အမြတ်ထုတ်ခြင်း
Vol. 74 Ch. 1021
ဝမ်ပေါင်လဲ့မှာ သူ၏ မျှော်စင်ထဲ၌ တင်ပျဉ်ခွေထိုင်ကာ ရှဲ့ဟေးရန် ရောက်ရှိလာမည့်အချိန်အား စောင့်ဆိုင်းနေ၏။ ထို့ကြောင့် သူသည် ရှဲ့ဟေးရန်၏ စကားသံအား ကြားလိုက်ရသည်နှင့် မျက်လုံးများပွင့်လာတော့သည်။ သူသည် သူ့ကိုယ်သူ ကျေနပ်နေသည့် မျက်နှာအမူအရာအား ဖုံးကွယ်ထားနိုင်စွမ်းမရှိပေ။
သူ ထိုကဲ့သို့ ကျေနပ်နေရသည်မှာ သူ မျှော်လင့်ထားသည့်အတိုင်း ရှဲ့ဟေးရန် ရောက်ရှိလာသောကြောင့်ဖြစ်သလို ရှဲ့ဟေးရန် သူ့အား ပြည်ထောင်စုကြီးထဲရှိ ရုပ်အချောဆုံးပုဂ္ဂိုလ်ဟု ခေါ်လိုက်သောကြောင့်လည်း ဖြစ်ပေသည်။
" ငါ့ကို လူတွေ အဲလိုမခေါ်တာ တော်တော်လေးတောင်ကြာသွားပြီ... " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် ရှဲ့ဟေးရန် သူ့အား ဦးလေးဆရာဟု ခေါ်ခဲ့သည့်အတွက် အံ့အားသင့်သွားရ၏။ ထိုသို့ဖြင့် သူ ရှဲ့ဟေးရန်အား အထဲသို့ ဝင်လာခိုင်းရန် ပြင်လိုက်စဉ်မှာပင် မမလေး၏ ပျင်းရိပျင်းတွဲ စကားသံကြီးမှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာသည်။
" နင် အရှက်ရော ရှိလား "
" ဗျာ " ထိုမေးခွန်းကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် မကျေမနပ်ဖြစ်သွားရ၏။
" မမလေးက ဘာကို ပြောချင်တာလဲ "
" နင် အရှက်ရော ရှိသေးရဲ့လားလို့ ငါမေးနေတာ။ နင် ငယ်ငယ်လေးကတည်းက ငါ နင်နဲ့အတူ ရှိနေခဲ့တာလေ။ နှစ်တွေအများကြီး ကုန်ပြီးသွားတာတောင် နင့်ကိုယ်နင်ပဲ ပြည်ထောင်စုကြီးထဲက အချောဆုံးလူလို့ ခေါ်ခဲ့တာ။ တခြား ဘယ်သူကမှ အဲလို မခေါ်ခဲ့ဖူးဘူး။ အဲတာကို အခု နင်က အဲလို အခေါ်မခံရတာ ကြာနေပြီ လုပ်နေသေးတယ်... နင် အရှက်မရှိဘူးလား "
ထိုအခါ ဝမ်ပေါင်လဲ့မှာ မမလေးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။ အကယ်၍ အခြားတစ်ယောက်ယောက်သာ သူမ၏ စကားများကို ကြားလိုက်ရမည်ဆိုပါက ဒေါသမထွက်လျှင်တောင် ရှက်ကိုးရှက်ကန်း ဖြစ်သွားရမည်ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ သာမန်လူများနှင့် မတူပေ။ ထို့ကြောင့် သူသည် မျက်လုံးများပြူးကာ ဇဝေဇဝါဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ပြန်ပြောလိုက်၏။
