← Chapters

ကောင်းကင်ဘုံကို တုန်လှုပ်သွားစေသော မြားတစ်စင်း

Vol. 83 Ch. 1149

ကောင်းကင်ဘုံကို တုန်လှုပ်သွားစေသော မြားတစ်စင်း

Vol. 83 Ch. 1149

မန်ဟို့မျက်နှာ ပျက်သွားသည်။ သူ့အနေဖြင့် အန္တရာယ်များသော ဤအခြေအနေမှ ရုန်းမထွက်နိုင်ခြင်းမဟုတ်ပေ။ သူပုန်တာအိုသစ္စာဖောက်သုတ္တန်ကို လက်‌လျှော့၍ ပါရာဂွန်ပင်လယ်အိပ်မက်နှင့် ပူးပေါင်းရန် ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်အ၀ ထုတ်လွှတ်လိုက်ပါက တခဏအတွင်း ရုန်းထွက်နိုင်သည်။

ကံဆိုးစွာနှင့် ပေးဆပ်ရမည့်အဖိုးအခမှာ သူပုန်တာအိုသစ္စာဖောက်သုတ္တန်ကို ထာ၀ရလက်လွှတ်ဆုံးရှုံးလိုက်ရခြင်း ဖြစ်မည်။ ထိုမျှသာမက တာအိုကောင်းကင်နှင့် အခြားသူများ၊ အထူးသဖြင့် ချူယွီယန်၏ပေးဆပ်မှုတို့အားလုံး အလဟဿ ဖြစ်သွားလိမ့်မည်။

မန်ဟိုအနေဖြင့် ထိုကဲ့သို့ အလဟဿ အဖြစ်မခံနိုင်ပေ။

စွန့်စားမှသာ ဆုလာဘ်များကို ရရှိနိုင်သည်မဟုတ်လော။ အစွမ်းကုန်ကြိုးစားလိုစိတ်မရှိလျှင် အခြားသူများ မရယူနိုင်သော ကံကြမ္မာကောင်းများကို ရယူဖို့ ခက်ခဲပေလိမ့်မည်။

မန်ဟို၏မျက်လုံးများသည် နီရဲနေ၏။ ဤအခိုက်အတန့်တွင် သူက အံတင်းတင်းကြိတ်၍ နောက်ဆုတ်လက်လျှော့မည့်အစား လက်ကို ဆန့်တန်းလိုက်ရာ အံ့ဩဖွယ်ကောင်းစွာနှင့် .... သူ၏လက်ထဲတွင် လျှို့ဝှက်ဆန်းကြယ်စွာ လင်းလက်နေသော တတိယနိဗ္ဗာနသစ်သီး ပေါ်လာသည်။

သူက တခဏလေးမျှ တုံ့ဆိုင်းမနေဘဲ ၎င်းကို သူ၏နဖူးထဲ ဖိချလိုက်၏။ နိဗ္ဗာနသစ်သီးမှာ ချက်ချင်းဆိုသလို စုပ်ယူခံလိုက်ရ၍ အံ့မခန်းလိလိစွမ်းအားတစ်ရပ် ပေါ်ထွက်လာခြင်းနှင့်အတူ ထစ်ချုန်းသံများက သူ့ကိုယ်ထဲတွင် ပြည့်နှက်သွားလေသည်။‌

ပေါ်ထွက်လာမှု၏ ကြောက်မက်ဖွယ်ဖိအားက မန်ဟို့အား အားကောင်းသော တစ်၀က်တစ်ပျက်တာအိုအရှိန်အဝါကို ချက်ချင်း ထုတ်လွှတ်လိုက်စေသည်။ အရှိန်အဝါသည် အရာအားလုံးကို ပုံပျက်ရှုံ့တွလာစေရာ ပတ်၀န်းကျင်တစ်ခုလုံးအား လှိုင်းထနေစေတော့၏။

