← Chapters

ကံကြမ္မာစာအုပ်

Vol. 74 Ch. 1026

ကံကြမ္မာစာအုပ်

Vol. 74 Ch. 1026

" နွားပျိုသန်လှ နွားအိုပေါင်ကျိုးဆိုတဲ့ စကားအတိုင်းပါပဲလား " ဝမ်ပေါင်လဲ့မှာ ထိုဖြစ်စဉ်ကြီးတစ်ခုလုံးအား မျက်ဝါးထင်ထင် မြင်လိုက်ရပြီးနောက် မျှော်စင်ထဲသို့ ပြန်ရောက်လာချိန်တွင် အမြင်ကျယ်သွားသည့်အလား ခံစားလိုက်ရ၏။

မီးတောက်ခေါင်းဆောင်ကြီးနှင့် သူ၏ ကိုယ်ပွားများ၏ အကွက်ဆင်မှုများကြောင့် ရှဲ့ဟေးရန်၏ ကံကြမ္မာမှာ အလိုလိုနေရင်း မီးတောက်ကြယ်စင်စုနှင့် ဆက်နွှယ်သွားပြီ ဖြစ်သည်။ ရှဲ့ဟေးရန်မှာ ထိုအချက်အား သတိမထားမိလျှင်တောင် သူ့အတွက် ဆိုးကျိုးတော့မရှိပေ။ အမှန်အတိုင်းဆိုရလျှင် သူ့အတွက် အကျိုးကျေးဇူးများပင် ရှိနိုင်သည်ဟု အတိုင်းအတာတစ်ခုအထိ ဆိုနိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ သက်ပြင်းချမိလိုက်သလို တစ်ချိန်တည်းမှာပင် စိတ်နှလုံး လှုပ်ရှားသွားရ၏။ သူ၏ ဆရာမှာ ကိုယ်ကျိုးကိုကြည့်၍ ယခုလို လုပ်ခဲ့ခြင်းမဟုတ်ကြောင်း သူက သိထားသည်။ သူ၏ လုပ်ရပ်များအားလုံးမှာ ဝမ်ပေါင်လဲ့ ကောင်းစားနိုင်ရန်အတွက်သာ ဖြစ်ပေသည်။

" ငါ့ကို မီးတောက်ဝိညာဉ်ကျိန်စာ သင်ပေးခဲ့ပြီးတော့ တူလေးတစ်ယောက်ပါ ရအောင် စီစဉ်ပေးခဲ့တာပဲ။ ဆရာ... ဘာအတွက်ကြောင့်များ အခုလို ပြင်ဆင်နေရတာလဲ... " ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောကာ နှုတ်ဆိတ်နေ၏။ သူသည် အဖြစ်အပျက်မျိုးစုံအား မြင်ခဲ့ရပြီးနောက် မည်သည့်အကြောင်းကြောင့်မှန်းမသိ နှလုံးသားထဲ၌ နေမထိထိုင်မသာ ဖြစ်လာရသည်။

သူသည် မီးတောက်ခေါင်းဆောင်ကြီးကြောင့် ထိုကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ လက်ရှိတွင် အဖြေကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ကြောင်း သိထားသဖြင့် လေသံတိုးတိုးဖြင့်သာ သက်ပြင်းချလိုက်ပြီး သူ၏ သံသယစိတ်များအား ချုပ်တည်းထားလိုက်၏။ ထို့နောက် သူသည် မီးတောက်ဝိညာဉ်ကျိန်စာပညာရပ်ထဲ၌ အာရုံပြန်စိုက်ကာ ထို ကျိန်စာ၏ အသေးစိတ်အချက်အလက်များကို လေ့လာနေလိုက်တော့သည်။

ထိုသို့ဖြင့် နောက်ထပ် သုံးလတိတိ ကုန်ဆုံးသွားပြန်သည်။ ထို သုံးလအတွင်းတွင် ဝမ်ပေါင်လဲ့မှာ မီးတောက်ဝိညာဉ်ကျိန်စာ၏ အခြေခံ အချက်အလက်များကိုပင် မနည်းကြိုးစား၍ လေ့လာခဲ့ရ၏။ ရှဲ့ဟေးရန်မှာလည်း သင်ခန်းစာရသွားပြီဖြစ်ရာ မည်ကဲ့သို့ပင် သွေးဆောင်ဖြားယောင်းခံရစေကာမူ မီးတောက်ခေါင်းဆောင်ကြီး၏ ကောင်းကြောင်းများကိုသာ ထုတ်ပြောခဲ့သည်။ တစ်ချိန်ထဲမှာပင် သူသည် ဝမ်ပေါင်လဲ့၏ နောက်လိုက်ကောင်းတစ်ယောက် ဖြစ်လာနိုင်ရန် အစွမ်းကုန်ကြိုးစားနေ၏။

ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်း လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် ပစ္စည်းများကိုပင် လိုက်လံရှာဖွေစုဆောင်းနေစရာ မလိုတော့ပေ။ သူ၏ နှုတ်မှ တောင်းဆိုလိုက်သည်နှင့် ရှဲ့ဟေးရန်မှာ ထိုပစ္စည်းများအား သူ့ဆီသို့ ပို့ပေးလိုက်သည်သာ ဖြစ်သည်။ ထို့အပြင် သူသည် မြှောက်ပင့်ပြောဆိုရာ၌လည်း ပိုမိုကျွမ်းကျင်လာသဖြင့် ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်ကျေနပ်နေရတော့သည်။ ထို့ကြောင့် သူသည် စိတ်ကြည်လင်ရွှင်ပျနေသည့် တစ်ရက်တွင် ရှဲ့ဟေးရန်အား သူနှင့်အတူ မွေးနေ့ပွဲသို့ ခေါ်သွားခွင့်ပြုရန် သူ၏ ဆရာအား တောင်းဆိုခဲ့၏။

မီးတောက်ခေါင်းဆောင်ကြီး၏ ထောက်ခံချက်အား ရရှိလိုက်သောအခါ သူတို့နှစ်ယောက်မှာ ရက်အနည်းငယ် အချိန်ပေး၍ လိုအပ်သည်များကို ပြင်ဆင်လိုက်ကြသည်။ ထို့နောက် သူတို့မှာ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးနှင့် အခြားသူများ၏ ရှေ့တွင် သင်္ဘောပျံတစ်စင်းပေါ်သို့ တက်ကာ မီးတောက်ပင်မဂြိုဟ်ပေါ်မှ ထွက်ခွာသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ မီးတောက်ကြယ်စင်စု၏ သခင်လေးအဖြစ်သို့ ရောက်နေပြီ ဖြစ်ရာ သူ၏ ခရီးစဉ်မှာ ယခင်တုန်းကနှင့် မတူတော့ပေ။ သူ၏ နောက်တွင် မီးတောက်ကြယ်စင်စုထဲရှိ အခြားလူမှုအဖွဲ့အစည်းများမှ ထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာ ခြွေရံသင်းပင်းများအဖြစ် လိုက်ပါလာကြ၏။

စုစုပေါင်း ထာဝရကြယ်အဆင့် ကျင့်ကြံသူရှစ်ယောက်မှာ ခရီးစဉ်တစ်လျှောက်လုံးတွင် ဝမ်ပေါင်လဲ့အား အဖော်ပြုပေးမည် ဖြစ်သည်။ သူတို့၏ တာဝန်မှာ ဝမ်ပေါင်လဲ့အား ဘေးကင်းလုံခြုံမှုပေးရန် ဖြစ်၏။ ထို ကျင့်ကြံသူများထဲတွင် မီးလျှံဝိညာဉ်လူမှုအဖွဲ့အစည်းမှ ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးလည်း ပါသည်။

ထို့အပြင် ရှဲ့ဟေးရန်၏ ခြွေရံသင်းပင်းများလည်း လိုက်ပါလာသေးသည်ဖြစ်ရာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်ရှိ ကျင့်ကြံသူအဖွဲ့မှာ အတော်အသင့် အင်အားတောင့်တင်းနေပြီဟု ဆိုနိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ မီးတောက်ကြယ်စင်စုအား ကိုယ်စားပြုနေသည့် သခင်လေး ဖြစ်နေပြီဖြစ်ရာ ထိုကဲ့သို့ ဟိတ်ဟန်ထုတ်ခြင်းမှာ ပုံကြီးချဲ့ရာ ကျနေသည်ဟု မည်သူကမှ မထင်ကြပေ။

