ပင်လယ်အိပ်မက်ကို မေးခွန်းထုတ်ခြင်း
Vol. 83 Ch. 1151
လေဟုန်ခွင်းလောကမှာ တောင်ပင်လယ်လောက၏ တစ်စိတ်တစ်ပိုင်း မဟုတ်တော့ပေ။ ၎င်းကား ထာ၀ရ ထွက်ခွာသွားခဲ့လေပြီ။
မန်ဟိုက အာကာသဟင်းလင်းပြင်ကို လှမ်းကြည့်နေပြီး နက်နဲသိမ်မွေ့သော အလင်းရောင်သည် သူ၏မျက်ဝန်းထဲတွင် တဖြည်းဖြည်း တောက်ပလာ၏။ ထို့နောက် သူက ပါရာဂွန်ပင်လယ်အိပ်မက်၏ အလင်းတန်း သူ့အား ပြန်ဆွဲခေါ်နေစဉ် ကျင်ကြံခြင်းဂူအပြင်၌ စုဝေးနေသောအဖွဲ့ဘက် ခေါင်းလှည့်ကြည့်လိုက်သည်။
မည်သူမှ စကားမပြောကြပေ။ သူတို့သည် လေဟုန်ခွင်းလောက ပျောက်ကွယ်သွားပြီး အာကာသဟင်းလင်းပြင် ပုံမှန်အနေအထားသို့ ပြန်ရောက်သွားသည်ကို ငေးကြည့်နေကြ၏။ စိတ်နှလုံးတည်ငြိမ်နေသည့်လူဟူ၍ မရှိပေ။ လေဟုန်ခွင်းလောကတွင် ဖြစ်ပျက်သွားခဲ့သောအရာများက သူတို့စိတ်ထဲတွင် အမျိုးအမည်မဖော်နိုင်သောခံစားချက်များအား ဖြစ်ပေါ်လာစေခဲ့သည်။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်သတ်ဖြတ်ခြင်းမှ စတင်ခဲ့ကြပြီး နောက်ဆုံးတော့ အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကြရလေ၏။ အတွေ့အကြုံများကို ပြန်တွေးမိသည့်အခါ အကုန်လုံး မချိတင်ကဲ သက်ပြင်းချလိုက်မိကြသည်။
သွေးကြွေးရန်ငြိုးဟု ခေါ်သည့် အရာများမှာ ယခုတွင် မပြောပလောက်တော့ပေ။
လင်းချုံသည် ထိုကဲ့သို့ ခံစားနေရပြီး ဟန်ချင်းလဲ့လည်း အတူတူပင်။ တာအိုကောင်းကင်ပင်လျှင် ထိုနည်းတူ ခံစားနေရ၏။
ယွီဝမ်ကျန်းမှာမူ ဟုန်ပင်းကို သတ်ခဲ့သည့်အတွက် တာအိုကောင်းကင်ကို မုန်းတီးစက်ဆုပ်ခဲ့သော်လည်း ဟုန်ပင်း၏ဝိညာဉ်ကို မြင်ပြီးနောက် တရားခံအစစ်မှာ ဧကရာဇ်သာဖြစ်ကြောင်း နားလည်လိုက်လေသည်။
သူတို့အားလုံး မလှုပ်မယှက်ရပ်လျက် တွေးနေကြပြီး အဖြစ်အပျက်များက သူတို့၏စိတ်ထဲတွင် ဖြတ်ပြေးနေကြသည်။ ထိုအရာများမှာ လွယ်ကူစွာ မေ့ဖျောက်၍ရနိုင်မည့်အရာများ မဟုတ်။ သူတို့၏ ဝိညာဉ်ထဲအထိ စွဲမြဲနေလိမ့်မည်။
သူတို့ မျက်စိဖြင့် မြင်တွေ့ခဲ့ရသည့်အရာကား .... ပုန်ကန်မှုကြီးမဟုတ်ပါလော။
