← Chapters

မိုးတိမ်ဈေးရုံ

Vol. 83 Ch. 1154

မိုးတိမ်ဈေးရုံ

Vol. 83 Ch. 1154

မန်ဟိုသည် သူမည်မျှ သနားကြင်နာတတ်ပုံ၊ မည်မျှထောက်ထားစာနာတတ်ပုံ၊ မည်မျှရိုးသားပုံတို့ကို တွေးရင်း သက်ပြင်းတဟင်းဟင်းချကာ ... ရှက်ကြောနှင့် ချက်ကြော မှားဖြတ်ခံထားရသကဲ့သို့သော မျက်နှာပေးဖြင့် ဘေးဘီဝဲယာကို မျက်လုံးဝေ့ကြည့်လိုက်သည်။ မှန်သည်၊ ဘယ်သူမှ မရှိကြပေ။ သူက ချောင်းထပ်ဟန့်ပြီးနောက် အဝေးသို့ ထွက်သွားသော အလင်းတန်းအသွင်ပြောင်းသွားတော့သည်။

မန်ဟို မသိသည်ကား သူ နဝမတောင်ပင်လယ်သို့ ပြန်ရောက်လာခဲ့သော အခိုက်အတန့်တွင် အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ ဖန်မျိုးနွယ်အားလုံး နှလုံးသားများတုန်ရီလာခြင်းကို ခံစားလိုက်ရသည်ကိုပင်။ အမျိုးအမည်မသိဖိအားကြီးတစ်ခုက ရုတ်တရက် သူ့အပေါ် သက်ရောက်လာသည့်အလား ထင်ရသည်။ တရားထိုင်ဈာန်ဝင်စားနေသော တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများပင်လျှင် နိုးထလာကြ၏။

ခံစားချက်ကား သူတို့၏သွေးဆက်အား ဆတ်ခနဲ ဆောင့်ဆွဲလိုက်သကဲ့သို့ ခံစားချက်မျိုးဖြစ်သည်။ ၎င်းသည် ....ဖန်မျိုးနွယ်စု၏ အစစ်အမှန်ခေါင်းဆောင်ကြီးဖြစ်လာခဲ့သည့် မန်ဟို့သွေးထဲ၌ တည်ရှိနေသော စွမ်းအားတစ်ရပ်၊ အားနည်းမသဲကွဲသည့်တိုင် မျိုးနွယ်ဝင်များအပေါ် ဖိအားသိသိသာသာ သက်ရောက်သွားစေသော စွမ်းအားတစ်ရပ်ဖြစ်၏။ ထိုစွမ်းအားဖြင့် မန်ဟိုက ဖန်မျိုးနွယ်စု၏ ကံတရားကို ခြယ်လှယ်စီရင်နိုင်လေပြီ။

ယခုတွင် မန်ဟိုသည် လေဟုန်ခွင်းလောကသို့ မသွားခင်တုန်းကနှင့် နှိုင်းယှဉ်၍ပင် မရလောက်အောင် တန်ခိုးကြီးမားနေပြီဖြစ်၏။ သူက သူပုန်တာအိုသစ္စာဖောက်သုတ္တန်၏အကူအညီဖြင့် တတိယနိဗ္ဗာနသစ်သီးကို စုပ်ယူခဲ့သော်လည်း ပေါင်းစည်းခြင်းဖြစ်စဉ်မှာ မပြီးမြောက်သေး၍ အချိန်ယူရလိမ့်မည်။

သို့သော် အလွန်ကြာလိမ့်မည်တော့မဟုတ်။ အနည်းဆုံး လပိုင်းမျှ၊ အများဆုံး တစ်နှစ်။ ထိုအချိန်ရောက်လျှင် သူသည် လောကပါလတာအိုအင်မော်တယ်အဆင့်သို့ အမှန်စင်စစ် ရောက်ရှိသွားလိမ့်မည်။ တစ်ဝက်တစ်ပျက်တာအိုပညာရှင်များသည် သူ့ကို ခြိမ်းခြောက်နိုင်မည်မဟုတ်တော့သလို၊ သူကား တာအိုနယ်ပယ် စဦးပိုင်းအဆင့်ပညာရှင်များကိုပင် တိုက်ခိုက်ရန် အရည်အချင်းပြည့်မှီသွားမည်ဖြစ်သည်။

