြေခံမှာမူ နောက်တစ်ဆင့်သို့ တက်နိုင်သော အနေအထားတွင် မရှိသေးသည့်အတွက် သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများအား မထုတ်‌ဖော်နိုင်တော့ပေ။ ဟာကွက်များ ပြည့်နေသည့်အတွက် နောက်တခဏတွင် သေရလိမ့်မည်ဟုသာ ခံစားရသည်။

ရန်သူတိုင်းကို ပထမလူသားဧကရာဇ်အဖြစ် သဘောထားခဲ့မိ၍ ဤသို့ခံစားနေရခြင်း ဖြစ်ပေသည်။

သို့တိုင်အောင် စစ်မြေပြင်ထက်၌မူ စဉ်းစားနေရန် အချိန်မရခဲ့ပေ။ အခြေအနေက စက္ကန့်တိုင်း ပြောင်းလဲနေသည့်အတွက် ဟာကွက်များ ရှိရှိ၊ မရှိရှိ ဂရုမစိုက်နိုင်ခဲ့။ တရစပ် ထုတ်လွှတ်ပြီး သန်မာအားကောင်းသော ရန်သူများကို တိုက်ခိုက်သတ်ဖြတ်ခဲ့ရသည်။

ဤစစ်ပွဲပြီးသည့်အခါ ချင်မူမှာ အကြီးအကျယ် ပြောင်းလဲစေမည့် တံခါးဝသို့ ရောက်သွားသလို ခံစားလိုက်ရသည်။

ထိုတံခါးဝကို ဖြတ်လိုက်သည်နှင့် ကောင်းကင်ပြာကို သူ မြင်ရလိမ့်မည်.... ကြီးမားကျယ်ဝန်းသော လမ်းမကြီးက သူ့ကို စောင့်ကြိုနေလိမ့်မည်။

ချီစွမ်းအင်က ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါးနှင့် အရပ်ခြောက်မျက်နှာကို ဆက်သွယ်ပေးလိုက်ရင်း တရှိန်ထိုး စီးဆင်းသွားသဖြင့် ချင်မူ့ခန္ဓာကိုယ်မှ ခံ့ညားထည်ဝါသော နေ‌ရောင်များ ဖြာထွက်တောက်ပလာသည်။ နေ၊ လနှင့် ကြယ်များက ကောင်းကင်ရတနာများအား ထွန်းလင်းနေစေ၍ သူ၏အသွင်မှာ အလင်းနတ်သားတစ်ပါးသဖွယ် ဖြစ်လာ၏။

သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်နတ်အသွင်ကောင်းကင်ရတနာပင် တောက်ပလင်းထိန်လာပြီး တံခါးတစ်ချပ်အား မြင်လာရသည်။

ထိုအချိန်တွင် အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာအောက်၌ အနက်ရောင်တံခါးတစ်ချပ်ကိုလည်း ဝိုးတိုးဝါးတား မြင်လာရသည်။ ထိုတံခါးသည် ယိုတုနှင့် ဆက်သွယ်နေသော သေခြင်းရှင်ခြင်းတံခါး ဖြစ်သည်။

ချင်မူက ဖြေးဖြေးမှန်မှန် လျှောက်နေသည်။ ကျောက်စိမ်းမြို့တော်ငယ်မှာတုန်းက နတ်ဘုရားချင်ချုံးမင်၏ ကောင်းကင်ရတနာများအား သူ အချိန်ပေး၍ လေ့လာခဲ့၏။ ထိုအချိန်မှစ၍ သူ၏ကောင်းကင်ရတနာများကို အဆင့်မြှင့်ကာ အားနည်းနေသော နေရာများကို ဖာထေးနိုင်ခဲ့လေသည်။

ဂရားးးးးးး

သူ့ကိုယ်ထဲရှိ ချီစွမ်းအင်က လှုပ်ခါလိုက်ပြီး နဂါးဟိန်းသံများ ထုတ်လွှတ်လိုက်သည်။ နဂါးချီစွမ်းအင်က သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ပြီး ဝင်ချည်ထွက်ချည် လူးလွန့်ရွေ့လျားကာ သန့်စင်ပေးနေ၏။ ရုတ်တရက် ချင်မူက လက်နှစ်ဖက်ကို ဓားမများသဖွယ် အသုံးပြု၍ လမ်းလျှောက်ရင်း ယဇ်ပလ္လင်ကို ခုတ်ထစ်တိုက်ခိုက်လိုက်သည်။