ဤကဲ့သို့ပုန်ကန်မှုမျိုး တောင်ပင်လယ်လောကတွင် မဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ သို့သော် ဤလူများမှာ ယခုလေးတင် ထိုအတွေ့အကြုံကို ကျော်ဖြတ်ခဲ့ရသည်။ ပါရာဂွန်ပင်လယ်အိပ်မက်သာ သူမ၏အလင်းတန်းကို မသုံးခဲ့လျှင် သူတို့အားလုံး လေဟုန်ခွင်းလောကနှင့်အတူ ကောင်းကင်ဘုံ ၃၃ ခုသို့ ပါသွားခဲ့ပြီဖြစ်သည်။
အက်ရှလွန်ကျင့်ကြံသူများက အခြားသူများထက်ပို၍ အခြေအနေကို သုံးသပ်အကဲဖြတ်နိုင်၏။ တောင်ပင်လယ်လောကနှင့်ပက်သက်သည့်ကိစ္စများအပေါ် သူတို့၏နားလည်သိမြင်မှုက သာမန်ကျင့်ကြံသူများထက် သာလွန်သည်မဟုတ်ပါလော။ သို့ပင်ငြား အခြားကျင့်ကြံသူများမှာတော့ အမြုတေအထိ တုန်လှုပ်နေကြလေသည်။
ကောင်းကင်ဘုံများကား အမှန်တကယ် တည်ရှိနေသည်။ ထိုအမှန်တရားကို သိလိုက်ရသည့် မည်သူမဆို အံ့ဩခြင်းလှိုင်းတံပိုးများဖြင့် သေချာပေါက် ရိုက်ခတ်ခံလိုက်ရမည်ဖြစ်သည်။
မန်ဟိုသည် ဟင်းလင်းပြင်မှ အကြည့်လွှဲလိုက်ရာ ချူယွီယန်ကို မြင်သွား၏။ သူမက သူ့အကြည့်ကို ရှောင်ပြီး သူနှင့် မပတ်သက်ချင်သည့်အလား နောက်သို့ပင် ဆုတ်သွားလေသည်။ သူ သူမကို ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေစဉ် ရုတ်တရက် ကျင့်ကြံခြင်းဂူထဲမှ ခြေသံများကြားလိုက်ရသည်။ အမျိုးသမီးတစ်ယောက် လမ်းလျှောက်ထွက်လာပြီး ထိုအမျိုးသမီးက ပါရာဂွန်ပင်လယ်အိပ်မက်မဟုတ်ပေ။ သူမကား .... လီလင်းအာဖြစ်၏။ လီလင်းအာမှာ လူသားအရေခြုံထည်ကို ဖယ်ခွာ၍ အဆင့်တက်သွားခဲ့သည့်အလား ပို၍ပင် တင့်တယ်ကျော့ရှင်းလှပကာ ထူးခြားနေသည်။
သူမ လမ်းလျှောက်ထွက်လာသောအခါ လင်းချုံနှင့် အခြားသူများက တည်ကြည်လေးနက်စွာ လက်ယှက်၍ အရိုအသေပေးလိုက်ကြသည်။ တာအိုကောင်းကင်ပင်လျှင် အရိုအသေပေးလိုက်၏။ သို့သော် ဖန်းတုံးအာနှင့် ချူယွီယန်တို့မှာတော့ မျက်လုံးကလေးအပြူးသားနှင့် လီလင်းအာကို ကြည့်ရင်း မယုံနိုင်ဖြစ်နေကြသည်။
မန်ဟိုက အရိုအသေပေးခြင်းမရှိ။ လီလင်းအာကို ပါရာဂွန်ပင်လယ်အိပ်မက်၏ လက်ထဲသို့ ထည့်ပေးခဲ့သူမှာ သူပင် မဟုတ်ပါလော။ မည်ကဲ့သို့ အရိုအသေပေးရမည်နည်း။
