လောကပါလဖန်မျိုးနွယ်စု
Vol. 83 Ch. 1150
အလင်းမြား ပေါ်လာသောအခါ လက်တစ်ဖက် ပြတ်သွားခဲ့ပြီး တန်ခိုးရှင်တစ်ယောက် သုတ်သင်ခံလိုက်ရသည်။ ထိုအရာများက သူပုန်တာအိုသစ္စာဖောက်သုတ္တန်၏ အလင်းရောင်ကို မငြိမ်မသက်ဖြစ်လာစေ၏။ အင်မော်တယ်တံခါး၏ သက်ရောက်ခြင်းလည်း ခံခဲ့ရ၍ ရလဒ်အနေဖြင့် အလင်းတန်းမှ လာနေသော နှင်ထုတ်အားမှာ ယာယီရပ်တန့်သွားတော့သည်။
မန်ဟိုက ထိုအခိုက်အတန့်ကို အသုံးချ၍ လက်ကို ဆန့်ထုတ်ကာ သူပုန်တာအိုသစ္စာဖောက်သုတ္တန်ဖြစ်သည့် အလင်းဆီ လှမ်းလိုက်သည်။ သူ၏လက် အလင်းထဲသို့ ၀င်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ပါရာဂွန်ပင်လယ်အိပ်မက်၏ ဆွဲငင်အလင်းတန်းမှာလည်း အတန်ငယ် ပို၍အားပြင်းလာ၏။
စောင့်ကြည့်နေသူများအနေဖြင့် ပြင်းအားကို သတိမထားမိနိုင်သော်လည်း မန်ဟိုကတော့ ခံစားလိုက်ရ၍ မျက်လုံးများ လင်းလက်သွားသော်လည်း ဘာမှမပြောလိုက်ပေ။
ဆွဲငင်အားကို အချိန်နှင့်အမျှ ပြင်းထန်လာနေသော်လည်း မြား၏သက်ရောက်မှုများကြောင့် နောက်ဆုံးတော့ မန်ဟိုသည် သူ့အရှေ့ရှိ အလင်းတန်းကို လှမ်းထိနိုင်လိုက်၏။
"သူပုန်တာအိုသစ္စာဖောက်သုတ္တန် ငါ့အပိုင်ပဲ" သူက အလင်းတန်းထဲသို့ လက်ထည့်ရင်း စူးရှတောက်ပနေသော မျက်လုံးများဖြင့် ဟိန်းဟောက်လိုက်သည်။
ဂျိန်းးးးးးးးးးးး
အံ့ဩတုန်လှုပ်ဖွယ်ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားပြီး အရာအားလုံး တုန်ခါသွားသည်။ ဖြစ်ပျက်နေသော အရာကို မြင်လျှင် တွင်းနက်ကြီးထဲရှိ အရိပ်ကြီးများက ဒေါသအမျက်ထွက်လျက် အော်ဟစ်ကြတော့သည်။
"မလုပ်နဲ့"
"အဲ့ဒါက မင်းအပိုင်မဟုတ်ဘူး။ သောက်ကျိုးနည်း။ လွှတ်ပေးလိုက်စမ်း"
"အဲ့ဒါက ကောင်းကင်ဘုံ ၃၃ ခုရဲ့ အပိုင်"
ဒေါသတကြီး မာန်မဲကြိမ်းမောင်သံတိုင်းက မိုးခြိမ်းသံကြီးကဲ့သို့ ဟိန်းထွက်လာခဲ့ရာ မန်ဟို့မှာ တုန်ရီသွားပြီး သွေးအန်လိုက်ရသည်။ တွင်းနက်ထဲမှ အရိပ်ကြီးများမှာ ဒေါသူပုန်ထနေသည့်တိုင် ထွက်မလာရဲကြပေ။ စောစောက အဖြစ်အပျက်က သူတို့ကို တုန်လှုပ်ချောက်ချားစေခဲ့၍ သတ္တိများ ကြက်ပျောက်ငှက်ပျောက် သွားခဲ့လေသည်။
