လုပ်ဇတ်
Vol. 83 Ch. 1152
မန်ဟို့မေးခွန်းများအပေါ် ပါရာဂွန်ပင်လယ်အိပ်မက်၏ တုံ့ပြန်မှုမှာ အေးစက်သော မျက်နှာထားသာ ဖြစ်သည်။ သူမက စကားမပြောသလို စိတ်မဝင်စားပုံရသည်။
"တွင်းနက်ကြီးရဲ့အားကြောင့် အင်မော်တယ်တံခါးက ပျက်စီးသွားခဲ့ရတယ်" မန်ဟိုက ပါရာဂွန်ပင်လယ်အိပ်မက်ကို တည်ငြိမ်အေးဆေးစွာကြည့်ရင်း ပြောသည်။ "ဒါပေမဲ့ ပျက်စီးသွားတဲ့အခိုက်အတန့်မှာ ခင်ဗျားအလင်းတန်းရဲ့ ဆွဲအားက သိသိသာသာပဲ ပိုပြင်းထန်လာခဲ့တယ်" မန်ဟိုသည် နောက်ဆုတ်ပေးမည့်ပုံမရပေ။ ယင်းက မန်ဟိုဖြစ်သည်။ သင် သူ့ကို အသုံးချလျှင် တန်ရာတန်ကြေးတော့ ပေးရမည်။ သူကား မည်သည့်အရာကိုမှ အလကားမလုပ်ပေးပေ။
"တကယ်တော့ ကျုပ် သူပုန်တာအိုသစ္စာဖောက်သုတ္တန်ဆီ သွားဖို့ ဆုံးဖြတ်လိုက်တဲ့အခိုက်အတန့်မှာ ခင်ဗျားရဲ့ အဓိကရည်ရွယ်ချက်က ကျုပ်ကို တားဖို့ပဲ
"ပုန်ကန်မှု ဖြစ်တော့မှာကို မသိပါဘူးလို့ ကျုပ်ကို ပြောဖို့ ကြိုးစားမယ်ဆိုရင် ပါရာဂွန်ပင်လယ်အိပ်မက် .... ကျုပ် ခင်ဗျားကို ပြောမယ် .... ကျုပ် တစ်စက်လေးတောင် မယုံဘူး
"ဧကရာဇ်သစ္စာဖောက်တာကတော့ တကယ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လေဟုန်ခွင်းအင်ပါယာသခင်ကလည်း သစ္စာဖောက်လို့တော့ ကျုပ်ကို အယုံသွင်းဖို့ မကြိုးစားနဲ့" မန်ဟိုသည် သံမဏိကိုပင် ဖြတ်တောက်နိုင်သည်အထိ ပြတ်သားသောလေသံဖြင့် ပြောနေပြီး သူ၏မျက်လုံးများကလည်း လျှပ်စီးကဲ့သို့ လင်းလက်နေလေသည်။ သို့ထိတိုင် သူက သူ့စကားနှင့်ပတ်သက်ပြီး ပါရာဂွန်ပင်လယ်အိပ်မက်၏ မျက်နှာထား မည်သို့မည်ဖုံရှိသလဲ ဂရုတစိုက် စောင့်ကြည့်နေ၏။ သူ့မှာ အပိုင်ပြောနေသော်လည်း တကယ်တော့ ယုံကြည်ချက်အပြည့်အ၀ မရှိပေ။ တစ်ခုခုမမူမှန်ကြောင်း ဖော်ပြနေသော သဲလွန်စများ ဟိုတစ်စသည်တစ်စ အသေအချာ ရှိခဲ့၏။ အမှန်တွင် တာအိုကောင်းကင်လည်း ၎င်းတို့ကို သတိထားမိခဲ့လေသည်။ သူ ထွက်မသွားခင် မန်ဟို့ကို ကြည့်ခဲ့စဉ်တုန်းက အကြည့်ထဲ၌ ကွယ်ဝှက်ထားသောအဓိပ္ပါယ်ကို သူတို့နှစ်ယောက်လုံး နားလည်ခဲ့ကြ၏။ သို့သော် သက်သေအခိုင်အမာ မရှိပေ။
"ပေါက်ကရတွေ မပြောစမ်းနဲ့" ပါရာဂွန်ပင်လယ်အိပ်မက်က မာန်မဲသည်။ သူမသည် ညာလက်ကို ဆန့်တန်းလိုက်ကာ လေပြင်းတစ်ချက်အား မန်ဟို့ကို နေရာရွေ့ပြောင်းခြင်းဝဲဆီသို့ တွန်းထုတ်လိုက်စေသည်။ သိသိသာသာပင် သူမက သူ့ကို နှင်ထုတ်ဖို့ ကြံစည်နေ၏။
