← Chapters

သနားကြင်နာလွန်းတယ် ၊ ရိုးသားဖြူစင်လွန်းတယ်

Vol. 83 Ch. 1153

သနားကြင်နာလွန်းတယ် ၊ ရိုးသားဖြူစင်လွန်းတယ်

Vol. 83 Ch. 1153

အင်မော်တယ်အပျက်အစီးများနယ်သည် အင်မော်တယ်လောက၏ ကြေမွသွားခဲ့သော အပိုင်းအစများ ဖြစ်သည်။ ၎င်းတို့က သာမန်တာအိုနယ်ပယ်ပညာရှင်များပင်လျှင် အပိုင်အဖြစ် ဖဲ့ယူသွားဖို့ အသာထား၊ ရွေ့အောင်ပင် မလုပ်နိုင်သည့်အရာများပင်။ သူတို့ လုပ်နိုင်သမျှမှာတော့ အပျက်အစီးများ ထိုနေရာတွင် ထာ၀ရတစ်လျှောက်လုံး လွင့်မျောနေသည်ကို ကြည့်နေရုံသာ...။

တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်း၏ အရှင်သခင်များကဲ့သို့ တန်ခိုးကြီးပုဂ္ဂိုလ်များသာ အင်မော်တယ်အပျက်အစီးများနယ်၏ အပိုင်းအစတစ်ခုကို ယူဆောင်ရန် အရည်အချင်း ပြည့်မှီ၏။ ဥပမာအားဖြင့် ဖန်မျိုးနွယ်စု၏ ပထမမျိုးဆက်ခေါင်းဆောင်ကြီးသည် သူ၏ ဗိမာန်အဖြစ် ထားရှိရန် အင်မော်တယ်အပျက်အစီးများနယ်၏ အစိတ်အပိုင်းတစ်ခုကို ယူဆောင်ခဲ့လေသည်။

မန်ဟိုမှာ မီတာ ၃၀၀၀၀ အကျယ် အင်မော်တယ်အပျက်အစီးအပိုင်းအစ သူ့ဆီ ပျံသန်းလာသည်ကိုမြင်လျှင် ရင်ခုန်စိတ်လှုပ်ရှားလွန်း၍ လည်ချောင်းပင် ခြောက်ကပ်လာသည်။ ဤအပိုင်းအစသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီး ဖဲ့ယူခဲ့သည့် တစ်ခုလောက် မကြီးမား‌သော်လည်း ၃၀ ရာခိုင်နှုန်းခန့်တော့ ကြီးမားသေး၏။

တခြားအသာထား၊ ၎င်း၏ အရွယ်အစားနှင့်တင် လူတစ်ယောက်အား ဖိသတ်၍ ရမည်။

"ရတနာကြီးပဲ" မန်ဟိုက ချက်ချင်း ၎င်းကို ဆုပ်ကိုင်ရန် လက်လှမ်းလိုက်သည်။

ထိုအခိုက်အတန့်တွင် အင်မော်တယ်အပျက်အစီးအပိုင်းအစသည် ဟင်းလင်းပြင်ကို ဖြတ်၍ သူ့ဆီပျံသန်းလာနေစဉ် အံမခန်းလိလိ လှိုင်းများကို ထုတ်လွှတ်ရင်း အရာအားလုံးကို တဝုန်းဝုန်း တုန်ခါ‌လှုပ်ရမ်းလာစေသည်။ ရုတ်တရက် ၎င်းကား ကျုံ့စပြုလာလေပြီ။

မန်ဟို၏မျက်လုံးများ လင်းလက်သွားပြီး သူသည် ပါရာဂွန်ပင်လယ်အိပ်မက်ကား အမှန်ပင် စာနာတတ်သည်ဟု ချီးကျူးမိလိုက်၏။ သူ့နှလုံးသားမှာ ဝမ်းသာပျော်ရွှင်လွန်း၍ ဘင်ခရာတီးသကဲ့သို့ တဒိန်းဒိန်း ခုန်နေတော့သည်။ အပိုင်းအစသည် လက်တစ်ဖက်အရွယ်အစားရောက်သည်အထိ ကျုံ့သွားခဲ့ပြီး သူ့လက်ဖဝါးပေါ်တွင် ဝဲနေလေသည်။

