သွေးစွန်းနေသော ကျောက်စိမ်းလည်ဆွဲ
Vol. 83 Ch. 1156
အဘိုးကြီးမှာ အတော်လေး ဒွိဟဖြစ်နေသည်။ တစ်ဖက်တွင် သူ့မှာ လောဘတက်နေသော်လည်း အခြားတစ်ဖက်တွင်မူ မန်ဟို၏နောက်ခံက သူ့အား ချီတုံချတုံဖြစ်စေ၍ ထိုလောဘအား အတိုင်းအတာတစ်ခုအထိ ချုပ်တည်းမိစေသည်။ အတန်ကြာ ဆုံးဖြတ်ချက်မပြတ်မသားဖြစ်နေပြီးနောက် သူ့မျက်လုံးများသည် ရုတ်တရက် လင်းလက်လာပြီး သူက အဆောက်အဦ၏အပြင်ကို လှမ်းကြည့်လိုက်၏။
လောလောဆယ်တွင် ထိုအပြင်၌ အနီဝတ်ကျင့်ကြံသူတစ်ယောက်သည် လက်နှစ်ဖက်ယှက်၍ အရိုအသေပေးလျက်ရှိသည်။
“ခေါင်းဆောင်ကြီး၊ ပစ်မှတ်က လေလံပွဲကို သွားနေပါတယ်။ ကြည့်ရတာ ဝင်ပါမယ့်သဘောရှိပါတယ်ဗျ”
အဘိုးကြီး၏မျက်လုံးများက စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် တောက်ပသွားပြီး သူက ထရပ်လိုက်သည်။ ထို့နောက် သူသည် အဆောက်အဦ၏အပြင်သို့ လမ်းလျှောက်ထွက်လာကာ အနီဝတ်ကျင့်ကြံသူလေးယောက်ဖြင့် ခြံရံလျက် လေလံပွဲရှိရာသို့ ဦးတည်သွားတော့၏။ သူတို့အားလုံးကား ရက်စက်ကြမ်းကြုတ်သောအမူအရာများ ရှိကြပြီး အသတ်အဖြတ်စိတ်ဆန္ဒများကို ထုတ်လွှတ်နေကြသည်။
“မင်း ဘာကောင်ဖြစ်ဖြစ်၊ ဘယ်ကလာလာ အရေးမကြီးဘူး။ မင်းမှာ အင်မော်တယ်ကျောက်စိမ်းဆယ်သိန်းအောက် ရှိနေရင်တော့ ငါ မင်းကို ဘေးမဲ့ပေးထားမယ်။ မင်းရဲ့နောက်ခံအကြောင်းမသိမချင်း ငါ မင်းကို ထိမှာမဟုတ်ဘူး ....” မန်ဟို့ကို သွားအကဲခတ်ရန် ဆုံးဖြတ်ချက်ချပြီးနောက် အဘိုးကြီး၏မျက်လုံးများသည် ဝင်းလက်လာ၏။
အနီဝတ်ကျင့်ကြံသူများ ပြောခဲ့သည့်အတိုင်း မန်ဟိုသည် ဆိုင်များ၊ ပျံကျဈေးတန်းများတွင် ပျော်ပျော်ကြီး ဈေးဝယ်ထွက်ခဲ့ပြီးဖြစ်၍ ယခုတွင် ဈေးလည်ခေါင်ရှိ ပင်မလေလံရုံကြီးထဲ ရောက်နေ၏။ သူက ပင်မစင်မြင့်နှင့် လေလံတင်ရောင်းချနေသော ပစ္စည်းများကို ကြည့်ရင်း ဘေးတွင် ရပ်နေသည်။ ပတ်ဝန်းကျင်တွင် လေလံဈေးများကို မှတ်သားနေကြပြီး ခြောက်လန့်နေသောဟန်ပန်များဖြင့် ပန်းခရမ်းရောင်ဝတ်ရုံကျင့်ကြံသူအတော်များများ ရှိကြသည်။
မည်သူမှ လေလံဈေးများကို မမှန်မကန် ခေါ်ခွင့်မရှိသည့်အပြင် လေလံခေါ်သူတိုင်း ခေါ်သည့်ဈေးအတိုင်း လေလံမဲကို ဝယ်ဖို့ လိုအပ်သည်။ ပြဿနာရှာဖို့ ကြိုးစားလျှင် မိုးတိမ်ဈေးတပ်ဖွဲ့၏ လိုက်ဖမ်း၍ သတ်ဖြတ်ခြင်းခံရမည်။
