← Chapters

နားလည်ရခက်သည့် မီးတောက်ခေါင်းဆောင်ကြီး

Vol. 74 Ch. 1023

နားလည်ရခက်သည့် မီးတောက်ခေါင်းဆောင်ကြီး

Vol. 74 Ch. 1023

ဝမ်ပေါင်လဲ့မှာမူ ဘေးနားတွင်ရပ်ကာ သူ၏ ရှေ့တွင် ရှိနေသည့် လူနှစ်ယောက်အား ကြည့်ရင်း ခေါင်းခဲလာရ၏။ သူသည် မီးတောက်ကြယ်စင်စုကြီးထဲမှ အမှန်တရားကို သိရှိထားပြီးသား မဟုတ်ပါလော။

သူ၏ ရှေ့တွင်ရှိနေသည့် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ အမှန်တကယ်တွင် သူ၏ ဆရာ၏ ကိုယ်ပွားတစ်ခု ဖြစ်နေကြောင်း သူက သိထားပြီဖြစ်သည်။ ထို ကိုယ်ပွားမှာ သူ၏ ဆရာအကြောင်း မကောင်းပြောရန် စကားစဖော်ပေးခဲ့သည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ထိုထောင်ချောက်ထဲမှ ရှောင်ထွက်လာနိုင်ခဲ့၏။ သူသည် အမှန်အတိုင်း သိရှိခဲ့ရပြီးနောက် ထို ကိုယ်ပွား သူ၏ ဆရာ မကောင်းကြောင်း ပြောသည့်အချိန်တိုင်း သူ့ဘက်မှ ချီးမွမ်းစကားများ ပြန်ပြောခဲ့သည်သာ ဖြစ်သည်။

ထို့ကြောင့် သူသည် အစမှအဆုံးအထိ ထို ထောင်ချောက်ထဲသို့ ဝင်သွားခဲ့ခြင်းမရှိပေ။ သို့သော် ယခုတွင်မူ ရှဲ့ဟေးရန်တစ်ယောက် ထို ထောင်ချောက်ထဲသို့ ရောက်သွားတော့မည်ကို မြင်နေရသဖြင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေရတော့သည်။

" ဆရာက လူတွေကို လှည့်စားတဲ့နေရာမှာ တော်တော်ကျွမ်းတာပဲ... သူ့ကိုယ်သူ ရိုက်နှက်ကန်ကျောက်တာမျိုးက ကိစ္စမရှိပါဘူး။ သူ့ကိုယ်သူ ပြန်ပြီးတော့ ဒူးထောက်အရိုအသေပေးတာကိုလည်း ငါ လက်ခံနိုင်ပါသေးတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ တပည့်ကို ထောင်ချောက်ဆင်ပြီး ကိုယ့် မကောင်းကြောင်းတွေ ပြောခိုင်းနေရတယ်လို့။ ဘယ်လို ဝါသနာမျိုးလဲဟ... " ဝမ်ပေါင်လဲ့မှာ ခေါင်းခဲနေရပါသော်လည်း လတ်တလောအတွင်းတွင် ရှဲ့ဟေးရန်ကြောင့် စိတ်ကျေနပ်မှုအပြည့် ရခဲ့သဖြင့် သူ ထိုထောင်ချောက်ထဲသို့ ဝင်သွားမည်ကို မကြည့်ရက်ပေ။ ထို့ကြောင့် သူသည် ချောင်းဟန့်ကာဆိုလိုက်၏။

" ဟေးရန်။ မင်း သောက်တာ များနေပြီ "

" များနေပြီ ဟုတ်လား။ ဒီလောက် နည်းနည်းလေးနဲ့ ငါ မမူးပါဘူးကွ " ရှဲ့ဟေးရန် ထိုသို့ဆိုကာ ရုတ်တရက် ခေါင်းမော့လာ၏။ သူ၏ နှလုံးသားထဲ၌ ကိန်းအောင်းနေခဲ့သည့် မကျေနပ်ချက်များအားလုံးမှာ ပွင့်အန်ထွက်လာတော့မည် ဖြစ်သည်။