တောင်ပင်လယ်လောက စတင်ဖန်ဆင်းခံခဲ့ရသည့်အချိန်မှ ယနေ့အထိ .... သူသည် အင်မော်တယ်နယ်ပယ်၏ ထိပ်ဆုံးအဆင့်သို့ ပထမဆုံးတက်ရောက်နိုင်ခဲ့သူ ဖြစ်၏။ သူက အင်မော်တယ်နယ်ပယ်၌သာ ရှိနေစဉ် တာအိုနယ်ပယ်ရှိ လူတစ်ယောက်ကို အမှန်တကယ် တိုက်ခိုက်နိုင်လေပြီ။

သူ့မျက်လုံးများသည် ရည်မှန်းချက်များဖြင့် တောက်ပနေပြီး သူ့အရှိန်သည် ပိုမြန်လာ၏။ သူ တောင်ကောင်းကင်ဂြိုဟ်သို့ ဦးတည်ရင်း ကြယ်တာရာကောင်းကင်အား ဖြတ်သွားနေစဉ် တဂျိန်းဂျိန်းမြည်သံများက သူ့ကို အဖော်ပြုလျက်ရှိသည်။

“ငါ့ တတိယနိဗ္ဗာနသစ်သီးက သေချာပေါက် ပေါင်းစည်းခြင်းပြီးဆုံးလိမ့်မယ်။ အခု ငါ့အနေနဲ့ စတုတ္ထနိဗ္ဗာနသစ်သီးအကြောင်း စစဉ်းစားသင့်ပြီ။ ငါ အဲဒီတစ်လုံးကို အပြည့်အဝ စုပ်ယူနိုင်တဲ့အခါ ရှေးဟောင်းနယ်ပယ်ကို ဝင်ရောက်နိုင်သွားလိမ့်မယ်

“ငါ ရှေးဟောင်းတံခါးကို ဖွင့်ပြီး ဝိညာဉ်မီးအိမ်တွေကို ဆင့်ခေါ်တဲ့အချိန်ကျ ငါ့အပြင်အားကိုယ်နဲ့ ကျင့်ကြံခြင်းအခြေခံနှစ်ခုလုံး ရှေးဟောင်းနယ်ပယ် ဖြစ်သွားလိမ့်မယ်.... ဒါဆို ငါဟာ တာအိုနယ်ပယ် စဦးပိုင်းအဆင့်တွေနဲ့ လက်ရည်တစ်ပြင်တည်း တိုက်ခိုက်နိုင်ရုံတင်မကဘူး သူတို့ကို အနိုင်ယူနိုင်လိမ့်မယ်”

သူသည် ပုံမှန်အားဖြင့် မာနကြီးသောအငွေ့အသက်မရှိသော်လည်း ဤယုံကြည်ချက်က သူ့ကို တင်စီးခံ့ညားသောအမူအရာ ရှိစေသည်။

သူ ကြယ်တာရာကောင်းကင်ကို ဖြတ်သွားနေစဉ် သူ့အမြန်နှုန်းသည် တဖြေးဖြေး မြန်လာ၏။ ကြယ်တာရာများအကြား ပထမဆုံးခရီးစနှင်ခဲ့စဉ်က သူ့အနေဖြင့် လက်ရှိနေရာမှ တောင်ကောင်းကင်ဂြိုဟ်အထိ သွားဖို့ ကြိုးစားခဲ့လျှင် အလွန့်အလွန်ကြာမြင့်ခဲ့လိမ့်မည်။ နေရာရွှေ့ပြောင်းခြင်းမုခ်ဝများကို အသုံးပြုလျှင်ပင် လနှင့်ချီနိုင်သည်။