မန်ဟို နောက်သို့ တွန်းထုတ်ခံနေရစဉ် မိုးပြာရောင်အလင်းက ကွန့်မြူးလာပြီး သူ၏မျက်လုံးများ လင်းလက်လာသည်။ တန်ပြန်တိုက်ခိုက်လိုက်သဖြင့် သူ၏ ကျင်ကြံခြင်းအခြေခံသည် စွမ်းအားတို့ဖြင့် ပေါ်ထွက်လာ၏။ သို့သော် လောကပါလတာအိုအင်မော်တယ်တစ်ဦး ဖြစ်သော်ငြား ပါရာဂွန်တစ်ဦးနှင့် ရင်ဆိုင်ရသောအခါ သူ့အနေဖြင့် ဘာဆိုဘာမှ မတတ်နိုင်ပေ။ သူသည် ဝဲအစပ်နားသို့ ရောက်သည်အထိ တွန်းထုတ်ခံလိုက်ရသည့်အခါ မာန်သွင်းဟိန်းဟောက်၍ ပါရာဂွန်ကိုးတံဆိပ်၏ သွေးကို ဆင့်ခေါ်လိုက်သည်။ တောင်ပင်လယ်လောကတစ်ခုလုံး တုန်ရီလာသည်။ နေနှင့်လသည် တုန်ခါလာပြီး မန်ဟိုမှာ ဝဲ၏အစွန်း၌ တုံ့ခနဲ ရပ်လိုက်နိုင်၏။ သို့သော် အနောက်သို့ အတန်ငယ်တွန်းထုတ်ခံနေရဆဲပင်။
"မယုံတာက ကျုပ်တစ်ယောက်တည်း မဟုတ်ဘူး" သူက ချက်ချင်း ဆက်ပြောသည်။ "ကောင်းကင်ဘုံ ၃၃ ခုတောင်မှ ယုံလောက်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် သူတို့က အစကနေ အဆုံးအထိ ဒီတိုင်း ထိုင်ကြည့်နေခဲ့တာ။ ဘာမှ မလှုပ်ရှားခဲ့ဘူးလေ
"သူပုန်တာအိုသစ္စာဖောက်သုတ္တန် ပေါ်လာတဲ့အခါမှ သူတို့တွေ စိတ်လှုပ်ရှားသွားခဲ့ကြတာ။ အဲ့ဒီအချိန်ကျမှ လောဘတက်ကြလာတာ။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ သူတို့ဘယ်လောက်ဉာဏ်ကောင်းလဲဆိုတာ ထည့်တွက်ရင် လေဟုန်ခွင်းလောကက သေချာပေါက် မျက်စိဒေါက်ထောက် စောင့်ကြည့်ခံနေရဦးမှာပဲ" သို့သော် ပါရာဂွန်ပင်လယ်အိပ်မက်က သူမ၏ ကျင့်ကြံခြင်းဂူဘက်သို့ ပြန်လှည့်သွားခဲ့လေပြီ။ သူမကား အင်္ကျီလက်စကို ခါ၍ မန်ဟို့ကို ဝဲထဲသို့ တွန်းပို့၍ ဤနေရာမှ နှင်ထုတ်တော့မည့်အလားပင်။
သူမသည် သူ ဝဲအနားသို့ တရွေ့ရွေ့ ရောက်သွားသည်ကို ကြည့်ပြီး နေရာရွှေ့ပြောင်းခြင်းစွမ်းအား အသက်၀င်လာသည်ကို ခံစားလိုက်ရ၏။ မန်ဟို၏ မျက်လုံးများက ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ဖြင့် တောက်ပလာသည်။
"စစ်လက်နက်" သူက သိုလှောင်အိတ်ကို ပုတ်လိုက်ကာ ကြေးမုံအား ပျံထွက်လာစေသည်။ ကြေးမုံသည် သာမန်ကြေးမုံသာ ဖြစ်ပုံရသော်လည်း ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟိုက ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ကာ မိုးပြာရောင်အလင်းအား ကြေးမုံထဲသို့ စီးဖြာ၀င်ရောက်သွားစေသည်။ ချက်ချင်းပင် ကြေးမုံသည် အရည်ပျော်စပြုလာ၏။
