← Chapters

မီးတောက်ဝိညာဉ်ကျိန်စာ

Vol. 74 Ch. 1024

မီးတောက်ဝိညာဉ်ကျိန်စာ

Vol. 74 Ch. 1024

ရှဲ့ဟေးရန်တစ်ယောက် သူ၏ ဘဝအား ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်သန်းနေရစဉ် ဝမ်ပေါင်လဲ့၏ ကြယ်အချုပ်အနှောင်ပညာရပ်မှာ တိုးတက်လာခဲ့၏။ သူ၏ နတ်နွားကြယ်မြေပုံကြီးထဲရှိ ဥက္ကာပျံအားလုံးကို သာမန်ဂြိုဟ်များဖြင့် အစားထိုးပြီးသွားပြီ ဖြစ်သည်။

ထို့ကြောင့် ၎င်း၏ အစွမ်းမှာ ပို၍ပင် အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလာ၏။ တစ်ချိန်တည်းမှာပင် ဝမ်ပေါင်လဲ့မှာ ကြယ်အချုပ်အနှောင်ပညာရပ်၏ တတိယအဆင့်ကိုလည်း စတင် လေ့ကျင့်နေပြီဖြစ်သည်။ သို့သော် သူသည် အလယ်အလတ် ဂြိုဟ်အဆင့်တွင်သာ ရှိနေသေးသောကြောင့် ထို တတိယအဆင့်အား လေ့ကျင့်ရသည်မှာ ပထမနှစ်ဆင့်အား လေ့ကျင့်ရခြင်းလောက် မမြန်ပေ။ ထို့ကြောင့် သူသည် မီးတောက်ဝိညာဉ်ကျိန်စာအပေါ် ပို၍ အာရုံစိုက်လိုက်၏။

" မီးတောက်ဝိညာဉ်၊ မီးတောက်သုည... " ဝမ်ပေါင်လဲ့မှာ သူ၏ မျှော်စင်ထဲ၌ မီးတောက်ဝိညာဉ်ကျိန်စာ၏ ဂါထာတော်အား ရွတ်ဖတ်နေရင်း သူ၏နဖူးအား လက်ဝါးဖြင့် ရိုက်မိလိုက်၏။ ထို့နောက် သူသည် စိတ်ထဲတွင် တွေးမိလိုက်သည် " ဆရာရယ်။ ဆရာ့ရဲ့ နာမည်ကပဲ ထူးဆန်းနေတာလား ဆရာ့ရဲ့ ကိုယ်ပွားကိုပဲ ဒီလို နာမည် ပေးထားတာလား။ ဒါမှ မဟုတ် ဒီ ကျိန်စာက နွားထီးအိုကြီးနဲ့ ဆက်နွှယ်နေတာများ ဖြစ်နေမလား "

နွားထီးအိုကြီး၏ အမည်မှာ မီးတောက်သုည ဖြစ်နေ၏။

ဝမ်ပေါင်လဲ့မှာ ထိုနာမည်အကြောင်း မေ့ထားလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ မီးတောက်ဝိညာဉ်ကျိန်စာအား စတင်လေ့လာလိုက်၏။ ထို ကျိန်စာပညာရပ်မှာ မီးတောက်များ၏ စွမ်းအားများကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုကာ အသေးစား ကမ္ဗည်းစာလုံး အမြောက်အမြားကို ဖန်တီးပေးခြင်း ဖြစ်သည်။ ၎င်းမှာ မိမိ၏ အသက်စွမ်းအားများဖြင့် ကျိန်စာတစ်ခုအား ဖန်တီးပေးခြင်း ဖြစ်၏။

သို့ဖြစ်ရာ ထို ပညာရပ်မှာ ဝမ်ပေါင်လဲ့ နားလည်ထားသည့် ကျိန်စာပညာရပ်များနှင့်မတူဘဲ ကွဲပြားနေသည်။ ကျိန်စာပညာရပ်အများစုမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး သို့မဟုတ် လျှို့ဝှက်ဆန်းကြယ် စွမ်းရည်များဆီမှ စွမ်းအားများကို အသုံးပြုကာ ကံကြမ္မာအား ပြောင်းလဲ၍ ရန်သူများအား ကျိန်စာတိုက်ခြင်းဖြစ်သည်။