မန်ဟို ထိုနေရာတွင် ရပ်ကြည့်နေစဉ် ပတ်ဝန်းကျင်ရှိ လူများက သူ့ကို ချက်ချင်း သတိပြုသွားကြပြီး သိသိသာသာ စိတ်လှုပ်ရှားကုန်ကြသည်။ တစ်ဆင့်စကား တစ်ဆင့်နားထဲ ရောက်၍ မကြာခင် လေလံရုံထဲရှိ လူတိုင်း သူ၏တည်ရှိမှုကို သိရှိသွားကြပြီဖြစ်သည်။
ဈေးတွင် နေ့တစ်ဝက်တည်းနှင့် သူက ရရှိနိုင်မျှ ပစ္စည်းအကောင်းစားသုံးဆယ်ရာခိုင်နှုန်းခန့်ကို ဝယ်ခဲ့ပြီးပြီမဟုတ်လော။ ထို့ကြောင့် မည်သူက အာရုံမစိုက်ဘဲ နေမည်နည်း။ အထူးသဖြင့် ကျင့်ကြံသူအမျိုးသီးများသည် သူ့ကို ကြည့်လျှင် မျက်ဝန်းကလေးများ ရွှန်းလဲ့သွားကြပြီး တတ်နိုင်သမျှ လှပအောင် ကြိုးစားကြ၏။ သိသိသာသာပင် သူတို့က သူ့ကို ဆွဲဆောင်၍ သူဌေးကတော်ဖြစ်လာရန် မျှော်လင့်နေကြလေသည်။
သူ့ကို ရင်းနှီးသလိုလို ၊ မြင်ဖူးသလိုလို ခံစားမိကြသော လူတချို့လည်း ရှိကြသည်။ တခဏကြာသော် သူတို့သည် သူ မည်သူဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့၏။
အထူးသဖြင့် လေလံပစ်သူများမှာ တစ်ချက်တစ်ချက် သူ့ကို လှမ်းကြည့်ပြီး အထူးအာရုံစိုက်နေကြသည်။
မန်ဟိုကား ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို စိတ်မဝင်စားသကဲ့သို့ အေးအေးဆေးဆေး ရပ်နေသော်လည်း စိတ်ထဲတွင်တော့ အတော်လေး ဇဝေဇဝါ ဖြစ်နေသည်။
“သူတို့ အခုထိ ဘာလို့ မလာသေးတာပါလိမ့်။ သွားလိုက်လာလိုက်နဲ့ ငါ့နောက် အကြာကြီး လိုက်နေခဲ့တာလေ။ အခုဆို တစ်ယောက်ယောက်ကို တင်ပြပြီးလောက်သင့်ပြီ
“ဒီလူတွေက လုယက်တဲ့နေရာမှာ မကျွမ်းတာများလား” သူက မျက်မှောင်ကြုတ်သွားသည်။ သူ့တွင် ထိုင်စောင့်နေရန် အချိန်မရှိပေ။ ခေတ္တတွေးပြီးသော် သူသည် ဈေးထဲမှ မထွက်သွားသေး၍ သူ့နောက်လိုက်နေသူများ လှုပ်ရှားရန် အဆင်မပြေခြင်းဖြစ်မည်ဟု ကောက်ချက်ချလိုက်၏။
“အဲဒီလိုဆိုမှတော့” သူက တွေးသည်။ “ထွက်သွားပေးရမှာပေါ့။ ဒါဆို အနည်းဆုံးတော့ သူတို့ လှုပ်ရှားဖို့ အခွင့်အရေးရလိမ့်မယ်” သူသည် စိတ်ပိုင်းဖြတ်ပြီး၍ ထွက်သွားရန် ပြင်လိုက်စဉ် ရုတ်တရက် လေလံပစ်သူက သူ ကိုင်ထားသည့် ကျောက်စိမ်းလင်ဗန်းကို မြှောက်လိုက်သည်။
“ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ အမျိုးသမီးတို့။ တာအိုရောင်ရင်းတို့ အခုမဲမှာ ပဟေဠိဆန်တဲ့ နောက်ခံရှိတယ်” သူက ဂုဏ်ယူနေသောလေသံဖြင့် ပြောသည်။ “ကျုပ်တို့ဈေး ဆက်လက်စည်ကားသိုက်မြိုက်နေဖို့နဲ့ ကျုပ်တို့ လေလံရုံရဲ့ဂုဏ်သတင်းကို ဆက်ထိန်းထားဖို့အတွက် မိုးတိမ်ခေါင်းဆောင်ကြီးက ... သူ့ရဲ့အရှားဆုံး ဘိုးစဉ်ဘောင်ဆက်အမွေပစ္စည်းတွေထဲက တစ်ခုကို လေလံတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်ခင်ဗျာ
