သူဌေးကြီး ဦးဇောတိက
Vol. 83 Ch. 1155
"တာအိုရောင်ရင်း ဘယ်..ဘယ်လို ပြောလိုက်တယ်" အရောင်းမိန်းကလေး၏ မျက်လုံးများမှာ ဝိုင်းစက်ပြူးကျယ်နေပြီး သူမ၏ နှလုံးသားသည် မယုံကြည်နိုင်မှုတို့ဖြင့် တဒိန်းဒိန်း ခုန်စပြုလာ၏။
"ငါပြောလိုက်တာက အဲ့ဒီခုနစ်ခုကို ငါ မလိုချင်ဘူး။ ကျန်တာအကုန် ယူမယ်" မန်ဟိုမှာ ထုံးစံအတိုင်း အေးစက်မြဲအေးစက်နေသော်လည်း မိန်းကလေး၏မျက်နှာကို မြင်သောအခါ သူ့နှလုံးသားထဲ၌ တစ်ခါမှ မခံစားခဲ့ရဖူးသော ခံစားချက်တစ်ခု ပေါက်ပေါက်လာ၏။ တစ်ခါတုန်းက ယွင်ကျဲစီရင်စုတွင် .... သူသည် ဆိုင်တစ်ဆိုင်၏ ဘေးမှ ဖြတ်လျှောက်ခဲ့စဉ် ဘဏ္ဍာစိုးကျိုး ယခု သူလုပ်နေသကဲ့သို့ ပစ္စည်းများ ၀ယ်နေခဲ့ပုံကို မြင်ခဲ့သည်ကို ပြန်တွေးလိုက်မိ၏။
ထိုစဉ်တုန်းက ထိုအရောင်းစာရေး၏ မျက်နှာအမူအရာနှင့် လေသံအနေအထားမှာ ဤမိန်းကလေးနှင့် တစ်ပုံစံတည်းဖြစ်သည်။
သူမမှာ အသက်ပြင်းပြင်း ရှူနေရပြီး မူးပင် မူးဝေလာသည်။ ဤဆိုင်တွင် အလုပ်လုပ်ခဲ့သည့်ကာလတစ်လျှောက်လုံး သူမသည် ကျင့်ကြံသူမျိုးစုံကို မြင်တွေ့ခဲ့ဖူး၏။ သို့သော် မန်ဟို့လို လူမျိုးကိုတော့ ပထမဆုံးတွေ့ဖူးခြင်းပင်။
"စီ ... စီနီယာ။ အဲ့ဒီခုနစ်ခုကို ထည့်မတွက်ရင် ပြထားတဲ့ မှော်ပစ္စည်းတွေက စုစုပေါင်း ၁၂၄ ခု ရှိပါတယ်" သူမမှာ အလိုလို ဆက်လက်ရှင်းပြမိတော့သည်။ "ဝိညာဉ်ကျောက်တုံးနဲ့ ၀ယ်မယ်ဆိုရင် အနည်းဆုံးသိန်းလေးရာလောက် ကျသင့်ပါလိမ့်မယ်။ အင်မော်တယ်ကျောက်စိမ်းနဲ့ဆိုရင်တော့ လေးထောင်လောက် ရှိပါတယ်ရှင်"
မန်ဟိုက မေးကိုမော့၍ မေးသည်။ "ကဲ မင်းရောင်းမှာလား။ မရောင်းဘူးလား" လောလောဆယ်တွင် သူ၏ သိုလှောင်အိတ်ထဲ၌ အင်မော်တယ်ကျောက်စိမ်း သန်းပေါင်းများစွာ ရှိလေရာ သူသာ စိတ်ရှိလျှင် ဤမှော်ပစ္စည်းများကိုသာမက တစ်ဆိုင်လုံး သို့မဟုတ် တစ်ဈေးလုံးကိုပင် ၀ယ်နိုင်သည်။ အမှန်တွင် ဂြိုလ်သိမ်ကွင်းပြင်တစ်ခုလုံး ဝယ်ရန်ပင် အလုံအလောက်ရှိ၏။
ကိုးပင်လယ်နတ်လောကထဲတွင် ရမ်းကားသောင်းကျန်းခဲ့ပြီးနောက် မန်ဟိုသည် တောင်ပင်လယ်လောကတစ်ခွင်တွင် အချမ်းသာဆုံးများထဲကတစ်ယောက် ဖြစ်လာခဲ့၏။ သို့သော် ဤဓနအင်အားဖြင့်ပင် သူ့မှာ မကျေနပ်သေးပေ။ ကြေးမုံ ဝိညာဉ်ကျောက်တုံးများနှင့် အင်မော်တယ်ကျောက်စိမ်းများအား မည်မျှအငမ်းမရ စားတတ်သည်ကို တွေးကြည့်မိတိုင်း သူ့မှာ အမြဲစိတ်သောကရောက်ရ၏။
