← Chapters

လှလိုက်တဲ့ အကွက်

Vol. 74 Ch. 1025

လှလိုက်တဲ့ အကွက်

Vol. 74 Ch. 1025

မျှော်စင်ထဲ၌ မီးတောက်ဝိညာဉ်ကျိန်စာအား လေ့ကျင့်နေခဲ့သည့် ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်တစ်ယောက် အပြင်ဘက်သို့ ထွက်သွားပြီးနောက် နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီးနှင့် ပြောခဲ့သည့်စကားများကို မသိခဲ့ရပေ။ မည်သို့ပင်ဆိုစေကာမူ ရှဲ့ဟေးရန်နှင့် နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီး စကားပြောခဲ့ပြီးနောက် ဒုတိယမြောက်နေ့တွင်...

ရှဲ့ဟေးရန်တစ်ယောက် ဝမ်ပေါင်လဲ့အား ဂါရဝပြုရန် မနက်ခင်းအစောကြီး သူ့ဆီသို့ တက်ကြွမှုအပြည့်ဖြင့် ရောက်ရှိလာ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ မျှော်စင်အပြင်ဘက်သို့ ထွက်လိုက်သည်နှင့် ကောင်းကင်ပေါ်မှ အရိပ်မည်းကြီးတစ်ခု ရုတ်တရက်ဆိုသလို ပြုတ်ကျလာသည်ကို မြင်လိုက်ရသည်။

ထို အရိပ်မည်းကြီးမှာ မြန်ဆန်လွန်းနေသောကြောင့် အလယ်အလတ် ဂြိုဟ်အဆင့်တွင် ရှိနေသည့် ဝမ်ပေါင်လဲ့ပင်လျှင် ၎င်းအား ရှင်းလင်းပြတ်သားစွာ မမြင်လိုက်ရဘဲ ၎င်း၏ ပုံရိပ်ယောင်ကိုသာ မြင်လိုက်ရ၏။ ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့ထက် အဆင့်ပိုမြင့်သည့် ကျင့်ကြံခြင်းအဆင့်တစ်ခုကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ထာဝရကြယ်အဆင့်သို့ မရောက်သေးပေ။ ထို့ကြောင့် သူသည်လည်း ထို အရိပ်ကြီးအား မရှောင်တိမ်းနိုင်ခဲ့ချေ။ ထိုသို့ဖြင့် ထို အရိပ်မည်းကြီးမှာ ကောင်းကင်ပေါ်မှ နေ၍ ရှဲ့ဟေးရန်၏ ခန္ဓာကိုယ်ပေါ်သို့ ပြုတ်ကျလာတော့သည်။

ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး မြေပြင်ကြီးမှာ တုန်ရီသွား၏။ အရပ်မျက်နှာအနှံ့တွင်လည်း ဖုန်များ ထလာသည်။ ထို့နောက် ရှဲ့ဟေးရန်၏ အော်ဟစ်မြည်တမ်းသံများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်...

ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ ပြူးသွားရ၏။ အရာအားလုံး ပြန်လည်ငြိမ်သက်သွားသောအခါမှ သူသည် ရှဲ့ဟေးရန်အား ဝင်တိုက်သွားသည့် အရာကြီးကို မြင်လိုက်ရသဖြင့် မျက်နှာအမူအရာ အထူးအဆန်းဖြစ်သွားပြီး ပင့်သက်ရှိုက်မိသွားတော့သည်။

ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည့် အရိပ်မည်းကြီးမှာ ၎င်း၏ စွမ်းအားများကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်ထားသည့် နွားသန်းတစ်ကောင် ဖြစ်၏။ ၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်နေပြီး ကြောက်မက်ဖွယ်ရာကောင်းသည့်ပုံ ပေါက်နေပါသော်လည်း ရှဲ့ဟေးရန်၏ ခန္ဓာကိုယ်ပေါ်သို့ ပြုတ်ကျလာချိန်တွင် သူသည် ဒဏ်ရာရသွားခြင်း မရှိဘဲ မူးဝေဝေသာ ဖြစ်သွားရသည်။ သို့သော် သူ၏ ခေါင်းပေါ်တွင်မူ လက်သီးဆုပ်အရွယ် အဖုတစ်လုံး ပေါ်ပေါက်လာသည်။