“အဲဒီပစ္စည်းကတော့ ကျောက်စိမ်းလည်ဆွဲဖြစ်ပါတယ်။ ရိုးရိုးတန်းတန်း လည်ဆွဲလို့ ထင်လိုက်ရင်တော့ မှားသွားမယ်။ ဒီလည်ဆွဲဟာ နဝမတောင်ပင်လယ်ကမဟုတ်ဘဲ အဋ္ဌမတောင်ပင်လယ်က လာတာပါ။ တစ်ဖက်မှာ မိုးကြိုးပုံစံထွင်းထားပြီး အခြားတစ်ဖက်မှာတော့ မန် ‘孟’ ဆိုတဲ့စာလုံး ရှိပါတယ်။ ကျုပ်တို့ ခေါင်းဆောင်ကြီးရဲ့ ခန့်မှန်းချက်တွေအရ ဒီဟာက ... အဋ္ဌမတောင်ပင်လယ်က မန်မျိုးနွယ်ဝင်တစ်ယောက်အပိုင် သက်သေခံလည်ဆွဲအပြင် တခြားမဟုတ်ပါဘူးခင်ဗျာ။ ဘယ်သူဘယ်ဝါအပိုင်လို့တော့ တိတိကျကျ မပြောတတ်ပေမယ့် အဆင့်အတန်းမြင့်တယ်ဆိုတာတော့ သိသာပါတယ်
“ကျုပ်တို့ ဘယ်လိုသိခဲ့တယ်ထင်လဲ။ သိခဲ့ရတဲ့အကြောင်းရင်းကတော့ ဒီလည်ဆွဲဟာ ရှေးဟောင်းနယ်ပယ်ရတနာတစ်ပါးဖြစ်ပေမယ့်လို့ သွေးစွန်းထင်းနေပြီး အင်မော်တယ်စွမ်းအားပဲ ထုတ်လွှတ်နိုင်အောင် ချိတ်ပိတ်ခံထားရတဲ့အတွက်ကြောင့်ပါ ...
“ကျုပ်တို့ ခေါင်းဆောင်ကြီးအနေနဲ့ ချိတ်စည်းကို မဖယ်ရှားနိုင်ပေမယ့် မိုးနှင့်မြေမှာ အစွမ်းထက်တန်ခိုးရှင်တွေ အများကြီး ရှိပါတယ်။ ဒါကို စည်းဖွင့်နိုင်တဲ့တစ်ယောက်တော့ သေချာပေါက် ရှိမှာပါ” သူက ညာလက်ဖြင့် အစိမ်းရောင်တဖိတ်ဖိတ်လက်နေသော ကျောက်စိမ်းလည်ဆွဲကို ကိုင်မြှောက်ထား၏။ ၎င်းထံမှ မိုးခြိမ်းသံက အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်လာသည့်အပြင် ဆွဲပြားမှ ထုတ်လွှတ်နေသော အလင်းရောင်ထဲတွင် အစိမ်းရောင်မိုးကြိုးတန်းတစ်တန်း ဖြစ်တည်လာနေသည်ကို မြင်သည်ဆိုရုံကလေး မြင်ရနိုင်သည်။
ကျောက်စိမ်းလည်ဆွဲသည် အံ့ဖွယ်ထူးကဲသယောင်ထင်ရသော်လည်း ၎င်းဖြန့်ကျက်နေသောအငွေ့အသက်မှာ အင်မော်တယ်နယ်ပယ်အဆင့်သာ ဖြစ်သည်။ သို့သော်လည်း ၎င်းကား မည်သည့်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူမဆိုအတွက် အဖိုးထိုက်ရတနာအဖြစ် သတ်မှတ်နိုင်လိမ့်မည်။
ဆွဲပြား၏မျက်နှာပြင်ထက်တွင် ဇောက်နက်နက် ကွဲအက်ရာတစ်ရာလည်း ရှိနေသည်။ ၎င်းကား သွေးခဲနေသည့်အလား ခရမ်းပုပ်ရောင်သမ်းနေခဲ့ရာ ပုံပန်းသွင်ပြင်မှာ အလွန်ထူးခြားဆန်းကြယ်နေတော့၏။