သို့သော် ယခုတွင် နေရာရွှေ့ပြောင်းမုခ်ဝများ မသုံးလျှင်တောင်မှ သူ့အတွက် တစ်လခန့်သာ ကြာလိမ့်မည်။ သို့သော် မန်ဟိုက မသုံးရန် မကြံရွယ်ထား။ နေရာရွှေ့ပြောင်းမုခ်ဝများအသုံးပြုခြင်းက အကောင်းဆုံးရွေးချယ်မှုမဟုတ်လော။

သုံးရက်ကြာသော် သူသည် ဂြိုဟ်သိမ်ဂြိုဟ်မွှားကွင်းပြင်တစ်ခု၏အပြင်သို့ ရောက်လာကြောင်း တွေ့လိုက်ရ၏။ တချို့ ဂြိုဟ်သိမ်များသည် ကြီးမားသည်၊ တချို့က သေးငယ်သည်။ အကြီးဆုံးကား မီတာထောင်ချီကျယ်ပြန့်၏။ အသေးဆုံးမှာတော့ မီတာတစ်ရာမျှပင် မရှိပေ။ စုစုပေါင်း ရာကျော်ရှိပြီး တစ်ခုနှင့်တစ်ခု ပူးကပ်ပြွတ်သိပ်နေကြသည်။

ဤကဲ့သို့ ဂြိုဟ်သိမ်ကွင်းပြင်မျိုးသည် နဝမတောင်ပင်လယ်၏ ကြယ်တာရာကောင်းကင်ထဲတွင် အတွေ့များ၏။ ဂြိုဟ်သိမ်များသည် များသောအားဖြင့် အစုလိုက်အဖွဲ့လိုက် တည်ရှိတတ်ရာ နေရာရွှေ့ပြောင်းခြင်းမုခ်ဝများ စီရင်ဖို့ အလွန်သင့်တော်သည့် သဘာဝအလျောက် ပေါ်ပေါက်နေသောနေရာများ ဖြစ်ကြပေသည်။

ထိုအကြောင်းကြောင့် ကြီးမားသော ဂြိုဟ်သိမ်ကွင်းပြင်များသည် ကျင့်ကြံသူများ စီးပွားရေးလုပ်ရာနေရာများ ဖြစ်လာကြ၏။ ပုံမှန်အားဖြင့် ၎င်းတို့က ရပ်နီးရပ်ဝေးမှ ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားကြသည့် ကျင့်ကြံသူများနှင့် ပျားပန်းခတ်နေတတ်သည်။

ဤနေရာကတော့ အလတ်စားဈေးတစ်ဈေး ဖြစ်၏။ သိပ်မကြီးသော်လည်း အတော်လေးများပြာ့းသော ကျင့်ကြံသူများ စုဝေးနေကြသည်။ အထင်ရှားဆုံးမှာတော့ လူအများဆုံးရှိနေသည့် အလယ်အကျဆုံးဂြိုဟ်သိမ်ပင်။ ၎င်းအပေါ်တွင် အဝေးမှ ကြည့်လျှင်ပင် မြင်ရသော မြို့ကြီးတစ်မြို့ တည်ဆောက်ထားသည်။

လူများ ဝင်ချည်ထွက်ချည်နှင့် အထဲတွင် စည်ကားသိုက်မြိုက်စွာ လှုပ်ရှားနေသံများ ကြားရနိုင်သည်။ တစ်နေရာလုံးကို ကာရံထားသည့် အလင်းတံတိုင်းတစ်ခုပင် ရှိနေသည်။

ဖန်မျိုးနွယ်စုတွင်လည်း နေရာရွှေ့ပြောင်းခြင်းမုခ်ဝတစ်ခု စီရင်၍ ဖန်မျိုးနွယ်များအား အချိန်ပြည့်စောင့်ကြပ်ခိုင်းထားသော ဂြိုဟ်သိမ်တစ်လုံး ဤကွင်းပြင်ထဲ၌ ရှိသည်။ မျိုးနွယ်ဝင်များသည် မုခ်ဝကို အလကားသုံးနိုင်သော်လည်း မျိုးနွယ်ဝင်များမဟုတ်သူများအနေဖြင့် အဖိုးအခတစ်ခုတော့ ပေးရလေသည်။