သူတို့တတ်နိုင်သမျှမှာ မန်ဟို့ကို နှိပ်စက်ဖို့ သူတို့၏အသံများကို အသုံးပြုနေရုံသာဖြစ်သည်။ သွေးများက မန်ဟို့ပါးစပ်မှ ပန်းထွက်သွားသော်လည်း သူကား လောကပါလတာအိုအင်မော်တယ်အဆင့်တွင် ဖြစ်သည့်အတွက် ပြန်တွန်းလှန်နိုင်လိုက်၏။ သူ့လက်က ရွေ့လျားနေခြင်းကို မရပ်တန့်ဘဲ အလင်းတန်းထဲ ဝင်လိုက်လျှင်ချင်း သူပုန်တာအိုသစ္စာဖောက်သုတ္တန်ကို အမိအရ ဆုပ်ကိုင်လိုက်သည်။
ထိုအခိုက်အတန့်တွင် တစ်စုံတစ်ခု နိုးထလာသကဲ့သို့ သူ့ခန္ဓာကိုယ်ထဲရှိ ပြင်းပြင်းထန်ထန် ဆူပွက်လာသည်။ တဝုန်းဝုန်းမြည်သံများက မန်ဟို၏ စိတ်အာရုံတစ်ခုလုံးတွင် ပြည့်နှက်နေ၏။
သူ့ခန္ဓာကိုယ် တဝုန်းဝုန်း မြည်ဟည်းနေစဉ် သူပုန်တာအိုသစ္စာဖောက်သုတ္တန်ကား သူ၏ညာလက်မှတစ်ဆင့် စုပ်ယူခံနေရလေပြီ။
ထိုသို့ဖြစ်ပျက်သောအခါ သုတ္တန်အလင်းတန်းသည် အားနည်းမှေးမှိန်စပြုလာ၏။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်ထဲရှိ သွေးများမှာ ပလုံစီထကာ ပွက်ပွက်ဆူလာသည်။ မိုးခြိမ်းသံကဲ့သို့ တဂျိန်းဂျိန်း မြည်သံများသည်လည်း သူ့ကိုယ်ထဲတွင် ပဲ့တင်ထပ်နေ၏။
ရုတ်တရက် အဆုံးမဲ့ဖြောင့်မတ်တည်ကြည်မှုတို့ဖြင့် ပြည့်နှက်နေသည့် ရှေးဆန်သော အသံတစ်သံ ပဲ့တင်ထပ်လာသည်။ ထိုအသံမှာ မန်ဟို့သွေးထဲ၌ တစ်လျှောက်လုံး တည်ရှိနေခဲ့ပုံရသည်။ သို့သော် ဤအခိုက်အတန့်တွင်မှ သူပုန်တာအိုသစ္စာဖောက်သုတ္တန်ကို စုပ်ယူလိုက်မှုကြောင့် အသံက စကားစပြောခြင်းဖြစ်၏။ အသံကား ရှေးခေတ်ကို ဖြတ်သန်း၍ မျက်မှောက်ခေတ်တွင် ပဲ့တင်ထပ်နေသည့်အလားပင်။
“ရှေးဟောင်းမျိုးရိုးကိုးမျိုး၊ အာဒိကပ္ပ၏ မူရင်းအစ၊ ချင်းမန်စကြဝဠာ၏ အရှင်သခင်များ၊ အို အဆုံးမဲ့သော မိုးနှင့်မြေ ... လောကပါလမျိုးနွယ်စုကိုးစု၏ ဤခေတ်မှာ ဖန်မျိုးနွယ်စုက ရှေ့မှဦးဆောင်၍ သူတို့၏အနှစ်သာရကို ရှာတွေ့ခဲ့ချေပြီ။ ထိုသွေးဆက်တိုင်းသွေးဆက်တိုင်းမှာ .... နိဗ္ဗာနပြန်လည်မွေးဖွားခြင်း တည်ရှိသည့်အတွက် အတွင်းအား(ချာကာရာ)တွေ ပွင့်လာခဲ့ပြီ”
အသံကြီး မန်ဟို့စိတ်ထဲတွင် ပဲ့တင်ထပ်လာသော အခိုက်အတန့်တွင် သူ့ကိုယ်တွင်းရှိ သွေးဆဲလ်အားလုံး ကွဲထွက်ကုန်သည်။ ထို့နောက် သူပုန်တာအိုသစ္စာဖောက်သုတ္တန်က သူ့ကိုယ်ထဲရှိ သွေးဆဲလ်တစ်ခုချင်းစီနှင့် ပေါင်းစည်းသွား၏။ အဆိုပါသွေးစက်တိုင်းကား တူညီနေသော သွေးဆက်စွမ်းအားဖြင့် ပြည့်သျှမ်းနေချေပြီ။