“ဒီပစ္စည်းအတွက် အဖွင့်ဈေးက ဝိညာဉ်ကျောက်တုံး သိန်းရှစ်ရာ “ လေလံပစ်သူက အသံကျယ်ကြီးဖြင့် အော်လိုက်သည်။
မန်ဟိုသည် မူလက ပြန်ဖို့ပြင်နေခဲ့၏။ သို့သော် ကျောက်စိမ်းလည်ဆွဲကို မြင်လျှင် သူ၏နှလုံးသွေးတို့သည် ပြင်းထန်သောတုန်လှုပ်အံ့ဩမှုကြောင့် ဆူပွက်လာ၏။
သူ့မှာ ကျောက်စိမ်းပြားကို ကြည့်ရင်း အသက်ရှူမြန်လာတော့သည်။ ယခုလိုဈေးမျိုးတွင် ဤပစ္စည်းနှင့် ပက်ပင်းတိုးလိမ့်မည်ဟု သူ မည်ကဲ့သို ထင်ထားခဲ့မည်နည်း။
၎င်းက အဋ္ဌမတောင်ပင်လယ်မှ မန်မျိုးနွယ်စု၏ သက်သေခံလည်ဆွဲဖြစ်ကြောင်း သေချာသည်။ ထိုမျှသာမက သာမန်မျိုးနွယ်ဝင်တစ်ယောက်၏ လည်ဆွဲမဟုတ်။ မန်ဟိုသည် သူ၏ပထမဆုံးခုနစ်နှစ်မြောက်ပြစ်ဒဏ်ကို ခံစားခဲ့ရတုန်းက ဝမ်းနည်းပူဆွေးနေသော ဘိုးဘိုးဖန်၏ဘေးတွင် ရပ်နေခဲ့သော အဘိုးအိုတစ်ဦးကို ရုတ်တရက် ပြန်မြင်ယောင်လိုက်မိ၏။
ထိုအဘိုးအိုက သူစိမ်းမဟုတ်၊ သူ၏ ဘိုးဘိုးမန်ပင်။
သူသည် အဋ္ဌမတောင်ပင်လယ်မှ မန်မျိုးနွယ်စု၏ မဟာအကြီးအကဲဖြစ်ချေသည်။
မန်ဟိုမှာ ကလေးအရွယ်တုန်းက ယခုလေလံစင်မြင့်ထက်ရှိ တစ်ခုနှင့် ချွတ်စွပ်တူသော ဘိုးဘိုးမန်၏ သက်သေခံလည်ဆွဲဖြင့် ဆော့ကစားခဲ့သည်ကို သတိရလိုက်သည်။
မန်ဟို့နှလုံးခုန်သံများ မြန်လာပြီး သူ့စိတ်အစဉ်သည် ချာချာလည်သွား၏။ သူ့ကို ကယ်တင်ဖို့လေးအတွက် အပြင်သူတစ်ယောက်ကို ရှာဖွေဖို့ သူ့ဘိုးဘိုးနှစ်ယောက်လုံး ထွက်သွားခဲ့သည်ကို သူ ဘယ်တော့မှ မေ့ရမည်မဟုတ်ပေ။ နောက်ဆုံးတွင် ထိုအပြင်သူက ရောက်လာခဲ့ပြီး မန်ဟို့မိဘနှစ်ပါးအား လုပ်ရမည့်အရာများအကြောင်း ရှင်းပြခဲ့သည်။ သို့သော် ... ဘိုးဘိုးမန်နှင့် ဘိုးဘိုးမန်သည် ဘယ်တော့မှ ပြန်ရောက်မလာခဲ့ပေ။
မန်ဟိုမှာ ထိုကိစ္စများကို ဘယ်တော့မှ မေ့မရသည့်အပြင် တစ်နေ့ သူတို့ကို ပြန်ရှာတွေ့ဖို့ အမြဲဆုတောင်းနေခဲ့သည်။ ရှာမတွေ့လျှင်တောင်မှ အနည်းဆုံးတော့ အကျိုးအကြောင်း သိချင်မိသည်။
ယခုတွင် ကျောက်စိမ်းလည်ဆွဲကို ကြည့်ရင်း.... ၎င်းက ဘိုးဘိုးမန်၏ သက်သေခံလည်ဆွဲမှတစ်ပါး အခြားမဟုတ်ကြောင်း သူ ပြင်းပြင်းထန်ထန် ခံစားနေရသည်။
ထိုအတွေးက သူ့နှလုံးသားကို တုန်ရီလာစေ၏။ ဆွဲပြားတွင် စွန်းထင်းနေသည့်သွေးက မည်သူ့သွေးမှန်း မသိသော်လည်း သူ့မှာ အဘိုးဖြစ်သူအတွက် အလွန်စိတ်ပူလာတော့သည်။
“ဝိညာဉ်ကျောက်တုံး သိန်းငါးထောင်” သူက သံမဏိကိုပင် ဖြတ်တောက်နိုင်လောက်အောင် ပြတ်သားသောအသံဖြင့် အော်လိုက်သည်။ “ငါ့ကို အဲဒီလည်ဆွဲပေးစမ်း”