သူ၏ ခန္ဓာကိုယ်မှာ တုန်ရီနေပြီး သွေးများက သူ၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စတင်စီးကျလာ၏။ သူ၏ တစ်ခုတည်းသောအင်မော်တယ်အကြောမှာ သူ၏အတွင်းအင်္ဂါများအား ပတ်၀န်းကျင်ရှိ အရှိန်အဝါအားလုံးကို စုပ်ယူနေသော တွင်းနက်ကြီးတစ်တွင်းအဖြစ် ပြောင်းလဲပေးရင်း ဖယ်ရှားခံလိုက်ရသယောင်ပင်။ သဘာ၀နိယာမများနှင့် အနှစ်သာရအားလုံးက သူ့ထံသို့ တဝေါဝေါ ၀င်ရောက်လာနေကြလေသည်။

သူ့မှာ အငမ်းမရ ဆာလောင်နေသည့်အလားပင်။ နှစ်ပေါင်းများစွာ အစာမစားခဲ့ရသည့်အလား ဆာလောင်မှုကား ညည်းခံဖို့ ခက်ခဲ၏။ ကောင်းကင်နှင့် မြေကြီးရှိ အသက်အားလုံးနှင့် တန်ခိုးအားလုံးကို သူ စားသုံးချင်နေသည်။

မန်ဟို၏မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားသည်။ ဤသည်မှာ သူ့အတွက် တတိယနိဗ္ဗာနသစ်သီးကို ပထဆုံးအကြိမ် စုပ်ယူခြင်းဖြစ်၍ ယခုကဲ့သို့ မခံမရပ်နိုင်လောက်အော်င ဆာလောင်မွတ်သိပ်မိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဆာလောင်မှုကြောင့် သူ၏ခန္ဓာကိုယ်ပင်‌ ခြောက်ကပ်ပိန်ချုံးလာသည်။

ထိုအခိုက်အတန့်၌ သူ၏ ကောင်းကင်ဘုံ ၃၃ ခုလည်း သူ၏ ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားသော အပိုင်းအစများအသွင်ပြောင်းရင်း ပြိုကွဲသွားခဲ့သည်။ အဆုံးသတ်ရလဒ်အနေဖြင့် သူသည် တာအိုနယ်ပယ်ကဲ့သို့သော အခိုးအငွေ့များကို စတင်ထုတ်လွှတ်လာ၏။

၎င်းကား အမှန်တွင် .... လောကပါလတာအိုအင်မော်တယ်အဆင့် ဖြစ်ချေသည်။

သူ့မှာ ပြင်းပြင်းထန်ထန် တုန်ရီနေပြီး သွေးများ အရပ်လေးမျက်နှာသို့ ပန်းထွက်သွားသည်။ တကယ်တမ်း လောကပါလအင်မော်တယ်အဆင့်‌သို့ ရောက်အောင် သူ့ကိုယ်သူ မရမက ဖိအားပေးနေခြင်းက အန္တရာယ်များ၏။

သို့သော် ထိုငမ်းငမ်းတက်ဆာလောင်မှုအတွင်း၌ တစ်ခါမှ မကြုံဖူးသော စွမ်းအား၊ တာအိုနယ်ပယ်အဆင့်မှ ခြေလှမ်းတစ်၀က်သာ ဝေးကွာတော့သည့် တစ်၀က်တစ်ပျက်တာအိုပါရာဂွန်နှင့် နှိုင်းယှဉ်၍ရသော စွမ်းအားမျိုးကို ခံစားနေရသည်။

မန်ဟို၏မျက်လုံးများသည် ထူးဆန်းသော အလင်းရောင်များဖြင့် တောက်ပလာပြီး သူ၏ အသက်ရှူသံများ မြန်လာသည်။ သူက မိုးပြာရောင်အလင်း၏ အရင်းအမြစ် ဖြစ်နေသကဲ့သို့ တောက်ပခံ့ညားသော မိုးပြာရောင်အလင်းသည် အရပ်မျက်နှာတစ်ခွင်သို့ ဖြာထွက်လာသည်။ သူ့ထံမှ လိမ့်ထွက်လာသော တာအို၏အငွေ့အသက်များက အရိုင်းဆန်သောအရောင်အဝါများကို ပြိုးပြိုးပျက်ပျက် လက်လာစေပြီး လေဟုန်ခွင်းလောကတစ်ခုလုံးအပါအ၀င် အရာရာတိုင်းအား တုန်ခါလာစေသည်။