ထိုအခိုက်အတန့်မှာပင် တောင်ပင်လယ်လောက၊ နဝမတောင်ပင်လယ်၊ တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် မန်ဟို့အဖေသည် လောလောဆယ်တွင် တန်မျှော်စင်တစ်ခု၌ တင်ပျဉ်ခွေထိုင်ရင်း တောင်ကောင်းကင်ဂြိုဟ်ကို တာဝန်ကျေပွန်စွာ စောင့်ရှောက်နေ၏။
ရုတ်တရက်ဆိုသလို တုန်ခါလှိုင်းတစ်လုံးက သူ့တစ်ကိုယ်လုံး ဖြာဆင်းသွား၍ သူ့မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ သူ့သွေးကြောများထဲရှိ သွေးများ မီးလောင်ကျွမ်းနေသကဲ့သို့ ဖြစ်လာသဖြင့် အံ့ဩတွေဝေသွားမှုက သူ့မျက်နှာကို စိုးမိုးနေသည်။ တစတစ မိုးပြာရောင်အလင်းသည် သူ့ကိုယ်ထဲမှ ဖြာထွက်လာ၏။ ထိုမိုးပြာရောင်အလင်းက ... လောကပါလအင်မော်တယ်တစ်ဦး၏ အလင်းရောင်မှတစ်ပါး အခြားမဟုတ်ပေ။
ထစ်ချုန်းသံများ အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်နေသည်။ ဖန်ရှုံးဖုန်း၏ ကျင့်ကြံခြင်းအခြေခံသည် ရှေးဟောင်းနယ်ပယ်၏အထွတ်အထိပ်တွင် ဖြစ်၍ ဤအခိုက်အတန့်တွင် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ မိုးနှင့်မြေကား ပြိုးပြိုးပြက်ပြက်လက်နေသော်လည်း တခဏကြာသော် အရာအားလုံး ငြိမ်ကျသွား၏။ သူသည် ကျင့်ကြံအဆင့်မတက်ခဲ့ပေ။ သို့သော် သူ့ကိုယ်ထဲ၌ မိုးပြာရောင်တာအိုသစ်စေ့တစ်စေ့ ပေါ်လာခဲ့လေပြီ။
ထိုတာအိုသစ်စေ့ကား လောကပါလတာအိုသစ်စေ့အပြင် တခြားမဟုတ်။ သူ ၎င်းကို ကျင့်ကြံလျှင် လောကပါလလမ်းစဉ်ကို လျှောက်လှမ်းနိုင်ပြီး နောက်ဆုံး လောကပါလအင်မော်တယ်တစ်ဦး ဖြစ်လာလိမ့်မည်။
ဖန်ရှုံ့ဖုန်း၏မျက်လုံးများ ပြန်ပွင့်လာပြီး သူ့မှာ ရင်တဒိန်းဒိန်းခုန်လျက် မျက်နှာရိပ်ခနဲ ဖြစ်သွားသည်။ သူသည် မည်သည့်အရာဖြစ်ပျက်နေသလဲ မသိသဖြင့် တွေဝေနေဆဲပင်။
သူတစ်ယောက်တည်းသာ ထိုကဲ့သို့အရာမျိုးကို ကြုံတွေ့ခဲ့ရခြင်းမဟုတ်။ အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းတွင် မန်ဟို့အစ်မ ဖန်ယုသည် လောလောဆယ်တွင် တံခါးပိတ်ကျင့်ကြံနေ၏။ ရုတ်တရက် လောကပါလတာအိုသစ်စေ့က သူမကိုယ်ထဲတွင်လည်း ဖြစ်ပေါ်လာသဖြင့် မိုးပြာရောင်အလင်းက သူမထံမှ ဖြာထွက်ကွန့်မြူးလာလေသည်။