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း သုဿန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်ကျသွားသည်။ ဈေးခေါ်ရန် ပြင်နေခဲ့သူများမှာတော့ ပထမဆုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး ပါးစပ်များကို ပြန်ပိတ်၍ ဈေးမခေါ်ဘဲ နေလိုက်ကြသည်။ တစ်ယောက်ပြီးတစ်ယောက် မန်ဟို့ကို လှည့်ကြည့်ကြလေသည်။
လေလံပစ်သူပင်လျှင် ကြက်သေသေနေသည်။ သူ၏တွက်ချက်မှုအရ ဤကျောက်စိမ်းလည်ဆွဲသည် ဝိညာဉ်ကျောက်တုံး သိန်းသုံးရာထက်ပို၍ မတန်ပေ။ သို့သော် မန်ဟိုက သိန်းငါးထောင်ဈေးကို ခေါ်ခဲ့သည်။
“ဟို ... ဈေးခေါ်ချင်တဲ့ တခြားတာအိုရောင်ရင်းတွေ ရှိကြသေးလားဗျ” သူ့ပါးစပ်မှ အလိုလိုထွက်သွားသည်။ မည်သူမှ ပြန်မဖြေကြပေ။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ မန်ဟို ယခုလေးတင် ခေါ်ခဲ့သည့် ဈေးကြောင့် ကြက်သေသေနေကြ၏။
လေလံပစ်သူမှာ ဂလုခနဲ တံတွေးမြိုချ၍ ပြောသည်။ “ဟုတ်ကဲ့ပါခင်ဗျာ ဒါဆို မဲက ....”
သူ လေလံတူအား ထုတော့မည့်အချိန်တွင် ရုတ်တရက်ဆိုသလို ....
“ဝိညာဉ်ကျောက်တုံး သိန်းတစ်သောင်းခေါ်တယ်” ရှေးဆန်သောအသံကြီးတစ်သံသည် မိုးကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သကဲ့သို့ ပဲ့တင်ထပ်လာ၏။ လူတိုင်း လှည့်ကြည့်လိုက်ရာ အနီဝတ်ကျင့်ကြံသူလေးယောက်ခြံရံလျက် လေလံရုံထဲ လမ်းလျှောက်ဝင်လာသော အဘိုးကြီးတစ်ယောက်ကို မြင်လိုက်ကြသည်။
သူ့မျက်နှာမှာ အညိုကွက်ကြီးများဖြင့် အကျည်းတန်နေရာ ဒေါသမထွက်ဘဲနှင့်တင် ကြောက်စရာကောင်းနေသည်။ သူ့ကျင့်ကြံခြင်းအခြေခံက ရှေးဟောင်းနယ်ပယ် နှောင်းပိုင်းအဆင့်တွင် ဖြစ်ပြီး သူကား ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်နေသည့်အလား ထင်ရသည်။ သူ၏ ကောက်ကာငင်ကာ ပေါ်ပေါက်လာမှုက ကျင့်ကြံသူများအကြား အာမေဍိတ်သံများ ထွက်လာစေသည်။
“မိုးလေဂုရုကြီး”
“အဲ့ဒါ မိုးတိမ်ဂုရုကြီးရဲ့ ညီ ၊ မိုးတိမ်ဈေးရုံရဲ့ ခေါင်းဆောင်ကြီးတွေထဲက တစ်ယောက်ပဲ”
“သူ ဒီမှာ ဘာလာလုပ်တာတုန်း။ ဘာလို့ ဈေးခေါ်နေတာတုန်း။ သိန်းတစ်ထောင်တဲ့ ဘုရားဘုရား .... ဒီကျောက်စိမ်းလည်ဆွဲမှာ အံ့မခန်းလိလိစွမ်းအားတွေ ၊ စွမ်းရည်တွေ ရှိနေတာများလား” လူထုမှာ ချက်ချင်း ပွက်လောရိုက်ကုန်တော့သည်။ လေလံပစ်သူမှာ အံ့အားသင့်နေပြီး ပါးစပ်ပိတ်လိုက်သည်။ တူကို ထုမည့်စား သူက လက်နှစ်ဖက်ယှက်၍ မိုးလေဂုရုကြီးအား လေးလေးစားစား အရိုအသေပေးလိုက်၏။