၎င်းက စီးကျလာပြီး မန်ဟို့လက်ကို ဖုံးလွှမ်းသွားသည့် ကြေးရည်ဖြစ်လာသည်။ ကြေးအရည်က အသိစိတ်ရှိနေသကဲ့သို့ သူ၏တံတောင်ဆစ်အထိ ပျံ့နှံ့လာ၏။ မျက်စိတစ်မှိတ်အတွင်း သူ၏ လက်တစ်ဖက်လုံးကား တစ်မီတာအရှည် ဓားသွားအသွင် ပြောင်းသွားခဲ့ချေပြီ။
၎င်းသည် ကြေးသားဖြစ်ပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သည့်အလား ရှေးဆန်သော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။ ၎င်းက တစ်လောကလုံးတွင် အရေးပါဆုံးအရာဖြစ်လာသကဲ့သို့ ကျောက်မျက်ရတနာနှင့်တူသော ကြယ်အလင်းရောင်ကို တစတစ ဖြန့်ကျက်လိုက်သည်။။
ဓားသွား၏ မျက်နှာပြင်မှာ မှန်သားပြင်ကဲ့သို့ ချောမွေ့ပြောင်လက်နေပြီး သက်ရှိသတ္တ၀ါအားလုံးကို ထက်ပိုင်းပိုင်းပစ်နိုင်ပုံရသည့် အေးစက်စက်အလင်းရောင်ဖြင့် လင်းလက်နေသည်။ ၎င်းသည် လျှို့ဝှက်ဆန်းကြယ်သော အခိုးအငွေ့များကိုလည်း ထုတ်လွှတ်နေ၏။
နေရာရွှေ့ပြောင်းခြင်းဝဲမှာ ရေခဲခံလိုက်ရ၍ မလည်ပတ်လိုက်တော့သည့်အလား တချွတ်ချွတ်အက်သံများ ထွက်လာသည်။
အနီးနားဟင်းလင်းပြင်ထဲရှိ အနှစ်သာရများနှင့် သဘာ၀နိယာမအားလုံး ကွဲကြေသွားသည်။ ဓားသွားကို ဗဟိုပြု၍ မမြင်ရသော လှိုင်းဂယက်များ စတင်ဖြာထွက်လာသည်။ လှိုင်းဂယက်များ ဖြတ်သွားသည့်နေရာတိုင်းမှာ ဟင်းလင်းပြင်ဖြစ်နေသေးသော်လည်း တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်မဟုတ်တော့သလို ဖြစ်လာ၏။
ဖြစ်ပျက်နေသောအရာ၏ ထူးဆန်းမှုက ပါရာဂွန်ပင်လယ်အိပ်မက်ကို လှည့်နေရာမှ တုံ့ခနဲ ရပ်လိုက်ရစေသည်။ သူမတစ်ကိုယ်လုံး တုန်ရီသွားပြီး သူမက မန်ဟို၏ ညာလက်ဖျံကို လှမ်းကြည့်သည်။ ထိုအခိုက်အတန့်တွင် သူမမျက်နှာပေါ်၌ ခံစားချက်ပေါင်းများစွာ ဖြတ်ပြေးသွားလေ၏။
"လောကပါလတာအိုအင်မော်တယ်" သူမက ရေရွတ်လိုက်သည်။ "ဆိုတော့ မင်းက ဒုတိယအဆင့်ကို လှုံ့ဆော်နိုင်တဲ့အထိ ရောက်သွားခဲ့ပြီကိုး" သူမ၏စကားက မန်ဟို့မျက်လုံးများကို မသိမသာ လင်းလက်သွားစေခဲ့သည်။ သို့သော် သူသည် ကြေးမုံအကြောင်း သူမသိထားပြီးဖြစ်ကြောင်း ခန့်မှန်းထားခဲ့ပြီးလေပြီ။