သို့သော်လည်း မိန်းကလေး၏ မျက်နှာအမူအရာက သူ့ကို ဘဝင်လေဟပ်သွားစေသည်။ နောက်ဆုံးတော့ သူဌေးတစ်ယောက်၏ စည်းစိမ်ကို သူ ခံစားနိုင်လေပြီ။ သူက လက်ဝှေ့ယမ်းရင်း အင်မော်တယ်ကျောက်စိမ်း ၄၀၀၀ အား မြေကြီးပေါ် အပုံလိုက် ကျသွားစေသည်။
အင်မော်တယ်ချီတို့က ချက်ချင်း စီးမျောထွက်လာရင်း ဆိုင်တစ်ဆိုင်လုံးတွင် နေရာယူသွားကာ လွင့်မျောနေသော မြူများ၊ တိမ်များဖြင့် အင်မော်တယ်ဗိမာန်ကဲ့သို့ ဖြစ်သွားစေသည်။
ထိုမျှများပြားသော အင်မော်တယ်ကျောက်စိမ်းများကို မြင်ရခြင်းက မိန်းကလေး၏ မျက်လုံးများကို ကျွတ်ကျတော့မတတ် ပြူးကျယ်သွားစေသည်။ သူမအတွက် ဤကဲ့သို့ပမာဏကို တစ်နေရာတည်းတွင် ပထမဆုံးမြင်ဖူးခြင်း ဖြစ်၏။ တစ်ချိန်တည်းမှာပင် ဈေးဆိုင်ထဲရှိ အခြားသူများသည် အံ့လည်းအံ့ဩ၊ လောဘလည်း တက်သွားကြသောအမူအရာများဖြင့် လှမ်းကြည့်လာကြသည်။
တချို့ကျင့်ကြံသူများဆိုလျှင် အင်မော်တယ်ကျောက်စိမ်းများကို မြင်သည်နှင့် တုန်ရီလာကြပြီး မန်ဟို့သိုလှောင်အိတ်ကို လှမ်းအကဲခတ်လိုက်ကြ၏။ ထို့နောက် သူတို့က မျက်လုံးများ တလက်လက် တောက်ပနေလျက် သုတ်သုတ်ပျာပျာ ထွက်သွားကြသည်။
မန်ဟိုသည် သူတို့ကို မျက်လုံးထောင့်မှကြည့်ပြီးနောက် သူ၏မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်းအမူအရာ ပေါ်လာ၏။
"စီနီယာ ကျေးဇူးပြုပြီး ခဏလေးစောင့်ပါဦး။ ခဏလေးပဲ စောင့်နော်။ ဒါကလေ ... ကျွန်မရဲ့ လုပ်ပိုင်ခွင့်ထက် ကျော်နေလို့ ဂျူနီယာ ဆိုင်အကြီးအကဲကို သွားခေါ်လိုက်ဦးမယ်ရှင့်" အရောင်းမိန်းကလေးမှာ အသက်မနည်းရှူရင်း ကပျာကယာ ထွက်သွားသည်။ သို့သော် သူမ လှည့်ပင်မလှည့်နိုင်ခင် လေပြင်းတစ်ချက်တိုက်သွားပြီး အဘိုးအိုတစ်ယောက် ပေါ်လာသည်။
သူက အလွန်သားနားသော အ၀တ်အစားများကို ၀တ်ဆင်ထားပြီး တန်ခိုးရှင်တစ်ယောက်၏ဟန်ပန် ရှိသည်။ သူသည် ပျာပျာသလဲ လက်ယှက်၍ မန်ဟို့ကို အရိုအသေပေးလေ၏။