တုန်ခါလှိုင်းတစ်လုံးက လိမ့်ထွက်သွားသဖြင့် သူမ၏တံခါးပိတ်ကျင့်ရာအခန်း အပြင်နားလေးတွင် သူမကို မည်မျှချစ်ကြောင်း တတွတ်တွတ် ရပ်ပြောနေသည့် ကတုံးစွန်းဟိုက်ကို အလန့်တကြား အော်လိုက်မိစေသည်။ သူ့မှာ တိုက်ကွက်တစ်ကွက်ဖြင့် တိုက်ခိုက်ခံလိုက်ရသကဲ့သို့ ပါးစပ်မှ သွေးများပန်းထွက်လျက် လွင့်ထွက်သွားတော့သည်။
အရှေ့အောင်ပွဲဂြိုဟ်ပေါ်က ဖန်မျိုးနွယ်စုတွင် .... သွေးကြောများထဲ၌ ဖန်မျိုးနွယ်သွေး စီးဆင်းနေသည့် လူတိုင်းသည် ထိုနည်းတူ ကြုံတွေ့လိုက်ရသဖြင့် အရှေ့အောင်ပွဲဂြိုဟ်တစ်ခွင် မိုးပြာရောင်အလင်းများ ကွန့်မြူးလျက်ရှိသည်။ ဖန်ဝေသည် မိုးပြာရောင်အလင်းနှင့် ခြံရံခံထားရသလို မဟာအကြီးအကဲလည်း အလားတူပင်။ ဖန်မျိုးနွယ်စု၏ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများနှင့် ဖန်မျိုးနွယ်တိုင်း လက်ဆုပ်လက်ကိုင်မပြနိုင်သော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့လိုက်ကြရသည်။ မန်ဟို့စိတ်ထဲရှိ အသံ ပြောခဲ့သည့်အတိုင်း .... နိဗ္ဗာနပြန်လည်မွေးဖွားခြင်းကြောင့် အတွင်းအား(ချာကာရာ)များ ပွင့်လာခဲ့လေပြီ။
ဖန်မျိုးနွယ်စုသည် ပထမဆုံး လောကပါလမျိုးနွယ်စု ဖြစ်၏။
လေပြင်းများက တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းလုံးတွင် တဝေါဝေါ တိုက်ခတ်နေသည်။ ဤအခိုက်အတန့်တွင် ..... ဖန်မျိုးနွယ်စု အမြင့်သို့ ရောက်ရှိတော့မည်မှာ သေချာသွားပြီဖြစ်သည်။ သူတို့သည် သခင်ကျီကိုပင် တုန်လှုပ်စေနိုင်လိမ့်မည်။ ထိုမျှသာမက အချိန်ကြာလာလျှင် ဖန်မျိုးနွယ်စု၏အသံသည် နဝမတောင်ပင်လယ်တစ်ခုလုံးတွင် အလေးထားခံရဆုံးဖြစ်လာပြီး သေချာပေါက် အရေးပါဆုံးမျိုးနွယ်စုဖြစ်လာလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ... ဖန်မျိုးနွယ်စုကား လောကပါလမျိုးနွယ်စုတစ်စု ဖြစ်သွားခဲ့၍ပင်။
ထိုစဉ် မန်ဟိုသည် လေဟုန်ခွင်းလောကထဲတွင် တဂျိန်းဂျိန်းမြည်သံများ ထုတ်လွှတ်လျက် တည်ရှိနေ၏။ သူ့နဖူးထဲရှိ တတိယနိဗ္ဗာနသစ်သီးကား ထွက်မလာခဲ့ပေ။ ထိုအစား သူပုန်တာအိုသစ္စာဖောက်သုတ္တန်ကို အသည်းအသန် စုပ်ယူ၍ မန်ဟိုနှင့် တစ်သားတည်းဖြစ်နေစေသည်။
သူ့မှာ အလွန်ကြီးမားသောအားကြီးဖြင့် ပြည့်နှက်နေသဖြင့် ပေါက်ကွဲတော့မည့်အလား ပြင်းပြင်းထန်ထန် တုန်ရီနေသည်။ တစ်ဆက်တည်းမှာပင် ဖန်မျိုးနွယ်စုသည် ပြောင်းလဲနေ၏။ သို့သော် ကျန်ဖန်မျိုးနွယ်များနှင့်မတူ၊ မန်ဟိုကား လောကပါလတာအိုသစ်စေ့ကို ဖော်ဆောင်နေခြင်းမရှိ။