ဂြိုဟ်သိမ်အားလုံးနီးပါးတွင် တူညီသောနေရာရွှေ့ပြောင်းခြင်းမုခ်ဝများအား စီရင်ထားကြသည်။ မဟာမျိုးနွယ်စုကြီးလေးစု၊ အထွတ်အမြတ်မြေငါးမြေ၊ ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်း၊ အကုန်လုံးနီးပါး နေရာရွှေ့ပြောင်းခြင်းမုခ်ဝများ စီရင်ထားကြသည်။ ရံဖန်ရံခါ ဤနေရာမှ လာနေသော နေရာရွှေ့ပြောင်းလှိုင်းများကိုပင် မြင်ရနိုင်၏။

နဝမတောင်ပင်လယ်ရှိ တချို့နေရာများကို အင်အားကြီးအဖွဲ့အစည်းအသီးသီးက ထိန်းချုပ်ထား၏။ ထိုနေရာများကို သွားလိုသူများအနေဖြင့် သတ်မှတ်ထားသောနေရာရွှေ့ပြောင်းခြင်းမုခ်ဝကိုသာ အသုံးပြုရမည်ဖြစ်သည်။ ၎င်းတို့က ကျီမျိုးနွယ်စုပင် အပါအဝင် နဝမတောင်ပင်လယ်ရှိ အင်အားစုများအတွက် အရေးပါသော ဝင်ငွေစီးဆင်းရာ အရင်းအမြစ်များဖြစ်ကြသည်။

တောင်ကောင်းကင်ဂြိုဟ်သည် ထူးခြားပြီး အရေးပါသောနေရာတစ်နေရာဖြစ်၍ အင်အားစုအားလုံးလိုလို၌ ထိုနေရာသို့ ဦးတည်နေသော နေရာရွှေ့ပြောင်းခြင်းမုခ်ဝများ ရှိကြလေသည်။ သို့သော် မန်ဟိုမှာ ကပ်စေးနည်းကော်တရာဖြစ်လေရာ ဖန်မျိုးနွယ်စု၏ နေရာရွှေ့ပြောင်းခြင်းမုခ်ဝကိုသာ ရွေးချယ်ပေလိမ့်မည်။

သူသည် ဖန်မျိုးနွယ်စု၏ ဂြိုဟ်သိမ်ဆီ မသွားခင် ပင်မဈေးကြီးထဲ လျှောက်ပတ်ကြည့်ပြီး ဈေးဆိုင်များကို အကဲခတ်ရင်း စိတ်နှလုံးတုန်လှုပ်လာတော့သည်။ ဈေးကား ဆိုင်အမျိုးမျိုးဖြင့် ပြည့်နှက်လျက် စည်ကားသောနေရာတစ်နေရာ ဖြစ်၏။ ကျင့်ကြံသူတချို့ဆိုလျှင် လက်မှုပစ္စည်းများ ရောင်းချရန် ပျံကျဈေးဆိုင်များပင် ဖွင့်ထားကြသည်။

သူ ကြည့်ရှုလေ့လာနေခဲ့သော အချိန်တိုလေးအတွင်း နေရာရွှေ့ပြောင်းခြင်းမုခ်ဝများမှတစ်ဆင့် လူပေါင်းများစွာ ထွက်လာခဲ့ကြပြီး ဝင်သွားခဲ့ကြသည်။ အရေအတွက်ကား ထောင်ပင်ချီလောက်သည်။

ထို့အပြင် ပတ်ဝန်းကျင်တွင် ကင်းလှည့်၍ အမိန့်ပေးနေကြသော ကျင့်ကြံသူများလည်း ရှိကြသည်။ သူတို့သည် ပန်းခရမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး အကုန်လုံးတွင် အဆင့် ၆ သို့ အဆင့် ၇ အင်မော်တယ်များနှင့် ညီမျှသော ကျင့်ကြံခြင်းအခြေခံများ ရှိကြ၏။