"ကျုပ်က ရွှေမိုတျန်းပါ။ ဂါ၀ရပြုပါတယ် တာအိုရောင်းရင်း။ ကျေးဇူးပြုပြီး ကျုပ်ကို မိတ်ဆွေလို့ပဲ သဘောထားပါ။ ဒီပစ္စည်းခုနစ်ခုကိုလည်း လက်ဆောင်အဖြစ် ထည့်ပေးခွင့်ပြုပါ" အကြီးအကဲက အားရပါးရရယ်ရင်း ကပျာကယာ မုဒြာလက်ကွက်တစ်ကွက်ဖော်၍ လက်ညှိုးထိုးလိုက်သည်။ ချက်ချင်းပင် နံရံပေါ်ရှိ မမြင်ရသော တားမြစ်အစီအရင်များ ပျောက်ကွယ်သွားပြီး မှော်ပစ္စည်းများသည် မန်ဟို့ကို လှည့်ပတ်ပျံဝဲလိုက်ရာ သူထံမှ ချက်ချင်းပင် ကျောက်မျက်ရတနာအရောင်အဝါတို့ ဖြာထွက်လာတော့၏။
မန်ဟိုက အကြီးအကဲကို ကြည့်၍ မဆိုစလောက် ခေါင်းညိတ်ပြီးနောက် ဖမ်းဆုပ်သည့်လက်ဟန်လုပ်ကာ ပစ္စည်းများအား သူ့သိုလှောင်အိတ်ထဲ ပျံ၀င်သွားစေသည်။
"ရွှေမိုတျန်း အဲ့ဒီနာမည်ကို ငါ မှတ်မိနေပါ့မယ်" သူက လှည့်ထွက်ရင်း ပြောလိုက်သည်။ အကြီးအကဲမှာ မန်ဟို၏ နောက်ဆုံးစကားလုံးများကြောင့် ၀မ်းသာပျော်ရွှင်သွားပြီး နောက်မှ ကပျာကယာလိုက်၍ လမ်းတစ်လျှောက်လုံး ခေါင်းငုံ့ထားရင်း မန်ဟို့ကို ဆိုင်အပြင်အထိ လိုက်ပို့ပေးလေသည်။
သူ ယခုကဲ့သို့ ပြုမူနေခြင်းက ဆိုင်ထဲရှိ အရောင်းစာရေးအကုန်လုံးအား ကြက်သေသေသွားစေသည်။ သူတို့ ယခုလေးတင် မြင်တွေ့ခဲ့ရသည့် ငွေပမာဏမှာ ကြားပင်မကြားဖူးသော်လည်း ရှေးဟောင်းနယ်ပယ်ဖြစ်သည့် အကြီးအကဲရွှေမိုတျန်းက အင်မော်တယ်နယ်ပယ် ကျင့်ကြံသူလေးတစ်ယောက်၏ ရှေ့တွင် ဤမျှ ယဉ်ကျေးရိုကျိုးနေသည်ကို ယုံကြည်ရခက်နေသေး၏။
ရွှေမိုတျန်းနှင့် ရင်းနှီးသော မိန်းကလေးက ခါးကိုင်းကာ ခပ်တိုးတိုးမေးသည်။ "အကြီးအကဲရွှေ ဒီလူက အင်မော်တယ်ကျောက်စိမ်းလေးထောင်ကို လွယ်လွယ်ကူကူ ထုတ်ပေးနိုင်တယ်ဆိုရင် သူ့ရဲ့ သိုလှောင်အိတ်မှာ ...." ရွှေမိုတျန်းက ဒေါသမီး တ၀င်း၀င်းတောက်နေသော မျက်၀န်းများဖြင့် ချာခနဲ လှည့်၍ သူမပါးကို ဖြန်းခနဲ ချလိုက်သည်။ သူမပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူမမှာ နောက်သို့ ယိမ်းယိုင်သွား၏။
"ပါးစပ်ပိတ်ထားစမ်း" သူက အေးစက်စက် ပြောသည်။ "ဒါက ဘယ်သူလဲသိလား။ မင်း ထပ်ပြောလို့ကတော့ သူ့အဆင့်အတန်းနဲ့ဆို မင်း၊ ငါနဲ့ ဒီမိုးမင်ရည်ဂိုဏ်းတစ်ဂိုဏ်းလုံးကို သတ်ပစ်နိုင်တယ်ကွ။ သူက မျက်စိတစ်မှိတ်တည်းနဲ့ မိုးတိမ်ဈေးရုံကို ရှင်းလင်းပစ်နိုင်တယ် ဟမ့်" ရွှေမိုတျန်းက အေးစက်စက် နှာမှုတ်သံဖြင့် အဆုံးသတ်လိုက်သည်။