" ဒီလိုမှပေါ့ " ထိုအခါ နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ စားပွဲခုံအား လက်ဝါးဖြင့်ရိုက်ကာ ဆိုလိုက်၏။ ထို့နောက် သူသည် နှစ်ထောင်းအားရဖြစ်နေသည့် အမူအရာဖြင့် ရှဲ့ဟေးရန်အား စိုက်ကြည့်ကာ ပြောလိုက်သည်။

" ဟေးရန်။ ငါ မင်းရဲ့ ပြောပုံဆိုပုံတွေကို သဘောကျတယ်။ ငါတို့ရဲ့ မီးတောက်ကြယ်စင်စုရဲ့ ဓလေ့ထုံးတမ်းက ရိုးရိုးသားသားပြောဖို့ပဲ။ ငါ ပြောပြမယ်။ ငါလည်း ငါတို့ရဲ့ ဆရာကို မကျေနပ်တာ တော်တော်ကြာနေပြီကွ။ ဒီနေရာမှာ ဘယ်သူစိမ်းမှ မရှိပါဘူး။ မင်း ရင်ထဲမှာရှိတဲ့အတိုင်း ထုတ်ပြောလို့ ရတယ် "

" ဆရာဘိုးဘိုးက ကျွန်တော့်ကို လှည့်စားခဲ့တာဗျ။ သူက တော်တော်လေးကို ကောက်ကျစ်စဥ်းလဲတာ " ရှဲ့ဟေးရန်မှာ အချိန်အကြာကြီး အောင့်အည်းသည်းခံထားခဲ့ပါသော်လည်း သူ၏ ခံစားချက်များကို မျိုသိပ်ထားနိုင်စွမ်းမရှိတော့သဖြင့် နောက်ဆုံးတွင် ထုတ်ပြောမိလိုက်တော့သည်။ သူသည် ထိုသို့ပြောလိုက်ပြီးနောက် စိတ်လက်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူသည် အရက်အိုးအား လှမ်းယူ၍ အားပါးတရ မော့သောက်လိုက်၏။

ဝမ်ပေါင်လဲ့မှာမူ ထိုမြင်ကွင်းအား ကြည့်ရင်း မနေနိုင်တော့သဖြင့် မျက်လုံးများမှိတ်ကာ သူတို့နှစ်ယောက်အား လျစ်လျူရှုထားလိုက်တော့သည်။ ထိုသို့ဖြင့် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး၏ လမ်းညွှန်ပေးမှု အောက်တွင် ရှဲ့ဟေးရန်၏ နှလုံးသားထဲမှ မကျေနပ်ချက်များမှာ ဒလဟော ပွင့်အန်ထွက်လာ၏။ သို့သော် သူသည် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး၏ မျက်ဝန်းများ အရောင်လက်နေသည်ကို သတိမထားမိခဲ့ပေ...

နောက်နေ့သို့ရောက်သောအခါ ဝမ်ပေါင်လဲ့ ခန့်မှန်းထားသည့်အတိုင်း ရှဲ့ဟေးရန်မှာ အရက်နာကျကာ အိပ်ရာမှ နိုးလာခဲ့ပြီးနောက် မီးတောက်ခေါင်းဆောင်ကြီးဆီမှ အမိန့်စာတစ်စောင်အား လက်ခံရရှိလိုက်၏။

ကြယ်အချုပ်အနှောင်ပညာရပ်အား လေ့ကျင့်ထားသည့် ဝမ်ပေါင်လဲ့အတွက် နတ်နွားကြီးအား ရေချိုးပေးရခြင်းမှာ အခွင့်အရေးတစ်ခု ဖြစ်ပါသော်လည်း ထိုကဲ့သို့ လေ့ကျင့်ထားခြင်း မရှိသည့် လူတစ်ယောက်အတွက်မူ ပြစ်ဒဏ်တစ်ခုကဲ့သို့ပင်...