လီလင်းအာ၏မျက်ဝန်းလေးများမှာတော့ လက်ဖက်ရည်ပန်းကန်ပြားလောက် ပြူးကျယ်နေပြီး သူမမှာ တဖြည်းဖြည်း နောက်ဆုတ်ဆုတ်သွားတော့သည်။ မန်ဟို့ညာလက်ဖျံပေါ်ရှိ ဓားသွားက သူမကို မှင်သက်သွားစေ၏။ ၎င်းကို ကြည့်နေရခြင်းက ကောင်းကင်ထက်မှ မရေမတွက်နိုင်သော ကြယ်များ ကျဆင်းလာနေသည်ကို ကြည့်နေရသကဲ့သို့ ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူမနားထဲ၌ ဒေါသတကြီးဟိန်းဟောက်သံများကိုလည်း ကြားနေရသည်။
မန်ဟို၏ ညာလက်ဖျံက လှိုင်းထနေသကဲ့သို့သော အသွားကိုးသွားဖြင့် ဓားသွားအသွင်ပြောင်းသွားခဲ့သည်။ ဓားသွားတစ်ခုတွင် လွှကဲ့သို့ အသွားကိုးသွားရှိနေသည့်အချက်ကား အင်မတန် အံ့အားသင့်ဖွယ်ကောင်း၏။
ဤသည်မှာ မန်ဟို့ကြေးမုံ၏ ဒုတိယအဆင့် .... စစ်လက်နက်ဖြစ်သည်။
ကြက်တူရွေးပြောခဲ့သည့်အတိုင်း လောကပါလတာအိုအင်မော်တယ်အဆင့်သို့ ရောက်သည်နှင့် မန်ဟိုသည် ကြေးမုံကို ဒုတိယအဆင့်သို့ တက်လှမ်းစေနိုင်လိမ့်မည်။ ယခုတွင် မန်ဟိုကား ထိုအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သော်လည်း တတိယနိဗ္ဗာနသစ်သီးနှင့် ပေါင်းစည်းမှုက ၅၀ ရာခိုင်နှုန်းမျှသာ ပြီးမြောက်သေး၏။ ၁၀၀ ရာခိုင်နှုန်းမပြည့်သေး။
သို့ဖြစ်၍ မန်ဟို၏ညာလက်မှ ဖြာထွက်လာသော အရှိန်အဝါမှာ သူ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေ၏။ သူ့မှာ ကောင်းကင်ဘုံ ၃၃ ခုကိုပင် ပိုင်းဖြတ်၍ ဖွင့်နိုင်သည်ကို ခံစားလိုက်ရသဖြင့် အသက်ရှူသံများ မြန်လာတော့သည်။
အဆိုပါခံစားချက်က သူ့ကို တုန်ရီလာစေသည့်အပြင် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့တော့မည့်အလား ဖြစ်လာစေသည်။ သူသည် သူ့ကိုယ်သူ ဝဲ၏အဝေးသို့ တွန်းလိုက်ပြီးနောက် စစ်လက်နက်မှာ ကြေးမုံအသွင်ပြောင်းရင်း မန်ဟို့လက်ပေါ် ကျဆင်းလာ၏။
သူ့အနေဖြင့် ကြေးမုံကို စစ်လက်နက်အသွင် ပြောင်းနိုင်သော်လည်း ဓားချက်တစ်ချက်ပင် ထုတ်လွှတ်နိုင်ခြင်းမရှိသေးကြောင်း သိသာသည်။ လောကပါလတာအိုအင်မော်တယ်တန်ခိုးအပြည့်အဝကို အသုံးချနိုင်လျှင်တော့ ဓားသွားအား သူ အသုံးပြုနိုင်ကောင်းပြုနိုင်လိမ့်မည်။
ထိုဓားသွားကို လွှဲယမ်းလျှင် သူ့ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံ ကုန်ခမ်းသွားလောက်သည်။ သို့သော် ဓားချက်တစ်ချက်လေးက ကောင်းကင်ဘုံများကို တုန်ခါစေ၍ အလင်းရောင်အားလုံးကို ဆုံးရှုံးရစေကာ အသက်များကို သုတ်သင်ပစ်လိမ့်မည်။ ၎င်းကား သဘာဝနိယာမများနှင့် အနှစ်သာရများကို ခြေမွပစ်လိမ့်မည်။