ပါရာဂွန်ပင်လယ်အိပ်မက်မှ ပြန်ဆွဲခေါ်ခံနေရသော အက်ရှလွန်များနှင့် ကျင့်ကြံသူများမှာ ဖြစ်ပျက်နေသောအရာကို မြင်လျှင် မျက်လုံးများ ပြူးကျယ်ကုန်ကြပြီး အသက်ရှူမှားကုန်ကြသည်။ အထူးသဖြင့် တာအိုကောင်းကင်ပင်။ သူတို့မှာ ဤကြောက်ခမန်းလိလိ အဖြစ်အပျက်များကို ကြည့်ရင်း ကြောင်အနေကြ၏။

"ဆိုတော့ အရင်တစ်ခုက ... သူ့ရဲ့အစွမ်းထက်ဆုံးအဆင့် မဟုတ်ခဲ့ဘူးပေါ့"

"သူက ဒီလောက် အစွမ်းထက်တာ ယုံတောင်မယုံနိုင်ဘူး" လင်းချုံ၊ ဟန်ချင်းလဲ့နှင့် ယွီ၀မ်ကျန်းတို့အားလုံး မှင်သက်နေကြသည်။

မန်ဟို့ကို ကြည့်နေစဉ် ချူယွီယန်၏ ပါးစပ်လေးမှ သွေးများစီးကျနေသည်။ သူမအကြည့်လေးမှာ နူးညံ့ကြင်နာနေပြီး သူမအပြုံးလေးသည် ပို၍ပင် တောက်ပနေ၏။

ရုတ်တရက် ပိုက်ကွန်ကြီး၏အနောက်ရှိ အရိပ်များက မန်ဟို့ကို အာရုံစိုက်လာကြသည်။ သူ့ကို ခြံရံလျက် ရှိသည့် မိုးပြာရောင်အလင်းကို မြင်၍ ၎င်း၏ အဓိပ္ပာယ်ကို သဘောပေါက်လိုက်သောအခါ အာမေဍိတ်တလိုက်သူများပင် ရှိ၏။

"လောကပါလတာအိုအင်မော်တယ်"

သို့သော် မန်ဟိုက လောကပါလတာအိုအင်မော်တယ်အဆင့်တွင် ဖြစ်ကြောင်း သူတို့ သဘောပေါက်လိုက်သည့်အချိန်မှာပင် ဧရာမခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်အရိပ်ကြီးက အေးစက်စက် နှာမှုတ်လိုက်သည်။ သူက ရပ်တန့်မည့်အစား၊ အရှိန်လျှော့မည့်အစား သူ၏လက်ကြီးကို မန်ဟို့ထံသို့ ပို၍မြန်မြန် စေစားလိုက်သည်။

"မင်းက မင်းကိုယ်မင်း အထင်ကြီးနေတာပဲ" သူက အထင်သေးစွာဖြင့် ပြောသည်။ သူ့အတွက် မန်ဟိုကား ပုရွက်ဆိတ်တစ်ကောင်ထက် မပိုသည့်အလားပင်။ သူသည် အဆများစွာအစွမ်းထက်သူဖြစ်၍ မန်ဟို့ကို ချက်ချင်းဆိုသလို နင်းချေပစ်နိုင်၏။ သူ၏လက်က ဆုပ်လိုက်ဟန်လုပ်လိုက်ရာ အာကာသဟင်းလင်းပြင်အား ကြေမွသွားစေသည်။ မန်ဟို့ပတ်ပတ်လည်ရှိ တစ်နေရာလုံး ကြေမွလာရာ သူ့မှာ လက်ကြီးအတွင်း၌ မြေမြုပ်သင်္ဂြိုလ်ပစ်ခံရတော့မည့်အလားပင်။