" မမလေး။ ဘာလို့ အခုလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေရတာလဲဗျ။ ကျွန်တော် ပြောပြမယ်။ တခြားသူတွေ ကိုယ့်ကိုယ် ဘယ်လိုမြင်နေမလဲဆိုတာ တွေးပူမနေနဲ့။ ကျွန်တော်တို့လို ကျင့်ကြံသူတွေအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့က အရေးကြီးဆုံးပဲ။ ကိုယ် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်နေသရွေ့ တကယ်လက်တွေ့ ဖြစ်လာမှာပဲ။ မမလေးရဲ့တွေးပုံတွေးနည်းနဲ့သာဆိုရင်တော့... " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောင် သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။
" ဖက်တီးအစုတ်ပလုတ်။ နင်က တော်တော်ကို အရေထူတဲ့ကောင်ပဲ "
" မမလေး။ မဟုတ်မှလွဲရော... ဝိညာဉ်ခန္ဓာကိုယ်တွေလည်း ဓမ္မတာ လာတတ်တာပဲလားဗျ " ဝမ်ပေါင်လဲ့မှာ တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ပြန်ပြောလိုက်၏။ သူ၏ စကားများကြောင့် မမလေးမှာ အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ပေ။ ထို့ကြောင့် သူမသည် နှာမှုတ်ကာ လက်လျှော့လိုက်ရ၏။ သို့သော် သူမသည် သူမကိုယ်သူမ ပြန်၍ ဆန်းစစ်ကြည့်လိုက်ဆဲပင်။
အမှန်အတိုင်း ဆိုရပါက သူမသည် လတ်တလောအတွင်းတွင် သူမ၏ စိတ်အနေအထား အထူးတဆန်း ဖြစ်နေခဲ့သည်ကို သတိထားမိခဲ့၏။ သူမသည် မျက်နှာဖုံးထဲတွင်သာ ရှိနေသည့် ပုံမှန်အချိန်များတွင်လည်း ထိုခံစားချက်အား သတိထားမိခဲ့ပါသော်လည်း ယခုလောက် မဆိုးပေ။ သို့သော် ယနေ့တွင်မူ မည်သည့်အကြောင်းကြောင့်မှန်းမသိ သူမသည် သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။
" တစ်ခုခုတော့လွဲနေပြီ " မမလေးမှာ မျက်နှာဖုံးထဲတွင် တင်ပျဥ်ခွေထိုင်ချလိုက်ပြီး မေးငေါ့ကာ စဉ်းစားခန်းဖွင့်နေလိုက်တော့သည်။
မမလေးတစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ် ဝမ်ပေါင်လဲ့မှာ အပြင်ဘက်၌ စောင့်ဆိုင်းနေသည့် ရှဲ့ဟေးရန်အား ဆင့်ခေါ်လိုက်ပြီ ဖြစ်သည်။ ထိုသို့ဖြင့် မျှော်စင်တံခါး ပွင့်သွားချိန်တွင် ဝမ်ပေါင်လဲ့မှာ နွေးထွေးစွာ ပြုံး၍ အပြင်သို့ထွက်လာ၏။
ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် အသက်ပြင်းပြင်းရှူကာ နောက်ထပ်တစ်ကြိမ်ထပ်၍ ဦးညွှတ်အရိုအသေပေးလိုက်ပြန်သည်။
" တပည့်ရှဲ့ဟေးရန်။ နံပါတ်ဆယ့်ခြောက် ဦးလေးဆရာကို ဂါရဝပြုပါတယ် "
" ညီကိုဟေးရန်။ ဘာလို့ အခုလိုတွေ လုပ်နေရတာလဲ " ဝမ်ပေါင်လဲ့မှာ အံသြတုန်လှုပ်သွားသည့် အမူအရာဖြင့် ရှေ့သို့ လှမ်းလာပြီး ရှဲ့ဟေးရန်အား ဆွဲထူပေးကာ ဆိုလိုက်သည်။