လေခွင်းသံများက ကျယ်လောင်သည်ထက် ကျယ်လောင်လာပြီး ဓားချက်အားလှိုင်းများက လေပွေတစ်ခုလို ထွက်ပေါ်လာ၏။ ဓားချက်အားလှိုင်းများ ကြမ်းပြင်ကို ထိမှန်သွားတိုင်း ဆောက်နှင့် ထွင်းလိုက်သကဲ့သို့ တွင်းချိုင့်များ ဖြစ်ပေါ်လာသည်။

မုန်တိုင်းထန်မြို့ပြများ၏ သန်းခေါင်ယံတိုက်ပွဲ

ပင်လယ်လှိုင်းလုံးတစ်ထောင် တစ်ခုနှင့်တစ်ခု ထပ်နေသည့်ကြားမှ နေလုံးကြီး မြင့်တက်လာသည်။

အရှေ့ပင်လယ် လှိုင်းလုံးတစ်ထောင်ပေါ်မှ နေမင်း

ကျောက်စိမ်းဖြူသား စီခြယ်ထားတဲ့ ရွှေဓားမက ညဉ့်ယံအလယ်ထဲ ပြတင်းပေါက်ကို ထွင်းဖောက် ဝင်လာတဲ့ အလင်းတန်းတွေလိုပဲ... အသက်ငါးဆယ် ရှိတဲ့ထိအောင် ဘာကိုမှ မလုပ်ရသေးတဲ့ လူတစ်ယောက်၊ တောရိုင်းရှစ်သွယ် အလယ်မှာ တစ်ကိုယ်တည်း ဓားမကို သယ်ဆောင်လာတယ်...

တောရိုင်းရှစ်သွယ် အလယ်တွင် တစ်ကိုယ်တည်း ဓားမကို သယ်ဆောင်

ကြွားဝါဖို့ မတွေးနဲ့... ကပ်ဆိုးပြီးတဲ့အခါ လူတွေရဲ့ မျှော်လင့်ချက်တွေ နိုးထလာမယ်... ကောင်းကင်နဲ့ ပင်လယ်ကို ကြည့်ရင် လျှောက်ခဲ့ရတဲ့ ခရီးရှည် တစ်ခုလုံးက မီးခိုးငွေ့တွေလို လျော့ပါးပျောက်ကွယ်...

သွေးချောင်းစီးနေသော စစ်မြေပြင်ကျယ်တွင် သားသတ်သမား၏ ဓားမသိုင်းကွက်များက လွန်စွာအသက်ဝင်နေပြီး ဤကမ္ဘာ၏ကပ်ဆိုးကြီးကို ထင်ဟပ်ဖော်ကျူးနေသယောင် ရှိသည်။

ချင်မူ၏ ဓားချက်များက မြန်သထက် မြန်လာသည်။ ရုတ်တရက် ဓားမရောင်များ ‌ပျောက်ကွယ်သွား၏။ လေ၊ မိုး၊ နေ ၊ ပင်လယ်တို့လည်း လွင့်ပျယ်သွားသည်။ ချင်မူက လက်ချောင်းများကို ပူးကပ်လိုက်၍ ဓားတစ်လက်သဖွယ် အသုံးချလိုက်သည့်အခါ သူ၏ချီစွမ်းအင်က တုန်ခါသွားပြီး ဓားကြိုးမျှင်ကို ဖွဲ့တည်ပေးလိုက်သည်။

သူက ဓားကို အထက်သို့ ညင်ညင်သာသာ ပင့်ကော်၍ အလျားလိုက် ဝိုက်ဆွဲလိုက်သည်။ သူ့ဓားချက်များမှာ လွန်စွာ သေသပ်လှပနေ၏။

မြန်သထက် မြန်လာသည်။ ဖျတ်ခနဲ လက်သွားသည့် အလင်းပွင့်တစ်ခုထက် မြန်လာသည်။ ရိပ်ခနဲ ပြေးထွက်သွားသည့် အရိပ်များထက် မြန်လာသည်။

မျက်စိတစ်မှိတ်အတွင်း ဓားရောင်က လေကို ထိုးခွင်း၍ ပျံတက်သွားပြီး ယဇ်ပလ္လင်၏ကောင်းကင်ယံတွင် ငွေရောင်နဂါးတစ်ကောင်သဖွယ် တင့်တယ်ကြော့ရှင်းစွာ ကခုန်နေ၏။