ထို ကျိန်စာပညာရပ် အမျိုးအစားမှာ အစွမ်းထက်ပါသော်လည်း နောက်ဆုံးတွင် ပြင်ပစွမ်းအားများအပေါ်တွင်သာ မူတည်နေသည်။ မိမိ၏ ခန္ဓာကိုယ်အား ကြားခံပစ္စည်းတစ်ခုအဖြစ် အသုံးပြုကာ ထိုစွမ်းအားများကို ဆွဲငင်ရခြင်းဖြစ်သည်။

ထို စွမ်းအားများအား ချုပ်နှောင်နိုင်ရန်မှာ မခက်ခဲသလို ဖျောက်ဖျက်ပစ်နိုင်သည့် နည်းလမ်းများလည်း ရှိပေသည်။ အကယ်၍ မိမိဘက်မှ အဆင်သင့်ပြင်ထားမည်ဆိုပါက ထို ကျိန်စာအား အသုံးပြုခဲ့သည့် လူကိုပင် တန်ပြန်စွမ်းအားများ ပြန်လည်ခံစားရအောင် လုပ်နိုင်ပေသည်။

သို့ဖြစ်ရာ ထို ကျိန်စာပညာရပ်အမျိုးအစားမှာ အသင့်အတင့် အစွမ်းထက်သည့်တိုင်အောင် အားနည်းချက်အမြောက်အမြား ရှိပေသည်။ ထို့အပြင် ထို ပညာရပ်များမှာ ကန့်သတ်ချက်အမြောက်အမြား ရှိကြ၏။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအားများမှာ အဆုံးအစ မရှိသည့်ပုံ ပေါ်ပါသော်လည်း အမှန်တကယ်တွင်မူ အကန့်အသတ်တစ်ခုအထိသာ ရှိသည်မဟုတ်ပါလော။ ထို့အပြင် ကြားခံပစ္စည်းတစ်ခုအဖြစ် အသုံးပြုရမည့် မိမိ၏ ခန္ဓာကိုယ်မှာလည်း ကန့်သတ်ချက်များရှိပေသည်။ ထိုအချက်များကြောင့် ကျိန်စာပညာရပ်မှာ ကျယ်ပြန့်မှုသိပ်မရှိသော ပညာရပ်တစ်ခုသာ ဖြစ်၏။

ထို့အပြင် အဆုံးမဲ့တာအိုနယ်မြေထဲရှိ ကျိန်စာပညာရပ်အများစုမှာ အားသာချက် အားနည်းချက်ကိုယ်စီ ပိုင်ဆိုင်ထားကြသည်သာဖြစ်သည်။ ထို့ကြောင့်လည် ကျိန်စာပညာရပ်များအား တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တတ်မြောက်ကြသည့် လူအမြောက်အမြား ရှိသည့်တိုင်အောင် သူတို့ထဲမှ အများစုမှာ နာမည်မကြီးကြပေ။

ကြယ်နယ်မြေအဆင့် သို့မဟုတ် စကြဝဠာအဆင့် အစွမ်းထက်ကျင့်ကြံသူ တစ်ယောက်ယောက်အား ဒဏ်ရာရအောင် လုပ်နိုင်စွမ်းမရှိပါက ထို ကျိန်စာမှာ အသုံးဝင်မည်မဟုတ်ပေ။

သို့သော် မီးတောက်ခေါင်းဆောင်ကြီး၏ ကျိန်စာမှာမူ မိမိ၏ ကိုယ်ပိုင် အသက်စွမ်းအား၊ စိတ်ဆန္ဒနှင့် အာဃာတများအား ကျိန်စာ၏ စွမ်းအင်ရင်းမြစ်အဖြစ် အသုံးပြုခြင်းဖြစ်၏။ သို့ဖြစ်ရာ မိမိ၏ ဘက်မှ လူအယောက် ရှစ်ရာအား စတေးကာ ရန်သူအယောက်တစ်ထောင်အား သတ်ဖြတ်ခြင်းနှင့် အတိုင်းအတာတစ်ခုအထိ ဆင်တူပေသည်။ ထို့ကြောင့်လည်း မီးတောက်ခေါင်းဆောင်ကြီးမှာ ထို ကျိန်စာကြီးသုံးခုအား အသုံးပြုလိုပါက သူ၏ အသက်အား ပြန်လည်ပေးဆပ်ရခြင်း ဖြစ်သည်။