" မင်းနဲ့ငါက ညီအစ်ကိုတွေလေ။ ဘာဖြစ်လို့ ငါ့ရဲ့ ဆရာနဲ့ တွေ့ခဲ့ပြီးတော့ ငါ့ကို ဦးလေးဆရာလို့ ခေါ်နေရတာလဲ။ ညီကိုဟေးရန်ရာ... မနောက်ပါနဲ့ "
ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ အနည်းငယ်ခန့် ရှက်ကိုးရှက်ကန်းဖြစ်သွား၏။ သူသည် ဝမ်ပေါင်လဲ့လောက် အရေမထူပေ။ ယခုတွင် ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်သည်ဖြစ်ရာ သူသည် ဝမ်ပေါင်လဲ့ထက် မျိုးဆက်တစ်ဆက် ဝါငယ်နေသည့် အဖြစ်သို့ ရောက်သွားသည်ဖြစ်ကြောင်း ပြန်၍ သတိရသွား၏။ သို့သော် သူသည် ချက်ချင်းဆိုသလိုပင် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ပြီး ဂုဏ်ယူမဆုံး ဖြစ်နေသည့် အပြုံးမျက်နှာဖြင့် ဆိုလိုက်တော့သည်။
" ဦးလေးဆရာ။ ဆရာဘိုးဘိုးက ကျွန်တော် စိတ်ရင်းအမှန်နဲ့ တောင်းဆိုနေမှန်းသိလို့ သူ့ရဲ့ နံပါတ်တစ်တပည့်ကို ကျွန်တော့်ရဲ့ ဆရာအဖြစ် သတ်မှတ်ပေးခဲ့တာ။ အဲတာမလို့ အခုကစပြီးတော့ ကျွန်တော် ရှဲ့ဟေးရန်က ဦးလေးဆရာရဲ့ တူလေးတစ်ယောက် ဖြစ်သွားပါပြီ။ အဲတာမလို့ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ညီကိုလို့ မခေါ်ပါနဲ့တော့။ ကျနော်တို့ရဲ့ကြားက ဆက်ဆံရေးက ညီအစ်ကိုဆက်ဆံရေးထက်တောင် ပိုပြီးတော့ အဓိပ္ပါယ်လေးနက်နေပြီလေ " ရှဲ့ဟေးရန်မှာ ဂုဏ်ယူဝင်ကြွားနေသည့် အမူအရာဖြင့် ထိုကဲ့သို့ ပြောလိုက်သည်ဖြစ်ရာ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားရ၏။
သူသည် သူ၏ဆရာမှာ အလွန်အင်မတန်မှ အကြင်နာကင်းမဲ့လွန်းသည်ဟု တွေးမိလိုက်၏။ ရှဲ့ဟေးရန်အား အခွင့်ကောင်းယူခြင်းမှာ ကိစ္စမရှိပါသော်လည်း သူသည် ရှဲ့ဟေးရန်အား မီးတောက်မျိုးနွယ်ထဲသို့ပါ ဝင်ခိုင်းခဲ့သည်မဟုတ်ပါလော။ သို့ဖြစ်ရာ ရှဲ့ဟေးရန်မှာ အခွင့်ကောင်းယူခံလိုက်ရရုံသာမက ဤနေရာနှင့် တစ်သက်လုံး ဆက်နွှယ်နေတော့မည် ဖြစ်သည်။
ထို့ကြောင့် မီးတောက်ခေါင်းဆောင်ကြီးမှာ ရှဲ့ဟေးရန်အား တစ်ကြိမ်တည်းမဟုတ်ပဲ တစ်ဘဝလုံးစာ အမြတ်ထုတ်ရန် ကြံရွယ်ထားသည်ဖြစ်ကြောင်း သိနိုင်ပေသည်...
" သူက တကယ့်ကို ဆရာကောင်းတစ်ယောက်ပဲ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်ပြီးနောက် ရှဲ့ဟေးရန်အား စိုက်ကြည့်ရင်း မနေနိုင်တော့သဖြင့် သူ၏ ဦးခေါင်းအား လက်ဖြင့် လှမ်းပွတ်မိလိုက်တော့သည်...