မန်ဟို အင်မော်တယ်ကျောက်စိမ်း ၄၀၀၀ ကို ထုတ်ခဲ့လျှင်ချင်း ရွှေမိုတျန်းသည် သူ၏ အဆင့်အတန်းကို သေချာသိသွားခဲ့၏။ စောစောက နတ်ဘုရားအာရုံဖြင့် သူ့ကို စစ်ဆေးကြည့်ခဲ့စဉ်တုန်းက ရင်းနှီးမှုကို ခံစားခဲ့ရသော်လည်း မည်သူမည်ဝါဖြစ်ကြောင်း သဘောပေါက်ဖို့ အချိန်အနည်းငယ် ကြာခဲ့လေသည်။ ထို့နောက်မှ သူသည် မှော်ပစ္စည်းခုနစ်ခုကို လက်ဆောင်အဖြစ် ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။
"သူ ... သူက ဘယ်သူလဲ" လှပသောမိန်းကလေးက မေးသည်။
အခြားသူသာဆိုလျှင် ရွှေမိုတျန်းသည် မေးခွန်းကို ဖြေပင်ဖြေကြားမည် မဟုတ်ပေ။ သို့သော် သူမက မန်ဟို့ကို ကူညီခဲ့သူဖြစ်သည်ကို ထည့်တွက်ရင်း သူက ခါးကိုင်း၍ သူမနားထဲ တိုးတိုးပြောလိုက်သည်။ "ဖန်မျိုးနွယ်စုရဲ့ အိမ်ရှေ့မင်းသား။ တာအိုဆရာအစည်းအရုံးသုံးခုလုံးရဲ့ တပည့်။ သူက အင်မော်တယ်နယ်ပယ်မှာဆိုပေမယ့် ရှေးဟောင်းနယ်ပယ်ပညာရှင်တွေကို သတ်ပစ်နိုင်တယ်။ အဲဒါ ... မန်ဟိုပဲ"
"အဲ့ဒါ သူလား" လှပသောမိန်းကလေးက ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သူမသည် မန်ဟို့ကို လှည့်ကြည့်လိုက်သော်လည်း သူကား ပျောက်ကွယ်သွားခဲ့လေပြီ။
ရုတ်တရက် မိန်းကလေးက တစ်စုံတစ်ခုကို တွေးလိုက်မိဟန်ဖြင့် ပြောလိုက်သည်။ "မဖြစ်တော့ဘူး။ စောစောက သူ့ရဲ့ အင်မော်တယ်ကျောက်စိမ်းတွေကို လောဘတက်နေတဲ့ ဖောက်သည်တစ်ချို့ ရှိတယ်။ သူတို့က အခုဆို အကောက်ကြံဖို့ ကြိုးစားနေလောက်ပြီ"
"စိတ်မပူနဲ့" ရွှေမိုတျန်းက ညစ်ကျယ်ကျယ်ရယ်ရင်း ပြောသည်။ “သူတို့သေတွင်း သူတို့ တူးနေတာပဲ" ရွှေမိုတျန်းသည် မန်ဟို့အဆင့်အတန်းအရ မိုးတိမ်ဂုရုကြီးပင်လျှင် အာခံရဲမည်မဟုတ်မှန်း သိလေ၏။
ထိုစဉ် ဈေးအတွင်းရှိ ချောင်ကျကျတစ်နေရာတွင် တော်ရုံတန်ရုံလူ မသွားကြသော အဆောက်အအုံတစ်ခုရှိသည်။ လူများသည် ၎င်းအရှေ့မှ ဖြတ်သွားကြသည့်အခါ ထိတ်လန့်ကြောက်ရွံ့ဟန်များဖြင့် လှမ်းကြည့်တတ်ပြီးနောက် ခေါင်းငုံ့၍ ခပ်သုတ်သုတ် ဖြတ်သွားတတ်ကြသည်။
အနီရောင်အဝတ်အစားများ ဝတ်ထားကြပြီး အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းအခြေခံများ ရှိသော သက်လတ်ပိုင်းကျင့်ကြံသူလေးယောက်သည် အဆောက်အဦ၏အပြင်တွင် တင်ပျဉ်ခွေထိုင်နေကြ၏။