မန်ဟိုမှာ ထိုအချိန်ကို မစောင့်နိုင်တော့ပေ။ သူက အသက်ပြင်းပြင်းရှူလျက် လက်ကို ဝှေ့ယမ်းရင်း ကြေးမုံအား သိမ်း၍ တွေဝေရှုပ်ထွေးနေသောအမူအရာကို ဆင်မြန်းထားသည့် ပါရာဂွန်ပင်လယ်အိပ်မက်အား ကြည့်လိုက်သည်။
ပါရာဂွန်ပင်လယ်အိပ်မက်က ကြေးမုံကို စိုက်ကြည့်နေခဲ့ပြီး သူ ၎င်းအား သိမ်းလိုက်ပြီးနောက်တွင် တိတ်ဆိတ်စွာ ဆက်ရပ်နေသည်။
မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူသည် မျက်လုံးများ တောက်ပလင်းလက်နေလျက် နောက်တစ်ကြိမ် စကားပြောလိုက်၏။ “ပါရာဂွန်ပင်လယ်အိပ်မက် ကျုပ် အခုထိ ပြောလို့မပြီးသေးဘူး။ အခု လေဟုန်ခွင်းလောကက ကောင်းကင်ဘုံ ၃၃ ခုထဲ ဝင်ရောက်သွားခဲ့ပြီဆိုတော့ သံသယအဝင်ခံရဆုံးဖြစ်လာမယ့်သူက လေဟုန်ခွင်းအင်ပါယာသခင်ပဲ။ သူ လွတ်လပ်မှုမှန်သမျှ ဆုံးရှုံးလိုက်ရမှာတောင် ကျုပ် စိတ်ပူမိတယ်။ သူ့အတွက် လေဟုန်ခွင်းလောကကို ၃၄ ခုမြောက် ကောင်းကင်ဘုံဖြစ်လာအောင် လုပ်ရမယ့် ကိစ္စက .... လောင်းကစားအကြီးကြီးပဲ
“စဉ်းစားကြည့်ရင် အဲဒီလောင်းကစားရှုံးမှာတောင် သေချာသလောက် ရှိတယ်။ ဒါတောင် သူက လုပ်ခဲ့တုန်းပဲ
“ဘာကြောင့်လဲဆိုတော့ ကိစ္စတစ်ခုလုံးက လုပ်ဇာတ်ဖြစ်နေလို့မလား
“ကြည့်ရတာ ခင်ဗျား ရွှယ့်အာကို ပြန်မခေါ်ခဲ့တဲ့အကြောင်းရင်းက သူက ခင်ဗျားရဲ့အတွင်းလူ ဖြစ်နေလို့ထင်တယ်”
ပါရာဂွန်ပင်လယ်အိပ်မက်က ကြေးမုံပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် ထူးဆန်းပြီး ရှုပ်ထွေးနေသောမျက်နှာထားဖြင့် မန်ဟို့ကို ကြည့်သည်။ အချိန်အတော်လေး ကြာသွားသည်။ နောက်ဆုံးတွင် သူမက ပြောလေသည်။ “ငါက အဲဒီလိုလုပ်ခဲ့တာလို့ ဘာကြောင့်ထင်တာလဲ” ဤသည်မှာ သူ့မေးခွန်းများကို သူမ ပထမဆုံးအကြိမ် တိုက်ရိုက်တုံ့ပြန်ခြင်းဖြစ်သည်။
မန်ဟို့မျက်လုံးများမှာ မဆိုစလောက် ကျဉ်းမြောင်းသွားပြီး သူက အသက်ဝဝရှူသွင်းလိုက်သည်။
“ခင်ဗျားလုပ်ရပ်ရဲ့ အကြောင်းရင်းက .... ပါရာဂွန်ပင်လယ်အိပ်မက် ၊ ခင်ဗျား ပြောခဲ့ဖူးတဲ့အစီအစဉ်နဲ့ ပတ်သက်နိုင်ခြေများနေလို့ပဲ။ လေဟုန်ခွင်းလောကနဲ့ ရွှယ့်အာက ရည်ရွယ်ချက်တစ်ခုတည်းအတွက် အပို့ခံလိုက်ရတာလို့ ကျုပ် အတော်လေး ယုံကြည်ချက်ရှိတယ်။ အဲဒီရည်ရွယ်ချက်က ....