၎င်း လက်ဝါးပေါ် ကျလာသောအခါ သူ့မျက်နှာပေါ်ရှိ ဝမ်းသာပီတိဂွမ်းဆီထိနေသောအမူအရာမှာ ဖုံးဖိမရတော့ပေ။ သို့သော် တခဏကြာသော် သူ့မှာ ၎င်းကို ဖမ်းဆုပ်မထားနိုင်ကြောင်း သဘောပေါက်လိုက်သဖြင့် မျက်နှာပျက်သွားတော့သည်။ ၎င်းက ချက်ချင်း အောက်ကျသွား၏။ အရွယ်အစား ပြောင်းလဲသွားခဲ့သော်လည်း ၎င်း၏အလေးချိန်မှာ မီတာ ၃၀၀၀၀ အရွယ်အစားတုန်းကအတိုင်းပင်။

ဤသည်မှာ သာမန်မြေခဲမဟုတ်ဘဲ အင်မော်တယ်လောက၏ အကြွင်းအကျန်တစ်ခုမဟုတ်လော။ ၎င်းသည် .... အင်မော်တယ်‌လောကမှ ကုန်းမြေတစ်ခုဟူ၍ပင် ပြောနိုင်၏။

ကြောက်မက်ဖွယ် အလေးချိန်ကြီးက မန်ဟို့လက်မှ တဂျွတ်ဂျွတ်မြည်သံများ ထွက်လာစေသည်။ ရုတ်တရက် မြေထုသည် သူ့လက်ဝါးထဲမှ လျှောထွက်၍ အောက်ရှိ အာကာသထဲသို့ ကျသွားလေပြီ။ ‌အာကာသမှာ အောက်ခြေမရှိသယောင် ထင်ရသော်လည်း မန်ဟိုသည် အင်မော်တယ်အပျက်အစီးများနယ်မှ အဖိုးထိုက်ရတနာလေး ဝေးသထက် ဝေးသွားသည်ကို မြင်လျှင် မျက်လုံးများ နီရဲသွားတော့၏။ သူက တခဏလေးပင် တုံ့ဆိုင်းမနေဘဲ လိုက်ဆင်းသွားလေသည်။

"မင်း အဲ့ဒါကို မကိုင်နိုင်တာနဲ့ ငါ မင်းကို မပေးဘူးလို့ မဆိုလိုဘူးနော်" ပါရာဂွန်ပင်လယ်အိပ်မက်က ပြောသည်။ "အင်မော်တယ်အပျက်အစီးနယ်ထဲက မြေမှာ အရင်ပါရာဂွန်အင်မော်တယ်လောကရဲ့ အငွေ့အသက်တွေ ပြည့်နှက်နေတယ်။ ဒါကြောင့် ... အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပဲ။ ငါ မင်းကို ပေးလိုက်တဲ့အပိုင်းက သိပ်တောင် မကြီးပေမယ့် အရှေ့အောင်ပွဲဂြိုလ်ရဲ့ ဆယ်ပုံတစ်ပုံလောက် အလေးချိန်ရှိတယ်

"အဲဒါကို လေဟုန်ခွင်းလောကကိစ္စနဲ့ ပတ်သက်တဲ့ ဆုလာဘ်လို့ သဘောထား။ မင်း ရမလား မရဘူးလားကတော့ မင်းအပေါ်ပဲ မူတည်လိမ့််မယ်" သူမ၏ အေးစက်စက်စကားလုံးများ သူ့နားထဲ ၀င်ရောက်လာသည်နှင့်တစ်ပြိုင်နက် မန်ဟိုမှာ မိုးမီးလောင်သွားတော့သည်။