သို့သော် ပြန်လည်ရရှိသည့် အကျိုးကျေးဇူးများမှာလည်း အံ့သြတုန်လှုပ်ဖွယ်ရာ ကောင်းပေသည်။ ပထမဦးဆုံးအနေနှင့် မိမိ၏ စိတ်ဆန္ဒနှင့် အာဃာတများမှာ အဆုံးမရှိလောက်အောင် များပြားနေမည်ဖြစ်ရာ ထို ကျိန်စာမှာလည်း တိုင်းတာ၍ မရလောက်အောင် အစွမ်းထက်နေမည် ဖြစ်သည်။

ထို့အပြင် ၎င်းအား ခုခံကာကွယ်နိုင်ရန်နှင့် ချုပ်နှောင်နိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းသည်။ ထိုမျှသာမက... ထို ကျိန်စာ၏ စွမ်းအားများမှာ ကမ္ဘာကြီး၏ စွမ်းအားများမှ မဟုတ်ဘဲ ၎င်းအား အသုံးပြုသူ၏ မပြေလည်နိုင်သော အာဃာတများနှင့် မရောင့်ရဲနိုင်သော စိတ်ဆန္ဒများမှ ထွက်ပေါ်လာသည်ဖြစ်ရာ အသုံးပြုသူမှ လွဲ၍ အခြားမည်သူကမှ ၎င်းအား ဖျောက်ဖျက်နိုင်စွမ်းရှိမည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ မီးတောက်ဝိညာဉ်ကျိန်စာအား သေသေချာချာ လေ့လာကြည့်လိုက်ပြီးနောက် မျက်ဝန်းများ အရောင်တောက်ပသွားပြီး အတွေးများထဲ၌ နစ်မျောသွားတော့သည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူသည် အသက်ပြင်းပြင်းရှူကာ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။

" ဒီ နည်းလမ်းက ဘဝကြီးတစ်ခုလုံး အဆင်ပြေချောမွေ့နေတဲ့ လူတွေအတွက် မသင့်တော်ဘူး... အခက်အခဲ ဘေးဒုက္ခတွေကြားမှာ ရှင်သန်ကြီးပြင်းလာခဲ့ရတဲ့ လူတွေအတွက်ပဲ သင့်တော်တယ်။ ကိုယ် ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့ အခြေအနေတွေ ပိုပြီးတော့ ဘေးအန္တရာယ်များလေလေ၊ ပိုပြီးတော့ အဖြစ်ဆိုးလေလေ၊ ကိုယ့်ရဲ့ စိတ်ဆန္ဒတွေက ပိုပြီးတော့ မရောင့်ရဲနိုင်လေလေ၊ ကိုယ့်ရဲ့ အာဃာတတွေကို ပြေလည်အောင်လုပ်ရတာ ပိုပြီးတော့ ခက်ခဲလေလေ ဖြစ်နေမှာပဲ... ဆရာက သူ့ရဲ့ ဘဝတစ်လျှောက်လုံးမှာ အခက်အခဲ အတားအဆီးတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရပြီးတော့ ခိုကိုးရာမရှိဘဲ တစ်ယောက်တည်း ငိုကြွေးမြည်တမ်းခဲ့ရတဲ့ အကြိမ်အရေအတွက် မနည်းလောက်ဘူး။ အဲတာမလို့ သူက နတ်ဧကရာဇ်တွေပါ ကြောက်ရတဲ့ ဒီ ကျိန်စာပညာရပ်ကို တစ်ဆင့်ချင်းစီ ဖန်တီးခဲ့တာပဲ "

" ပြီးတော့ ငါ ဒီ ကျိန်စာပညာရပ်ကို ဆက်ပြီးတော့ လေ့ကျင့်နေမယ်ဆိုရင် ငါ့ရဲ့ အကျင့်စရိုက်ကလည်း အစွန်းရောက်လာပြီးတော့ ငါ့ရဲ့ စိတ်ကလည်း အမှောင်ဖုံးလာမှာ။ အဲတာမလို့... ဆရာက ကြယ်အချုပ်အနှောင် ပညာရပ်ကို အရင်ဆုံး လေ့ကျင့်ပြီးတော့ အားကောင်းတဲ့ အငွေ့အသက်တွေကို ပြုစုပျိုးထောင်ဖို့ ငါ့ကို ပြောခဲ့တာပဲ။ အဲတာမှ ငါက အမှောင်ဖုံးလာတဲ့ စိတ်နဲ့ အစွန်းရောက်လာတဲ့ အကျင့်စရိုက်ကို တွန်းလှန်ဖယ်ရှားနိုင်မှာ "