“နေရာရွှေ့ပြောင်းခြင်းမုခ်ဝတစ်ခု ဖန်တီးဖို့”
တခဏတိတ်ဆိတ်နေပြီးနောက် ပါရာဂွန်ပင်လယ်အိပ်မက်က ပြောသည်။ “မှန်လည်း မှန်သလို မှားလည်း မှားတယ်”
သူမက သူပြောခဲ့သည့်စကားများအနက် မည်သည့်အပိုင်းက မှန်ပြီး မည်သည့်အပိုင်းက မှားလဲ မဖော်ညွှန်းပေ။ သို့သော် သူမ ပြန်ဖြေလိုက်ရသည့်အချက်က မန်ဟိုသည် သူမကို မဖြစ်မနေ ဖြေရှင်းရအောင် တွန်းအားပေးနိုင်ခဲ့ကြောင်း သက်သေပြနေ၏။
သူမအနေဖြင့် မန်ဟို့တည်ရှိမှုကို လျစ်လျူရှု၍မရပေ။ ကိုးတံဆိပ်၏ ဆက်ဆံသူဆိုသော သူ၏အဆင့်အတန်းကြောင့်ဖြစ်စေ၊ သူက တောင်ပင်လယ်လောက၏ အရှင်သခင်အလောင်းအလျာဖြစ်နေ၍ သို့မဟုတ် စစ်လက်နက် ပေါ်လာခဲ့၍ဖြစ်စေ .. ထိုအရာအားလုံးက သူမကို လေးနက်သောမျက်လုံးများဖြင့် မန်ဟို့အား ကြည့်လိုက်မိစေသည်။
ကျင့်ကြံအဆင့်အရ သူ့ကို သိပ်ဂရုမစိုက်သော်လည်း သူ့အပေါ်တွင် တည်ရှိနေသော ကံကြွေးများစွာက သူမကို မဖြစ်မနေ ဖြေရှင်းချက်ပေးလိုက်ရစေသည်။
မန်ဟိုက ဆက်မမေး။ တကယ်တမ်း မည်သည့်အပိုင်းက မှန်လဲ၊ မည်သည့်အပိုင်းက မှားလဲ သူ မသိချင်ပေ။ သူသည် မျက်လုံးများလင်းလက်တောက်ပနေလျက် လက်ယှက်၍ ပါရာဂွန်ပင်လယ်အိပ်မက်အား အရိုအသေပေးလိုက်၏။
ထို့နောက် သူသည် ချောင်းဟန့်ရင်း အတန်ငယ် အနေရခက်၍ ရှက်ကိုးရှက်ကန်းဖြစ်နေသောဟန်ဖြင့် ပြောလေသည်။ “ဒါက ကျုပ် ခန့်မှန်းကြည့်ရုံလေးပါ စီနီယာ။ စောစောက နည်းနည်း ခံစားချက်တွေ ပြင်းထန်သွားခဲ့လို့ ကိုးလို့ကန့်လန့်တွေ ပြောခဲ့မိတယ်။ ကျေးဇူးပြုပြီး ဗွေမယူပါနဲ့နော် ပါရာဂွန်ပင်လယ်အိပ်မက်။ ဒါပေမဲ့ ကျုပ် အကြိမ်ပေါင်းများစွာ သေတော့မလိုဖြစ်ခဲ့တာတွေ ရှိခဲ့တယ်ဗျ။ ဂျူနီယာ လေဟုန်ခွင်းလောကထဲမှာ သေရေးရှင်ရေးအခြေအနေတွင် အများကြီးတွေ့ခဲ့ရတော့လေ အကြိမ်တိုင်း ခေါင်းထဲပေါ်လာခဲ့တဲ့ ငိုချင်းဆယ့်ကိုးပုဒ် ရှိတယ်။ အဲဒီငိုချင်းဆယ့်ကိုးပုဒ်ကို ပြန်တွေးလိုက်တိုင်း နှလုံးသားကို ဓားနဲ့ထိုးခံရသလို ခံစားရတာဗျာ။ ပထမငိုချင်းကတော့ အင်မော်တယ်အပျက်အစီးနယ်ရဲ့ အစိတ်အပိုင်းတစ်ခုကို ကျုပ်မယူနိုင်သေးတဲ့အကြောင်း ဖွဲ့ဆိုထားတာ။ ယူများ ယူနိုင်ခဲ့ရင် ကျုပ် လေဟုန်ခွင်းလောကမှာ နောင်တမရှိ သေနိုင်ခဲ့ပါပြီ” သူ့မျက်နှာတိမျက်နှာထားကား ယခင်နှင့် လားလားမျှ မတူတော့ပေ။