အဆောက်အဦ၏အထဲတွင် အလွန်တရာတိတ်ဆိတ်နေပြီး ဖြည်းဖြည်းမှန်မှန် အသက်ရှူနေသံများသာ ကြားရနိုင်သည်။ အသက်ရှူသံအနေအထားကား မိုးနှင့်မြေနှင့် စည်းချက်ဝါးချက်ညီနေသကဲ့သို့ ဖြစ်ပြီး အဆောက်အဦတစ်ခုလုံးကို ရံဖန်ရံခါ ဝေဝါးသွားစေသည်။
လောလောဆယ်တွင် ကျင့်ကြံသူနှစ်ယောက်သည် ထိုအဆောက်အဦထံသို့ ခပ်သုတ်သုတ် သွားနေကြ၏။ သူတို့က အနီရောင်အဝတ်အစားများနှင့် ကျင့်ကြံသူများ၏အရှေ့တွင် ရပ်ပြီး ဒူးထောက်အရိုအပေး၍ မော့ကြည်လိုက်ကြသည်။ နှစ်ယောက်ထဲမှ တစ်ယောက်က အနီဝတ်ကျင့်ကြံသူတစ်ယောက်ဆီ တစ်စုံတရာပြောလိုက်၏။
အနီဝတ်ကျင့်ကြံသူက မျက်လုံးများ လင်းလက်တောက်ပနေလျက် ငေါက်ခနဲ ထရပ်ပြီးနောက် အဆောက်အဦထဲ ဝင်သွားသည်။ တခဏကြာသော် သူက ထွက်လာကာ ပြောသည်။ “သူ ဘယ်သွားသွား သူ့ကို တိတ်တိတ်လေး နောက်ယောင်ခံလိုက်ချည်။ သူ့မှာ အင်မော်တယ်ကျောက်စိမ်းဘယ်လောက်ရှိလဲ ကြည့်ကြစို့။ တစ်သောင်းအောက်ဆိုရင်တော့ အရှင့်အတွက် ဝင်ရောက်စွက်ဖက်ဖို့ မတန်ဘူး”
ယခုလေးတင် ရောက်လာခဲ့ကြသော ကျင့်ကြံသူများမှာ လွန်စွာစိတ်လှုပ်ရှားသွားကြပုံပေါ်သည်။ သူတို့သည် ကပျာကယာ ခေါင်းညိတ်၍ အလောတကြီး ထွက်သွားကြ၏။
အနီဝတ်လူများက ထိုနေရာတွင် တရားဆက်ထိုင်နေကြပြီး အရာအားလုံး တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။ အဆောက်အဦ၏ ဒုတိယအထပ်တွင် အဘိုးကြီးတစ်ယောက်သည် တင်ပျဉ်ခွေလျက် တရားထိုင်နေ၏။ သူ့မျက်နှာပေါ်တွင် အညိုကွက်များရှိသော်လည်း သူ့မျက်လုံးများက ပွင့်လာသောအခါ လင်းလက်နေပြီး ရှေးဟောင်းနယ်ပယ် နှောင်းပိုင်းအဆင့်၏ အခိုးအငွေ့များကား သူ့ထံမှ လိမ့်ထွက်လာလေသည်။
“အစ်ကိုကြီးက ကိစ္စဝိစ္စတွေကို ဂရုတစိုက် ကိုင်တွယ်လွန်းတယ်" သူက အေးစက်စက် ပြောသည်။ “မိုးတိမ်ဈေးရဲ့ ရ့ည်ရွယ်ချက်တစ်ခုလုံးက ငါတို့အတွက် ကျင့်ကြံအားထုတ်ဖို့ အဆင်ပြေအောင် လုပ်ဖို့ပဲ။ အစ်ကိုကြီးက အခု တံခါးပိတ်ကျင့်ကြံနေတော့ ငါ့တာဝန်ဖြစ်နေပြီ။ အင်မော်တယ်ကျောက်စိမ်း ၄၀၀၀ တဲ့လား ဟမ်.... သူ ဘယ်သူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ အဲဒီလောက်များတဲ့ အင်မော်တယ်ကျောက်စိမ်းတွေနဲ့ဆို .... သူ့အနေနဲ့ အသက်ရှင်ရက် ထွက်သွားချင်ရင် တချို့တစ်ဝက်တော့ ထုတ်ပေးရလိမ့်မယ်” ထို့နောက် သူက မျက်လုံးများ ပိတ်လိုက်ပြန်သည်။