ထို နွားထီးအိုကြီးမှာ ၎င်း၏ စိတ်အခြေအနေပေါ်မူတည်၍ ၎င်း၏ ခန္ဓာကိုယ်အား ပြောင်းလဲပစ်နိုင်စွမ်းရှိသည် မဟုတ်ပါလော။ ယခုတွင် နွားထီးအိုကြီးမှာ စိတ်ကြည်လင်နေခြင်းမရှိပေ။ ထို့ကြောင့် ရှဲ့ဟေးရန်မှာ ထို နွားထီးအိုကြီးအား ရေချိုးပေးရန် ၎င်းဆီသို့ ရောက်ရှိလာသောအခါ ဝမ်ပေါင်လဲ့ မြင်ခဲ့ရသည့် နွားထီးအိုကြီးထက် ဆယ်ဆကျော်ပို၍ ကြီးမားနေသည့် နွားထီးအိုကြီးတစ်ကောင်အား မြင်လိုက်ရတော့သည်။

ရှဲ့ဟေးရန်၏ တမူထူးခြားသော ကျင့်ကြံခြင်းအဆင့်နှင့်ပင် ၎င်းအား နေ့မနားညမနား ရေချိုးပေးလျှင်တောင် အနည်းဆုံး နှစ်ဝက်တိတိ အချိန်ပေးရမည်ဖြစ်သည်။

ထို့ကြောင့် ရှဲ့ဟေးရန်မှာ ကျေးကျွန်တစ်ယောက်ကဲ့သို့ အလုပ်ကြမ်းများ လုပ်နေရတော့သည်... ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို မြင်လိုက်ရချိန်တွင် စိတ်ထဲ၌ သက်ပြင်းချမိလိုက်၏။

" ရှဲ့ဟေးရန်။ ရှဲ့ဟေးရန်။ ငါ မင်းကို အရိပ်အမြွက် ပြခဲ့ရဲ့သားနဲ့ကွာ။ မင်း ငါ့ကို အပြစ်တင်လို့မရဘူးနော်.... " ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ ကြယ်အချုပ်အနှောင်ပညာရပ်၏ ဒုတိယအဆင့်ကိုသာ ဆက်လက်လေ့ကျင့်နေလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ရှဲ့ဟေးရန် သူ၏ တပည့်များအား ဝယ်ခိုင််းထားသည့် သာမန်ဂြိုဟ်များမှာလည်း ဝမ်ပေါင်လဲ့ဆီသို့ တစ်လုံးပြီးတစ်လုံး ရောက်ရှိလာကြ၏။ ၎င်းတို့အား သူ၏ ကြယ်မြေပုံထဲသို့ ထည့်သွင်းလိုက်သောအခါ ထို ကြယ်မြေပုံကြီးမှာ ပို၍ အစွမ်းထက်လာသည်။

ထိုသို့ဖြင့် သုံးလတိတိ ကုန်ဆုံးသွား၏။ ရှဲ့ဟေးရန်၏ အကူအညီဖြင့် ဝမ်ပေါင်လဲ့မှာ သူ၏ ကြယ်မြေပုံထဲ၌ သာမန်ဂြိုဟ် အလုံးတစ်သောင်းတိတိ ဖြည့်ပြီးသွားပြီ ဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူသည် သူ၏ ကြယ်အချုပ်အနှောင်ပညာရပ်အား ဒုတိယအဆင့်အထိ အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့သေးသည်။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ မီးတောက်ကြယ်စင်စုထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် မီးတောက်ခေါင်းဆောင်ကြီး၏ ရှေးဟောင်းမှတ်တမ်းများကို လေ့လာဖတ်ရှုခဲ့သဖြင့် သူ၏ ရှေးဟောင်းဂြိုဟ်ကိုးလုံး၏ စည်းမျဉ်းဥပဒေသများမှာလည်း တိုးတက်လာခဲ့သည်။

၎င်းတို့ထဲမှ အများဆုံးတိုးတက်လာခဲ့သည့် စည်မျဉ်းဥပဒေသမှာ မီးစည်းမျဉ်းဥပဒေသ ဖြစ်၏။ မီးတောက်ခေါင်းဆောင်ကြီးမှာလည်း ထိုကဲ့သို့ တိုးတက်လာသည်ကို မြင်ချင်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်အား စမ်းသပ်ကြည့်လိုက်ပြီးနောက် သူ့အား မီးတောက်မျိုးနွယ်တစ်ခုတည်းသာ ပိုင်ဆိုင်ထားသည့် လျှို့ဝှက်ဆန်းကြယ် စွမ်းရည်တစ်မျိုးအား သင်ကြားပေးလိုက်တော့သည်။