သူ့တွင် ... မည်သည့်တာအိုသစ်စေ့မှ မရှိပေ။
အဘယ်ကြောင့်ဆိုသော် သွေးဆက်က သူ့ကြောင့် ပွင့်လာခဲ့၍ဖြစ်သည်။ သူ့နာမည်ကြောင့် အတွင်းအား(ချာကာရာ)များ ထုတ်လွှတ်ခံခဲ့ရသည်။ ဤအခိုက်အတန့်တွင် သွေးဆက်အရ မန်ဟိုသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီးထက်ပင် မြင့်သွားလေပြီ။
သူကား ယခုတွင် လောကပါလဖန်မျိုးနွယ်စု၏ တစ်ယောက်တည်းသော အစစ်အမှန်ခေါင်းဆောင်ကြီးဖြစ်လာခဲ့၏။
ဖန်မျိုးနွယ်တိုင်း၏ သွေးဆက်များက မန်ဟို့ကြောင့် နိုးထလာခဲ့သည်။ ထိုမျှသာမက ဖန်မျိုးနွယ်တိုင်းသည် ကိုယ်အတွင်း၌ လောကပါလတာအိုသစ်စေ့များကို ပိုင်ဆိုင်သွားကြ၏။ ယင်းက မန်ဟို့သွေး၏ လွှမ်းမိုးမှုကြောင့်ဖြစ်ရာ သူက ၎င်းတို့အားလုံး၏ မူလဇစ်မြစ်ဖြစ်ချေသည်။
ထို့အပြင် .... မန်ဟိုသည် တောင်ပင်လယ်လောကထဲရှိ ဖန်မျိုးနွယ်တိုင်း၏ သွေးများကိုပင် ခံစားနေရ၏။
ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည်ကား ... သူသည် ဖန်မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးဖြစ်ကြောင်း သက်သေပြနိုင်မည့် အကောင်းဆုံးနည်းလမ်းအနေဖြင့် ဖန်မျိုးနွယ်တစ်ဦးတစ်ယောက်ချင်းစီ၏ သေခြင်းရှင်ခြင်းကို ခြယ်လှယ်နိုင်လေပြီ။
သူ့အနေဖြင့် အတွေးလေးတစ်ချက်နှင့် မည်သည့်ဖန်မျိုးနွယ်ကိုမဆို သတ်ပစ်နိုင်သည်။ သူ့စိတ်ဆန္ဒက အရာအားလုံးကို လွှမ်းမိုးမင်းမူထား၏။ ယင်းကား လောကပါတာအိုအင်မော်တယ်၊ လောကပါလမျိုးနွယ်စု၏ မျိုးနွယ်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်လာခြင်းမှ အစပြုသော တန်ခိုးအင်အားဖြစ်သည်။ သူ့တွင် ရှင်ခြင်းသေခြင်း၏ အမြင့်ဆုံးအာဏာကို ပိုင်ဆိုင်ထားသည်။
တခဏလေးအတွင်း သူပုန်တာအိုသစ္စာဖောက်သုတ္တန်မှာ စုပ်ယူခံရပြီးနောက် မန်ဟို့လက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့လေပြီ။