သူ့မှာ ဤစကားကို ပြောဖို့လေးအတွက် ကွေ့ကောက်အကြောင်းရှာနေခဲ့သည့်အလား၊ သူ့စွမ်းအားကိုပင် ထုတ်ဖော်၍ ဒေါသထွက်သောင်းကျန်းပြခဲ့သည့်အလားပင်။
ပါရာဂွန်ပင်လယ်အိပ်မက် စကားပြောလိုက်စဉ် သူမ၏မျက်နှာအပေါ်တွင် ထူးဆန်းသောအမူအရာ ရှိနေသည်။ “အင်မော်တယ်အပျက်အစီးနယ်ရဲ့ အစိတ်အပိုင်းတစ်ခုလား”
မန်ဟိုက ချောင်းဟန့်လိုက်ပြန်သည်။ သူက အတန်ငယ်ရှက်ရွံ့စွာဖြင့် သက်ပြင်းချလိုက်၏။
“ပါရာဂွန်ပင်လယ်အိပ်မက်ခင်ဗျာ ကျုပ်ရဲ့ ဒီပထမဆုံးငိုချင်းနဲ့ပတ်သက်ပြီး ခင်ဗျား ကူညီပေးဖို့ တောင်းဆိုပါတယ်။ အင်မော်တယ်အပျက်အစီးများနယ်ကို တွေ့တိုင်း ပါရာဂွန်အင်မော်တယ်လောကရဲ့ အတိတ်တုန်းက ကြီးကျယ်ခမ်းနားခဲ့ပုံကို မတွေးမိဘဲ မနေဘူးဗျာ။ ပြီးတော့ ကျုပ်သာ အင်မော်တယ်အပျက်အစီးများနယ်ရဲ့ အစိတ်အပိုင်းလေးတစ်ခုကိုသာ ယူလိုက်နိုင်လို့ကတော့ ကျင့်ကြံအားထုတ်ဖို့ တကယ် အားတက်ရမှာ။ အဲဒါက ကျုပ်ကို တိုးတက်အောင် ကူညီ....” မန်ဟို့စကားပင်မဆုံးပင် ပါရာဂွန်ပင်လယ်အိပ်မက်က လက်ကို လေတွင် ဝှေ့ယမ်းလိုက်ရာ ထစ်ချုန်းသံများ မြည်ဟည်းသွားစေသည်။ တစ်ချိန်တည်းမှာပင် ဧရာမအက်ကွဲကြောင်းကြီးတစ်ကြောင်း ပွင့်ထွက်လာ၏။
ထိုအက်ကွဲကြောင်းက နောက်ကမ္ဘာတစ်ခုကို ဦးတည်နေသယောင်ပင်။
ထိုဦးတည်နေသောနေရာကား အင်မော်တယ်အပျက်အစီးများထဲမှ တစ်ခုဖြစ်သည်။ အင်မော်တယ်အပျက်အစီးများနယ်မှာ ကြီးမားလှသည့်အပြင် တောင်ပင်လယ်လောကတစ်လျှောက် ပြန့်ကြဲနေသည်။ ယခုတွင် မန်ဟိုသည် ကုန်းမြေကဲ့သို့သော အပျက်အစီးတစ်ခုကို စိုက်ကြည့်နေ၏။ ရုတ်တရက် ၎င်း၏ထောင့်တစ်နေရာကို ဧရာမလက်ကြီးတစ်ဖက်က စုတ်ဖြဲလိုက်ပုံရသည်။ မီတာသုံးသောင်းအကျယ်မြေအပိုင်းတစ်ပိုင်းသည် ဖြည်းဖြည်းချင်း ကွဲထွက်လာပြီးနောက် အက်ကွဲကြောင်းကို ဖြတ်၍ ပျံထွက်လာ၏။
အချိန်လှိုင်းများနှင့်အတူ ရှေးဟောင်းအရှိန်အဝါတစ်ခု ဖြာထွက်လာသည်။ မန်ဟို့နှလုံးသားကို စိတ်လှုပ်ရှားမှုများဖြင့် ဒုန်းစိုင်းခုန်သွားစေသော ရှားပါးအင်မော်တယ်အငွေ့အသက်များလည်း ရှိနေသည်။