ထိုအခါ ရှဲ့ဟေးရန်မှာ တစ်ကိုယ်လုံး တောင့်တင်းသွားရ၏။ သို့သော်လည်း သူသည် ဝါငယ်နေသည်ဖြစ်ရာ ဘာမှမတတ်နိုင်သဖြင့် သည်းခံလိုက်ရတော့သည်။ သူသည် မီးတောက်မျိုးနွယ်၏ စည်းမျဥ်စည်းကမ်းများကို လိုက်နာရမည်မဟုတ်ပါလော။ ဝါငယ်သူ တစ်ယောက်အတွက် မိမိ၏ ဦးခေါင်းအား အကြီးအကဲတစ်ယောက်က ပွတ်သပ်ပေးခြင်းမှာ ရေးကြီးခွင်ကျယ် မဟုတ်ပေ။
ရှဲ့ဟေးရန်မှာ ထိုသို့ တွေးလိုက်ပြီးနောက် နှလုံးသားထဲရှိ ခံစားချက်များအားလုံးကို ဖျောက်ဖျက်ပစ်လိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့ သူ၏ ဦးခေါင်းအား ပွတ်သပ်ပေးနေစဉ်မှာပင် အလိုလို ပြုံးမိသွားသည်။ သို့သော် သူ ဝမ်ပေါင်လဲ့ သူ့အား ခေါ်လိုက်သည့် နာမည်ကို ကြားလိုက်ရချိန်တွင် သူ၏ မျက်နှာပေါ်မှ အပြုံးမှာ ပျောက်ကွယ်လုနီးပါး ဖြစ်သွားရ၏...
" ရန်လေး။ ဦးလေးဆရာရဲ့ အမြင်မှာ မင်းပြောတာ အမှန်ပဲကွ။ လာလာ။ အထဲမှာ စကားဆက်ပြောကြတာပေါ့ " ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ သူ၏ စကားများကို သဘောတူလိုက်၏။ ထို့နောက် သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မျှော်စင်ထဲသို့ ဝင်သွားလိုက်တော့သည်။
ရှဲ့ဟေးရန်မှာမူ အသက်ပြင်းပြင်းရှူကာ နောက်ထပ်တစ်ကြိမ်ထပ်၍ သူ့ကိုယ်သူ အားပေးနှစ်သိမ့်လိုက်ရ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ နောက်မှ လိုက်ကာ မျှော်စင်ထဲသို့ ဝင်သွားလိုက်သည်။ အထဲသို့ရောက်သွားချိန်တွင် သူသည် တာဝန်သိတတ်သည့် အမူအရာဖြင့် သူ၏ နောက်ရှိ တံခါးကိုပင် ပြန်ပိတ်လိုက်သေးသည်။ ထို့နောက် သူသည် သူ၏ ဘေးဘီဝဲယာအား အလျင်အမြန် အကဲခတ်လိုက်ပြီးနောက် သူ၏ အင်္ကျီလက်များကို ပင့်တင်ကာ အော်ပြောလိုက်တော့သည်။
" နံပါတ်ဆယ့်ခြောက် ဦးလေးဆရာ။ ဒီမှာ ဖုန်တွေ အများကြီးတက်နေတာပဲ။ ကျွန်တော် ပြောင်အောင်သုတ်ပေးမယ် " သူသည် ထိုသို့ဆိုလိုက်ပြီးနောက် စားပွဲခုံအား သုတ်လိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ မီးတောက်ခေါင်းဆောင်ကြီး၏ အစွမ်းအစများကို ထပ်၍ ချီးကျူးမိလိုက်ပြန်သည်။ သို့သော် သူသည် ရှဲ့ဟေးရန်အား ထိုအလုပ်များ လုပ်ခိုင်း၍ မဖြစ်သောကြောင့် သူ့အား နောက်သို့ ပြန်ဆွဲကာ တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ဆိုလိုက်၏။