၎င်းမှာ ရဲရဲနီနေ၏။ ဝမ်ပေါင်လဲ့မှာ ၎င်းအား ကြည့်လိုက်ရုံနှင့် ရှဲ့ဟေးရန်၏ ဦးခေါင်းမှာ တဆစ်ဆစ် နာကျင်ကိုက်ခဲနေလောက်ပြီဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။ သူ၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ ရှဲ့ဟေးရန်မှာ ဝေဒနာပြင်းပြစွာ ငိုကြွေးမြည်တမ်းနေပြီ မဟုတ်ပါလော။

" ဘာတွေဖြစ်နေတာလဲ။ ဘာတွေဖြစ်နေတာလဲလို့ "

" ငါ .... ငါ.... ငါ.... ဘာလို့ ဒါကြီးက ကောင်းကင်ပေါ်ကနေ ရုတ်တရက်ကြီး ပြုတ်ကျလာရတာလဲ " ရှဲ့ဟေးရန်မှာ မကျေမချမ်းဖြစ်နေသည့် အမူအရာဖြင့် ညာဘက်လက်ကို မြှောက်ကာ သူ၏ ခေါင်းပေါ်မှ အဖုအား တို့ထိကြည့်လိုက်၏။ သူ၏ မျက်ဝန်းထဲမှ မျက်ရည်များ စီးကျလာတော့မည့် ပုံပင်။

ဝမ်ပေါင်လဲ့မှာမူ မျက်နှာအမူအရာ အထူးအဆန်း ဖြစ်နေ၏။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ ဆရာအား ပို၍ပင် ချစ်ကြောက်ရိုသေလာရတော့သည်။ သူသည် သူ၏ ဆရာမှာ သဘောထားသေးသိမ်သည့် လူတစ်ယောက်ဖြစ်ကြောင်း နားလည်သွားပြီဖြစ်သည်...

ရှဲ့ဟေးရန်မှာ ယမန်နေ့တုန်းက နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီး၏ နောက်သို့ ပြေးလိုက်သွားခဲ့ပြီးနောက် သူ၏ လှည့်စားခြင်းကို ခံခဲ့ရပြီး မပြောသင့်သည့် စကားများကို ပြောမိခဲ့ခြင်းဖြစ်ရပေမည်...

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သည်နှင့် ရှဲ့ဟေးရန်အပေါ် ဂရုဏာသက်သွား၏။ သို့သော် သူသည် စိတ်ထဲတွင်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်သွားရသည်။ အကယ်၍ ရှဲ့ဟေးရန်သာ မီးတောက်ကြယ်စင်စုထဲသို့ ရောက်ရှိလာခြင်းမရှိဘဲ သူ၏ ဆရာ၏ ပစ်မှတ်ထားခြင်းကို မခံခဲ့ရပါက လက်ရှိတွင် ထို သောကဝေဒနာများကို ခံစားနေရသည့်သူမှာ သူဖြစ်နေမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က နားလည်ထား၏။

သူသည် ထိုသို့ တွေးမိလိုက်သည်နှင့် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ချက်ချင်းပြန်ဆုတ်သွားသည်။ သူ၏ ဆရာ၏ ပစ်မှတ်မှာ ရှဲ့ဟေးရန်ဖြစ်ရာ သူနှင့် ခပ်ကင်းကင်း နေခြင်းမှာ အကောင်းဆုံးဖြစ်ပေသည်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့ မျှော်စင်ထဲသို့ ပြန်ဝင်သွားခါနီးမှာပင် ရှဲ့ဟေးရန်မှာ မကျေမချမ်းနှင့် အော်ဟစ်မြည်တမ်းလိုက်၏။ ထိုအခါ ကောင်းကင်ကြီးမှာ ရုတ်တရက်ဆိုသလို တုန်ရီသွားပြီး ဧရာမမျက်နှာကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

မီးတောက်များ ထုတ်လွှတ်နေသည့် ထိုမျက်နှာကြီးမှာ မီးတောက်ခေါင်းဆောင်ကြီး၏ မျက်နှာ ဖြစ်ပေသည်။ သူသည် ပေါ်ပေါက်လာပြီးနောက် မြေပြင်ပေါ်တွင် ရှိနေသည့် ရှဲ့ဟေးရန်အား တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ငုံ့ကြည့်လိုက်၏။ ထို့နောက် သူသည် စကြဝဠာကြီးအား မော့ကြည့်လိုက်သည်။