ထို့ကြောင့် သူတို့အားလုံး မီးတောက်ကြယ်စင်စုထဲမှ ထွက်ခွာလာပြီး စကြဝဠာကြီးအား ထိုးခွင်းသွားချိန်တွင် သင်္ဘောပျံ အရေအတွက်မှာ ရာဂဏန်းအထိ ရှိနေပြီဖြစ်သည်။ ထာဝရကြယ်အဆင့် ကျင့်ကြံသူရှစ်ယောက်သာမက ဂြိုဟ်အဆင့် ကျင့်ကြံသူ အမြောက်အမြားလည်း လိုက်ပါလာကြသည် မဟုတ်ပါလော။ သူတို့၏ အဖွဲ့မှာ ကောင်းကင်ဘုံဓမ္မသခင်ကြီး ရှိရာ ကံကြမ္မာဂြိုဟ်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားနေရင်း စကြဝဠာကြီးထဲ၌ အားကောင်းသော စွမ်းအင်လှိုင်းများ ထုတ်လွှတ်နေကြ၏။

ထိုအဖွဲ့၏ အလယ်ရှိ သင်္ဘောပျံကြီးပေါ်တွင် တန်ဖိုးကြီး အနီရောင်ဝတ်ရုံတစ်ခုအား ခြုံကာ ရွှေရောင် တိုက်ပွဲစီးဖိနပ်တစ်ရံအား ဆင်မြန်းထားသည့် ဝမ်ပေါင်လဲ့ ရှိနေသည်။ သူသည် ဖိနှိပ်အားကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေပြီး တော်ဝင်မင်းသားတစ်ပါးနှင့် တူနေ၏။ လက်ရှိတွင် သူသည် လက်ထဲ၌ ကျောက်စိမ်းပေလွှာတစ်ခုအား ကိုင်ထားရင်း အတွေးများထဲ၌ နစ်မျောနေသည်။

ဝမ်ပေါင်လဲ့နှင့် ပုံစံတူပါသော်လည်း အနည်းငယ်ခန့် အရောင်ပိုဖျော့သည့် အဝတ်အစားများကို ဆင်မြန်းထားသော ရှဲ့ဟေးရန်မှာ သူ၏ နောက်တွင်ရှိနေ၏။ ထိုအချိန်တွင် သူသည် လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။

" ဦးလေးဆရာ။ အဆုံးမဲ့တာအိုနယ်မြေထဲမှာ ကောင်းကင်ဘုံဓမ္မသခင်ကြီးက ဆရာဘိုးဘိုးနဲ့ အဆင့်အတန်း အတူတူဘဲ။ သူတို့နှစ်ယောက်စလုံးက အဆုံးမဲ့မျိုးနွယ်စု အပြစ်မလုပ်ရဲကြတဲ့ အင်အားကြီးပုဂ္ဂိုလ်တွေ။ သူက အတွက်အချက်ပညာရပ်မှာ တော်တဲ့အပြင် လူတွေကို မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စည်းမျဥ်းဥပဒေသတွေကို ပြောင်းလဲနိုင်အောင် ကူညီပေးနိုင်စွမ်းရှိတယ်။ အဲတာမလို့ သူက တာအိုနယ်မြေတစ်ခုလုံးထဲမှာ မိတ်ဆွေပေါတဲ့အပြင် အဆုံးမဲ့မျိုးနွယ်စုကပါ သူ့ကို တလေးတစား ဆက်ဆံရတာ "

" သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း ဆရာဘိုးဘိုးနဲ့ တူတူပဲ။ ပြီးတော့ သူ့ဆီမှာ ကံကြမ္မာအမှတ်အသားလို့ခေါ်တဲ့ လျှို့ဝှက်ရတနာတစ်ခုလည်း ရှိသေးတယ်။ သူက အဲဒီ ရတနာကို ပိုင်ဆိုင်ထားတာမလို့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ တိုက်ရည််ခိုက်ရည် စွမ်းအားတွေက အဆုံးအစမရှိလောက်အောင် မြင့်မားနေတာ... သူ့ကို စကြဝဠာအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့တောင် နှိုင်းယှဉ်လို့ရတယ်လို့ ပြောကြတဲ့ လူတွေတောင်ရှိတယ် "

" အဲတာကြောင့်မလို့ သူ့ရဲ့ မွေးနေ့ပွဲရောက်တိုင်း အင်အားကြီးအဖွဲ့အစည်းတွေက လေးစားသမှုပြတဲ့ အနေနဲ့ သူ့ဆီကို လူတွေ စေလွှတ်ကြတာပဲ။ ဒါပေမဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုလည်း ရှိသေးတယ်။ အဲတာက... ကောင်းကင်ဘုံဓမ္မသခင်ကြီးက သူ့ရဲ့ မွေးနေ့ပွဲ ကျင်းပတိုင်း အရည်အချင်း စမ်းသပ်ပွဲတစ်ခုကိုပါ ကျင်းပပေးတတ်လို့ပဲ။ အဲဒီ စမ်းသပ်ပွဲတွေက တစ်နှစ်နဲ့တစ်နှစ် မတူကြဘူး။ ဒါပေမဲ့ ဘယ်လို စမ်းသပ်ပွဲမျိုးပဲဖြစ်ဖြစ် သူ့ရဲ့ ထောက်ခံချက်ကို ရတဲ့သူတိုင်း ကံကြမ္မာစာအုပ်ကို ဖွင့်ဖတ်ခွင့်ရှိတယ် "