လီလင်းအာက မန်ဟို့ကို မျက်စောင်းတခဲခဲဖြင့် စိုက်ကြည့်ပြီးနောက် အခြားသူများဆီသို့ မျက်လုံးဝေ့ကြည့်လိုက်သည်။
"ပါရာဂွန်ပင်လယ်အိပ်မက်ရဲ့ အမိန့်တော်မြတ်ကို နာခံစေ" သူမက အေးစက်စက် ပြော၏။ “လေဟုန်ခွင်းလောကမှာ ဖြစ်ခဲ့တာတွေက နင်တို့ကိစ္စ မဟုတ်ဘူး။ ဒီသတင်းရဲ့အစအနလေးကိုတောင်မှ ဒီအဖွဲ့ရဲ့ အပြင်ကို မဖြန့်ရဘူး။ ဒီလိုအဖြစ်အပျက်တွေကို မျက်စိနဲ့ ကြုံတွေ့ခွင့်ရတာက နင်တို့အားလုံးအတွက် ထူးကဲတဲ့ ကံကြမ္မာကောင်းလို့ ပြောလို့ရတယ်။ သူက နင်တို့အားလုံး ဆက်လက်ကျင့်ကြံအားထုတ်ပြီး လမ်းမှန်ကို ရှာတွေ့ကြမယ်လို့ မျှော်လင့်ထားတယ်။ နင်တို့အားလုံးကို ရှေးဟောင်းနယ်ပယ်ကို ၀င်ရောက်သွားတဲ့အခါ အစီအစဥ်ကို အကောင်အထည်ဖော်ရမယ့် အချိန်ကျလာလိမ့်မယ်" ထို့နောက် သူမက လက်ကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင်ဝဲတစ်ဝဲသည် ဘေးတွင် ပေါ်လာ၏။
"ဝဲထဲ ၀င်ပြီး လာတဲ့နေရာကို ပြန်သွားကြတော့"
လက်ရှိအချိန်အတွင် တာအိုကောင်းကင်၊ အက်ရှလွန်စာရင်းဝင်များအပြင် ဖန်းတုံးအာ၊ ပေ့ယွီတို့လည်း ရှိနေကြသည်။ သို့သော် မူလက လူတစ်ရာရှိသောအဖွဲ့မှ တစ်ဒါဇင်ကျော်သာ ကျန်ရှိတော့ခြင်း ဖြစ်၏။
သူတို့အားလုံးက ကျင့်ကြံခြင်းဂူဆီသို့ လက်ယှက်၍ တိတ်ဆိတ်စွာ အရိုအသေပေးလိုက်ကြသည်။ လင်းချုံက ဝဲအနား ပထမဆုံး ချဉ်းကပ်သွား၏။ သူက ၎င်းအရှေ့တွင် ရပ်၍ မန်ဟို့ကို လှည့်ကြည့်လေသည်။
"မန်ဟို" သူက တည်ငြိမ်ပြီး စိတ်ရင်းထဲမှ လာသောလေသံဖြင့် ပြောသည်။ "ငါ မင်းကို စတုတ္ထတောင်မှာ စောင့်နေမယ်။ ရှုချင်လည်း အဲ့ဒီမှာ ရှိတယ်။ မင်းလာရင် ငါ သေချာပေါက် မင်းကို စိန်ခေါ်မယ်။ ပြီးရင်တော့ မင်းနဲ့ ငါနဲ့ မိတ်ဆွေလုပ်ကြတာပေါ့
"စတုတ္ထတောင်ကို ပြန်ရောက်ရင် ငါ အရင်ဆုံး ရှုချင်ကို ရှာပြီး မင်းကို တွေ့ခဲ့တဲ့အကြောင်း ပြောမလို့။ မင်း ငါ့ကို စကားပါးချင်တာများ ရှိသေးလား"
"အပန်းမကြီးဘူးဆိုရင် အစ်ကိုလင်း .... ကျေးဇူးပြုပြီး ရှုချင်ကို ပြောပေးပါ။ ‘ကိုယ်တို့ ကတိကို မမေ့ဘူး’ လို့" သူက လက်ကို ဝှေ့ယမ်းလိုက်ကာ ဆေးလုံးတစ်လုံးအား လင်းချုံဆီသို့ ပျံသန်းသွားစေသည်။