မှော်စီးချင်းထိုးပွဲများအား ဈေးအတွင်း ခွင့်မပြုပေ။ ရန်ပွဲများ ဖြစ်သည်နှင့် စည်းကမ်းဖောက်ဖျက်သူများသည် ချက်ချင်း နှင်ထုတ်ခံရမည်။ လွန်ကျူးလာလျှင် ကွပ်မျက်ခြင်းပင် ခံရနိုင်သည်။ ယင်းတို့က ယခုလိုဈေးအားလုံးအတွင်းရှိ စည်းကမ်းများ ဖြစ်ကြသည်။

မှန်ပါသည်၊ ထိုကဲ့သို့ စည်းကမ်းများကို အများပြည်သူမှ လက်ခံ၍ စောင့်စည်းလိုက်နာစေဖို့ကား .... ဩဇာအာဏာကြီးမားဖို့ လိုအပ်သည်။

မျိုးနွယ်စုကြီးလေးစု၊ အထွတ်အမြတ်မြေငါးမြေ သို့မဟုတ် ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းတို့အနေဖြင့် ဈေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ကြမည်မဟုတ်ပေ။ ဈေးအများစုအား အတိုင်းထက်အလွန် အစွမ်းထက်သော သင်းကွဲကျင့်ကြံသူများက သိမ်းပိုက်ထားသည်မဟုတ်ပါလော။ အားအနည်းဆုံးက ရှေးဟောင်းနယ်ပယ်နှောင်းပိုင်းအဆင့်တွင် ဖြစ်တတ်ပြီး တာအိုနယ်ပယ် သင်းကွဲကျင့်ကြံသူများ သိမ်းပိုက်ထားသည့် ဈေးတချို့ပင် ရှိတတ်သည်။

ဤဈေးကိုတော့ မိုးတိမ်ဈေးရုံ ဟု တရားဝင်ခေါ်ဆိုသည်။ တစ်ဝက်တစ်ပျက်တာအိုနယ်ပယ်မှ ခြေလှမ်းတစ်ဝက်သာ ကွာဝေးတော့သော ရှေးဟောင်းနယ်ပယ်အထွတ်အထိပ်ပညာရှင်တစ်ယောက်က ဤဈေးကို အုပ်ချုပ်သည်။ သူ့ကို မိုးတိမ်ဂုရုကြီးဟု အသိများပြီး သူသည် တစ်ဝက်တစ်ပျက်တာအို သို့မဟုတ် တာအိုနယ်ပယ်အဆင့်သို့ အလွယ်တကူ တက်ရောက်နိုင်ကြောင်း လူတိုင်း သိထားကြ၏။

သို့သော် မိုးတိမ်ဂုရုကြီးသည် အလွန်ပျော့ညံ့၍ ကျင့်ကြံအဆင့်မတက်ရဲပေ။ အမှားလုပ်မိလျှင် သေရမည်ကို သူ သိသည်။ အဆုံးသတ်ရလဒ်အနေဖြင့် မိုးတိမ်ဈေးရုံမှာ မည်သူမှ အတိုက်အခံမလုပ်ရဲသောနေရာကို သိမ်းပိုက်ထားနိုင်ခဲ့လေသည်။ မျိုးနွယ်စုကြီးလေးစုပင်လျှင် မိုးတိမ်ဂုရုကြီးကို မနှောင့်ယှက်မိအောင် ဂရုစိုက်ကြသည်။ ... သူကား အဆင့်တက်ခြင်းမအောင်မြင်လျှင်တောင်မှ တစ်ဝက်တစ်ပျက်တာအိုကျင့်ကြံသူဖြစ်လာဦးမည် မဟုတ်ပါလော။