လီလင်းအာက ထူးဆန်းသောမျက်နှာလေးဖြင့် ပါရာဂွန်ပင်လယ်အိပ်မက်၏ဘေးတွင် ရပ်နေ၏။ သူမသည် မန်ဟို အောက်သို့ ဆင်းသွားသည်ကို ကြည့်နေပြီးနောက် ပါရာဂွန်ပင်လယ်အိပ်မက်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမမှာ မျက်တောင်တဖျတ်ဖျတ် ခတ်ပြီးနောက် ပြုံးနေသော်လည်း မရယ်မိအောင် မနည်းထိန်းထားရ၏။

မန်ဟိုမှာတော့ ဒေါသအကြီးအကျယ် ထွက်နေပြီး သူ့နှလုံးသားမှာ သွေးစိမ်းရှင်ရှင် ကျနေသည်။ အင်မော်တယ်အပျက်အစီးများနယ်၏ ထိုအပိုင်းအစသာ အစကတည်းက သူ့အပိုင်မဟုတ်ခဲ့လျှင် ဆုံးရှုံးလိုက်ရလည်း အ‌ရေးမကြီးပေ။ သို့သော် ပါရာဂွန်ပင်လယ်အိပ်မက်က သူ့ကို ပေးခဲ့ပြီးလေပြီ။ ပြဿနာက သူ့မှာ ၎င်းကို မဆုပ်ကိုင်နိုင်ဖြစ်နေရာ ၎င်း ဝေးသထက် ဝေးဝေးသို့ ကျဆင်းနေသည်ကို မြင်ရခြင်းက သူ့နှလုံးသားကို ဓားဖြင့် လှီးနေသကဲ့သို့ ခံစားရစေသည်။

သူ့အတွက် အခြေအနေကို စေ့စေ့စပ်စပ် တွေးတောကြည့်ရန်ပင် အချိန်မရ‌လိုက်ပေ။ မိုးပြာရောင်အလင်းက သူ့ပတ်ပတ်လည်တွင် ကွန့်မြူးလာပြီး သူက သူ့နဖူးထဲရှိ တတိယနိဗ္ဗာနသစ်သီးမှ လောကပါလတာအိုအင်မော်တယ်တန်ခိုးကိုပင် အသုံးပြုလိုက်ရင်း မယုံကြည်နိုင်ဖွယ်နှုန်းဖြင့် အောက်ဆင်းသွား၏ ..... ထို့နောက် မိုးပြာရောင်သိမ်းငှက်အသွင်ပြောင်းရင်း လျှပ်စီးလို ထိုးဆင်းသွားပြန်သည်။

"ပြန်လာခဲ့စမ်း။ မင်းက ငါ့အပိုင် ငါ့အပိုင်လို့" မန်ဟို့မျက်လုံးများမှာ နီရဲတောက်နေပြီး သူ့နှလုံးသားခမျာ စူးအောင့်နေတော့သည်။ သူ၏ အလျှော့မပေးသော ဇွဲနှင့် တချောင်းချောင်း ထွက်နေသည့် အမျက်ဒေါသတို့ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သူကာား အသက်လုပြေးခဲ့တုန်းထက်ပင် မြန်သော အမြန်နှုန်းဖြင့် လိုက်ဖမ်းနေ၏။ သူက ‌အောက်သို့ ကျဆင်းနေသော အင်မော်တယ်အပျက်အစီးနယ်၏ အပိုင်းအစနှင့် နီးကပ်သထက် နီးကပ်လာနေသဖြင့် တဝုန်းဝုန်းမြည်သံများပင် ကြားလာရသည်။