" ဒါပေမဲ့ နောက်ထပ် အားနည်းချက်တစ်ခု ရှိသေးတယ်။ ဒီ ကျိန်စာပညာရပ်ကို အသုံးပြုနိုင်ဖို့အတွက် အသက်စွမ်းအားတွေ အများကြီးလိုတယ်။ အဲတာမှ ဒီ ကျိန်စာကို အသုံးပြုလို့ ကိုယ့်ဘက်က ပြန်ပြီးတော့ ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချနိုင်မှာ "

ဝမ်ပေါင်လဲ့မှာ သူ၏ ဆရာ ပြောခဲ့သည့်စကားများကို စဉ်းစားတွေးတောနေလိုက်၏။ ခြောက်လအကြာတွင် သူသည် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ မွေးနေ့ပွဲဆီသို့ သွားရတော့မည် ဖြစ်သည်။ ထိုမွေးနေ့ပွဲတွင် သူ၏ ဆရာမှာ သူ့အတွက် အထူးအခွင့်အရေးကြီးတစ်ခု ဖန်တီးပေးမည်ဟု ပြောခဲ့၏။

သူသည် ထို အခွင့်အရေးကြီးအကြောင်း အသေးစိတ် သိရှိထားခြင်းမရှိပါသော်လည်း အကြမ်းဖျင်း ခန့်မှန်းမိထားပြီးသားဖြစ်သည်။

" မိုးကောင်းကင်ကြီးလို အဆုံးမရှိလောက်အောင် ပေါကြွယ်ဝနေတဲ့ အသက်စွမ်းအားတွေများလား... " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်းရေရွတ်မိလိုက်သည်။ ထို့နောက် သူ၏ မျက်ဝန်းများထဲတွင် သံသယစိတ်များ ပေါ်ပေါက်လာ၏။

" ဒါပေမဲ့ ဒီ ကျိန်စာပညာရပ်ကို ကျင့်ကြံဖို့အတွက် တစ်ဘဝလုံး မတရားခံခဲ့ရပြီး နှလုံးသားထဲမှာ အာဃာတတွေနဲ့ ပြည့်နှက်နေဖို့လိုတယ်လေ။ အဲတာမှ အဲဒီ ပညာရပ်ကို ချောချောမွေ့မွေ့ လေ့ကျင့်နိုင်မှာ။ အဲတာကို ဘာလို့ ဆရာက ငါ့ကို ဒီပညာရပ် သင်ပေးခဲ့ရတာလဲ " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွား၏။ သူ၏ ဘဝကြီးမှာ ချောမွေ့မှု မရှိခဲ့ပါသော်လည်း အဖြစ်ဆိုးများနှင့်သာ ပြည့်နှက်နေခဲ့သည့် အဆင့်သို့ မရောက်သေးပေ။ သို့ဖြစ်ရာ သေသေချာချာ စဉ်းစားကြည့်လိုက်ပါက ဤ ကျိန်စာပညာရပ်အား လေ့ကျင့်ရန်မှာ သူ့အတွက် သင့်တော်မှုမရှိပေ။

" ဆရာက တစ်ခုခုကိုကြိုမြင်ခဲ့ပေမဲ့.... ငါ့ကို ပြောပြလို့မရတာများလား။ ငါ အတွေးလွန်နေတာပဲ ဖြစ်မှာပါ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ခေါင်းယမ်းလိုက်၏။ သူသည် သူ၏ ဆရာမှာ ရိုးသားကြောင်း အာရုံခံမိနေသည်။ သို့ဖြစ်ရာ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ အသက်ရှင်နေစဉ် ကာလပတ်လုံး အလှည့်အပြောင်းများနှင့် အမြဲတမ်း ကြုံတွေ့ရမည်သာ ဖြစ်သည်။ သူ၏ ဆရာမှာ ဝမ်ပေါင်လဲ့ ထို အလှည့်အပြောင်းများနှင့် ကြုံတွေ့ရပြီးချိန်တွင် အခက်အခဲများကြားမှ ပြန်လည် ရုံးထွက်လာနိုင်စွမ်းရှိစေရန် မျှော်လင့်ထားခြင်း ဖြစ်သည်။