" ကံကြမ္မာစာအုပ် ဟုတ်လား " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားသည်။ သူ ထွက်ခွာမလာခဲ့ခင်တုန်းက မီးတောက်ခေါင်းဆောင်ကြီးမှာ သူ့အား ဆင့်ခေါ်ခဲ့ပြီး သူသည် ကောင်းကင်ဘုံဓမ္မသခင်ကြီးဆီ၌ ကံကြမ္မာအမှတ်အသားအား နားလည်အောင် လုပ်နိုင်ရန် အခွင့်အရေးတစ်ခု ရယူခဲ့ဖူးကြောင်း ပြောပြခဲ့၏။ သို့သော် သူသည် ကံကြမ္မာစာအုပ်အကြောင်းတော့ မပြောပြခဲ့ပေ။

ဝမ်ပေါင်လဲ့မှာ သူ၏ ဆရာဆီမှတစ်ဆင့် ကံကြမ္မာအမှတ်အသားအကြောင်း လေ့လာသိရှိခဲ့၏။ ၎င်းအား နားလည်သွားမည်ဆိုပါက သူသည် အချိန်မြစ်ကို ကျော်ဖြတ်ကာ အတိတ်၏ ပုံရိပ်များထဲမှ သူ၏ ပုံစံတူမူကွဲပေါင်း မြောက်မြားစွာကို အတူတကွ စုစည်းနိုင်စွမ်း ရှိသွားမည်ဖြစ်သည်။ ထို့နောက် သူ ၎င်းအား နားလည်သွားချိန်တွင် သူ၏ အသက်စွမ်းအားမှာလည်း ရုတ်ခြည်းဆိုသလို တိုးတက်သွားမည် ဖြစ်သည်။

၎င်းမှာ ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ နတ်ဘုရားစွမ်းရည် ဖြစ်ပေသည်။ သူ ၎င်းအား အသုံးပြုသည့်အချိန်တိုင်း သူ၏ ခန္ဓာကိုယ်ပေါ်၌ ပြန်လည်ကုသ၍ မရနိုင်သည့် ဒဏ်ရာများ ပေါ်ပေါက်လာမည် ဖြစ်သည်။

သူသည် ကောင်းကင်ဘုံဓမ္မသခင်ကြီး ထိုပညာရပ်အား တစ်ကြိမ် အသုံးပြုနိုင်ရန် မီးတောက်ခေါင်းဆောင်ကြီးဘက်မှ ပေးဆပ်ခဲ့ရသည့် အဖိုးအခကို အတိအကျ မသိပါသော်လည်း အလွန်အင်မတန်မှ များပြားနေမည်သာဖြစ်ကြောင်း နားလည်ထားသည်။

ရှဲ့ဟေးရန်မှာမူ ဝမ်ပေါင်လဲ့၏ မေးခွန်းကိုကြားလိုက်ရသောအခါ ပြန်ဖြေလိုက်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ဆရာအကြောင်း တွေးနေရာမှ ရှဲ့ဟေးရန်အပေါ် အာရုံပြန်ရောက်သွား၏။

" ကံကြမ္မာစာအုပ်က လျှို့ဝှက်ဆန်းကြယ် မှော်ပစ္စည်းတစ်ခုပဲ။ အဲဒီ မှော်ပစ္စည်းရဲ့ မူလဇာစ်မြစ်ကို ဘယ်သူမှ မသိကြဘူး။ အဲဒီ စာအုပ်က ကံကြမ္မာဂြိုဟ်ပေါ်မှာပဲ ရှိပြီးတော့ နတ်ဧကရာဇ်တွေတောင်မှ အဝေးကို ယူသွားလို့မရဘူးလေ။ ကောင်းကင်ဘုံဓမ္မသခင်ကြီး တစ်ယောက်ပဲ အဲဒီစာအုပ်ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်တာ။ တချို့ကတော့... ကောင်းကင်ဘုံဓမ္မသခင်ကြီးက အဲဒီစာအုပ်ရဲ့ ဝိညာဉ်လို့ ပြောကြတာပဲ။ ဒါပေမဲ့ တကယ်ဟုတ်မဟုတ်တော့ ဘယ်သူမှ အတိအကျ မသိကြဘူး "