ဤအခိုက်အတန့်တွင် သူ့မှာ ဤအပိုင်းအစအပေါ်တွင်သာ အာရုံအပြည့်အ၀ စိုက်ထား၏။ သူက နတ်ဘုရားစွမ်းရည်များနှင့် တာအိုမှော်သိုင်းကွက်အမျိုးမျိုးကို ထုတ်လွှတ်လိုက်သဖြင့် တအုန်းအုန်း မြည်သံများ ပဲ့တင်ထပ်သွားသည်။ နောက်ဆုံးတော့ အမွှေးတိုင်တစ်တိုင်ထွန်းစာမျှ အစွမ်းကုန်ထုတ်ပြီးနောက်တွင် လိုက်မှီသွားခဲ့လေပြီ။ ထို့နောက် သူက ကျဆင်းနေသော အင်မော်တယ်အပျက်အစီးအပိုင်းအစဆီသို့ လှမ်းဖမ်းလိုက်သောလက်ဟန် လုပ်လိုက်သည်။

အောက်ကျနေသော အင်မော်တယ်အပျက်အစီးအပိုင်းအစမှာ ရပ်သွားသဖြင့် တဝုန်းဝုန်းမြည်သံများ ဆူညံသွားသည်။ သူ့မှာ မည်သည့်အရာကိုမှ မချုပ်တည်းထားတော့ဘဲ ထိုကဲ့သို့ ထပ်တလဲလဲ လုပ်နေသည်။ လွယ်တော့ မလွယ်ကူသော်လည်း နောက်ဆုံးတော့ အင်မော်တယ်အပျက်အစီးအပိုင်းအစသည် သူ့သိုလှောင်အိတ်ထဲ ပျံဝင်သွားသည့် အလင်းတန်းအသွင် ပြောင်းသွားတော့၏။

ပါရာဂွန်ပင်လယ်အိပ်မက်က ၎င်းမည်မျှလေးကြောင်း မန်ဟို့ကို သတိမပေးခဲ့သော်လည်း အင်မော်တယ်အပျက်အစီးအပိုင်းအစအား မန်ဟို့ထံ ပေးမည်ဟု ပြောခဲ့၍ လိမ်ညာမည်မဟုတ်ပေ။ ထို့ကြောင့် ၎င်းမှာ အလွန့်အလွန်လေးသော်လည်း သူ့သိုလှောင်အိတ်ထဲတွင် သိမ်းနိုင်အောင် သူမ၏မှော်အစွမ်းဖြင့် ပြောင်းလဲခံခဲ့ရ၏။

ပါရာဂွန်ပင်လယ်အိပ်မက်၏ မှော်ပြောင်းလဲအစွမ်းကြောင့် အရှေ့အောင်ပွဲဂြိုဟ်၏ ဆယ်ပုံတစ်ပုံလေးသော မြေထုကြီးမှာ သူ့သိုလှောင်အိတ်ထဲတွင် မပြောပလောက်တော့ပေ။

မန်ဟိုမှာ စိတ်အေးသွားပြီးနောက် ကပျာကယာ ပြန်တက်လာသည်။ မကြာမီ သူသည် မူလနေရာသို့ ပြန်ရောက်သွားခဲ့သော်လည်း ပါရာဂွန်ပင်လယ်အိပ်မက် မရှိတော့သည်ကိုသာ တွေ့လိုက်ရ၏။ လီလင်းအာရော၊ ကျင့်ကြံခြင်းဂူပါ မည်သည့်နေရာတွင်မှ မမြင်ရတော့သည့်အပြင် ပါရာဂွန်ပင်လယ်အိပ်မက်၏အသံသာ ပဲ့တင်ထပ်လျက် ကျန်ရစ်ခဲ့သည်။

“အဲဒီကြေးမုံက မင်္ဂလာမရှိဘူး။ ပိုင်ရှင်ကို အန္တရာယ်ပြုလိမ့်မည်။ ရှေးခေတ်တုန်းက ပထမဆုံးပေါ်လာခဲ့ပြီး အခု နောက်တစ်ကြိမ် ထပ်ပေါ်လာတာပဲ”