မန်ဟိုသည် အလွန်ချမ်းသာပြီး ဩဇာရှိသောပုံစံဖမ်းရင်း ဈေးတွင် လျှောက်ပတ်ကြည့်နေဆဲပင်။ သူက မြင်သမျှ ဆိုင်ထဲ ဝင်သွားပြီး အဆင်ပြေသည့်အရာမှန်သမျှ ဝယ်သည်။ မှော်ပစ္စည်းများ၊ ဆေးလုံးများ၊ ဆေးပင်များ၊ မှော်အတတ်များ၊ ကျင့်စဉ်များနှင့် အစုံပလုံပင်။ သူသည် ရောင်းရန် မဟုတ်သည့်အရာများကိုပင် ဝယ်နေ၏။ ထိုအထဲက ပစ္စည်းတစ်ခုမှာတော့ ကျားဖြူတစ်ကောင်ပုံစံ ရေးဆွဲထားသည့် အခန်းကာတစ်ရွက်ဖြစ်သည်။ သူက လက်ကို ဝှေ့ယမ်းရင်း အင်မော်တယ်ကျောက်စိမ်းတုံးများ ထုတ်ပေးလိုက်ရာ ဆိုင်ပိုင်ရှင်ခမျာ အသက်ပင်မရှူနိုင်တော့ပေ။
မန်ဟိုက မရေမတွက်နိုင်သော ဓားပျံများဖြင့် သွန်းလုပ်ထားသော ပလ္လင်တစ်ခုကို လက်ညှိုးထိုး၍ ပြောသည်။ “ဒီတစ်ခုလည်း ကောင်းမယ့်ပုံပဲ။ အဖေ ကြိုက်မယ်ဆိုတာ လောင်းရဲတယ်။ ယူမယ်”
သူသည် ဝိညာဉ်ကျောက်တုံးများနှင့် ပြုလုပ်ထားသည့် ရုပ်တုတစ်ခုကို မြင်လိုက်၏။ ၎င်းကား အမှန်တွင် မှော်ပစ္စည်းတစ်ခု ဖြစ်နေ၏။ “ဒါလည်း မိုက်တယ် ယူမယ်”
“ဒါရော
“ဒီချပ်ဝတ်က တော်တော်ကောင်းတယ်။ အစုံတစ်ထောင် ယူမယ်
“ဒီတာအိုဝတ်ရုံတွေက ကောင်းမယ့်ပုံပဲ။ ယူမယ်”
“ခင်ဗျားဆိုင်တစ်ဆိုင်လုံးက ကျောက်စိမ်းပေလိပ်တွေအကုန်လုံးဆို ဘယ်လောက်ကျမလဲ။ အကုန်လိုချင်တယ်” မန်ဟိုသည် သူ့အဖေ တောင်ကောင်းကင်ဂြိုဟ်မှ ထွက်မသွားနိုင်သည်ကို တွေးမိသောအခါ သူ့အဖေအားလျှင် စာဖတ်နိုင်ဖို့ ပေလိပ်ဆိုင်တစ်ဆိုင်လုံး ဝယ်ပေးရန် ဆုံးဖြတ်လိုက်၏။
မန်ဟိုမှာ အမျိုးသမီးများ ကြိုက်တတ်သောအရာများနှင့်ပတ်သက်လျှင် ယုံကြည်ချက်သိပ်မရှိပေ။ သူ့အမေ ဘာကို သဘောကျလဲ မသိမှတော့ ဆိုင်တစ်ဆိုင်လုံး ဝယ်ရန် ဆုံးဖြတ်လိုက်တော့သည်။
“ဒီရုပ်သေးရုပ်တွေက ကြည့်ကောင်းသားပဲ ယူမယ်”
သူ သွားသည့်နေရာတိုင်း ဆိုင်ပိုင်ရှင်များမှာ ရူးမတတ် ပျော်သွားကြသည်။ မကြာမီ ဈေးထဲရှိ လူတိုင်း စိတ်ထင်တိုင်း ဝယ်နေသော ကျင့်ကြံသူသူဌေးလေးအကြောင်း သိသွားကြသည်။