၎င်းက ရုပ်ပျိုဆေးလုံးတစ်လုံး ဖြစ်၏။
"ကျုပ်အစား ဒါလေး သူ့ဆီ ပေးပေးပါ"
လင်းချုံက ဆေးလုံးကို လက်ခံပြီးနောက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် လှည့်၍ ဝဲထဲသို့ ၀င်ရောက်ပျောက်ကွယ်သွား၏။
ထို့နောက် ဟန်ချင်းလဲ့။ သူက မန်ဟို့ကို ခံစားချက်များ ရှုပ်ထွေးနေဟန်ဖြင့် လှမ်းကြည့်ပြီးနောက် ခါးသက်သက် ရယ်ရင်း ခေါင်းခါရမ်းလိုက်သည်။
"မင်းက မန်မျိုးရိုးဆိုပေမယ့် ကံကောင်းထောက်မလို့ အဋ္ဌမတောင်က မန်မျိုးနွယ်စုနဲ့ ပတ်သက်မနေဘူး"
"ပတ်သက်ကောင်းလည်း ပက်သက်နေမှာပေါ့"
မန်ဟိုက ထူးဆန်းသော မျက်နှာထားဖြင့် ပြန်ဖြေသည်။ လင်းချုံမှာ တအံ့တဩနှင့် မျက်တောင်ခတ်ရင်း မန်ဟို့ကို ငေးကြည့်နေသည်။ နောက်ဆုံးတော့ သူက ဘာပြောရမှန်းမသိ၍ သက်ပြင်းသာ ချလိုက်လေသည်။ ထို့နောက် ဝဲထဲသို့ ၀င်ရောက်ကာ ပျောက်ကွယ်သွား၏။
ထို့နောက် ယွီ၀မ်ကျန်း။ သူသည် မန်ဟို့ထံ လမ်းလျှောက်လာပြီး မန်ဟို့ပခုံးကို ဖက်၍ မျက်လုံးတည့်တည့်ကို ကြည့်သည်။ မန်ဟိုက ရယ်ပြီး သူ့ကို ပြန်ဖက်ပေးလိုက်၏။
"ဆဋ္ဌမတောင်မှာ ငါ့ကို လာရှာဖို့ မမေ့နဲ့နော်" ယွီ၀မ်ကျန်းက တိုးတိုးပြောသည်။ "မင်းကို နတ်ဘုရားကုန်းမြေဆီ ခေါ်သွားပေးမယ်။ အဲ့ဒီမှာ နတ်ဘုရားသွေးကို မင်း ရှာနိုင်တယ်" သူက တဟားဟားရယ်ရင်း လှည့်၍ ဝဲဆီ လျှောက်သွားသည်။
အထဲသို့ မ၀င်ခင် သူက အော်လိုက်၏။ "ဪ ဒါနဲ့ ဒီစစ်ပုဆိန်ကို ငါယူသွားပြီနော်"
ထို့နောက် သူ့မှာ မန်ဟို သဘောမတူမည်ကို စိုးရိမ်နေသည့်အလား ဝဲထဲသို့ ခုန်၀င်ပျောက်ကွယ်သွားတော့သည်။
မန်ဟို့မှာတော့ မျက်လုံးအပြူးသားနှင့် ကျန်ခဲ့သည်။ သူသည် ထိုစစ်ပုဆိန်ကို မေ့လျော့နေခဲ့၍ သတိရလိုက်သောအခါ ရင်နာသွားလေ၏။ သို့သော်လည်း သူ့အနေဖြင့် ခပ်ယဲ့ယဲ့ ရယ်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပေ။
“မန်ဟို” တာအိုကောင်းကင်က မန်ဟို့မျက်ဝန်းများကို ကြည့်ရင်း ပြောသည်။