သူသာ မဟုတ်။ ပန်းခရမ်းရောင်ဝတ်ရုံကျင့်ကြံသူများသာမက ကျန်လေလံပွဲတက်ရောက်သူများလည်း လက်ယှက်၍ ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
မိုးလေဂုရုက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူသည် ဖော်ရွေသောအမူအရာဖြင့် မန်ဟို့ဘက် လှည့်လိုက်၏။ မန်ဟို့ကို မြင်လျှင် ရင်းနှီးနေသလို ခံစားလိုက်ရ၍ သူ့မှာ ရင်ခုန်စပြုလာသည်။ ထို့နောက် မန်ဟို မည်သူမှန်း မှတ်မိလိုက်သဖြင့် သူ့မျက်လုံးများ ပြူးထွက်သွားတော့သည်။
သို့သော် သူက မန်ဟို၏သရုပ်မှန်ကို မသိချင်ယောင်ဆောင်ရင်း ပြောလေသည်။ “မိတ်ဆွေလေး၊ စိတ်မရှိပါနဲ့ ။ ကျုပ်အစ်ကိုကြီးက သူ့ပစ္စည်းကို လေလံတင်ဖို့ မတော်တဆ ပို့လိုက်မိတာပါ။ ဒီပစ္စည်းက ရောင်းဖို့မဟုတ်ပါဘူး။ ဒါပေမဲ့ မိုးတိမ်ဈေးရဲ့ ဂုဏ်သတင်းကလည်း အရေးကြီးဆုံးဖြစ်လို့ လေလံကို ဖျက်သိမ်းမယ့်အစား ကျုပ် ဝယ်လိုက်ပါ့မယ်။ အခြေအနေကို နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ် မိတ်ဆွေလေး”
သူ့စကားလုံးများကို ကြားလျှင် လေလံပွဲတက်ရောက်သူတိုင်း ကြိတ်ရယ်လိုက်ကြသည်။ ဖြေရှင်းမှုက အပေါ်ယံတွင် အကျိုးအကြောင်းသင့်ပုံရသော်လည်း သူသည် ဤလေလံအိမ်၏ပိုင်ရှင်ဖြစ်ရာ သူ လိုချင်သည့်ဈေးကို ခေါ်နိုင်သည်ဟု ဆိုလို၏။
မန်ဟို့အကြည့်က အေးစက်သွားသည်။ သူသည် အဘိုးကြီးကို တဒင်္ဂကြည့်ပြီးနောက် လျစ်လျူရှုကာ ပြော၏။ “အင်မော်တယ်ကျောက်စိမ်း တစ်သိန်း”
သူ့စကားက လူတိုင်းကို ပင့်သက်ရှိုက်လိုက်မိစေသည်။ အင်မော်တယ်ကျောက်စိမ်းတစ်သိန်းမှာ ဝိညာဉ်ကျောက်တုံး သိန်းတစ်သောင်းနှင့် ညီမျှလေသည်။ ထိုပမာဏက လူတိုင်းကို အသက်ရှူမြန်လာစေတော့သည်။ မန်ဟိုက ချမ်းသာကြောင်း သူတို့အားလုံး သိကြသော်လည်း .... သူ့စကားသံသည် သူတို့ကို အကြီးအကျယ်တုန်လှုပ်မိစေသေး၏။
မိုးလေဂုရုကြီးမှာ စိတ်ထဲတွင် တုန်ရီသွားသော်လည်း တည်ငြိမ်သောပုံစံဖမ်းရင်း ပြောသည်။ “ရောင်းလို့မရပါဘူး မိတ်ဆွေလေး။ ခင်ဗျားထက် အင်မော်တယ်ကျောက်စိမ်းတစ်တုံး ကျုပ် ပိုပေးပါ့မယ်”
“အင်မော်တယ်ကျောက်စိမ်း ငါးသိန်း” မန်ဟိုက အေးအေးဆေးဆေး ပြောသည်။
“မိတ်ဆွေလေး ကျေးဇူးပြုပြီး ပြဿနာ ....”