လက်ကြီး သူ့ထံသို့ ထိုးဆင်းလာနေစဉ် သူ့အနေဖြင့် ၎င်းကို ရှောင်လည်းမရှောင်နိုင်သလို ခုခံနိုင်စွမ်းလည်းမရှိကြောင်း သိသာထင်ရှားသည်။ သူ၏မျက်လုံးများက ထူးဆန်းစွာ တောက်ပလာပြီး သူက ခေါင်းနောက်လှန်၍ တဟားဟား ရယ်လိုက်၏။ ဤအဆင့်တွင် သိပ်ကြာကြာနေဖို့ မဖြစ်နိုင်ကြောင်း သူ ပြောနိုင်၏။ အလွန်ဆုံး အသက်ရှူချိန် အနည်းငယ်မျှသာ နေနိုင်မည်။

ထိုအသက်ရှူချိန်အနည်းငယ်အတွင်း သူ့မှာ ‌တွင်းနက်ကြီးထဲမှ ဆန့်ထွက်လာသော လက်ကြီးကို တားနိုင်လောက်မည်မဟုတ်ပေ။ သို့သော် သူ၏ရည်ရွယ်ချက်က ထိုလက်ကြီးကို ကိုယ်တိုင်တားရန် မဟုတ်။

မန်ဟိုသည် ဧရာမကြီး‌မားသော လက်ဖဝါးကြီးနှင့် ၎င်းထုတ်လွှတ်နေသော ဖိအားကို ကြောက်လည်းမကြောက်သလို ထိတ်လည်းမထိတ်လန့်ပေ။ သူက ရုတ်တရက်ဆိုသလို သူ့ကိုယ်ထဲရှိ  ပါရာဂွန်ကိုးတံဆိပ်၏ သွေးစက်ကို အသက်သွင်းရန် တတိယနိဗ္ဗာနသစ်သီး၏ စွမ်းအားကို အသုံးပြုလိုက်သဖြင့် သူ၏ သူငယ်အိမ်များ ကျုံ့သွားသည်။

ထိုပါရာဂွန်သွေးသည် သူ့ကို သေရေးရှင်ရေးအ‌ခြေအနေတွင် ပထမနိဗ္ဗာနသစ်သီးအား စုပ်ယူနိုင်အောင် ကူညီပေးခဲ့သည်သာမက သူ၏ခန္ဓာကိုယ်နှင့် တစ်သားတည်းပေါင်းစည်းသွားခဲ့သည့်အတွက် သူ၏ မိစ္ဆာချုပ်နှောင်ခြင်းမှော်အစွမ်းများကို ပို၍ အစွမ်းထက်သွားစေခဲ့သည်။ ထိုမျှသာမက သူသည် ပါရာဂွန်ကိုးတံဆိပ်၏ အသိအမှတ်ပြုမှုကိုလည်း ရရှိခဲ့၏။

အရေးကြီးဆုံးအနေနှင့် ထိုအသိအမှတ်ပြုမှုကြောင့် တောင်ပင်လယ်လောကတစ်ခုလုံးမှာ တုန်လှုပ်သွားခဲ့ပြီး မန်ဟိုကား တောင်ပင်လယ်လောက၏ အရှင်သခင်အလောင်းအလျာဖြစ်လာခဲ့လေသည်။

ပါရာဂွန်ကိုးတံဆိပ်၏ သွေးကို လှုံ့ဆော်ခြင်းက မန်ဟိုလုပ်ချင်သည့်အရာပင်။ သူပုန်တာအိုသစ္စာ‌ဖောက်သုတ္တန်ကို ‌လက်မလျှော့လိုသည့် အခိုက်အတန့်တွင် ၎င်းက သူတွေးနိုင်သည့် တစ်ခုတည်းသောအရာဖြစ်သည်။

"ငါက မိစ္ဆာချုပ်နှောင်သူအဖွဲ့ရဲ့ နောက်ဆုံးမျိုးဆက် ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူ

"ငါက ပါရာဂွန်ကိုးတံဆိပ်ရဲ့ ဆက်ခံသူ

"ငါက တောင်ပင်လယ်လောကရဲ့ သခင်အလောင်းအလျာ

"အနာဂတ်မှာ ငါဟာ တောင်ပင်လယ်လောကတစ်ခုလုံးအပြင်…. တောင်ပင်လယ်လောကထဲမှာရှိတဲ့ အရာရာတိုင်းရဲ့ ကံတရားကို ခြယ်လှယ်မှာ

“နေနှင့်လတို့၊ မင်းတို့က ကိုးတံဆိပ်ရဲ့ မျက်လုံးတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ မှော်ပစ္စည်းတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အခုအချိန်မှာ ငါ ငါ့နာမည်ရဲ့လုပ်ပိုင်ခွင့်နဲ့ မင်းတို့ကို အမိန့်ပေးတယ် ... အဲဒီသူပုန်ရဲ့လက်ကို ဖြတ်တောက်လိုက်စမ်း” ဤစကားလုံးများသည် ဟစ်အော်နေခြင်းမဟုတ်ဘဲ၊ စိတ်ထဲတွင် ပြောနေခြင်းဖြစ်၏။ သို့သော် သူ သူ့ကိုယ်ထဲရှိ ပါရာဂွန်သွေးအား လှုံ့ဆော်လိုက်သော အခိုက်အတန့်တွင် ၎င်းနှင့် တောင်ပင်လယ်လောကအကြား၌ ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာဟန်တူသည်။ ၎င်းက သူ့နှလုံးသား၏စကားများကို လောကထဲရှိ တောင်ပင်လယ်အားလုံးနှင့် ဆက်သွယ်ပေးနေသော လမ်းတစ်လမ်းနှင့်တူသည်။ သူကား တောင်ပင်လယ်လောက၏စိတ်ဆန္ဒနှင့် ချိတ်ဆက်သွားလေပြီ။

သူကား သူ့နာမည်ကို တိုင်တည်၍ တောင်ပင်လယ်လောကအား ... ထိန်းချုပ်နေသည်။

၎င်းက အရူးအကြံအစည်နှင့်တူသော်လည်း မန်ဟိုသည် လက်ရှိအခြေအနေရ အစွမ်းထက်ပိုထက်လာဖို့အလို့ငှာ ရူးရူးမိုက်မိုက်မလုပ်လျှင် မဖြစ်နိုင်ကြောင်း သိ၏။

သူက လက်နှစ်ဖက်ကို ဖြန့်ကားရင်း ခေါင်းနောက်လှန်၍ ဟိန်းဟောက်ကာ စိတ်အာရုံမှတစ်ဆင့် ဆင့်ခေါ်နေသည်။ တစ်ချိန်တည်းမှာပင် တောင်ပင်လယ်လောကတစ်ခုလုံးသည် မသိမသာ တုန်ခါစပြုလာ၏။ တောင်ကိုးလုံးမှာ ယိမ်းထိုးလာပြီး ပင်လယ်ကိုးစင်းလည်း အော်မြည်နေသည်။ တောင်ထိပ်ပေါ်ရှိ ရွှမ်းဝူလိပ်များလည်း ခေါင်းထောင်၍ အော်လိုက်ကြသည်။

တောင်ပင်လယ်လောကတစ်ခုလုံးမှာ ဧရာမလှိုင်းလုံးကြီးများဖြင့် အပုတ်ခံနေရသည့်အလားပင်။

လှိုင်းများကို ပါရာဂွန်ပင်လယ်အိပ်မက်နှင့် ပိုက်ကွန်ကြီး၏တွင်းနက်ထဲရှိ အရိပ်များနှင့် လေဟုန်ခွင်းအင်ပါယာသခင်တို့ သတိထားမိလိုက်ကြသည်။ သူတို့အားလုံး၏မျက်နှာများ ရိပ်ခနဲ ဖြစ်ကုန်ကြ၏။