၎င်းအား မီးတောက်ဝိညာဉ်ကျိန်စာဟု ခေါ်၏။

မီးတောက်ခေါင်းဆောင်ကြီး၏ ကျင့်ကြံခြင်းစွမ်းအားများမှာ မီးစည်းမျဥ်းပဒေသအပေါ် အခြေခံထားသည်ဖြစ်ပြီး ၎င်းမှာ အမြင့်ဆုံးအဆင့်အထိ ရောက်နေပြီဖြစ်သည်။ ထို စည်းမျဉ်းဥပဒေသတွင် ပညာရပ်အမျိုးမျိူး ရှိပြီး ၎င်းတို့ထဲတွင် ကျိန်စာပညာရပ်မှာ အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးထဲ၌ နာမည်ကျော်ကြား၏။

ဥပမာပြရလျှင် ဝမ်ပေါင်လဲ့ တာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းက ရရှိခဲ့သည့် ဂြိုဟ်အဆင့်အောက် ကျင့်ကြံသူများ၏ ကျင့်ကြံချင်အဆင့်အား တစ်ဆင့်တိတိ လျှော့ချပေးနိုင်စွမ်းရှိသော ကျိန်စာမျက်နှာဖုံးမှာ ထို ကျိန်စာပညာရပ်၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပေသည်။

မီးတောက်ခေါင်းဆောင်ကြီးမှာ သူ၏ ရှေ့တွင် ရှိနေသည့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေရင်း လေသံတိုးတိုးဖြင့်ဆိုလိုက်၏။

" အဲဒီ ကျိန်စာပညာရပ်အစစ်ကို... စိတ်ဆန္ဒအလိုတော်အတိုင်းလို့ ခေါ်တယ် "

ထိုအခါ ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များတက်ကြွသွား၏။ သူသည် အစကတည်းက မီးတောက်ခေါင်းဆောင်ကြီး၏ ကျိန်စာပညာရပ်အား စိတ်ဝင်စားနေခဲ့ခြင်းဖြစ်သည်။ သို့သော် သူ ဤနေရာသို့ ရောက်ရှိလာခဲ့ပြီးနောက် သူ၏ ဆရာမှာ ထိုအကြောင်း လုံးဝထုတ်ပြောခဲ့ခြင်း မရှိပေ။ ဝမ်ပေါင်လဲ့မှာ မေးမြန်းခဲ့သည့်တိုင်အောင် မီးတောက်ခေါင်းဆောင်ကြီးမှာ လုံးဝပြန်မဖြေခဲ့ပေ။

ယခုတွင် သူ၏ဆရာမှာ ထိုအကြောင်း ပြောနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများအရောင်တောက်ပသွားရ၏။

" ဆရာကတော့ အဲဒီပညာရပ်ကို အဆင့်သုံးဆင့်ခွဲထားတယ်။ ပထမအဆင့်ကို မရောင့်ရဲနိုင်သော စိတ်ဆန္ဒလို့ ခေါ်တယ် " မီးတောက်ခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲမှ အလင်းရောင်များကို သတိထားမိလိုက်၏။ သူ၏ အမူအရာမှာ နူးညံ့သိမ်မွေ့နေပါသော်လည်း ခဏအကြာတွင် သူ၏ အကြည့်မှာ ခက်ထန်တင်းမာသွားသည်။

" ဒုတိယအဆင့်ကို မပြေလည်နိုင်သော အာဃာတလို့ ခေါ်တယ် "

" တတိယအဆင့်အနေနဲ့... စိတ်ဆန္ဒတွေက မရောင့်ရဲနိုင်သလို အာဃာတတွေကလည်း မပြေလည်နိုင်မှတော့ ကိုယ့်ရဲ့ စိတ်ဆန္ဒအလိုတော်အတိုင်း လုပ်ရုံပဲပေါ့။ သဘာဝစည်းမျဉ်းဥပဒေသတွေပဲဖြစ်ဖြစ်၊ ရေတွက်လို့ မရနိုင်လောက်အောင် များပြားတဲ့ စိတ်ဆန္ဒတွေပဲဖြစ်ဖြစ်၊ ဒီကမ္ဘာကြီးထဲမှာ ရှိသမျှအရာတွေအကုန်လုံး ကိုယ့်ရဲ့စိတ်ဆန္ဒအတိုင်းပဲ ပြုမူရမှာ "