တချို့က သူ့အနောက်ကိုပင် လိုက်၍ သူမည်မျှသုံးခဲ့ပြီးပြီလဲ တွက်ချက်နေကြသည်။ နောက်ဆုံးတော့ သူကား အင်မော်တယ်ကျောက်စိမ်းတစ်သိန်းနှင့် ညီမျှသော ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်အား ဖြုန်းခဲ့ပြီးလေပြီ။
သူ့အား နောက်ယောင်ခံလိုက်နေခဲ့သော ကျင့်ကြံသူနှစ်ယောက်မှာတော့ မျက်လုံးများ ရဲနေကြသည်။ သူတို့သည် အထက်လူကြီးများဆီသို့ အစီရင်ခံကြပြီး မကြာခင် မုန်တိုင်းတစ်လုံးကား ဈေးတစ်ရုံလုံးတစ်လျှောက် တိုက်ခတ်စပြုလာတော့သည်။
မန်ဟိုကား သတိမထားမိသည့်အလား ဆိုင်တွေထဲ ဝင်ရောက်မွှေနှောက်၍ သူ သဘောကျသည့်အရာမှန်သမျှ ဆက်ဝယ်နေဆဲပင်။ သူသည် ပျံကျဈေးသည်များဆီသို့ပင် သွားရောက်၍ စိတ်ဝင်းစားသည့်အရာတွေ့လျှင် ယူတတ်သည်။ တစ်ခါတရံ ပျံကျဈေးဆိုင်တစ်ဆိုင်လုံးပင် ဝယ်တတ်လေသည်။
သူကား အမှန်ပင် သူဌေးကြီးဦးဇောတိကနှင့် တူနေ၏။ ပုံမှန်အားဖြင့် သူသည် ငွေနည်းနည်းလေး ဖြုန်းရလျှင်ပင် ခေါင်းကိုက်တတ်သော်လည်း သူ့မိဘများအတွက် ဝယ်နေခြင်းဖြစ်၍ နည်းနည်းလေးမှ မနှမြောပေ။
သူက သူ့အစ်မအတွက်လည်း လက်ဆောင်တချို့ ဝယ်သည်။ မကြာမီ သူကား ဈေးတွင် ရရှိနိုင်သည့် ပစ္စည်းအားလုံး၏ သုံးပုံတစ်ပုံခန့်ကို ဝယ်ခဲ့ပြီး၍ အင်မော်တယ်ကျောက်စိမ်းသုံးသိန်းနီးပါး ဖြုန်းခဲ့ပြီးလေပြီ။
သူ့နောက် နောက်ယောင်ခံလိုက်ဖို့ အလွှတ်ခံခဲ့ရသည့် ကျင့်ကြံသူနှစ်ယောက်မှာတော့ အဝေးရှိ အဆောက်အဦဆီ ပြန်သွားပြီး အစီရင်ခံလိုက်ကြသည်။ ထိုနေရာတွင် တင်ပျဉ်ခွေထိုင်နေသာ အဘိုးကြီးက မျက်လုံးများဖွင့်လိုက်ပြီး ၎င်းတို့သည် အသတ်အဖြတ်စိတ်ဆန္ဒဖြင့် ဝင်းဝင်းတောက်နေ၏။
“အင်မော်တယ်ကျောက်စိမ်း သုံးသိန်း....သူ့အတွက် အဲဒီလောက်အများကြီး သုံးဖြုန်းနိုင်တာက သူ့သိုလှောင်အိတ်ထဲမှာ စုစုပေါင်း ဆယ်သိန်းကျော်ရှိတာ သက်သေပြနေတယ်။ ဘုရားဘုရား ... အင်မော်တယ်ကျောက်စိမ်း ဆယ်သိန်းတဲ့ .... “ အဘိုးကြီးမှာ အသက်ရှူမြန်စပြုလာပြီး သူ့မျက်လုံးထဲတွင် လောဘတက်နေသော ရိပ်အယောင်ပေါ်လာသည်။ ထိုလူ့တွင် ဤမျှငွေပမာဏ ရှိနေမှတော့ အလွယ်တကူ သွားရန်စ၍မရသည့် နောက်ခံနှင့် လူတစ်ယောက်ဖြစ်ကြောင်း ရှင်းလင်းလေသည်။