“အခုလို လေဟုန်ခွင်းလောကကို လာပြီး ငါတို့စိတ်ကူးနယ်အလွန်က ကောင်းကင်ဘုံတွေကို မျက်စိနဲ့မြင်တွေ့ခွင့်ရတာ ဝမ်းသာမိတယ်။ ဒါ့အပြင် မင်းက ... ငါ မတည်ရှိနိုင်ဘူးလို့ ထင်ထားတဲ့ လူတစ်ယောက်တည်ရှိနိုင်တာကို နားလည်အောင်လည်း ကူညီပေးခဲ့တယ်
“မင်းက ငါ့ပါရာဂွန်မှော်သိုင်းကို ဖယ်ရှားခဲ့ပေမယ့် တွေးကြည့်တော့ အကြောင်းရင်းက အဲဒါကို ထိန်းချုပ်နိုင်တဲ့ အရည်အချင်း ငါ့မှာ မရှိသေးလို့ဆိုတာ သဘောပေါက်ခဲ့တယ်
“အဆုံးသတ်မှာ မင်းက ငါ့ကို ကယ်ခဲ့တယ်။ ဒါပေမဲ့ တစ်နေ့ကျရင် ငါ မင်းကို စိန်ခေါ်ဦးမှာ။ မင်း ငါ့ကို နိုင်ရင် ဒုတိယအကြိမ် စိန်ခေါ်မယ်။ မင်း ငါ့ကို ထပ်နိုင်ရင် တတိယအကြိမ် စိန်ခေါ်မယ်။ ငါ မင်းကို မနိုင်မချင်း ဆက်စိန်ခေါ်နေဦးမှာ
“ပြီးတော့ အက်ရှလွန်ထဲမှာ မင်းက တကယ်ပဲ နံပါတ်တစ်ကျင့်ကြံသူလို့ မထင်ထားနဲ့ဦး။ အက်ရှလွန်မှာ စာရင်းဝင် ၁၃ ယောက်ရှိတယ်။ ဒါပေမဲ့ ဟိုက်တုန်းချင်းကို ထည့်တွက်ရင်တောင်မှ ဆယ်ယောက်ပဲ လေဟုန်ခွင်းလောကကို လာခဲ့တာ
“နောက်ထပ်သုံးယောက် ရှိသေးတယ်။ သူတို့ကို ... မင်း သတိထားရမယ်။ အဲဒီသုံးယောက်က .... လက်ဖျားခါလောက်အောင် …. ကြောက်စရာကောင်းတယ်” တာအိုကောင်းကင်သည် နောက်ဆုံးစကားလုံး ‘ကြောက်စရာကောင်းတယ်’ ကို မပြောခင် တခဏ ရပ်ခဲ့၏။
သူ မည်မျှမာနကြီးသည်ကို ထည့်တွက်လျှင် သူ့အတွက် ထိုကဲ့သို့စကားလုံးကို ပြောရန် ခက်ခဲသည်။
မန်ဟိုမှာ တအံ့တဩ ကြည့်လိုက်မိသည်။
“လက်ဖျားခါလောက်အောင် ကြောက်စရာကောင်းတယ်တဲ့လား”
“တိတိကျကျပြောရရင် သူတို့က အက်ရှလွန်ရဲ့ လက်ရှိမျိုးဆက်က မဟုတ်ဘူး....” တာအိုကောင်းကင်သည် အရေးကြီးသောတစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည့်အလား ထိတ်လန့်နေဟန်ဖြင့် ကျင့်ကြံခြင်းဂူအား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက မန်ဟို့ကို ပြန်ကြည့်လိုက်ရာ နှစ်ယောက်သား အကြည့်ချင်းဆုံသွားသည်။ မန်ဟိုသည် တာအိုကောင်းကင်၏မျက်လုံးထဲ၌ ကူကယ်ရာမဲ့နေသောအရိပ်အယောင်အပြင် တမြေ့မြေ့လောင်ကျွမ်းနေသော အမျက်ဒေါသကို မြင်လိုက်ရ၏။ နောက်ဆုံးတော့ တာအိုကောင်းကင်ကား ဝဲထဲ ဝင်၍ ပျောက်ကွယ်သွားတော့သည်။