" ပေါင်လဲ့။ ဒါ ဆရာ့ရဲ့ တာအိုပဲ။ မီးစည်းမျဉ်းဥပဒေသကို အခြေခံအုတ်မြစ်တစ်ခုလို အသုံးပြုထားတာဆိုတော့ နောက်ဆုံးမှာ အဲဒီတာအိုက... ကျိန်စာတာအိုအဖြစ် ပြောင်းလဲသွားမှာပဲ " မီးတောက်ခေါင်းဆောင်ကြီးမှာ တည်ကြည်မှုအပြည့် ရှိနေသည့် လေသံဖြင့် ထိုသို့ဆိုလိုက်သည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး တုန်ရီသွားရဆဲပင်။

" မပြေလည်နိုင်သော အာဃာတ... " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီး မမလေး ပြောပြခဲ့သည့် မီးတောက်ခေါင်းဆောင်ကြီး၏ အတိတ်အကြောင်းနှင့် မီးတောက်ပင်မဂြိုဟ်ပေါ်ရှိ တစ်ကိုယ်တော်ပြဇာတ်အကြောင်း ပြန်တွေးမိလိုက်၏။

" ဒီ အဆင့်သုံးဆင့်မှာ ဆရာက စိတ်ဆန္ဒအလိုတော်အတိုင်းဆိုတဲ့ နောက်ဆုံးအဆင့်ကို မရောက်သေးဘဲ မပြေလည်နိုင်သော အာဃာတအဆင့်မှာ ရပ်နေခဲ့တာ အကြာကြီးရှိနေပြီ။ ဒါပေမဲ့ အမှောင်ဂိုဏ်းက မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းတောင်မှ ငါ့ကို မလိုအပ်ဘဲနဲ့ အပြစ်လုပ်ရဲမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့... "

" ဆရာ့ဆီမှာ ကျိန်စာကြီးသုံးခု ရှိနေလို့ပဲ။ ဆရာ အဲဒီကျိန်စာတွေကိုသုံးလိုက်တာနဲ့ နတ်ဧကရာဇ်တွေကိုတောင် သတ်ဖြတ်နိုင်စွမ်းရှိသွားမှာ။ အဲတာကြောင့်မလို့လည်း အဆုံးမဲ့မျိုးနွယ်စုက ဆရာ သူတို့ရဲ့ အဖွဲ့ဝင်တွေကို သတ်ဖြတ်နေမှန်းသိတာတောင် ဘာမှမပြောဘဲ လျစ်လျူရှုပေးထားကြတာလေ။ ဒါပေမဲ့ ဆရာ အဲဒီကျိန်စာကြီးသုံးခုကို အသုံးပြုလိုက်တာနဲ့ ပေးဆပ်ရတဲ့ အဖိုးအခအနေနဲ့... သံသရာစက်ဝန်းထဲကနေ လုံးဝပျောက်ကွယ်သွားရမှာ။ အဲတာဆိုရင် ဆရာ ဒီကမ္ဘာကြီးထဲမှာ ဆက်ပြီးတော့ ရှိနေနိုင်တော့မှာမဟုတ်ဘူး "

" အဲဒါကြောင့်မလို့လည်း ဘယ် နတ်ဧကရာဇ်ကမှ အသက်စွန့်ပြီးတော့ ဆရာ့ကို မတိုက်ခိုက်ရဲကြတာပဲ " မီးတောက်ခေါင်းဆောင်ကြီး ထိုသို့ ဆိုလိုက်သည်နှင့် သူ၏ အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာသဖြင့် မီးတောက်ကြယ်စင်စုကြီးတစ်ခုလုံးမှာ အပြင်းအထန်တုန်ရီသွားရ၏။ ဝမ်ပေါင်လဲ့မှာလည်း အသက်ရှူသံများ မြန်ဆန်လာရပြီး မီးတောက်ခေါင်းဆောင်ကြီးအား အပြည့်အဝ နားလည်သွားတော့သည်။

" ပေါင်လဲ့။ ဆရာ ဒီနေ့ မင်းကိုသင်ပေးမယ့် အရာက ပထမအဆင့်ရဲ့ အခြေခံဖြစ်တဲ့ မီးတောက်ဝိညာဉ်ကျိန်စာပဲ " မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းကာ ဝမ်ပေါင်လဲ့၏ နဖူးအား တို့ထိလိုက်၏။