လူတိုင်းအတွက် ပို၍ပင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည်မှာ .... တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းကို ပုံမှန်အတိုင်း လှည့်ပတ်နေခဲ့သော နေနှင့်လသည် ရုတ်တရက် တုံ့ခနဲ ရပ်သွားကြ၏။ တစ်ချိန်တည်းမှာပင် မဖော်ပြနိုင်လောက်အောင် ကြီးမားသော အသတ်အဖြတ်အရှိန်အဝါတစ်ခုကား ၎င်းတို့ထံမှ ပေါ်ထွက်လာသည်။

ထိုသို့ပေါ်ထွက်လာသည့်အခါ နေနှင့်လသည် အရောင်အဝါတောက်ပလာပြီး ထိုနေ၏အတွင်း၌ ... ဓားတစ်လက်ရှိနေသည်ကို တစတစ မြင်လာရသည်။ သို့သော် အဆိုပါဓားက လေးတစ်လက်ပုံသဏ္ဌာန် လျင်မြန်စွာ ပြောင်းသွားလေသည်။

“ဟေး .... ဘာတွေ ဖြစ်နေတာလဲ”

“သေစမ်း တောင်ပင်လယ်လောကထဲကို ဒီတိုင်း လက်လှမ်းလိုက်လို့မရဘူးလေ။ သောက်ကျိုးနည်း ကိုးတံဆိပ်ရဲ့ အဖိုးထိုက်ရတနာရဲ့ စိတ်ဆန္ဒကို မင်း လှုံ့ဆော်လိုက်မိပြီ”

“မဖြစ်နိုင်တာ။ လက်မောင်းလေးတစ်ဖက်က ဘယ်လိုလုပ် ကိုးတံဆိပ်ရဲ့ အဖိုးထိုက်ရတနာကို ဒီလိုလှုံ့ဆော်နိုင်မှာတုန်း”

လူတိုင်း အံ့အားသင့်နေကြစဉ် ခေါင်းသုံးလုံးလက်ခြောက်ဖက်အရိပ်ကြီး၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး အန္တရာယ်အာရုံကို ခံစားလိုက်ရသည်။ သို့သော် လက်ပြန်ရုတ်မည့်အစား သူက အံတင်းတင်းကြိတ်၍ သူ့လက်အား မန်ဟို့ကို မြန်မြန်ဖြစ်သတ်နိုင်အောင် စေစားနေသည်။

“သေပေတော့” သူ စကားပြောလိုက်သည့်အခိုက်အတန့်တွင် နေမှ ဖြာထွက်တောက်ပနေသောအလင်းရောင်သည် ရုတ်တရက် ပြန်ကျုံ့သွား၏။ လေးသည် အလင်းတန်းများအား စုပ်ယူရင်း အလိုလျောက် ကွေးလာသည်။ တခဏကြာသော် လေးသည် ပြေလျော့သွားပြီး အလင်းမြားတစ်စင်းအား တဟုန်ထိုး ထွက်သွားစေ၏။

အလင်းမြားက တာအိုနယ်ပယ်ထက်ပင် မြန်သော နှုန်းဖြင့် ရွေ့လျားလာသည်။ အသက်တစ်ရှိုက်လေးနှင့် ၎င်းကား အာကာသကို ထိုးခွင်းရင်း ဟိုးအဝေးရှိ တောင်ပင်လယ်လောကမှ ထွက်လာကာ လေဟုန်ခွင်း၏အပြင်တည့်တည့်တွင် ပေါ်လာတော့သည်။

၎င်းက လျှပ်စီးထက်ပင် လျင်မြန်စွာ ရွေ့လျားလာရာ တွင်းနက်ကြီးထဲရှိ အရိပ်များကို မျက်နှာဖြူဖျော့သွားစေသော အသံလှိုင်းများကို ချန်ရစ်ခဲ့သည်။

အလင်းမြှားက မန်ဟို့ကို ခြိမ်းခြောက်နေသော ဧရာမလက်ကြီးကို ထိုးဖောက်လိုက်စဉ် လေဟုန်ခွင်းအင်ပါယာသခင်၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။