ဖန်တုံးအာ၊ ပေ့ယွီနှင့် အခြားသူများလည်း ထွက်သွားကြသည်။ ချူယွီယန်လည်း ထွက်ခွာသွားသည်။ တစ်ချိန်လုံး သူမသည် မန်ဟို့အကြည့်ကို ရှောင်နေခဲ့ပြီး သူ့အား စကားတစ်ခွန်းပင် မပြောခဲ့ပေ။
နောက်ဆုံးတော့ မန်ဟိုတစ်ယောက်တည်းသာ ရပ်ကျန်ခဲ့သည်။ သို့သော် သူက ပြန်မည့်အစား ကျင့်ကြံခြင်းဂူဘက်သို့ လှည့်လိုက်သည်။
“ပါရာဂွန်ပင်လယ်အိပ်မက် ခင်ဗျား ကျုပ်ကို ရှင်းပြဖို့ လိုနေတယ်နော်” သူ့အသံသည် ထိတ်လန့်စရာကောင်းသလို အေးစက်နေ၏။ သူသည် သူမအား ထိုကဲ့သို့လေသံမျိုးနှင့် တစ်ခါမှ မပြောခဲ့ဖူးပေ။ သူတို့နှစ်ယောက် ဆုံတွေ့ခဲ့သည့် အရှေ့နှစ်ခေါက်တုန်းက သူ့မှာ အမြဲသတိရှိ၍ လေးနက်တည်ကြည်ခဲ့သည်။ သို့သော် ယခုတွင် သူ့နှလုံးသားမှာ အမျက်ဒေါသမီးတို့ဖြင့် တဟုန်းဟုန်းတောက်နေသည့်အတွက် ပါရာဂွန်ပင်လယ်အိပ်မက်ကို ပြောလိုက်သော သူ၏လေသံတွင် ယခင်ကဲ့သို့ လေးစားမှုတစ်စုံတစ်ရာ ရှိမနေပေ။
“ရာရာစစ” လီလင်းအာမှာ သူ့လေသံကြောင့် အံ့ဩသွားသဖြင့် မန်ဟို့ကို မာန်မဲလိုက်ရင်း မျက်လုံးအပြူးသားနှင့် ကြည့်နေလေသည်။ သူမသည် ယခုတင် သူ့ကို အော်ငေါက်လိုက်သည့်တိုင် ပါရာဂွန်ပင်လယ်အိပ်မက်ကို အတိုက်အခံမလုပ်ရန် မျက်နှာရိပ်မျက်နှာကဲအမျိုးမျိုး ပြနေ၏။
မန်ဟိုက သူမကို အဖက်မလုပ်ဘဲ ကျင့်ကြံခြင်းဂူအား အေးစက်စက်သာ စိုက်ကြည့်နေသည်။
အတန်ကြာသော် ပါရာဂွန်ပင်လယ်အိပ်မက်၏ သွေးအေးအေးအသံက ကျင့်ကြံခြင်းဂူထဲမှ ဟိန်းထွက်လာ၏။ ၎င်းကား ကြင်နာမှုကင်းမဲ့၍ ရေခဲတမျှ အေးစက်နေသည်။ “မင်းက မင်းရဲ့အဆင့်အတန်းကို မေ့သွားပြီပဲ။ တောင်ပင်လယ်လောကမှာ ရွေးချယ်ခံတွေ အများကြီးရှိတယ်။ မင်းကို ဖယ်ရှားသင့်ပြီထင်တယ်"
“မန်ဟို” လီလင်းအာက ပြောသည်။ “ပါရာဂွန်ပင်လယ်ကို ဘာကြောင့် ဒီလိုပြောလိုက်တာတုန်း။ အခုချက်ချင်း တောင်းပန်လိုက်” သူမက ကျင့်ကြံခြင်းဂူဘက်သို့ ကပျာကယာလှည့်၍ လက်ယှက်အရိုအသေပေးလိုက်သည်။ “ဆရာမ၊ စိတ်လျှော့ပါ။ လေဟုန်ခွင်းလောကရဲ့ ကသောင်းကနင်းဖြစ်ရပ်တွေကြောင့် မန်ဟိုက စိတ်တွေရှုပ်ထွေးနေပြီး မှားပြောမိလိုက်တာပါ။ ဒီတစ်ခေါက်တော့ သူ့ကို ဗွေမယူပါနဲ့ရှင်”