“အင်မော်တယ်ကျောက်စိမ်း ဆယ်သိန်း” မန်ဟိုက အင်္ကျီလက်စကို ခါ၍ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ရင်း အေးစက်စက် ပြောသည်။ “ငါ့ကို အဲဒီလည်ဆွဲပေးစမ်း” သူ၏အေးစက်စက်အသံက ရေခဲနေသောလေတစ်ချက်သဖွယ် အရပ်လေးမျက်နှာတစ်ခွင် တိုက်ခတ်သွားရာ လူတိုင်းအား ကြက်သီးတဖြန်းဖြန်း ထလာစေ၏။ သူတို့မှာ မန်ဟို ယခုလေးတင် ပြောလိုက်သည့် ဈေးကြောင့် မှင်သက်ရသေးလေသည်။
“အင်မော်တယ်ကျောက်စိမ်း ဆယ်သိန်း ... အဲဒါက ဝိညာဉ်ကျောက်တုံး သန်းတစ်သောင်းနဲ့ ညီမျှတယ် ... မြတ်စွာဘုရား ။ အဲဒါ ဘယ်လိုကျောက်စိမ်းလည်ဆွဲမလို့တုန်း”
“ရူးနေပြီ သူတို့အားလုံး ရူးနေကြပြီ”
လူအုပ်ကြီး ဆူညံပွက်လောရိုက်နေစဉ် မိုးလေဂုရုကြီးမှာ ရင်တဒိန်းဒိန်းခုန်နေပြီး အသက်မနည်းရှူနေရတော့သည်။ သူသည် မန်ဟို့ကို ကြာကြာကြည့်လေလေ၊ သူ၏ခံစားချက်များကို မထိန်းချုပ်နိုင် ဖြစ်နေ၏။ နောက်ဆုံးတော့ သူ၏မျက်လုံးများ နီရဲလာသည်။
“မိုးတိမ်ဈေးက ပါးစပ်ထဲရှိတဲ့ဈေး လျှောက်ခေါ်ခွင့်မပြုထားဘူး” သူ့အသံသည် ဩရှနေ၏။ တုံ့ပြန်သည့်အနေဖြင့် မန်ဟိုက သိုလှောင်အိတ်ကို ပုတ်လိုက်ကာ အင်မော်တယ်ကျောက်စိမ်းတစ်တုံးပြီးတစ်တုံးအား ပျံထွက်လာစေသည်။ မျက်စိတစ်မှိတ်အတွင်း အင်မော်တယ်ကျောက်စိမ်း ဆယ်သိန်းက သူ့ဘေးတွင် ပုံနေခဲ့လေပြီ။
မိုးထိုးနေသောအပုံကြီးက လူတိုင်းကို ဆွံ့အနေစေတော့သည်။ သူ့တို့၏စိတ်ထဲတွင် ထစ်ချုန်းသံကြီးမှတစ်ပါး ဗလာကျင်းနေသည်။
အင်မော်တယ်ကျောက်စိမ်းများ ပေါ်လာသည်နှင့် မန်ဟိုက ပင်မစင်မြင့်ထံ ရိပ်ခနဲ သွား၍ လေလံပစ်သူဆီမှ ကျောက်စိမ်းလည်ဆွဲကို ယူရန် လှမ်းလိုက်သည်။
သို့သော် ဤအခိုက်အတန့်တွင် မိုးလေဂရုကြီးက မျက်လုံးများနီရဲနေလျက် သူ့လမ်းကို ပိတ်လိုက်သည်။ သူသည် မန်ဟို့ကို စိန်းစိန်းဝါးဝါးကြည့်ရင်း အသံဩဩကြီးဖြင့် ပြောသည်။ “အင်မော်တယ်ကျောက်စိမ်း သိန်းတစ်ရာဆို မင်း ယူနိုင်တယ်”