အိုင်ကျူနှင့် အီးကျူ မညီမျှမှု
Vol. 32 Ch. 466
“ဒီလိုပါ အရာရှိကြီး... ကျုပ်သားက မတော်တဆ သူများကားကို အစင်းရာထင်အောင် လုပ်လိုက်မိတယ်… ဒါပေမယ့် ကားက ယွမ်တစ်သိန်းပိုပိုလောက်ပဲ တန်ကြေးရှိတာကို တစ်ဖက်က ယွမ်တစ်သိန်းလျော်ကြေးတောင်းနေပါတယ်....ဆိုတော့ အရာရှိကြီး တစ်ချက်လောက် လာကြည့်ပေးပါဦး…”
“ ဟုတ်ကဲ့ .. ကျုပ်တို့ခု ဟွာရှန်းဆေးရုံ ကားပါကင်မှာပါ….”
“ ဟုတ် ဟုတ် ဟုတ် ကျွန်တော်တို့ ဒီနေရာမှာ စောင့်နေလိုက်ပါ့မယ်… အခင်းဖြစ်တဲ့ နေရာကို ဘာကိုမှ မထိခိုက်စေရပါဘူး…”
ဖုန်းချပြီးနောက် ဝေအာကျူး အော်ဟစ်လိုက်၏။
“ ဝေးဝေးမှာနေကြစမ်း..… ရဲမှူးကြီးက ပြောထားတယ်… အခင်းဖြစ်တဲ့ နေရာကို ကာကွယ်ထားရမယ်တဲ့…”
“ အိုကေပါ အိုကေပါ… ခင်ဗျားပြောတဲ့ အတိုင်းပဲပေါ့…” လင်းရီ ရယ်ရအခက် ငိုရအခက်နှင့် လက်မြှောက်ပြီး ဘေးတွင် ကပ်ပေးလိုက်၏။
ထိုသားအဖနှစ်ယောက်လုံးက ချစ်စရာကောင်းလောက်အောင်ကို ပိန်းတိန်းနေကြလေသည်။
ရဲဌာနမှာ ဟွာရှန်းဆေးရုံနှင့် မနီးမဝေးတွင် တည်ရှိသောကြောင့် ရဲအရာရှိများ ဆယ်မိနစ်အတွင်း ရောက်ရှိလာခဲ့ကြသည်။
တစ်ချိန်တည်းတွင် အနီးတစ်ဝိုက်၌ တာဝန်ကျနေသည် ယာဉ်ထိန်းအရာရှိလည်း ရောက်ရှိလာခဲ့၏။ သူတို့အားလုံး၏ ဟန်ပန်အမူအရာနှင့် ယူနီဖောင်းများကို ကြည့်ပါက လုံးဝ အားကိုးချင်စရာကြီးပင်။
ရဲများ ရောက်လာသည်ကို မြင်တော့ ဝေအာကျူး မတ်တပ်ရပ်၍ အော်ဟစ်လိုက်ပြီး “ အရာရှိကြီး… ကျုပ်တို့လို သာမန်လူတွေအတွက် တရားမျှတမှုကို ရှာဖွေပေးပါ….”
“ အေးဆေးပေါ့… ကျုပ် ကားအခြေအနေကို တစ်ချက်ကြည့်ပါရစေဦး….” ယာဉ်ထိန်းရဲအရာရှိမှ ပြောလိုက်ပြီး “ ကျုပ်လည်း Civic အတွက် ကုန်ကျစရိတ်ကို ယွမ်တစ်သိန်းတောင်းတာ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ…ဒါက နည်းနည်းတော့များတယ်….”
“ ဟုတ်တယ် ဟုတ်တယ်.. ကျုပ်သားကလည်း တမင်သပ်သပ် လုပ်ခဲ့တာ မဟုတ်ဘူး…” ဝေအာကျူးပြောလိုက်ပြီး “ ကျုပ်အစတုန်းက လျော်ကြေး ယွမ်ငါးရာပေးမယ်ပြောတာကို သူတို့က ယွမ်တစ်သိန်းတောင်းတယ်… ကျူပ်ကို အနိုင်ကျင့်နေတယ်ဆိုတာ အသိအသာကြီးပဲ….”