" မီးတောက်သုည "

မီးတောက်ခေါင်းဆောင်ကြီး ထိုသို့ဆိုလိုက်သည်နှင့် ကောင်းကင်ကြီးမှာ ထပ်၍ တုန်ရီသွားပြီး နွားထီးအိုကြီး ပေါ်ပေါက်လာတော့သည်။ သူသည် မတရားစွပ်စွဲခံလိုက်ရသဖြင့် မကျေမနပ်ဖြစ်နေသည့်ပုံ ပေါက်နေသည်။

ရှဲ့ဟေးရန်မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသည်နှင့် ချက်ချင်းဒူးထောက်ချကာ အရိုအသေပေးလိုက်၏။ သူ၏ မျက်နှာအမူအရာမှာ နာကြည်းမှုများဖြင့် ပြည့်နှက်နေသည်။ ထို့အပြင် သူ၏ နှလုံးသားမှာလည်း ဗြောင်းဆန်နေရသဖြင့် သူ၏ ခေါင်းပေါ်မှာ အဖုကြီးမှာလည်း နီမြန်းနေပြီး ဦးချိုတစ်ချောင်း ထိုးထွက်လာတော့မည်လား ဖြစ်နေတော့သည်။

" ဆရာဘိုးဘိုး။ ကျေးဇူးပြုပြီးတော့ တပည့်အတွက် တရားမျှတမှု ပြန်ရှာပေးပါ။ ကျွန်တော် ဘယ်သူ့ကို အပြစ်လုပ်မိလို့လဲ။ ကျွန်တော့်ရဲ့ ဦးခေါင်း... " ရှဲ့ဟေးရန်မှာ ငိုမဲ့မဲ့နှင့် ဆိုလိုက်၏။

" ဆရာ။ ကျွန်တော့်ကို အပြစ်တင်လို့မရဘူးလေ။ ကျွန်တော်က ယားလို့ ကုတ်လိုက်တာကို " နွားထီးအိုကြီးမှာလည်း သက်ပြင်းချကာ ပြန်ပြောလိုက်သည်။ ထိုအခါ မီးတောက်ခေါင်းဆောင်ကြီးမှာ မျက်မှောင်ကြုတ်ကာ နွားထီးအိုကြီးအား စိုက်ကြည့်၍ ပြန်ပြောလိုက်၏။

" နောက်တစ်ခါ ဂရုစိုက် " မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုသို့ ဆိုလိုက်ပြီးနောက် ရှဲ့ဟေးရန်အား စိုက်ကြည့်ကာ အသာအယာ ခေါင်းယမ်းလိုက်သည်။

" မင်းလည်းအတူတူပဲ။ လမ်းကို သတိထားပြီး လျှောက်မှပေါ့။ ပုံမှန်ဆိုရင် မင်းက အကင်းပါးတဲ့ ပုံပါပဲ။ အဲတာကို လမ်းလျှောက်နေတုန်း အခုလို ဝင်တိုက်ခံရတယ်လို့ " မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုသို့ ဆိုလိုက်ပြီးနောက် မတရားခံလိုက်ရသည့် ရှဲ့ဟေးရန်အား လျစ်လျူရှုလိုက်၏။ ထို့နောက် သူ၏မျက်နှာကြီးမှာ ဖျတ်ခနဲလက်ကာ ကောင်းကင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ နွားထီးအိုကြီးမှာမူ တစ်ခဏမျှ မျက်စိ ပေကလတ်ပေကလတ် လုပ်နေလိုက်ပြီးနောက် ချောင်းဟန့်လိုက်၏။ ထို့နောက် သူသည်လည်း စကားတစ်ခွန်းမှပြောမနေတော့ဘဲ ပြန်လည်ပျောက်ကွယ်သွားတော့သည်။

ရှဲ့ဟေးရန်မှာမူ ထိုမြင်ကွင်းများကို ကြည့်ရင်း နှလုံးသားထဲ၌ ဖြေမဆည်နိုင်လောက်အောင် ခံစားနေရ၏။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ကြီးတစ်ခုလုံးအား တုန်ရီသွားစေသည့် အော်ဟစ်သံကြီးတစ်သံမှာ အဝေးမှ ထွက်ပေါ်လာသည်။