ပဋိပက္ခတစ်ခုဖြစ်၍ ၎င်းကို ရင်ဆိုင်ရန် သူ တာအိုနယ်ပယ်သို့ တက်လှမ်းသွားပါက တော်သေးသည်။ မအောင်မြင်၍ တစ်ဝက်တစ်ပျက်တာအိုပညာရှင်တစ်ယောက် ဖြစ်လာခဲ့လျှင်တော့ သူ၏သက်တမ်းသည် လွန်စွာကန့်သတ်ခံရလိမ့်မည်။ ထိုအခါ သူသည် သေခြင်းကို မကြောက်တော့သကဲ့သို့ ရူးသွပ်ရမ်းကားလိမ့်မည်။ ထိုကဲ့သို့အခြေအနေတစ်ရပ်သည် အင်အားစုအားလုံးအတွက် ခေါင်းကိုက်စရာကြီးတစ်ခုဖြစ်၏။

“ငါ အိမ်မပြန်ဖြစ်တာ အတော်ကြာခဲ့ပြီ” မန်ဟိုက တွေးလိုက်သည်။ “ဒီတစ်ခေါက် ပြန်သွားပြီးရင် နောက်တစ်ကြိမ်က ဘယ်တော့ဖြစ်မလဲ ဘယ်သူမှ မသိနိုင်ဘူး.... အဖေနဲ့အမေက တောင်ကောင်းကင်ဂြိုဟ်မှာ ပိတ်မိနေတာဆိုတော့ လက်ဆောင်ကောင်းကောင်းလေးတွေ ဝယ်သွားသင့်တယ်....” ထို့နောက် သူသည် ဈေးဆီသို့ ပျံသန်းသွား၏။ သူ အလင်းတံတိုင်းကို ဖြတ်လိုက်လျှင်ချင်း ဖိအားသက်ရောက်လာသည်ကို ခံစားလိုက်ရလေသည်။

တစ်ချိန်တည်းမှာပင် သူ့အပေါ် စုဆုံကျရောက်လာသော နတ်ဘုရားအာရုံစီးကြောင်းအမြောက်အမြားကိုလည်း ခံစားလိုက်ရသည်။ ယင်းတို့ကား ပန်းခရမ်းရောင်ဝတ်ရုံများနှင့် ကျင့်ကြံသူများထံမှ ဖြစ်လိမ့်မည်။ သူသာ မတော်မရော် တစ်ခုခုလုပ်ဖို့ ကြိုးစားပါက သူတို့သည် သူ့ကို ချက်ချင်း အရေးယူကြမည်ဖြစ်ကြောင်း သူ ပြောနိုင်သည်။

မှန်ပါသည်၊ သူတို့မှာ မန်ဟို့အား နတ်ဘုရားအာရုံများဖြင့် မည်မျှစစ်ဆေးကြည့်စေကာမူ သူသည် အင်မော်တယ်နယ်ပယ်အဆင့်ဖြစ်သည်ကိုသာ ခံစားကြရ၏။ သူ တစ်ခုခုကို ဖုံးကွယ်ထားကြောင်း သက်သေပြနေသည့် ထိုးဖောက်မရသော အရှိန်အဝါတစ်ခုကို သူတို့ တွေ့ရှိလိုက်ကြရသည်။ သို့သော် ကျင့်ကြံသူတိုင်းတွင် နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ရုံလေးနှင့် သူတို့အကြောင်း အခြားသူများ ခရေစေ့တွင်းကျ မပြောနိုင်အောင် မှော်အတတ်များနှင့် ပစ္စည်းများ ပိုင်ဆိုင်ထားကြစမြဲမဟုတ်လော။ ထို့အပြင် မန်ဟိုက မိုးတိမ်ဂုရုကြီးပင်လျှင် ကြောက်ရမည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း ခန့်မှန်းမိရန် သူတို့အတွက် ခက်ခဲလိမ့်မည်။