အသံမှတစ်ပါး ပတ်ဝန်းကျင်ရှိ တစ်ခုတည်းသောအရာမှာတော့ ရေခဲနေသည့် အထီးကျန်နေရာရွှေ့ပြောင်းဝဲသာ။ ၎င်းက ဖြေးဖြေးချင်းလည်ရင်း ရေခဲများကို အရည်ပျော်ကျနေစေလျက် မန်ဟို့အား စောင့်နေသည်။ မန်ဟိုမှာတော့ ဘေးဘီဝဲယာကို မျက်ပြူးဆန်ပြာ ကြည့်လိုက်လေသည်။

ကျင့်ကြံခြင်းဂူလည်း မရှိ၊ လီလင်းအာလည်း မရှိ၊ ပါရာဂွန်ပင်လယ်အိပ်မက်လည်း ... တကယ်ကြီး မရှိတော့။

“သူတို့ ဘယ်ရောက်သွားတာတုန်း။ ထွက်သွားတာလား။ သူ ဒါကို တမင်လုပ်ခဲ့တာပဲ။ သေချာပေါက် တမင်လုပ်ခဲ့တာ” မန်ဟို့မျက်နှာထားအရ သူ့မှာ မီးပွင့်ပေါက်ကွဲတော့မည့်ပုံရသည်။

“ငါ့မှာ ငိုချင်းဆယ့်ကိုးပုဒ်ရှိတာလေ။ ပထမတစ်ခုကိုပဲ ... ဖြည့်ဆည်းပေးရသေးတယ်။ ပါရာဂွန်ပင်လယ်အိပ်မက် ခင်ဗျား ဘယ်ကို ခိုးကြောင်ခိုးဝှက် ထွက်သွားတာလဲ။ ဒါက အကျင့်သိက္ခာမရှိတာပဲဗျ ခင်ဗျားကြားလား။ သိပ်ကို လွန်သွားပြီနော်။ ကျုပ် လေဘကြီးနေတာလည်း မဟုတ်ဘူး။ ငိုချင်းဆယ့်ကိုးပုဒ်ပဲ ရှိတာပါ။ အဲဒါ များနေလို့လား” မန်ဟိုမှာ အလွန်စိတ်ညစ်နေပြီး မြန်မြန်ဆန်ဆန် မပြောခဲ့မိသည်ကို နောင်တအကြီးအကျယ် ရနေတော့သည်။ ယခုလို ဖြစ်မည်ကိုသာ ကြိုသိခဲ့လျှင် ငိုချင်းဆယ့်ကိုးပုဒ်လုံးကို တစ်ပြိုင်တည်း ရွတ်ပြခဲ့မိလိမ့်မည်။

“သူက ဂုဏ်သရေကြီးမားတဲ့ ပါရာဂွန်တစ်ယောက်လေ။ ဒီလိုလျော်ကြေးတောင်းဖို့က လွယ်လွယ်နဲ့ ရနိုင်တဲ့ အခွင့်အရေးမဟုတ်တာကို အဆုံးသတ်မှာ သူက ငါ့ကို တစ်ပတ်ရိုက်သွားတယ်တဲ့လား

“ငါ ငမ်းငမ်းတက် လောဘကြီးနေရင်လည်း ထားပါဦး။ သူ့ကို ထွက်မသွားအောင်မှ မတားနိုင်တာ။ ဒါပေမဲ့ ငါက ဘယ်တုန်းက လောဘကြီးနေလို့လဲ။ ငိုချင်းဆယ့်ကိုးပုဒ်ရှိတယ်လို့ပဲ ပြောခဲ့မိတာပါ။ တခြားသူတွေသာဆို တစ်ရာတောင်မဟုတ်၊ တစ်ထောင်လောက်တောင် ပြောလောက်တယ်