" ဂိုဏ်းတူအစ်ကိုနွားထီး။ ကျွန်မရဲ့ ချစ်တပည့်လေးကို အနိုင်ကျင့်ရဲလောက်အောင် သတ္တိကောင်းနေတယ်ပေါ့ "

မျှော်စင်ထဲသို့ ပြန်ဝင်ရန်ပြင်နေသည့် ဝမ်ပေါင်လဲ့မှာ ထိုအော်သံအား ကြားလိုက်ရသည်နှင့် ခြေလှမ်းများ ရပ်တန့်သွားရ၏။ ထို့နောက် သူသည် မလုပ်မယှက်ရပ်ကာ အုတ်အော်သောင်းနင်း ဖြစ်နေသည့်မြင်ကွင်းအား လှမ်းကြည့်ရင်း စိတ်ထဲတွင် ရေရွတ်မိလိုက်တော့သည် " ဆရာရယ်။ နေ့တိုင်း ပုံစံအမျိုးမျိုးနဲ့ ဟန်ဆောင်နေရတာ မမောသေးဘူးလား.... "

သူ ထိုသို့ရေရွတ်နေစဉ်မှာပင် အော်သံကြီးမှာ ပိုမိုကျယ်လောင်လာ၏။ ရှဲ့ဟေးရန်မှာမူ စိတ်နှလုံး လှုပ်ရှားသွားသဖြင့် မျက်ရည်များ ကျလာလုမတတ် ဖြစ်နေပြီ ဖြစ်သည်။ ထိုအချိန်တွင် လူရိပ်တစ်ခုမှာ အဝေးမှနေ၍ ပျံသန်းလာ၏။ ထိုလူရိပ်မှာ ရှဲ့ဟေးရန်၏ ဆရာဖြစ်သူ ဝမ်ပေါင်လဲ့၏ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီး ဖြစ်ပေသည်။

နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ ထိုနေရာသို့ ရောက်ရှိလာသည်နှင့် စိတ်မကောင်းဖြစ်နေသည့် ပုံဖြင့် ရှဲ့ဟေးရန်အား ကြည့်လိုက်၏။ ထို့နောက် သူမသည် ဒေါသထွက်နေသည့် မျက်နှာအမူအရာဖြင့် ကောင်းကင်ပေါ်သို့ ပျံတက်သွားလိုက်သည်။ ခဏအကြာတွင် အုန်းခနဲ အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

" ဂိုဏ်းတူအစ်ကိုနွားထီး။ ဆရာက ကျွန်မရဲ့ ချစ်တပည့်လေးကို အစ်ကို့ကို ရေချိုးခိုင်းခဲ့တာ။ အဲဒီလို ရေချိုးပေးရတာက မီးတောက်မျိုးနွယ်ရဲ့ ထုံးတမ်းစဉ်လာတစ်ခုမလို့ ကျွန်မရဲ့ ရင်ထဲမှာ တစ်ဆစ်ဆစ် နာကျင်နေခဲ့ရတာတောင် ကျွန်မက ဘာမှဝင်မပြောဘဲ ဒီအတိုင်း လက်ပိုက်ကြည့်နေခဲ့တာ။ ဒါပေမဲ့ ဒီနေ့ အစ်ကိုက သူ့ကို အနိုင်ကျင့်ပြီးတော့ အရှက်ခွဲခဲ့တာပဲ။ ရန်လေးက ကလေးပဲ ရှိသေးတာလေ။ အစ်ကို တရားလွန်သွားပြီ " နံပါတ်တစ် ဂိုဏ်းတူအစ်မကြီး၏ ဒေါသတကြီး အော်ဟစ်သံများနှင့်အတူ ကောင်းကင်ကြီးတစ်ခုလုံးမှာ ဗြောင်းဆန်နေပြီဖြစ်သည်။

" တုံ့အာ။ ငါ နင့်ရဲ့ ချစ်တပည့်လေးကို အနိုင်ကျင့်နေတာကို ဘယ်မျက်လုံးနဲ့ မြင်ခဲ့တာလဲ " နွားထီးအိုကြီးမှာလည်း မကျေမနပ်ဖြစ်နေသည့် လေသံဖြင့် ပြန်မေးလိုက်၏။