ထိုသို့သာဆိုပါက သူသည် အဆင်ပြေချောမွေ့နေသည့် အချိန်ကာလများတွင်သာမက အခက်အခဲများနှင့် ကြုံရသည့် အချိန်ကာလများတွင်ပါ ဘဝကြီးဆိုသည့် လမ်းခရီးစဉ်ပေါ်၌ ရှေ့ဆက်လျှောက်နိုင်မည် ဖြစ်သည်။

" တခြားတစ်နည်းနဲ့ ပြောရရင် အာမခံတစ်ခုလိုမျိုးပေါ့ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် သူ၏ ယူဆချက်မှာ မှန်ကန်ကြောင်း ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူကာ သူ၏ စိတ်အား တည်ငြိမ်အောင်ထားလိုက်ပြီးနောက် မီးတောက်ဝိညာဉ်ကျိန်စာအား စတင် လေ့ကျင့်နေလိုက်တော့သည်။

သူ၏ ပင်ကိုစရိုက်နှင့် သူ၏ နှလုံးသားထဲ၌ အာဃာတများ သိပ်မရှိနေသည့် အချက်ကြောင့် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအမြန်နှုန်းမှာ နှေးကွေးနေ၏။ သို့သော် သူသည် လုံ့လဝီရိယ ရှိသူတစ်ယောက် ဖြစ်ပေသည်။ ထို့အပြင် သူသည် ထို ကျိန်စာမှာ အာမခံတစ်ခုနှင့် ဆင်တူကြောင်း သိလိုက်ရသည်နှင့် ပို၍ပင် လုံ့လဝီရိယ ရှိလာ၏။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းမှာ နှေးကွေးနေသည့်တိုင်အောင် သူသည် ထိုပညာရပ်ထဲ၌ အာရုံအပြည့်စူးစိုက်ထားဆဲပင်။ သူသည် ထိုကျိန်စာကြီးနှင့် လက်ပွန်းတတီး ဖြစ်လာအောင် ထပ်ခါတလဲလဲကြိုးစားခဲ့ပြီး မီးတောက်များကြောင့် ပေါ်ပေါက်လာသည့် အသေးစား ကမ္ဗည်းစာလုံးများထဲသို့ သူ၏ အသက်စွမ်းအားများကို ထည့်သွင်းနေခဲ့၏။

ထိုသို့ဖြင့် နောက်ထပ် သုံးလတိတိ ထပ်၍ ကုန်ဆုံးသွားပြန်သည်။ ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ မွေးနေ့ပွဲသို့ ရောက်ရန် သုံးလသာ လိုတော့သည့် အချိန်တွင် ရှဲ့ဟေးရန်မှာ နတ်နွားကြီးအား တစ်ကိုယ်လုံး ရေချိုးပေးပြီးသွားပြီဖြစ်သည်။

ဝမ်ပေါင်လဲ့ ခန့်မှန်းထားခဲ့သည့် အချိန်ပမာဏထက် အစောကြီး ကြိုပြီးသွားရခြင်းမှာ ရှဲ့ဟေးရန်တစ်ယောက် ဉာဏ်အလင်းပွင့်သွားခဲ့သောကြောင့်ပင်။ သူသည် ထို နွာထီးအိုကြီးအား နေ့မနားညမနား မျက်နှာချိုသွေးကာ ပျော်အောင်ထားခဲ့၏။ ထို့ကြောင့် နဂိုတုန်းက ရှဲ့ဟေးရန် ရေချိုးပေးနေစဉ် အဆက်မပြတ် ကြီးထွားလာနေခဲ့သည့် နွားထီးအိုကြီး၏ ခန္ဓာကိုယ်ကြီးမှာ ပြန်၍ သေးငယ်သွားခဲ့ရသည်။

ရှဲ့ဟေးရန်မှာ နွာထီးအိုကြီးအား ရေချိုးပေးပြီးနောက် ခြေကုန်လက်ပန်းကျကာ ပြန်ရောက်လာ၏။ သူ ဝမ်ပေါင်လဲ့အား မြင်လိုက်ရချိန်တွင် သူ၏ မျက်ဝန်းများထဲ၌ မကျေနပ်ချက်များဖြင့် ပြည့်နှက်နေသည်။

" နံပါတ်ဆယ့်ခြောက် ဦးလေးဆရာ။ ကျွန်တော့်ကို ပြောပြပါဦးဗျာ။ နံပါတ်ဆယ့်ငါး ဦးလေးဆရာ ကျွန်တော့်အကြောင်း တိုင်ပြောခဲ့လို့ ဆရာဘိုးဘိုးက ကျွန်တော့်ကို အခုလို အပြစ်ပေးခဲ့ရတာလား "