“အိုက်ယား ဒီနေ့ခေတ်မှာ ငါ့လို ရိုးသားပြီး အားကိုးလို့ရတဲ့ ဖိုးသခွားလေးတွေ မရှိတော့ဘူး။ ဒါကြောင့်ပဲ ငါ့မှာ အမြဲအနိုင်ကျင့်ခံနေရတာ။ ဒီလူတွေက တကယ်ဟာသပဲ။ ကြည့်ရတာ ရိုးသားကြိုးစားတဲ့လူတွေကို ရွေးတဲ့နေရာမှာ ကျွမ်းပုံရတယ်” မန်ဟိုမှာ စိတ်တိုနေသော်လည်း သက်ပြင်းတချချနှင့် နောင်တရနေရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။

“အင်း .. အနည်းဆုံးတော့ အင်မော်တယ်အပျက်အစီးအပိုင်းအစတစ်ခုတော့ ရလိုက်ပါသေးတယ်။ အချိန်တန်ရင် ငါ အရှေ့အောင်ပွဲဂြိုဟ်ဆီ ပြန်သွားပြီး မွေးစားဖေဖေခဲ ပေးခဲ့တဲ့ ကျောက်ရုပ်ကြီးကို ခေါ်လို့ရပြီ” အတွေးရထား ဤဘူတာဆိုက်သော် မန်ဟိုမှာ အတန်ငယ် နေသာထိုင်သာ ရှိသွားသည်။ သို့သော် သူ့လို ရိုးသားကြိုးစားသောဖိုးသခွားလေးကို ပါရာဂွန်ပင်လယ်အိပ်မက် တစ်ပတ်ရိုက်ခဲ့ခြင်းမှာ မည်မျှမတရားကြောင်း မတွေးဘဲ မနေနိုင်သေးပေ။

သူသည် မျက်မှောင်ကြီးကြုတ်ရင်း ဝဲထဲသို့ ဝင်လိုက်ရာ နေရာရွှေ့ပြောင်းအစွမ်း အသက်ဝင်လာသဖြင့် တဝေါဝေါ မြည်လာတော့၏။ နောက်ဆုံးတော့ သူ ပျောက်ကွယ်သွားသည်။ ထို့နောက် ဝဲသည် ဖြည်းဖြည်းချင်း မှေးမှိန်သွားရင်း မည်သည့်သဲလွန်စမှ မကျန်တော့ပေ။

ယခုတွင် လေဟုန်ခွင်းလောကအကြောင်းကား နိဂုံးချုပ်သွားခဲ့လေပြီ။

ယခုမှစ၍ လေဟုန်ခွင်းလောကသည် တောင်ပင်လယ်လောက၏ အာကာသဟင်းလင်းပြင်ထဲတွင် ရှိတော့မည်မဟုတ်ပေ။ ၎င်းကား ထာဝရ ထွက်သွားခဲ့ပြီဖြစ်သည်။ ကိုးပင်လယ်နတ်လောကများအနေဖြင့် လေဟုန်ခွင်းလောကတွင် နတ်မီးသျှံစမ်းသပ်ပွဲများ ကျင်းပ၍မရတော့ပေ။

အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့နှင့် မြင့်မြတ်သောရေစီးဓားဂူတွင်သာ သူတို့၏ သူမတူသောကမ္ဘာများ ရှိကြတော့သည်။

ထိုစဉ် အနက်ရောင်အဝတ်အစားများနှင့်လူရိပ်တစ်ခုသည် အတွေးပေါင်းများစွာဖြင့် တောင်ပင်လယ်လောကထဲက ကြယ်တာရာကောင်းကင်ကို ဖြတ်၍ လမ်းလျှောက်နေ၏။ သူက ကျင့်ကြံသူများကို ဖြတ်သွားသည်၊ တောင်ပင်လယ်များကို ဖြတ်သွားသည်၊ အာကာသဟင်းလင်းပြင်ကို ဖြတ်သွားသည်။ သို့ထိတိုင် မည်သူမှ သူ့ကို မမြင်ရပေ။ သူကား အဖော်မဲ့ဝိညာဉ်ပမာ တောင်ပင်လယ်များတစ်လျှောက် မျောလွင့်နေသည်.....