လက်ကြီးမှာ စတင်ဖြစ်ညစ်ရုံသာ ရှိသေးပြီး မန်ဟို့ကို ထိပင်မထိနိုင်သေးခင် မြားက ၎င်းကို ထိုးခွင်းသွားခဲ့လေပြီ။

ဧရာမလက်ကြီးကား  ဖောင်းခနဲ ပေါက်ကွဲသွားတော့သည်။ ၎င်းမှာ အလင်းမြားကို နည်းနည်းလေးမှ တောင့်မခံနိုင်ခဲ့ပေ။ သစ်ကိုင်းခြောက်လေးပမာ ချက်ချင်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲကာ ပြာကျသွားခဲ့သည်။ သို့သော် သက်ရောက်မှုက ထိုနေရာမှာတင် မရပ်။ အလင်းမြားက ဖြာထွက်သွားပြီး မယုံကြည်နိုင်ဖွယ်ကောင်းစွာနှင့် ... တွင်းနက်ကြီးထဲသို့ ထိုးဖောက်သွားသည်။ ယခုတွင် လက်ငါးဖက်သာ ကျန်တော့သော ခေါင်းသုံးလုံးအရိပ်ကြီးမှာ ကြောက်လန့်တကြား ထွက်ပြေးလိုက်သော်လည်း အလင်းမြားက ၎င်းဆီ ပြေးဝင်လာသေး၏။

“မလုပ်ပါနဲ့ ပါရာဂွန် အသက်ချမ်းသာပေးပါ ပါရာဂွန် ....” ဧရာမအရိပ်ကြီးမှာ မချိတင်ကဲ အော်လိုက်သော်လည်း ၎င်း၏ကိုယ်လုံးကြီး ပေါက်ကွဲပြာကျသွားသဖြင့် အော်သံက တိခနဲ ရပ်သွားတော့သည်။

တစ်လောကလုံး တုန်လှုပ်သွားလေသည်။

ထိုခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အရိပ်ကြီးသည် ကောင်းကင်ဘုံ ၃၃ ခု အတွင်းက အင်ပါယာသခင်မှတစ်ပါး အခြားမဟုတ်ပေ။ ထိုကဲ့သို့ တန်ခိုးကြီးပုဂ္ဂိုလ်တစ်ယောက်သည် အလင်းမြားလေးတစ်စင်းဖြင့် မြက်ခြောက်လေးလို အပြီးတိုင် ဖယ်ရှားခံလိုက်ရလေပြီ။ တွင်းနက်ကြီးအတွင်း၌ ပုန်းကွယ်နေခဲ့စေကမူ သူကား သုတ်သင်ကွပ်မျက်ခြင်းခံလိုက်ရသေး၏။

တွင်းနက်ထဲရှိ ကျန်အရိပ်များမှာ ပြင်းပြင်းထန်ထန် တုန်ရီစပြုလာကြသည်။ ထိတ်လန့်ကြောက်ရွံ့နေသောအမူအရာများသည် သူတို့မျက်နှာပေါ်တွင် စိုးမိုးနေပြီး သူတို့မှာ ဖြစ်ပျက်နေသောအရာကို မယုံနိုင်လုနီးပါး ဖြစ်နေကြ၏။ သူတို့ကား သူတို့၏အတွေးများကို အမြဲခြောက်လှန့်နေခဲ့သည့် အတိတ်တုန်းက ကြောက်စရာလူတစ်ယောက်အကြောင်း ပြန်တွေးမိလိုက်ကြပုံရသည်။

လူတိုင်း မြားကြောင့် တုန်လှုပ်နေကြသည့်အချိန်မှာပင် မန်ဟိုက မျက်လုံးတောက်ပနေလျက် သူပုန်တာအိုသစ္စာဖောက်သုတ္တန်အလင်းဆီသို့ လှမ်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူ့လက်ကား အလင်းနှင့် ထိတွေ့သွားလေပြီ။

ဝုန်းးးးးးးးး

All Chapters