“ ကဲပါ… ဘာမှ မစိုးရိမ်နဲ့… ကျုပ် ထိခိုက်မှုတွေကို သေချာလေး စုံစမ်းပြီးတော့ ခင်များအတွက် တရားမျှတမှုကို ရှာပေးမယ်…”
ဝေမိသားစုဝင်များအားလုံး လင်းရီနှင့် လီချူးဟန်ကို လှောင်ပြောင်ထေ့ငေါ့သည့် အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
“ ငါနင်တို့ကို ပြောပြလိုက်မယ်…ဒါကို ဖရဲကျဲပြီး နှမ်းကောက်တယ်လို့ ခေါ်တယ်… နင်တို့က မြို့ပေါ်မှာ နှစ်တွေအကြာကြီးနေပြီးတော့ အလကား အချိန်ဖြုန်းနေတာပဲ…”
“ ဟုတ်တယ်… ခင်များပြောတာက မှန်တယ်…” လင်းရီ ပြုံးလိုက်၏။
ယာဉ်ထိန်းရဲမှာ လမ်းလျှောက်လာပြီး လီချူးဟန်၏ ကားမှာ Civic Type R ဖြစ်နေကြောင်း မြင်တွေ့လိုက်ရ၏။
ဟမ် ..
AMG ဘရိတ်အုံ
AMG ဂွေ
မွမ်းမံထားတဲ့ ဖာရာရီ အိတ်စောနဲ့ ကာဗွန်အမြီး
ဖက်ခ်….ဒီအစုံတွေနဲ့တင် အနည်းဆုံး ယွမ်သုံးသိန်းလောက်ရှိနေပြီဟ
သောက်ကျိုးနည်းကြီး….
လခွမ်းတဲ့မှပဲ ဒီသောက်ရူးတွေနဲ့တော့…
“ ရဲအရာရှိကြီးမြင်တဲ့ အတိုင်းပဲ … ဒီဘောင်မဝင်တဲ့ Civic ကို လျော်ကြေး တစ်သိန်းတောင် တောင်းနေတယ်…. ဒီကိစ္စ ဘယ်လိုထင်လဲ….” ဝေအာကျူး ပြောလိုက်ပြီး “ ခင်များကလည်း ကျွမ်းကျင်သူဆိုတော့ လျော်ရမယ့် ဈေးနှုန်းကို သတ်မှတ်လိုက်… ကျုပ်တို့ အရာရှိကြီး ပြောတဲ့ ဈေးအတိုင်း လိုက်နာပေးမယ်… ဒီငွေ နည်းနည်းလောက်လေးကတော့ ကျုပ်တို့ တတ်နိုင်ပါသေးတယ်…”
“ ခင်များတို့က အရမ်းရိုးသားနေတော့လည်း ပိုပြီးလွယ်ကူသွားတာပေါ့…” ယာဉ်ထိန်းရဲမှ ပြောလိုက်ပြီး “ ကားထိခိုက်သွားတာက ယွမ် 120,000ကနေ 140,000 လောက်ထိရှိတယ်…. ဒီတော့ လျော့ပေါ့ပြီး ယွမ် 120,000 ပဲ လျော်ပေးလိုက်….”
“ ဘယ်လို…”
“ယွမ် 120,000 ....“ ဝေမိသားစုဝင်များမှ ကြက်သေသေသွားခဲ့ပြီး “ အရာရှိကြီး မှားနေတာလား… civic လေ.. အဲ့လောက်အများကြီး ပေးစရာမှ မလိုတာ…”
“ ဒီမှာလူတွေအများကြီးရှိတယ်… သူတို့က ခင်များကို ဒီကားက Civic Type R ပါလို့ မပြောပြဘူးလား…” ယာဉ်ထိန်းရဲမှ ဆွံ့အစွာ ပြောဆိုလိုက်ပြီး “ ကားဘေးခြမ်း ပြင်ဆင်ထားတာချည်း သပ်သပ်နဲ့တင် ယွမ်တစ်သန်းကျော်လောက်ရှိတယ်… ခု ထိခိုက်သွားသလောက်ဆိုရင် အနည်းဆုံးပြင်စရိတ်က ယွမ် 120,000 ပဲ…. သူတို့ ခင်များကို တစ်သိန်းတောင်းတာကတောင် နည်းနေသေးတယ်..”