သူပုန်တာအိုသစ္စာဖောက်သုတ္တန်ကား မန်ဟို၏တစ်စိတ်တစ်ပိုင်း၊ သူ့သွေးဆက်ကို ဖွင့်ပေးပြီးနောက် ထိုသွေးဆက်စွမ်းအားကို ဖန်မျိုးနွယ်တိုင်းဆီသို့ ဖြန့်ဝေ၍ တာအိုသစ်စေ့များ ရရှိသွားစေသော သော့တစ်ချောင်းဖြစ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူပုန်တာအိုသစ္စာဖောက်သုတ္တန်က သူ့ကို သူ၏တတိယနိဗ္ဗာနသစ်သီးအား စုပ်ယူခွင့်ရစေခဲ့သည်။ အဆိုပါပေါင်းစည်းမှုသည် အရင်နိဗ္ဗာနသစ်သီးနှစ်လုံးတုန်းက ဖြစ်ခဲ့သည်နှင့် လုံးလုံးလျားလျား ကွာခြားလေ၏။ ထိုမျှသာမက ပေါင်းစည်းခြင်းဖြစ်စဉ်သည် အချိန်ယူရလိမ့်မည်။
မန်ဟို့အတွက် ... လောကပါလတာအိုအင်မော်တယ် တရားဝင်ဖြစ်လာဖို့ လပေါင်းများစွာ ကြာလိမ့်မည်။
တောင်ပင်လယ်လောကတွင် သူသည် ... တစ်ယောက်တည်းသော လောကပါလတာအိုအင်မော်တယ် ဖြစ်လာမည်။
ထိုအဆင့်အား တစ်ဝက်တစ်ပျက်တာအိုအဆင့်နှင့် နှိုင်းယှဉ်နိုင်၏။ သူ့အနေဖြင့် တာအိုနယ်ပယ်ပညာရှင်များကိုပင် တိုက်ခိုက်နိုင်လိမ့်မည်။ ရှေးခေတ်မှ ယနေ့ထက်အထိ ထိုအဆင့်ကား အင်မော်တယ်နယ်ပယ်၏ ထိပ်ဆုံးအမြင့်ဆုံးအဆင့် ဖြစ်ချေသည်။
သူပုန်တာအိုသစ္စာဖောက်သုတ္တန် ပျောက်ကွယ်သွားသောအခိုက်အတန့်တွင် မန်ဟိုက နောက်ဆုတ်လိုက်သည်။ ပါရာဂွန်ပင်လယ်အိပ်မက်၏အလင်းတန်းက သူ့ကို နောက်သို့ ပြန်ဆွဲခေါ်လေသည်။ သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ လူတိုင်း လေဟုန်ခွင်းလောကအပြင် ရောက်နေခဲ့ပြီဖြစ်ကြောင်း မြင်လိုက်ရသည်။
ချူယွီယန်ပင်လျှင် ပါရာဂွန်ပင်လယ်အိပ်မက်၏ ဆွဲခေါ်ခြင်းခံလိုက်ရသည်။
မန်ဟိုသည် အဝေးရှိ ချူယွီယန်ကို မြင်လျှင် နှလုံးသားထဲ၌ ခံစားချက်များ မတင်မကျဖြစ်လာ’။ တာအိုကောင်းကင်နှင့် အက်ရှလွန်များ၏အကူအညီအပြင် ချူယွီယန်၏အင်မော်တယ်တံခါးကြောင့်သာမဟုတ်လျှင် သူ့အနေဖြင့် သူပုန်တာအိုသစ္စာဖောက်သုတ္တန်အနားပင် ကပ်နိုင်ခဲ့မည်မဟုတ်ပေ။
ချူယွီယန်အပေါ် သူ၏ခံစားချက်များသည် ပို၍ပင်ရှုပ်ထွေးလာရာ သူမှာ သက်ပြင်းသာ ချလိုက်မိ၏။
တောင်ပင်လယ်လောကမှ လူအားလုံးအနက် မန်ဟိုက လေဟုန်ခွင်းလောကမှ ထွက်ခွာလာသည့် နောက်ဆုံးတစ်ယောက်ဖြစ်သည်။ သူ ထွက်သွားတော့မည့်အချိန် ဧကရာဇ်၏ဝိညာဉ်ကို လှည့်ကြည့်လိုက်ရာ မဆိုစလောက်ပြုံးနေကြောင်း မြင်လိုက်ရ၏။ သူကား မန်ဟို သူပုန်တာအိုသစ္စာဖောက်သုတ္တန်အား ယူသွားခဲ့သည်ကို ဂရုမစိုက်သည့်အလားပင်။
ထို့နောက် တွေဝေရှုပ်ထွေးနေသော မျက်နှာထားနှင့် လေဟုန်ခွင်းအင်ပါယာသခင်ကိုလည်း မြင်လိုက်ရသည်။