ထိုအခါ ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်၏။ သူသည် ရှဲ့ဟေးရန်အား ကိုယ်ချင်းစာပါသော်လည်း ခက်ထန်တင်းမာသည့် မျက်နှာအမူအရာဖြင့် ပြန်ပြောလိုက်သည်။

" မင်းရဲ့ နံပါတ်ဆယ့်ငါး ဦးလေးဆရာကို သံသယဝင်လို့မရဘူးလေ။ တကယ်တမ်းက မင်းရဲ့ နှလုံးသားထဲမှာ မကျေနပ်ချက်တွေ ရှိနေလို့ပါ "

" ကျွန်တော်... နံပါတ်ဆယ့်ငါး ဦးလေးဆရာကြောင့်ပဲ ဖြစ်မှာပါ။ သူက ကျွန်တော့်ကို တမင်မူးအောင်တိုက်ပြီးတော့ လှည့်စားခဲ့ပြီး နောက်ကွယ်မှာကျ ဆရာဘိုးဘိုးဆီ သွားတိုင်ခဲ့တာ " ရှဲ့ဟေးရန်မှာ ပူဆွေးသောကရောက်ကာ မခံမရပ်နိုင်လောက်အောင် ဖြစ်နေ၏။ ယခုတွင် သူသည် မီးတောက်ကြယ်စင်စုကြီး တစ်ခုလုံးထဲ၌ လူကောင်းများဟူ၍ ဝမ်ပေါင်လဲ့နှင့် သူ၏ ဆရာသာ ရှိတော့ကြောင်း ခံစားနေရသည်။ သူ ထိုသို့ တွေးတောနေစဉ်မှာပင် ဝမ်ပေါင်လဲ့၏ မျှော်စင်ထဲသို့ လူတစ်ယောက် ရောက်လာ၏။

ထိုသို့ ရောက်ရှိလာသည့်သူမှာ ဝမ်ပေါင်လဲ့၏ နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီး ဖြစ်ပေသည်။ သူသည် မျက်နှာတစ်ခုလုံး ဖူးရောင်ကာ သွေးအလိမ်းလိမ်း ဖြစ်နေသဖြင့် အလွန်အင်မတန်မှ သနားစရာကောင်းနေသည့်ပုံ ပေါက်နေ၏။ သူသည် မျှော်စင်ထဲသို့ ရောက်လာသည်နှင့် ရှဲ့ဟေးရန်အား ဂရုစိုက်နေခြင်းမရှိဘဲ ဝမ်ပေါင်လဲ့ဘက်သို့ လှည့်၍ ရှိုက်ကြီးတငင် ငိုကြွေးကာ ဆိုလိုက်သည်။

" ညီလေးဆယ့်ခြောက်။ အစ်ကို ညီလေးဆီကနေ အကူအညီတောင်းချင်လို့ အခုလို ကြိုမပြောဘဲ ရောက်လာရတာပါကွာ "

ဝမ်ပေါင်လဲ့မှာ နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီး၏ သနားစရာကောင်းသော အဖြစ်အား မြင်လိုက်ရသောအခါ ခေါင်းခဲသွားရပြီး သူ၏ ဆရာမှာ ထပ်၍ ကျီစယ်နေပြီဖြစ်ကြောင်း စိတ်ထဲတွင် ရေရွတ်မိလိုက်၏။ သို့သော် သူ၏ ဘေးတွင်ရှိနေသည့် ရှဲ့ဟေးရန်မှာမူ အမှန်အတိုင်း မသိသောကြောင့် နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီး၏ အဖြစ်အား မြင်လိုက်ရချိန်တွင် ချက်ချင်းဆိုသလိုပင် အံ့သြတုန်လှုပ်သွားရသည်။

" နံပါတ်ခုနစ် ဦးလေးဆရာ။ ဦးလေးဆရာ ဘာဖြစ်တာလဲဗျ "

" ဘာဖြစ်တာလဲဟုတ်လား။ မင်းရဲ့ ဆရာဘိုးဘိုးက ငါ့ကို ရိုက်နှက်ကန်ကျောက်ခဲ့တာဟေ့ " နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီး၏ မျက်ဝန်းများထဲ၌ မကျေနပ်ချက်များဖြင့် ပြည့်နှက်နေ၏ သူသည် ရှဲ့ဟေးရန်၏ မေးခွန်းအား ပြန်ဖြေလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ကြည့်ကာ ဆိုလိုက်သည်။