အဖြေကို ကြားသိလိုက်ရသောအခါ ဝေမိသားစုဝင်များ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားခဲ့ပြီး ကောင်းကင်ကြီး ပြိုကျသွားသည့်အလား ခံစားနေရတော့၏။
ယွမ်တစ်သိန်းဟူသည့် ပမာဏမှာ သူတို့အတွက် ပေါ့သေးသေး မဟုတ်ချေ။ စုဆောင်းထားသမျှ ထုခွဲရောင်းချကာမှ ထိုပမာဏ ရရှိနိုင်လေသည်။
“ ကျုပ်အထင်တော့ ယွမ်တစ်သိန်းကတောင် မလောက်ဘူးထင်တာပဲ… ကားပေါ်က အစင်းရာတွေကို ကြည့်ရသလောက်ကတော့ ခင်များသား ရည်ရွယ်ချက်ရှိရှိ လုပ်တယ်ဆိုတာ သိသာတယ်…. ဒီအတွက် သက်ဆိုင်ရာက အရေးယူရလိမ့်မယ်…” ယာဉ်ထိန်းရဲမှ ပြောလိုက်၏။
“ ကောင်းတာပေါ့… ရဲတွေက ခင်များခေါ်လို့လာတယ်…. သူတို့ရဲ့ တာဝန်က ခင်များတို့ စိတ်ကျေနပ်အောင် လုပ်ပေးဖို့ပဲ… ဒါပေမယ့် ခု သူတို့တာဝန်က ခင်များသားကို ခေါ်သွားဖို့ ဖြစ်သွားပြီ… ဘယ်လောက်တောင် ပြီးပြည့်စုံလိုက်လဲ..” လင်းရီ ပြောလိုက်၏။
ထိုစဥ် ရဲအရာရှိ နှစ်ဦးမှာ ဝေသချန်၏ လက်ကောက်ဝတ်များကို လက်ထိပ်ခတ်လိုက်ပြီး “ ငါတို့နဲ့ စခန်း လိုက်ခဲ့…”
“ မဟုတ်ဘူး....မဖမ်းပါနဲ့ … ကျုပ်ကို မဖမ်းပါနဲ့…” ဝေသချန် ရုန်းကန် လိုက်ပြီး “ ကျုပ်တို့ ချင်းက ရင်းနှီးပါတယ်… ကျုပ် တောင်းပန်ရင် ရမှာပါ….”
“ ဒါရိုက်တာလီ … သွားစို့ နံနက်စာ သွားစားကြမယ်… ကျုပ်တို့ ဒီထက်အချိန်ဆွဲနေရင် ဘာမှမရလိုက်ပဲ နေဦးမယ်….”