" ဘာပဲဖြစ်ဖြစ်ပါ။ နွားအိုကြီး။ ငါ့ရဲ့ ချစ်တပည့်လေးကို အနိုင်ကျင့်လို့ ရမှာမဟုတ်ဘူးဆိုတာ သိထားလိုက် " နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ ဒေါသထွက်လွန်းနေသောကြောင့် နွားထီးအိုကြီးကိုပင် ယခင်တုန်းကလို ရိုသေလေးစားသမှုဖြင့် ခေါ်ဝေါ်နိုင်စွမ်း မရှိတော့ပေ။

" ကိုယ့်ရဲ့ တပည့်တွေကို အခုလို အလိုလိုက်နေတာ ဘာအဓိပ္ပါယ်ရှိလဲ။ နင့်ရဲ့ ချစ်တပည့်လေးသာ နင့်ကို သူ့ရဲ့ ဆရာအဖြစ် ရင်ထဲမှာ သတ်မှတ်ထားမယ်ဆိုရင် အခုလောလောဆယ်မှာ နင် အလိုအပ်ဆုံးအရာက ကြယ်တာရာရွှေမှုန်တွေဆိုတာ သူ သိမှာပဲလေ။ တကယ်လို့... "

" ပါးစပ်ပိတ်ထား နွားအိုကြီး။ ငါ့ကိစ္စကို ငါ့နည်းငါ့ဟန်နဲ့ပဲ ဖြေရှင်းမှာ။ ဒီနေ့တော့ ငါ့ရဲ့ ချစ်တပည့်လေးအတွက် တရားမျှတမှု ပြန်ယူပေးရမယ် "

နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးနှင့် နွာထီးအိုကြီးတို့၏ စကားသံများမှာ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်နေသောကြောင့် ဝမ်ပေါင်လဲ့၏ ဂိုဏ်းတူအစ်ကိုအစ်မများမှာ သူတို့၏ သက်ဆိုင်ရာ မျှော်စင်များထဲမှနေ၍ ကောင်းကင်ကြီးအား မော့ကြည့်လိုက်ကြ၏။ ခဏအကြာတွင် ထို အံ့သြတုန်လှုပ်ဖွယ်ရာ အသံများမှာ ပို၍ကျယ်လောင်လာသလို တုန်ခါမှုလှိုင်းများမှာလည်း ပိုမိုအားကောင်းလာတော့သည်။ ရှဲ့ဟေးရန်မှာမူ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေသဖြင့် နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီနေရ၏။ လုပ်ပိုင်ခွင့်အာဏာ ကြီးမားသူတစ်ယောက် သူ့ဘက်မှ ရပ်တည်ပေးကာ သူ့အား ကာကွယ်ပေးနေသည့် ခံစားချက်ကြောင့် သူသည် ကျေးဇူးတင်မဆုံး ဖြစ်နေရတော့သည်။

ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများပြူးသွားပြီး အသက်ရှူသံများပင် လေးလံလာရ၏။ သူသည် ဦးခေါင်းတည့်တည့် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ဉာဏ်အလင်းပွင့်သွားသည့်အလား မျက်လုံးများ အရောင်တောက်ပလာတော့သည်။ သူ၏ နှလုံးသားထဲတွင်လည်း လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်သွား၏။

" ဆရာ့ရဲ့ တာအိုက တော်တော်လေးကို နက်နဲသိမ်မွေ့တာပဲ "