လေဟုန်ခွင်းလောက ကောင်းကင်ဘုံ ၃၃ ခုသို့ ဝင်ရောက်သွားသည့်အခိုက်အတန့်၌ ... အဆုံးမဲ့ကြယ်တာရာကောင်းကင်၏အပြင် ၊ အလွန်ဝေးလံသောတစ်နေရာတွင် ..... အင်အားစုကြီးနှစ်စု ချီတက်လာနေသဖြင့် ကြယ်များသည် ပြင်းပြင်းထန်ထန် တုန်ခါလျက်ရှိ၏။

၎င်းတို့ကား တောင်ပင်လယ်လောကနှင့် အလွန့်အလွန်ဝေးကွာနေသေးသည်။ သို့သော် အတိုင်းအတာမည်မျှပင်ရှိစေကာမူ ..... နီးသထက် နီးလာနေလေပြီ။

ထိုစဉ် တောင်ပင်လယ်လောက၊ နဝမပင်လယ်အစပ်နားတွင် ... လှိုင်းဂယက်များ ရုတ်တရက် ဖြာထွက်လာသည်။ ၎င်းတို့သည် ဝဲတစ်ဝဲအဖြစ် တစတစ လည်လာ၏။ မန်ဟိုက ထိုဝဲထဲမှ ထွက်လာကာ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ရင်းနှီးသောပတ်ဝန်းကျင်အနေအထားအရ သူသည် နဝမပင်လယ်ကို ချက်ချင်း မှတ်မိလိုက်၏။

“နောက်ဆုံးတော့ .... ပြန်ရောက်လာပြီ” သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူသည် လေဟုန်ခွင်းလောကတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်တွေးကြည့်ရင်း သက်ပြင်းချလိုက်၏။ ထို့နောက် အာကာသကို မော့ကြည့်ကာ ကျုံးဝူရအကြောင်း တွေးလိုက်မိသည်။

“သူ အစစ်အမှန်တာအိုကို ရှာတွေ့လောက်လား...” သူက ခေါင်းကို ဖြေးညင်းစွာ ခါရမ်းရင်း တွေးလိုက်သည်။ တခဏကြာ ရပ်နေပြီးနောက် သူ၏မျက်လုံးများသည် လင်းလက်တောက်ပလာ၏။

“နဝမတောင်ပင်လယ်က ငါ့အိမ်ဆိုပေမယ့် ... အခုတော့ ထွက်သွားဖို့လိုနေပြီ။ ရှုချင်က စတုတ္ထတောင်ပင်လယ်မှာ ... ငါ ကတိအတိုင်း သူ့ကို ပြန်ခေါ်ဖို့ သွားရှာရမယ်” လေဟုန်ခွင်းလောကခရီးက သူ့ကို မယုံနိုင်လောက်အောင် ကံတက်စေခဲ့သည်။ သူသည် နိဗ္ဗာနသစ်သီးကို အပြည့်အဝစုပ်ယူခဲ့၍ လောကပါလတာအိုအင်မော်တယ်ဖြစ်စဉ်ကို စတင်ခဲ့ကာ ရှုချင်အကြောင်းတချို့လည်း ကြားသိခဲ့ရ၏။ ထိုအရာအားလုံးနှင့်အတူ နဝမတောင်ပင်လယ်မှ ထွက်ခွာသွားနိုင်သော အရည်အချင်းများ လိုက်ပါလာသည်။

သူ့လမ်းနှင့် သူ့ကမ္ဘာသည် နဝမတောင်ပင်လယ်၌သာ တန့်မနေတော့ပေ။ ပို၍ကြီးမားကျယ်ပြောသော ကမ္ဘာကြီးကို .... သူ သွားကြည့်မည်။