“လီလင်းအာရဲ့ မျက်နှာကို ထောက်ထားပြီးတော့ ဒီကိစ္စကို လျစ်လျူရှုပေးလိုက်မယ် မန်ဟို” ပင်လယ်အိပ်မက်က တည်ငြိမ်စွာ ပြောသည်။ “ဒါပေမဲ့ နောက်တစ်ခေါက် ထပ်ဖြစ်ရင် မင်းရဲ့ အက်ရှလွန်အမှတ်အသားကို ဖယ်ရှားပစ်မယ်။ မင်း အဲဒီလိုလေသံနဲ့ တတိယအကြိမ် ထပ်ပြောရဲတဲ့အထိ ဇရှိသေးရင်တော့ မင်းကို ရပ်နေတဲ့နေရာမှာတင် သတ်ပစ်မယ်”
လီလင်းအာမှာ စိတ်သက်သာရာရသွားပြီးနောက် မန်ဟို့ကို မျက်စောင်းလှမ်းထိုးသည်။ သူမ စကားပြောတော့မည့်အချိန်မှာပင် မန်ဟိုက ရယ်သည်။ ၎င်းကား မာနတို့ ပြည့်နေပြီး နာခံလိုစိတ်ကင်းမဲ့နေသော ရယ်သံအကျယ်ကြီးဖြစ်သည်။ အမှန်တွင် အာဏာအပြည့်ပင် ပါရှိနေသယောင်ပင်။
“ကျုပ်အဆင့်အတန်းကို ကျုပ် မေ့သွားတယ်တဲ့လား။ ကျုပ်အဆင့်အတန်းက ဘာလဲဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်
“လေဟုန်ခွင်းလောကနဲ့ပတ်သက်ပြီး ဖြစ်ပျက်နေတာတွေကိုလည်း ခင်ဗျား စေ့စေ့စပ်စပ် သိထားတယ်။ ကျုပ်အနေနဲ့ကတော့ အသုံးချခံရတာကို စိတ်မရှိပါဘူး။ ဒါပေမဲ့ အသုံးချရင် .... အလကားမဟုတ်တာ ကောင်းမယ်
“ပိုလို့တောင် သည်းမခံနိုင်တာက ကျုပ် ရယူခွင့်ရှိတဲ့ ကံကြမ္မာကောင်းကို ရယူဖို့ ကြိုးစားနေတဲ့အချိန် ခင်ဗျားက တားဖို့ လုပ်ခဲ့တယ်လေ
“ပါရာဂွန်ပင်လယ်အိပ်မက် ကျုပ်အနေနဲ့ ခင်ဗျားဆီက ဖြေရှင်းချက်တောင်းပိုင်ခွင့် မရှိဘူးလို့ ဘာကြောင့်ထင်သလဲ" မန်ဟို့အသံ ဟိန်းထွက်လာစဉ် လီလင်းအာ၏မျက်လုံးကလေးများသည် ဝိုင်းစက်ပြူးကျယ်သွား၏။ သူ့စကားများက သူမကို ဆွံ့အသွားစေခဲ့လေသည်။
အတန်ကြာသည်အထိ ကျင့်ကြံခြင်းဂူထဲမှ မည်သည့်အသံမှ ထွက်မလာ။ နောက်ဆုံးတော့ အဖြူရောင်အလင်းတောက်ပလာကာ ပါရာဂွန်ပင်လယ်အိပ်မက်က အဖြူရောင်ဝတ်ရုံနှင့် ထွက်လာသည်။ သူမ ထွက်လာသည့်အခါ ဟင်းလင်းပြင်သည် ပို၍လင်းသွားပြီး သူတို့နှစ်ယောက် ဆုံတွေ့ခဲ့သည့် အရှေ့နှစ်ခေါက်တုန်းက မခံစားခဲ့ရသော ဖိအားတစ်ခုသည် မန်ဟို့ဆီသို့ လိမ့်ထွက်လာ၏။