ချင်မူက ယဇ်ပလ္လင်ကို ပတ်၍ လျှောက်နေစဉ် လေတွင် ပျံဝဲနေသော ဓားရောင်က မြန်သထက် မြန်လာသည်။ လျင်သထက် လျင်လာသည်။

ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကပ်ဘေးက သူ့ကို အကျိုးအမြတ်များ ရရှိစေခဲ့၍ မသိလိုက်ဘဲ သူ၏ခံစားချက်အားလုံး လွှတ်ထုတ်လိုက်ရင်း ဓားကွက်များ ကစားနေမိ၏။

ဓားပန်းချီ၏ တတိယဓားကွက် ချုံဧကရာဇ်ကပ်ဘေး

သို့တိုင်အောင် ကပ်ဘေးဓားကွက်က အပြင်းထန်ဆုံးအခြေအနေသို့ ရောက်လာသည့်အချိန်တွင် ချင်မူ ဓားရောင်အားလုံးကို ရုတ်သိမ်းလိုက်ပြီး လက်ချောင်းကို ဓားသဖွယ် ပြုလုပ်၍ မျက်ခုံးနှစ်ဖက်ကြားနေရာဆီသို့ ထိလိုက်၏။ လက်ချောင်းသည် ရုပ်ခန္ဓာကိုသာ ထိသွားခြင်းမဟုတ်၊ ဝိညာဉ်သန္ဓေသား၏ မျက်ခုံးနှစ်ဖက်ကြားကိုလည်း ထိသွားသည်။

သူ၏ဝိညာဉ်နှင့် ဓားချီအားလုံးက လက်ချောင်းထဲတွင် စုဝေးသွား၏။

ကပ်ဘေး၏အနှစ်သာရကို သူ သဘောပေါက်လိုက်လေပြီ။

ကပ်ဘေးသည် လူများ အသက်ရှင်နိုင်ရန် ရုန်းကန်လှုပ်ရှားရသော ဒုက္ခတစ်မျိုး ဖြစ်၏။ ငရဲတွင် မျှော်လင့်ချက်ကို ရှာဖွေခြင်း၊ ဓားမနှစ်ဖက်ကို ကိုင်စွဲလျက် ရူးရူးသွပ်သွပ် ကြိုးစားပေးသော သားသတ်သမားလို သူရဲကောင်းတစ်ဦးကို ရှာဖွေခြင်း၊ လူသားတိုင်းအတွက် ဘဝတစ်လျှောက်လုံး ဆင်းရဲဒုက္ခများကို တောင့်ခံ၍ ပင်ပန်းကြီးစွာ အားထုတ်ပေးသော ရွာလူကြီးလို လူသားဧကရာဇ်တစ်ယောက်ကို ရှာဖွေခြင်းလည်း ဖြစ်သည်။ ကပ်ဘေးသည်.... သူရဲကောင်းတစ်ယောက်၏ အနောက်ရှိ လူသားတိုင်း၏ ရုန်းကန်လှုပ်ရှားရမှုလည်း ဖြစ်ချေ၏။

နေ့စဉ်နေတိုင်း သေဆုံးနေသူများကို မြှုပ်နှံနေရသော ဘဝဖြစ်၏။

ချင်မူ့လက်ချောင်းနှစ်ချောင်းက ရှေ့သို့ ထိုးစိုက်လိုက်သည့်အခါ သက်တံ့ရောင်ဓားတစ်စင်းက ဆယ်မိုင်တစ်လျှောက် ဆန့်တန်းသွားသည်။

ကောင်းကင်ယံရှိ နေတစ်ခြမ်းမှာ မှေးမှိန်သွားပြီး ဓားရောင်ကိုသာ မြင်ရတော့သည်။

ကောင်းကင်ယံတွင် ဓားရောင် တောက်ပနေစဉ် ချင်မူမှာ ယဇ်ပလ္လင်ထက်၌ ငေးကြောင်စွာ ရပ်နေ၏။ ဤဓားကွက်က ရွာလူကြီး၏ ဓားပန်းချီနှင့် မသက်ဆိုင်ပေ။

ရုတ်တရက် လူငယ်လေးသည် ကိုယ်ပိုင်လမ်းစဉ်အား ရှာတွေ့သွားချေပြီ။

All Chapters