မှန်သည်၊ မန်ဟိုသည် နဝမတောင်ပင်လယ်တွင် အတော်လေး ထင်ရှားကျော်ကြားထားပြီးဖြစ်၏။ သို့သော် သူ့ကို ကိုယ်တိုင်မြင်တွေ့ဖူးသူ နည်းပါးလေသည်။ အများစုမှာ သူ့အား မှန်သားပြင်များမှတစ်ဆင့်သာ မြင်ခဲ့ဖူး၍ သူ၏အနီးကပ်ပုံပန်းသွင်ပြင်နှင့် မရင်းနှီးကြပေ။

ဤပန်းခရမ်းဝတ်ရုံနှင့် ကျင့်ကြံသူများမှာလည်း ထိုနည်းတူသာ။ တချို့မှာ သူ့ကို ရင်းနှီးနေသလို ခံစားရသော်လည်း မည်သည့်နေရာတွင် မြင်ခဲ့ဖူးမှန်း စဉ်းစားမရကြပေ။

မန်ဟိုက သူ့အပေါ် သက်ရောက်လာသော ဖိအားကို ခံစားလိုက်ရသည့်အခါ မျက်နှာအမူအရာ တစ်ချက် ပြောင်းမသွားပေ။ သူသာ စိတ်ရှိလျှင် ၎င်းကို အလွယ်တကူ တွန်းဖယ်၍ အလင်းတံတိုင်းတစ်ခုလုံးကိုပင် ဖျက်စီးပစ်နိုင်သည်။ သို့သော် သူသည် ဤနေရာသို့ လက်ဆောင်တချို့ ဝယ်ဖို့သာ လာခဲ့ခြင်းဖြစ်၍ ထင်ရာစိုင်းစရာမလိုပေ။ ထို့ကြောင့် သူက သူ့ကိုယ်သူ မြေကြီးအပေါ် တွန်းချခွင့်ပြုလိုက်သည်။

သူ ဆင်းလိုက်သည်နှင့် သူ့အပေါ် စုဆုံနေသော အကြည့်များသည် တခြားဧည့်သည့်ကျင့်ကြံသူများကို စစ်ဆေးရန် ပျောက်ကွယ်သွား၏။ သူတို့က မန်ဟို့ကို အာရုံမရှိတော့ပေ။

မန်ဟိုက သိုလှောင်အိတ်ကို ပုတ်၍ လည်ချောင်းရှင်းလိုက်သည်။ ကိုးပင်လယ်နတ်လောကတွင် မိစ္ဆာကျင့်ကြံသူအုပ်နှင့် လောင်းကစားအား အနိုင်ရပြီးနောက် သူ့မှာ အင်မော်တယ်ကျောက်စိမ်းများစွာ ပေါများလာခဲ့၍ လူချမ်းသာတစ်ယောက်ကဲ့သို့ မသိမသာ ပြုမူတတ်လာခဲ့သည်။ သူက ဘေးဘီဝဲယာကို ဝေ့ကြည့်ပြီးနောက် ဟိုဟိုသည်သည် လျှောက်ကြည့်တော့သည်။ ဤဈေးတွင် ဆိုင်များ၊ လေလံရုံများရှိကြပြီး လေလံရုံများအတွက်မူ အသင်းဝင်ဖြစ်စရာမလိုပေ။ မည်သူမဆို လေလံပွဲတွင် ဝင်ရောက်ဆင်နွဲနိုင်၏။

ဆိုင်များနှင့် လေလံရုံများအပြင် ပျံကျဈေးသည်များလည်း ဈေး၏နေရာအများစုအား ယူထားကြသည်။ လိုချင်သမျှအရာအားလုံးကို ဤဈေးရှိ မည်သည့်နေရာတွင်မဆို ဝယ်ယူနိုင်သည်။

နေရာအနေအထားကို အကဲခတ်ပြီးနောက် မန်ဟိုသည် ဆိုင်တစ်ဆိုင်ထဲ ဝင်လိုက်၏။ သူ ပထမဆုံးမြင်လိုက်ရသည့်အရာမှာ ကျင့်ကြံသူလေးငါးယောက်ဖြစ်သည်။ သူတို့ဘေးတွင် အရောင်းစာရေးတစ်ယောက်စီက ရောင်းချနေသည့် မှော်ပစ္စည်းအမျိုးမျိုးကို မိတ်ဆက်ပေးနေသည်။