နောက်ဆုံးတော့ ဗဟိုဝတ်ပြုကျောင်းဒေသတွင် ရပ်နေသည့် ကျုံးဝူရကို သူ ကြည့်လိုက်သည်။ ကျုံးဝူရက မျှော်လင့်ထားသောအမူအရာဖြင့် သူ့ကို မော့ကြည့်နေ၏။ ကျုံးဝူရ အစစ်အမှန်တာအိုကို ခံစားနေရသည်ကိုလည်း မန်ဟို အာရုံရလိုက်သည်။
ပိုက်ကွန်ကြီးထဲရှိ တွင်းနက်ကြီးမှာ အချိန်အတော်ကြာကတည်းက အပြည့်အဝ ပွင့်နေခဲ့ပြီဖြစ်သည်။ သူပုန်တာအိုသစ္စာဖောက်သုတ္တန်မရှိတော့သည့်တိုင် လေဟုန်ခွင်းလောက၏လမ်းကား အဟန့်အတားမရှိတော့ပေ။ မန်ဟို ၎င်းကို ယူယူမယူယူ ... သုတ္တန်၏တည်ရှိမှုက လေဟုန်ခွင်းလောကအား တောင်ပင်လယ်လောကမှ ထွက်သွားနိုင်မည့် အာမခံချက်ရှိစေခဲ့ဟန်တူသည်။
ယခုတွင် လေဟုန်ခွင်းလောက ထွက်သွားပြီဖြစ်ရာ ... ၎င်းသည် ၃၄ ခုမြောက် ကောင်းကင်ဘုံ ဖြစ်လာကောင်းဖြစ်လာနိုင်သလို၊ မဖြစ်ကောင်းလည်း မဖြစ်နိုင်ပေ။ ဤအချိန်တွင် အတပ်ပြော၍မရတော့။
မည်သို့ဆိုစေ လေဟုန်ခွင်းလောကသားများအတွက် အောင်မြင်သွားပြီဟု ဆိုနိုင်သည်။ သူတို့ကား နောက်ဆုံးတော့ တောင်ပင်လယ်လောကမှ လွတ်မြောက်သွားခဲ့လေပြီ။
မန်ဟို လောက၏နယ်စပ်ကို ဖြတ်ကျော်သွားသည့်အချိန်တွင် အဆုံးမဲ့ထစ်ချုန်းသံများ အာကာသတစ်ခွင် ပဲ့တင်ထပ်သွား၏။ ထို့နောက် သူ ကြည့်နေစဉ် လေဟုန်ခွင်းလောကမြေပြင်များကား တွင်းနက်ကြီးထဲသို့ ဖြေးဖြေးချင်း စုပ်ယူခံလိုက်ရသည်။
မိုးကြိုးလေပြင်းများ သောင်းကျန်းတိုက်ခတ်ပြီးနောက် တွင်းနက်ကြီးသည် တစတစ ကျုံ့စပြုလာ၏။ ၎င်းမှာ ပျောက်ကွယ်သွားခဲ့ပြီး ဧရာမပိုက်ကွန်ကြီးလည်း မိုးကြိုးလျှပ်စီးများ၏အလယ်တွင် မှေးမှိန်လာသည်။ ထိုအခိုက်အတန့်တွင် မန်ဟိုသည် ပိုက်ကွန်၏တစ်ဖက်ရှိ အရိပ်များကို မြင်သည်ဆိုရုံကလေး မြင်လိုက်ရ၏။ သူတို့အားလုံးက သူနှင့် ပါရာဂွန်ပင်လယ်အိပ်မက်ကို စိုက်ကြည့်နေကြသည်။ တခဏကြာသော် ပျောက်ကွယ်သွားကြ၏။
မကြာမီ ပိုက်ကွန်လည်း မရှိတော့ပေ။ ပိတ်ပိန်းနေသော အမှောင်ထုကိုသာ မြင်ရတော့သည်။
လေဟုန်ခွင်းလောကကား … ထွက်သွားခဲ့လေပြီ။
ကျုံးဝူရ သူ ရှာနေသော အစစ်အမှန်တာအိုကို တွေ့မလားမတွေ့မလားဆိုသည်ကိုတော့ မန်ဟို မသိနိုင်။ သို့သော် တစ်နေ့ကျလျှင် သူကိုယ်တိုင် ကောင်းကင်ဘုံ ၃၃ ခုထဲရှိ ကမ္ဘာလောကတိုင်းကို သွားဖြစ်အောင် သွားမည်။