လင်းရီ လီချူးဟန်ကို စကားပြန်ပြေရန်ပင် အခွင့်အရေးမပေးပဲ ထိုနေရာမှ ဆွဲခေါ်လာခဲ့လိုက်၏။
ရဲအရာရှိများမှ ထိုကိစ္စကို သေချာကိုင်တွယ်နိုင်လိမ့်မည်ဖြစ်ကြောင်း ယုံကြည်လေသည်။ ထို့ကြောင့် သူ လီချူးဟန်ကို နူးညံ့ကြင်နာတတ်သည့် နှလုံးသားပိုင်ရှင်လေး မဖြစ်ရလေအောင် ထိုနေရာမှ ဆွဲခေါ်သွားလိုက်တော့၏။
“ ဒီလိုလုပ်တာ သိပ်မကောင်းဘူးထင်တယ်နော…”
လူအုပ်ကြီးနားမှ ထွက်ခွာလာခဲ့ပြီးနောက် လီချူးဟန် သူမ၏ ဆံပင်များကို နောက်သို့သပ်ရင်း ပြောလိုက်၏။
သူမ ဝေသချန်ကို ရဲများဖမ်းခေါ်သွားလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပေ။ သူမ ဖြစ်စေချင်သည်က လျော်ကြေးပေးရုံနှင့် အဆင်ပြေပြီးဖြစ်၏။
“ ဒီလိုလူမျိုးတွေက ခူကောင်တွေလိုပဲ … ကိုက်တော့ မကိုက်တတ်ဘူး… ဒါပေမယ့် အတော်တော့ ရွံဖို့ကောင်းတယ်…တကယ်လို့ တစ်ခါတည်း နင်းခြေ မသတ်ပစ်ဘူးဆိုရင် ဘယ်ချိန် လူပေါ် ခုန်တက်လာမလဲဆိုတာ မသိနိုင်ဘူး……”
“ ငါတော့ မသိတော့ဘူး… နင်လုပ်ချင်သလိုသာလုပ်တော့…” လီချူးဟန် ခေါင်းညိမ့်၍ ပြောလိုက်၏။
“ ဪ ဒါနဲ့…. ကားနဲ့ ပတ်သက်လို့ကတော့ ဘာမှ စိတ်မပူနဲ့… ကျုပ်ကို ကားသော့တွေသာပေးထားလိုက်… တစ်ယောက်ယောက်ကို လာယူခိုင်းပြီး ပြန်ပြင်ထားလိုက်မယ်….အရင်ကထက် ပိုကောင်းစေရမယ်လို့ အာမခံတယ်ဗျာ…. ခြစ်ရာ ပွန်းရာ တစ်စက်မှ မရှိစေရဘူး…”
“ အွန်း… ကားသော့တွေက ဒီမှာ…”
“ ဒီညနေ ကျုပ်အိမ်ကို လိုက်ခဲ့…. ဂိုဒေါင်ထဲက ကြိုက်တဲ့ တစ်စီး ယူမောင်း…”
“ အဲ့လောက်ကြီး အလုပ်ရှုပ်ခံ မနေနဲ့ဟယ်… ငါက တက္ကစီ စီးရလည်း အဆင်ပြေတယ်….”
“ ကျုပ်ကားတွေက Type R ထက် ပိုသွက်တယ်နော်… စမ်းမမောင်းကြည့်ချင်ဘူးလား…”
လီချူးဟန် နှုမ်းခမ်းတင်းတင်း ကိုက်လိုက်ပြီးနောက် အချိန်အတော်ကြာမှ “ အင်း…. စမ်းကြည့်မယ်လေ…”
“ အဲ့တာဆို အတည်ဖြစ်သွားပြီ….”
“ ဒါပေမယ့် သာမန်ပိုဖြစ်တဲ့ကားပဲ စီးမှာနော်… နင့်ကားတွေက အရမ်း ကောင်းလွန်းတော့ အလုပ်မှာ သူများမျက်စိစူးနေလိမ့်ဦးမယ်….”
“ သဘောပဲလေ….”