သူ ဝင်လိုက်လျှင်ချင်း မိန်းကလေးတစ်ယောက် လမ်းလျှောက်လာသည်။ သို့သော် သူမ စကားပင်မပြောခင် မန်ဟိုက ဘဏ္ဍာစိုးကျိုးလုပ်ခဲ့ဖူးသော ပုံစံအတိုင်း အင်္ကျီလက်စကို ခါရမ်းလိုက်သည်။ သူက မေးမော့ရင်း အေးစက်စက် ပြောသည်။ “အကောင်းဆုံးပစ္စည်းတွေဆီ ခေါ်သွားပေး”

မိန်းကလေးက သူ့ကို တဒင်္ဂအကဲခတ်ပြီးနောက် ချက်ချင်းဆိုသလို စိတ်ထဲတွင် အထင်သေးစပြုလာသည်။ သူမသည် မန်ဟို့လို သူတို့ကိုယ်သူတို့ ချမ်းသာသည်ထင်သော်လည်း တန်ဖိုးကြီးပစ္စည်းများကို မြင်သည်နှင့် တကယ့်တကယ် တစ်ခုမှ မဝယ်တော့သော လူများစွာကို မြင်ခဲ့ဖူး၏။

သူမသည် မပြောင်းလဲသောအမူအရာဖြင့် ခေါင်းညိတ်၍ သူ့အား ဆိုင်၏ထောင့်တစ်နေရာသို့ ခေါ်သွားပြီး လက်ကို လှုပ်ရှားလိုက်ကာ နံရံအား ရုတ်တရက် လည်သွားစေသည်။ အချိန်အနည်းငယ်ကြာသော် ပြိုင်ဘက်ကင်းမှော်ပစ္စည်းများစွာ ပေါ်လာသည်။

“ဒီတစ်ခု” မန်ဟိုက ခေါင်းလောင်းတစ်လုံးကို လက်ညှိုးထိုးရင်း ပြောသည်။ ထို့နောက် သူက နောက်ပစ္စည်းတစ်ခုကို လက်ညှိုးထိုးလိုက်၏။ “ပြီးတော့ ဒီတစ်ခု၊ အဲဒီတစ်ခုရောပဲ။ ဟော့ဒီတစ်ခု။ ဒီခုနစ်ခု....”

“တာအိုရောင်ရင်းက အမြင်ရှိတာပဲ” မိန်းကလေးက အေးစက်စက် ပြောသည်။ “ဒီပစ္စည်းခုနစ်ခုလုံးက အဆင့်မြင့်မှော်ပစ္စည်းတွေပါ။ အကုန်လုံးအတွက် ကျသင့်ငွေက ဝိညာဉ်ကျောက်တုံး သိန်းခြောက်ဆယ် ဖြစ်ပါမယ်။ အင်မော်တယ်ကျောက်စိမ်းနဲ့ ပေးချေချင်ရင်တော့ လျှော့ပေးပါ့မယ်....” သူမက မန်ဟို့ကို ကြည့်ရင်း မှော်ပစ္စည်းများ မည်မျှဈေးကြီးသည်ကို ကြားလျှင် သူ ဝယ်ရဲဦးမလား သိချင်နေသည်။

“အဲဒီခုနစ်ခု ကို .... ငါ မလိုချင်ဘူး” သူက အေးစက်စက်ပြောသည်။

စိတ်ထဲတွင် မိန်းကလေးသည် လှောင်ရယ်ရယ်နေ၏။ သူမက ပုံမှန်မျက်နှာထားဖြင့် ဆက်ပြောတော့မည့်အချိန် မန်ဟိုက ပြောလိုက်သည်။ "ဒါပေမဲ့ ကျန်တာအကုန်ယူမယ်”

All Chapters