" ညီလေးဆယ့်ခြောက်။ ငါ သေတမ်းစာတစ်စောင် ရေးထားတယ်။ မင်းရဲ့လက်ထဲ အပ်ခဲ့မယ်နော်။ တကယ်လို့ အနာဂတ်မှာ ဆရာ့ရဲ့လက်ချက်နဲ့ ငါ အသက်ထွက်သွားခဲ့မယ်ဆိုရင် ငါ့ရဲ့ သေတမ်းစာကို ငါ့ရဲ့ ဇာတိမြေဆီ ပို့ပေးဖို့ မမေ့ပါနဲ့ " နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် သက်ပြင်းချကာ ဝမ်ပေါင်လဲ့အား ကျောက်စိမ်းပေလွှာတစ်ခု ပေးလိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်ကာ မျှော်စင်ထဲမှ ထွက်ခွာသွားသည်။

ဝမ်ပေါင်လဲ့မှာမူ ထို ကျောက်စိမ်းပေလွှာအား လက်ထဲတွင်ကိုင်ရင်း ရယ်ရမလို ငိုရမလို ဖြစ်နေ၏။ ရှဲ့ဟေးရန်မှာမူ မျက်စိပေကလတ်ပေကလတ် လုပ်ကာ နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီး၏ နောက်သို့ ပြေးလိုက်သွားသည်။ ဝမ်ပေါင်လဲ့ သူ့အား လှမ်းတားခဲ့သည့်တိုင်အောင် ရှဲ့ဟေးရန်မှာ နားမထောင်ခဲ့ပေ...

" ဟေးရန်၊ ဟေးရန်။ ဒါ မင်းအတွက်ဆင်ထားတဲ့ ထောင်ချောက်တစ်ခုကွ။ ဒီတစ်ခေါက်တော့ မင်း အဲဒီထောင်ချောက်ထဲ ရောက်မသွားဖို့ ငါ မျှော်လင့်ပါတယ် " ဝမ်ပေါင်လဲ့မှာ ဆွံ့အနေရပြီ ဖြစ်သည်။ ရှဲ့ဟေးရန်မှာ ပျောက်ကွယ်သွားပြီဖြစ်ရာ သူသည် သက်ပြင်းချရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပေ။ တစ်ချိန်ထဲမှာပင် သူသည် သူ၏ ဆရာ၏ အကြံအစည်များအား ရိပ်မိသွား၏။ သူ၏ ဆရာမှာ သူ့အား ပစ်မှတ်ထားရန် အကြောင်းပြချက် ရှာမတွေ့ခဲ့သဖြင့် ရှဲ့ဟေးရန်အား ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

ထိုသို့ဖြင့် သူ တရားထိုင်နေစဉ် မျှော်စင်အပြင်ဘက်တွင် ရှဲ့ဟေးရန်မှာ ဒယိမ်းဒရိုင် လမ်းလျှောက်နေသည့် နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီးအား လိုက်မီသွား၏။

" နံပါတ်ခုနစ် ဦးလေးဆရာ။ ခဏနေပါဦးဗျ။ ဦးလေးဆရာက ဘာအမှား လုပ်မိခဲ့လို့လဲ "

ထိုအခါ နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီးမှာ ခြေလှမ်းများ ရပ်တန့်သွားကာ နောက်သို့လှည့်လာပြီး ရှဲ့ဟေးရန်အား ရန်လိုနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်၏။

" ဘာလဲကွ ဟေးရန်လေးရ။ မင်းက ဆယ့်ငါးအတိုင်း ငါ့ဆီကနေ သတင်းနှိုက်ပြီး မင်းရဲ့ ဆရာဘိုးဘိုးကို သွားတိုင်ဖို့ ကြံနေတာမလား "

ထိုအခါ ရှဲ့ဟေးရန်မှာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သူသည် သနားစရာကောင်းနေသည့် နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီးအား စိုက်ကြည့်ရင်း သူတို့နှစ်ယောက်မှာ ဘဝတူများ ဖြစ်ကြကြောင်း ရုတ်တရက်ဆိုသလို ခံစားလိုက်ရတော့သည်။

All Chapters