“ငါ့အကြွေးစာချုပ်တွေ အများကြီးထူလာအောင် လုပ်ရမယ်” သူ့မှာ စိတ်အားထက်သန်လာသည်။

“အက်ရှလွန်စာရင်းဝင်တွေ၊ ရွေးချယ်ခံတွေ။ ဘယ်သူပဲဖြစ်ဖြစ် ငါ တောင်ပင်လယ်လောကက ငါနဲ့မျိုးဆက်တူတိုင်းကို ငါ့အပေါ် အကြွေးတင်အောင် လုပ်မယ်။ ပြီးရင် .... စီနီယာမျိုးဆက်တွေကိုလည်း အကြွေးတင်အောင် လုပ်ရမယ်

“အဲဒါပြီးရင်တော့ ငါဟာ ငါ့နည်းငါ့ဟန်နဲ့ တောင်ပင်လယ်လောကသခင် ဖြစ်လာလိမ့်မယ်” မန်ဟိုသည် ရည်မှန်းချက်များကို မြင့်မြင့်ထားမိသကဲ့သို့ ခံစားလိုက်ရ၏။ သူ့အရှေ့တွင် ကြီးမားသောအလုပ်ကြီးတစ်ခုရှိသော်လည်း အောင်မြင်မည်ဟု သူ သေချာသည်။

သူက မျက်လုံးများ တလက်လက်တောက်ပနေလျက် အဝေးသို့ ပျံထွက်သွားသည်။

“တောင်ကောင်းကင်ဂြိုဟ်ကနေ ထွက်လာကတည်းက ငါ အဖေနဲ့အမေ့ဆီ ပြန်မသွားခဲ့ရဘူး။ ပြီးတော့ အစ်မကြီးလည်း ရှိသေးတယ်.... ထွက်မသွားခင် အမေနဲ့အဖေ့ကို သွားနှုတ်ဆက်ဦးမှပဲ

“တောင်ကောင်းကင်ဂြိုဟ် .... အဲဒီမှာ နတ်မီးတောက်အနှစ်သာရလည်း ရှိသေးတယ်။ အဲဒီနေရာမှာ သေချာပေါက် ထပ်စိန်ခေါ်ရမယ်” မန်ဟိုသည် အလွန်လျင်မြန်သောနှုန်းဖြင့် ရွေ့လျားရင်း တောင်ကောင်းကင်ဂြိုဟ်သို့ ဦးတည်သွားသော အလင်းတန်အသွင်ပြောင်းသွား၏။

“ဒါ့အပြင် နဝမတောင်ပင်လယ်ကနေ ထွက်သွားတော့မှာဆိုတော့ အကြွေးတွေပြန်သိမ်းဦးမှပဲ။ အကြွေးစာချုပ်တွေလည်း တစ်ပုံကြီးရှိနေပြီ။ ကဲ အခု အကြွေးအကုန်ပြန်သိမ်းဖို့ အချိန်ကျပြီ” မန်ဟိုမှာ သူ့ကိုယ်သူ အင်မတန် အသည်းနုလွန်းသည်ဟု ခံစားရစပြုလာသည်။ သူသည် ငွေအသပြာမရှိသူများကို မြင်လျှင် အမြဲစာနာတတ်ပြီး အကြွေးအတင်းအကြပ်မတောင်းတတ်ပေ ..... အတိုးနည်းနည်းပါးတောင်းသည်က လွဲ၍။

“ဒီတစ်ခေါက်တော့ သူတော်ကောင်းကြီးမန် မလုပ်နဲ့တော့” သူက သူ့ကိုယ်သူ ကြိမ်းမောင်းလိုက်သည်။ “မန်ဟိုရာ မင်းကွာ သိပ်သနားကြင်နာတတ်တာပဲ”

All Chapters