" ရန်လေး။ မင်း ဒီလိုတွေ လုပ်နေစရာမလိုပါဘူး။ ကဲ... ပြော။ ငါ ဘယ်ဦးလေးဆရာနဲ့ မင်းကို မိတ်ဆက်ပေးရမှာလဲ "
ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့ သူ့အား ခေါ်လိုက်သည့် နာမည်ကို ထပ်၍ ကြားလိုက်ရသောအခါ မျက်နှာမဲ့ရွဲ့သွားရ၏။ ထို့နောက် သူသည် ရှုံ့မဲ့မဲ့ပြုံးကာ ဝမ်ပေါင်လဲ့အား ကြည့်၍ ဆိုလိုက်သည်။
" ဦးလေးဆရာရယ် မနောက်ပါနဲ့။ ကျွန်တော် လိုက်ရှာနေတာ ဦးလေးဆရာလေ "
" ငါ... ဟုတ်လား " ဝမ်ပေါင်လဲ့မှာမူ မျက်စိပေကလတ်ပေကလတ် လုပ်ကာ ပြန်ပြော၏။
ထိုအခါ ရှဲ့ဟေးရန်မှာ သက်ပြင်းချကာ သူ၏ ဖခင်နှင့် ချန်ရှင်းတို့၏ ပြဿနာအကြောင်း ပြောပြလိုက်တော့သည်။ သူသည် မည်သည့် အချက်အလက်ကိုမှ ထိမ်ချန်ထားခဲ့ခြင်းမရှိဘဲ သူ၏ ဖခင် လခြမ်းဧကရာဇ်ကြီးအား ကူညီပေးခဲ့သည့် အကြောင်းမှစ၍ ချန်ရှင်း ပြန်လည်လွတ်မြောက်လာတော့မည့် အကြောင်းအထိ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်၏။ ချန်ရှင်းသာ ဤကိစ္စကြီးအား မေ့ပျောက်ပေးနိုင်မည်ဆိုပါက ရှဲ့ဟေးရန်မှာ နစ်နာကြေးပေးရန် အဆင့်သင့်ဖြစ်နေသည်။
ဝမ်ပေါင်လဲ့မှာ အစတွင် အမူအရာ တည်ကြည်နေခဲ့ပါသော်လည်း ရှဲ့ဟေးရန်၏ စကားများကို နားထောင်ရင်း အသက်ရှူသံများ မြန်ဆန်လာရ၏။ သူသည် စကားဆုံးအထိ နားထောင်ပြီးလိုက်ပြီးနောက် မျက်လုံးများမှိတ်ကာ မလှုပ်မယှက် ထိုင်နေလိုက်သည်။ ခဏအကြာတွင် သူ၏ နှလုံးသားထဲ၌ ဗြောင်းဆန်နေသည့် ခံစားချက်များမှာ ပြန်လည် တည်ငြိမ်သွား၏။
နောက်ဆုံးတွင် သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီးချန်ရှင်း သူ့အား နတ်မျက်လုံးလူမှုအဖွဲ့စည်းထဲ၌ ချန်ရစ်ထားခဲ့သည့် အကြောင်းရင်းအား နားလည်သွားပြီ ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အား အမှောင်ဂိုဏ်း၏ လျှို့ဝှက်နေရာဆီသို့ ခေါ်သွားပေးနေခဲ့စဉ်တုန်းက လမ်းခုလတ်တွင် ရန်သူများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ရပေမည်။ ထို့ကြောင့်လည်း သူသည် အရင်ဆုံး ဝမ်ပေါင်လဲ့အား အဝေးသို့ရောက်အောင် ပို့လိုက်ခြင်းဖြစ်သည်။