ဝမ်ပေါင်လဲ့တစ်ယောက် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချနေစဉ် မီးတောက်ခေါင်းဆောင်ကြီးမှာ အေးစက်စက် နှာမှုတ်လိုက်သဖြင့် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးနှင့် နွားထီးအိုကြီးတို့မှာ သူတို့၏ ရန်ပွဲအား ရပ်တန့်လိုက်ရ၏။ နွားထီးအိုကြီးမှာမူ နှာတစ်ချက် မှုတ်လိုက်ပြီးနောက် မကျေမနပ်ဖြစ်နေသည့် အမူအရာဖြင့် ထွက်ခွာသွားသည်။ ခဏအကြာတွင် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ အနည်းငယ်ခန့် အားအင်ချည့်နဲ့နေသည့် အမူအရာဖြင့် ပြန်လည်ပေါ်ပေါက်လာ၏။ ယခုလေးတင် ပြီးဆုံးသွားခဲ့သည့် တိုက်ပွဲကြီးမှာ သူမအတွက် လွယ်ကူခဲ့သည့်ပုံ မပေါ်ပေ။ သို့သော် သူမသည် ရှဲ့ဟေးရန်အား မြင်လိုက်ရသည်နှင့် နွေးထွေးစွာပြုံးကာ သူ၏ ဦးခေါင်းပေါ်မှာ အဖုအား နူးညံ့သိမ်မွေ့စွာ ပွတ်သတ်ပေးလိုက်၏။ ထို့ကြောင့် ရှဲ့ဟေးရန်မှာ စိတ်နှလုံး လှုပ်ရှားသွားရသလို အပြစ်ရှိသလိုလည်း ခံစားလိုက်ရသည်။

" ရန်လေး။ ဆရာ နောက်ကျသွားတယ်။ ဒဏ်ရာက နာလား "

ဝမ်ပေါင်လဲ့မှာမူ သူမ၏ စကားများကို နားထောင်ရင်း ကြက်သေသေသွားရ၏။ သို့သော် ရှဲ့ဟေးရန်မှာမူ သူ၏ စိတ်ခံစားချက်များကို ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့သဖြင့် မျက်ရည်များ စီးကျလာပြီး သူ၏ ဆရာ၏ ရှေ့၌ ဒူထောက်ချလိုက်တော့သည်။

" ဆရာ "

" ဘာလို့ ငိုနေတာလဲ ကလေးရဲ့ " နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ နွေးထွေးကြင်နာမှုအပြည့် ရှိသည့် အမူအရာဖြင့် ဆိုလိုက်၏။ ထို့နောက် သူမသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုကာ အေးတိအေးစက် လေသံဖြင့် သတိပေးလိုက်သည်။

" ဂိုဏ်းတူမောင်လေး ညီမလေးတို့။ ရန်လေးက ငါ့ရဲ့တပည့်ပါ။ တကယ်လို့ ငါ သူ့အကြောင်း ကောလာဟလတွေ ထပ်ကြားရမယ်ဆိုရင် နင်တို့တွေ ဘယ်လို နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ ကြုံရမလဲဆိုတာ သိထားပြီးသား ဖြစ်ပါမှာ "

သူမ ထိုသို့ဆိုလိုက်သောအခါ နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီးနှင့် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးတို့မှာ မျက်နှာပူသွား၏။ ရှဲ့ဟေးရန်မှာလည်း ထိုစကားများကြောင့် ပို၍ပင် စိတ်နှလုံးလှုပ်ရှားသွားရသည်။ သူသည် သူ၏ ဆရာမှာ သူ့အပေါ် အလွန်အင်မတန်မှ ကောင်းလွန်းသောကြောင့် တစ်ဘဝလုံး ကြိုးစားလျှင်တောင် သူမအား ကျေးဇူးကြွေးကျေအောင် ပြန်ဆပ်နိုင်လိမ့်မည်မဟုတ်ဟု ခံစားနေရ၏။

" ဆရာ... "

" ကဲပါ။ မငိုနဲ့တော့။ ဆရာ တံခါးပိတ်ကျင့်စဉ်ထဲ ပြန်သွားရဦးမယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် " နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် မောပန်းနွမ်းနယ်နေသည့် မျက်နှာအမူအရာဖြင့် နောက်သို့လှည့်ကာ ထွက်ခွာသွားရန် ပြင်လိုက်၏။

" ဆရာ။ ဆရာ ကြယ်တာရာရွှေမှုန် ဘယ်လောက်လိုတာလဲဗျ။ တပည့်ဆီမှာရှိတယ် "

" မလိုပါဘူးကွယ်။ ဆရာကိုယ်တိုင်ပဲ လိုက်ရှာလိုက်ပါ့မယ် " နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ ထိုသို့ ပြန်ပြောကာ ခေါင်းယမ်းလိုက်ပြီး လေပေါ်သို့ ပျံတက်သွားလိုက်၏။ ရှဲ့ဟေးရန်မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ စိုးရိမ်တကြီးဖြစ်သွားရသည်။