" အဲဒီ စာအုပ်ထဲက စာရွက်တွေကို လှန်လိုက်မယ်ဆိုရင် တစ်ရွက်ချင်းစီတိုင်းက နှစ်ပေါင်းငါးရာတိတိကို ကိုယ်စားပြုတယ်။ အဲတာမလို့ ကိုယ့်ရဲ့အနာဂတ်က ပုံရိပ်တွေကို မသဲမကွဲ မြင်နိုင်တယ်လေ။ ဒီလို ဟောကိန်းဆန်ဆန် မှော်ပညာရပ်မျိုးက တော်တော်လေးကိုအစွမ်းထက်တာ။ ကိုယ် မြင်ရမယ့် ပုံရိပ်တွေက အနာဂတ်မှာရှိတဲ့ ဖြစ်နိုင်ခြေတွေ အများကြီးထဲက တစ်ခုပဲမလို့ တထစ်ချ ယုံကြည်ထားလို့တော့ မရဘူး။ ပြီးရင် ကိုယ်ကြည့်ချင်တာကို ရွေးကြည့်လို့မရဘဲ စာအုပ်က ပြတာကိုပဲ ကြုံရာကျပန်း ကြည့်ရတာ။ အဲဒီအပြင် စာရွက်တစ်ရွက်ကို လှန်တိုင်း ကိုယ့်ရဲ့အသက်စွမ်းအားတွေကို အသုံးပြုရတာဆိုတော့ အများကြီး မြင်ရဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး "

" အနာဂတ်ကိုမြင်ရတာ ဟုတ်လား " ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မတည်မငြိမ်ဖြစ်လာပြီး မျက်လုံးပြူးကြီးများဖြင့် ရှဲ့ဟေးရန်အား စိုက်ကြည့်နေလိုက်၏။

ထိုအခါ ရှဲ့ဟေးရန်ကလည်း ခေါင်းညိတ်ပြလိုက်သည်။

" ကျွန်တော်တို့မျိုးဆက်ရဲ့ ကျင့်ကြံသူတွေက အနာဂတ်အကြောင်း သေသေချာချာ ရေရေရာရာ သိကြတာမဟုတ်ဘူး။ ဘယ်လိုအနာဂတ်မျိုးနဲ့ ကြုံရမယ်ဆိုတာကို မသိသလို ဘယ်လိုအချိန်မှာ သေရေးရှင်ရေး အခိုက်အတန့်မျိုးတွေနဲ့ ကြုံရမယ်ဆိုတာကိုလည်း မသိကြဘူး။ ကိုယ့်ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်ကနေ ဖောက်ထွက်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းရဲ့ အဖြေကိုတောင် သိကြတာမဟုတ်ဘူး။ ကျွန်တော်တို့ မသိထားတဲ့ အရာတွေမှ အများကြီးပဲ။ အဲဒါကြောင့်မလို့လည်း ကောင်းကင်ဘုံမန္တန်ဂုရုကြီးရဲ့ မွေးနေ့ပွဲမှာ ကျင်းပတဲ့ အရည်အချင်းစမ်းသပ်ပွဲက အခုလို နာမည်ကြီးနေရတာပဲ။ လူတိုင်းက အနာဂတ်ကိုမြင်နိုင်ဖို့အတွက် ကံကြမ္မာစာအုပ်ကို လှန်ခွင့်ရချင်ကြမှာ... "

" ကိုယ်မြင်ရမယ့် အနာဂတ်က ပုံရိပ်တွေက ကြုံရာကျပန်း ပေါ်လာတာဆိုရင်တောင်... ဖြစ်နိုင်ခြေ သန်းပေါင်းများစွာထဲက တစ်ခုပဲ ဖြစ်နေမယ်ဆိုရင်တောင်... ကိုယ့်ကိုယ် အများကြီးလမ်းညွှန်ပေးနိုင်မှာလေ "

ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်နေလိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။ သူသည် ကံကြမ္မာစာအုပ်အား စိတ်ဝင်စားသွားပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ အနာဂတ်ကိုလည်း သိချင်နေ၏။