ထိုအခါ ထိုကျိန်စာ၏ အမွေအနှစ်ထဲမှ အစိတ်အပိုင်း အများစုမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာသဖြင့် သူသည် တစ်ခေါင်းလုံး ပေါက်ကွဲသွားတော့မည်အလား ခံစားလိုက်ရသည်။

အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာပြီး စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားသည်။ သူ ခေါင်းမော့ကြည့်လိုက်ချိန်တွင် မီးတောက်ခေါင်းဆောင်ကြီးအား မမြင်ရတော့ပေ။ ဟင်းလင်းပြင်ကြီးထဲမှ ထွက်ပေါ်လာသည့် သူ၏ ဆရာ၏ စကားသံများသာလျှင် သူ၏ နားထဲ၌ ပဲ့တင်ထပ်နေ၏။

" ပေါင်လဲ့။ မင်းဆီမှာ အချိန် ခြောက်လပဲ ရှိတယ်။ နောက်ထပ်ခြောက်လနေရင် မီးတောက်ကြယ်စင်စုရဲ့သခင်လေးအဖြစ်နဲ့ ကောင်းကင်ဘုံဓမ္မသခင်ကြီးရဲ့ မွေးနေ့ပွဲဆီကို သွားရမယ်... အဲဒီ မွေးနေ့ပွဲမှာ ဆရာ မင်းအတွက် အထူးအခွင့်အရေးကြီးတစ်ခု ဖန်တီးပေးမယ် "

ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ သူ၏ ရှေ့တွင် ရှိနေသည့် ဟင်းလင်းပြင်ကြီးအား ဦးညွှတ်အရိုအသေပေးလိုက်၏။

" ကျေးဇူးအများကြီးတင်ပါတယ် ဆရာ "

သို့သော် မည်သည့် စကားသံမှ ပြန်လည်ထွက်ပေါ်လာခြင်းမရှိပေ။ ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် စောင့်ဆိုင်းပြီးသွားသောအခါမှ သူ၏ ဆရာ၏ မျှော်စင်ထဲမှ ပြန်လည်ထွက်ခွာလာ၏။ သူသည် ကျိန်စာအား နားလည်သွားပြီဖြစ်ရာ အံသြတုန်လှုပ်နေသည်။ သူ ထွက်ခွာလာချိန်တွင် ကောင်းကင်ယံထဲ၌ ရှဲ့ဟေးရန် ရေချိုးပေးနေသည့် နတ်နွားကြီးမှာ မျက်လုံးများပွင့်လာ၏။ ၎င်း၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ကိန်းအောင်းနေသည်။

" ဆရာက သူရဲဘောကြောင်တဲ့ လူတစ်ယောက်ပါ... အသေခံ တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်မချနိုင်ဘူး... အာဃာတတွေကိုလည်း ပြေလည်အောင် မလုပ်နိုင်ဘူး... ဘာလို့လဲဆိုတော့ နတ်ဧကရာဇ်တစ်ပါးကို သတ်နိုင်ပေမဲ့ အဆုံးမဲ့မျိုးနွယ်စု တစ်ခုလုံးကို မချေမှုန်းနိုင်လို့ပဲ... "

ထို နွားထီးအိုကြီးမှာ တစ်ကိုယ်တည်း ရေရွတ်လိုက်ခြင်းဖြစ်၏။ ရှဲ့ဟေးရန်မှာ ၎င်း၏ အနီးတွင် ရှိနေသည့်တိုင်အောင် ထို ရေရွတ်သံများကို မကြားလိုက်ရပေ။ သူသည် ထို နွားထီးအိုကြီး သူ ရေချိုးပေးနေစဉ် စကားတစ်ခွန်းခွန်း ပြောလိုက်သည်ဟုသာ ခံစားလိုက်ရ၏။

" နွားထီးဘိုးဘိုးကြီး။ ဘာပြောလိုက်တာလဲဗျ "

" ဘာလို့ ငါ့ တင်ပါးကို သန့်ရှင်းရေး မလုပ်ပေးတာလဲလို့ ပြောလိုက်တာကွ ကောင်စုတ်လေးရ။ ဒီလောက် ညစ်ပတ်နေတာ မမြင်ဘူးလား “

All Chapters