" ဆရာ တပည့်ကို ချစ်လို့ တပည့်ဆီက လက်ဆောင်အများကြီး မယူချင်တာ တပည့် နားလည်ပါတယ်။ ဒါပေမဲ့ တပည့်က တပည့်ဝတ္တရား ကျေပွန်အောင် ထမ်းဆောင်ချင်လို့ပါ။ တကယ်လို့ ဆရာ တပည့်ရဲ့ ကြယ်တာရာရွှေမှုန်တွေကို လက်မခံဘူးဆိုရင် တပည့် တစ်သက်လုံး ဒူးထောက်နေပြီတော့ ဘယ်တော့မှ ပြန်ထလာမှာ မဟုတ်တော့ပါဘူး " ရှဲ့ဟေးရန်မှာ ဒူးထောက်ချကာ အသနားခံလိုက်၏။

ဝမ်ပေါင်လဲ့မှာမူ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ ပင့်သက်များ ရှိုက်မိသွား၏။ သူ၏ စိတ်ထဲတွင်မူ စကားတစ်ခွန်းကိုသာ ရေရွတ်နိုင်တော့သည် " လှလိုက်တဲ့ အကွက်ကွာ... "

နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာမူ ကြံရာမရဖြစ်နေသည့် အမူအရာဖြင့် သက်ပြင်းချကာ ရေရွတ်လိုက်၏။

" ဘာလို့ အခုလိုတွေလုပ်နေရတာလဲ " သူမသည် အခြားရွေးချယ်စရာ မရှိတော့သဖြင့် ရှဲ့ဟေးရန်၏ လက်ဆောင်များအား လက်ခံလိုက်ရ၏။ ထို့နောက် သူမသည် သူ့ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်သည်။

" တပည့်လေး။ တခြား ဦးလေးဆရာတွေကို သိပ်ပြီးတော့ အရေးစိုက်နေစရာမလိုဘူး။ ဒါပေမဲ့ နံပါတ်ဆယ့်ခြောက် ဦးလေးဆရာကိုတော့ စိတ်ကျေနပ်အောင် ထားမှရမယ်။ သူက ဆရာဘိုးဘိုးရဲ့ အသည်းကျော် တပည့်လေးလေ။ သူ့ရဲ့ စကားတစ်ခွန်းက ဆရာဘိုးဘိုးရဲ့ ဆုံးဖြတ်ချက်တွေကိုတောင် ပြောင်းလဲပေးနိုင်စွမ်းရှိတယ်။ အဲတာမလို့... သူ့ကို မီးတောက်ကြယ်စင်စုရဲ့ သခင်လေးအစစ်လို့တောင် ပြောရင်ပြောလို့ရတယ် "

ထို အသံလွှင့်အကြောင်းကြားစာကြောင့် ရှဲ့ဟေးရန်မှာ အနာဂတ်တွင် ပို၍ပင် ကြိုးစားကာ ဝမ်ပေါင်လဲ့အား မျက်နှာချိုသွေးရန် ဆုံးဖြတ်လိုက်၏။ ထိုသို့သာဆိုပါက သူသည် မီးတောက်ကြယ်စင်စုထဲ၌ အင်အားကြီးမားသည့် ကျောထောက်နောက်ခံနှစ်ခုအား ပိုင်ဆိုင်သွားမည် ဖြစ်သည်။ သို့မှသာ သူသည် မီးတောက်ကြယ်စင်စုထဲ၌ ခြေကုပ်ယူနိုင်မည် ဖြစ်သည်။

" ဆယ့်ငါး၊ ခုနစ်... ရှဲ့ဟေးရန်ဆိုတဲ့ ငါ့ကို လူလည်ကျလို့ မရဘူးဆိုတာ မင်းတို့နှစ်ယောက် မှတ်ထား။ မင်းတို့တွေက ငါ့ရဲ့ ဦးလေးဆရာတွေဖြစ်နေပေမဲ့ တစ်ရက်ရက်ကျရင် မင်းတို့နှစ်ယောက်စလုံး ငါ့ကို ပြန်တောင်းပန်စေရမယ် " ရှဲ့ဟေးရန်မှာ စိတ်ထဲတွင်ကျိတ်၍ ကြိမ်းဝါးလိုက်၏။

All Chapters