ထိုဖိအားက ပါရာဂွန်တစ်ဦးမှ ထုတ်လွှတ်လိုက်သော ဖိအားဖြစ်သည်။ သူမ၏အတွေးလေးတစ်ချက်နှင့် မိုးနှင့်မြေကို ပြိုကျသွားစေသည့်အလား၊ ခေတ်ပေါင်းများစွာကို ဖြတ်ကျော်သွားနိုင်သည့်အလား ထင်ရစေသည်။ သူမက မန်ဟို့ကို အေးစက်စက် ကြည့်ကာ ပြောသည်။ “မင်းက တကယ် ဇရှိတာပဲ”
သူမစကားလုံးများက မန်ဟို့နှလုံးသားကို တုန်ရီသွားစေသည်။ သူ့မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားပြီး သွေးများ ပါးစပ်မှ ပန်းထွက်သွားရသည်။ သို့သော် မိုးပြာရောင်အလင်းသည် သူကိုယ်ထဲရှိ ပါရာဂွန်ကိုးတံဆိပ်၏ သွေးကို လှုံ့ဆော်ရင်း ဖြာထွက်လာ၏။ တောင်ပင်လယ်လောကတစ်ခုလုံး တုန်ခါလာပြီး နေနှင့်လကား ရပ်တန့်သွားလေပြီ။ ထိုအခိုက်အတန့်တွင် အသတ်အဖြတ်စိတ်ဆန္ဒတစ်ခုက ပါရာဂွန်ပင်လယ်အိပ်မက်အပေါ် ပစ်မှတ်ထားနေပုံရသည်။
“ဟုတ်တယ် ကျုပ်မှာ ဇရှိတယ်” မန်ဟိုက အံတင်းတင်းကြိတ်ထားသည့်ကြားမှ ပြောသည်။
ပါရာဂွန်ပင်လယ်အိပ်မက်မှာ သိမ့်ခနဲ မသိမသာတုန်ရီသွားပြီး မန်ဟို့ကို လေးလေးနက်နက် မကြည့်မိဘဲ မနေတော့ပေ။
“ငါ မင်း ပြောနေတဲ့အကြောင်းကို မသိဘူး” သူမက တည်ငြိမ်စွာ ပြောသည်။ ဘေးတွင်တော့ လီလင်းအာ၏နှလုံးသားမှာတော့ ဘင်ခရာတီးနေသည်။ သူမသည် ပါရာဂွန်ပင်လယ်အိပ်မက်နှင့်အတူ ကြာကြာမနေခဲ့ရသေးသော်လည်း သူမ၏စိတ်ကြီးပုံကို ကောင်းကောင်းသိ၏။ ပါရာဂွန်ပင်လယ်အိပ်မက်ကား အချိန်အကုန်ခံ ရှင်းပြနေမည့်လူစားမျိုးမဟုတ်သော်လည်း ယခုတော့ ဤစကားကို ပြောခဲ့ရလေပြီ။ ဖြေရှင်းချက်ဟု မထင်ရသော်လည်း သူမပြောလိုက်သည့်အရာက ဖြေကြားခြင်းဖြစ်နေသေးသည်။
မန်ဟိုက ပင်လယ်အိပ်မက်ကို ခဏကြည့်ပြီးနောက် ရုတ်တရက် ပြောသည်။ “အင်မော်တယ်ရှေးဟောင်းရဲ့ ဆက်ခံသူလို့ သူ့ကိုယ်သူ ခေါ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ကျုပ်တွေ့ခဲ့တယ်။ သူ့နာမည်က ရွှယ့်အာတဲ့။ ပါရာဂွန်ပင်လယ်အိပ်မက် ခင်ဗျား ဘာကြောင့် ... သူ့ကို လေဟုန်ခွင်းလောကကနေ မခေါ်ထုတ်ခဲ့တာလဲ။ ဘာကြောင့် …. သူ့ကို လေဟုန်ခွင်းလောကနဲ့အတူ ကောင်းကင်ဘုံ ၃၃ ခု ဆီ သွားခွင့်ပြုခဲ့တာလဲ"