တစ်ချိန်ထဲမှာပင် သူသည် စိတ်အေးသွားရပြီး သက်ပြင်းချမိလိုက်၏။ ရှဲ့ဟေးရန်၏ ပြောစကားများအရ သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ ဘေးမသီရန်မခ ရှိနေရုံသာမက သူ၏ ဂုဏ်သတင်းမှာ ပိုမိုကျော်ကြားလာခဲ့ပြီး အဆုံးမဲ့တာအိုနယ်မြေ တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေခဲ့သည် မဟုတ်ပါလော။ သူသည် နတ်ဧကရာဇ်တစ်ပါးအား ချောင်ပိတ်နိုင်ခဲ့သလို ထို နတ်ဧကရာဇ်ကြီး သေရေးရှင်ရေး အခြေအနေကိုလည်း မည်သူမှ မသိနိုင်သေးပေ။
အဆုံးမဲ့မျိုးနွယ်စုမှာ သူ့အား ရပ်တန့်နိုင်ရန် ကြိုးစားခဲ့လောက်ပါသော်လည်း လက်ရှိတွင် သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ ဘေးကင်းနေဆဲ ဖြစ်ရပေမည်။ ထိုသို့သာမဟုတ်ပါက ရှဲ့ဟေးရန်မှာ ယခုလို သူ့ဆီမှ အကူအညီတောင်းရန် ရောက်လာမည်မဟုတ်ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်အေးလက်အေးဖြစ်သွားကာ မျက်လုံးများ ပြန်ပွင့်လာပြီး ရှဲ့ဟေးရန်အား ကြည့်လိုက်၏။ သူသည် စိတ်ကြည်လင်နေပြီ ဖြစ်သည်။ သူ၏ ဆရာမှာ ရှဲ့ဟေးရန်အား ဤနေရာသို့ ရောက်လာအောင် ပို့ပေးခဲ့သည့်အပြင် သူကိုယ်တိုင်သည်လည်း ရှဲ့ဟေးရန်နှင့် ရင်းနှီးနေသည်ဖြစ်သလို ရှဲ့ဟေးရန်မှာလည်း သူ့အား အများကြီး ကူညီပေးခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူသည်လည်း ရှဲ့ဟေးရန်အား ပြန်၍ ကူညီမှ ရပေမည်။
သို့သော် ယခင်တုန်းက သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် မှီခိုနေခဲ့သည် မဟုတ်ပါလော။ ယခုတွင်လည်း ထိုဆက်ဆံရေးမှာ ပြောင်းလဲသွားခြင်း မရှိသေးပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ အခက်တွေ့နေသည့် အမူအရာဖြင့် ပြောလိုက်၏။
" အဲ... ငါက ချန်ရှင်းနဲ့ အဲလောက်ကြီး မရင်းနှီးဘူးကွ "
" ဦးလေးဆရာ၊ ဦးလေးဆရာ ကူညီပေးမယ်ဆိုရင် ကျွန်တော် သာမန်ဂြိုဟ် အလုံးတစ်ရာတိတိ ပေးမယ်ဗျာ " ရှဲ့ဟေးရန်မှာ အလောတကြီးပြန်ပြောလိုက်၏။
" တကယ်တမ်းက ငါက သူနဲ့ မေးထူးခေါ်ပြောအဆင့်လောက်ပဲ ရှိတာ... " ဝမ်ပေါင်လဲ့မှာမူ ချောင်းဟန့်ကာ အမှုမဲ့ အမှတ်မဲ့ အမူအရာဖြင့် သူ၏ ညာဘက်လက်ညှိုးနှင့် လက်မအား ပွတ်ကာ သူ၏ ဆံပင်အား သပ်လိုက်၏။
" သာမန်ဂြိုဟ် အလုံးတစ်ထောင်အထိ ပေးမယ်ဗျာ " ရှဲ့ဟေးရန်မှာလည်း အံကြိတ်မိလိုက်၏။ သူသည် ဝမ်ပေါင်လဲ့မှာ လိမ်ပြောနေခြင်းဖြစ်ကြောင်း သိပေသည်။ ထို့ကြောင့်လည်း သူသည် သူ့ဘက်မှ ကမ်းလှမ်းသည့် ပမာဏအား နည်းရာမှ များရာသို့ တဖြည်းဖြည်း တိုးမြှင့်ပေးရန် လိုအပ်ပေသည်။ သို့မှသာ သူသည် အနိမ့်ဆုံး ဈေးဖြင့် အကျိုးအမြတ်အများဆုံး ရရှိနိုင်မည်ဖြစ်သည်။