" အတိတ်၊ အနာဂတ်.... " ဝမ်ပေါင်လဲ့မှာ ကံကြမ္မာဂြိုဟ်ဆီသို့ သွားမည့် ဤခရီးစဉ်အား အများကြီးမျှော်လင့်ထား၏။ ထိုသို့ဖြင့် ရက်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီး သူတို့အဖွဲ့ထဲမှ သင်္ဘောပျံများ ခရီးစဉ်၏ သုံးဆယ်ရာခိုင်နှုန်းခန့် ပျံသန်းပြီးသွားချိန်တွင် သူတို့၏ ရှေ့၌ ဒါဇင်ပေါင်းများစွာသော အပြာရောင် ဧရာမသင်္ဘောပျံကြီးများ ပေါ်ပေါက်လာကြ၏။

ထို သင်္ဘောပျံတစ်စင်းချင်းစီတိုင်းမှာ ဂြိုဟ်တစ်လုံးနီးပါး အရွယ်အစားကြီးမားပေသည်။ ၎င်းတို့မှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ကြီးမားနေကြသည့်အပြင် ဒါဇင်ပေါင်းများစွာအား အတန်းလိုက် စီတန်းထားခြင်းဖြစ်ရာ ထိုမြင်ကွင်းကြီးမှာ အံ့သြတုန်လှုပ်ဖွယ်ရာကောင်းနေ၏။ ၎င်းတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ စကြဝဠာကြီးမှာ တွန့်လိမ်ပုံပျက်သွားရသည်သာ ဖြစ်သည်။

ထို့အပြင် ထို သင်္ဘောပျံများ၏ ကြားတွင် ကူးလူးပျံသန်းနေကြသည့် ကျင့်ကြံသူများလည်း ရှိနေသေးသောကြောင့် ထိုမြင်ကွင်းမှာ အလွန်အင်မတန်မှ စည်းကားသိုက်မြိုက်နေ၏။ ထိုမျှသာမက သင်္ဘောပျံ တစ်စင်းချင်းစီတိုင်းပေါ်တွင် ဧရာမ အလံကြီးတစ်ခုစီ စိုက်ထူထားပြီး ထိုအလံပေါ်တွင် " ရှဲ့" ဆိုသည့် စာလုံးအား ရေးသားထားသေးသည်။

" ဒါ ကျွန်တော့် မိသားစုမျိုးနွယ်စုရဲ့ ကြယ်စင်စု ဈေးပဲ။ သယ်ယူပို့ဆောင်ရေးနဲ့ ရောင်းဝယ်ဖောက်ကားရေး လုပ်ငန်းတွေ အဓိကလုပ်တဲ့နေရာပေါ့ " ရှဲ့ဟေးရန်မှာ ထို သင်္ဘောပျံများကို မြင်လိုက်ရသည်နှင့် မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် ကျောက်စိမ်းပေလွှာတစ်ခုအား ချက်ချင်းထုတ်ယူကာ အသံလွှင့်အကြောင်းကြားစားတစ်စောင် ပေးပို့လိုက်သည်။ ခဏအကြာတွင် သူသည် ရယ်မောကာ ဝမ်ပေါင်လဲ့အား ကြည့်၍ ဆိုလိုက်၏။

" နံပါတ်ဆယ့်ခြောက် ဦးလေးဆရာ။ ဒီ ကြယ်စင်စုဈေး သွားမယ့် ခရီးပန်းတိုင်က ကံကြမ္မာဂြိုဟ်နဲ့ သိပ်မဝေးဘူး။ ကျွန်တော်တို့တွေ သွားကြည့်ကြမလား။ သူတို့တွေက ပိုမြန်တဲ့အပြင် ကျွန်တော်လည်း ဦးလေးဆရာကို ဧည့်ခံလို့ ရတာပေါ့ "

ထိုအခါ ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်အား တစ်ချက်ကြည့်ကာ ပြုံးလိုက်၏။ ထို ကြယ်စင်စုဈေးကြီး သူ၏ ရှေ့၌ ပေါ်ပေါက်လာရခြင်းမှာ တိုက်ဆိုင်မှု မဖြစ်နိုင်ပေ။ ရှဲ့ဟေးရန်မှာ ကြိုတင်စီစဉ်ထားခဲ့ခြင်း ဖြစ်ရပေမည်။ သို့သော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ အကြံအား သဘောကျသွားသဖြင့် ခေါင်းညိတ်ပြလိုက်ဆဲပင်။

" သွားကြတာပေါ့ “

All Chapters