" ငါ ချန်ရှင်းနဲ့ ထမင်းအတူတူစားဖူးတယ် " ဝမ်ပေါင်လဲ့မှာလည်း မျက်စိ ပေကလတ်ပေကလတ်လုပ်ကာ ပြန်ပြောလိုက်၏။
" သာမန်ဂြိုဟ် အလုံးသုံးထောင်ဗျာ "
" သူနဲ့ အရက်အတူတူ သောက်ဖူးတယ် "
" သာမန်ဂြိုဟ် အလုံးငါးထောင် "
" သူ့ကို အရိုအသေပေးဖူးတယ် "
" သာမန်ဂြိုဟ် အလုံးရှစ်ထောင်ဗျာ။ ဦးလေးဆရာ... ကျွန်တော် ဒီထက် ပိုမပေးနိုင်တော့ဘူးဗျ... " ရှဲ့ဟေးရန်မှာ ငိုမဲမဲ့ ဖြစ်နေ၏။ သို့သော် အမှန်တကယ်တွင်မူ သူသည် ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။ သူသည် သာမန်ဂြိုဟ် အလုံးရှစ်ထောင်ထက် ပို၍ တတ်နိုင်ပေသည်။ ဝမ်ပေါင်လဲ့သည်လည်း ထိုအချက်အား ရိပ်မိထား၏။ သို့သော် သူသည် သူတစ်ပါးကို အခွင့်ကောင်းယူလိုပါက တစ်ဆင့်ချင်းစီ တက်ရန် လိုအပ်ကြောင်း နားလည်ထားသည်။
ထို့ကြောင့် သူသည် စိတ်မပါလက်မပါ အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။
" ထားလိုက်ပါတော့ ရန်လေး။ မင်းက အခုလို သိတတ်နေမှတော့ ငါလည်း ကူညီပေးရတာပေါ့။ ငါ ချန်ရှင်းနဲ့ တွေ့တဲ့အချိန်ကျရင် မင်းရဲ့ကောင်းကြောင်းတွေ ပြောပြပေးပါမယ် "
ရှဲ့ဟေးရန်မှာ ထိုစကားများကို ကြားလိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားသည်။ သူသည် ဝမ်ပေါင်လဲ့၏ စကားများ၏ နောက်ကွယ်တွင် နောက်ထပ် အဓိပ္ပါယ်တစ်ခု ရှိနေသေးကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့ သူ့အား စိတ်ပါလက်ပါ ကူညီပေးသည်ကို လိုချင်ပါက အနာဂတ်တွင် သူ့အား စိတ်ကျေနပ်အောင် ထားရမည်ဖြစ်ကြောင်း နားလည်သွားသည်။
အနည်းဆုံး ဤ ပြဿနာကြီး မပြေလည်ခင်အချိန်အထိ သူသည် ဝမ်ပေါင်လဲ့အား ပျော်အောင်ထားရန် လိုအပ်ပေသည်...
" ဒီဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က မီးတောက်ခေါင်းဆောင်ကြီးလောက်ကို ဉာဏ်များတာပဲ။ ငါ့ရဲ့ဆရာက စိတ်သဘောထားဖြူစင်ပြီး သဘောကောင်းနေလို့ တော်သေးတယ်။ သူဆိုရင် ငါ့ကို မကောင်းကြံမှာ မဟုတ်ဘူး " ရှဲ့ဟေးရန်မှာ စိတ်ထဲတွင်ကျိတ်၍ ညည်းတွားမိလိုက်၏။ သူသည် အခြားသူများနှင့် ယှဉ်လိုက်ပါက သူ၏ဆရာမှာ သူ့အပေါ် ကောင်းလွန်းနေသည်ဟု ခံစားလိုက်ရသည်…