လီချူးဟန်မှာ သူ့လိုမျိုး မဟုတ်ပေ။ လင်းရီကတော့ အလုပ်အသွားအပြန်တင်သာမက အားသည့် အချိန်တိုင်း ကားပတ်မောင်းလေ့ရှိ၏။ ထို့ကြောင့် ကားမရှိပါက အတော်လေး အဆင်မပြေ ဖြစ်ပေလိမ့်မည်။
ကားအကြောင်း ဆွေးနွေးပြီးနောက် နှစ်ယောက်သား လီစီ ပေါက်စီဆိုင်၌ရပ်၍ ပေါက်စီတစ်ချို့ မြည်းစမ်းကြည့်လိုက်၏။
အရသာကတော့ မနက်ခင်းရှုခင်းနှင့် အတော်လေး လိုက်ဖက်ပေသည်။ နံနက်စားပြီးနောက် ဆေးရုံသို့ ပြန်ရောက်လာသောအခါ ပါကင်နေရာမှ တစ်ဖန်တိတ်ဆိတ်သွားကြောင်း မြင်တွေ့လိုက်ရ၏။ လီချူးဟန်၏ ကားကိုလည်း ထိုနေရာ၌ ရပ်ထားလျက်ရှိပြီး လင်းရီကတော့ ရွေ့ဖို့ရာ ရည်ရွယ်ချက်မရှိသေးပေ။ သူ အချိန်ယူ၍ ကျိုးဟိုင်ထောင်ကို ဤနေရာသို့ စေလွှတ်ပြီးပြန်ပြင်ခိုင်းလိုက်မည်။
ထို့နောက် နှစ်ယောက်အတူ ကျိုကျုံး အဆောက်အဦးသို့ ရောက်ရှိလာခဲ့၏။
ဂိုဒေါင်ရှေ့သို့ ရောက်သော အခါ လီချူးဟန်လည်း စပ်စုချင်သည့် မျက်ဝန်းတို့ဖြင့် အထဲသို့ ဝင်သွားကြည့်လိုက်သည်။ သို့သော်လည်း အထဲရှိကားများကို မြင်တော့ အေးစက်သည့် သူမပင်လျှင် အခြားသူများကဲ့သို့ ရင်သပ်ရှုမော ဖြစ်သွားခဲ့ရ၏။ လင်းရီ၏ ကားဂိုဒေါင်မှာ ကားပြပွဲ အငယ်စားလေး တစ်ခု အလားပင်။
“ လွိုင်ကန်စီးမလား… အနီရောင်ဆိုတော့ အသားဖြူတဲ့ ဒါရိုက်တာလီနဲ့ အရမ်းလိုက်ဖက်မှာ…”
လီချူးဟန် ပါးချိုင့်ကို လက်ညိုးဖြင့်ဖိ၍ ခဏစဉ်းစားပြီးနောက် “ Koenigsegg RS မောင်းကြည့်မယ်လေ…. ရတယ်မလား…”
“ ဘာလို့ မရမှာ…. ကြိုက်တာယူမောင်းလို့ရတယ်ပြောပြီးသား မဟုတ်လား…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် လွိုင်ကန်က ပိုပြီး ဈေးများတယ်နော်…”
“ အင်း ... ဒါပေမယ့် Koenigsegg က ပိုပြီး ပြိုင်ကားဘက်ရောက်တယ်လေ… သူ့ရဲ့ အင်ဂျင်ပါဝါနဲ့ ထိန်းတဲ့ စနစ်တွေက ပိုပြီးမောင်းလို့ကောင်းတယ်…”
‘ အာ ‘
လင်းရီ ရုတ်တရက် လီချူးဟန်မှာ သာမန်မိန်းကလေးများနှင့် ကွဲပြားကြောင်း သတိရသွားခဲ့သည်။ ထို့ကြောင့် သူမအတွက်တော့ Koenigsegg မှာ လွိုင်ကန်ထက် ပို၍ ဆွဲဆောင်မှု ရှိနေတော့၏။
“ မောင်းချင်တဲ့ကားသာ မောင်းတော့ဗျာ “
ထို့နောက်လင်းရီ လီချူးဟန်ကို အိမ်ထဲသို့ ခေါ်လာခဲ့ပြီး Koenigsegg ကားသော့များကို အံဆွဲထဲမှ ပေးလိုက်၏။
“ နင့်အိမ်က နည်းနည်းလေး ရှုပ်ယှက်ခပ်နေတာပဲ…. ငါ ကူပြီးရှင်းပေးမယ်လေ….” လီချူးဟန် ပြောလိုက်၏။
“ နေ နေ ဒါရိုက်တာလီ … ကျုပ်အိမ်ကို ခေါ်လာတယ်ဆိုတာကလည်း သန့်ရှင်းရေးလုပ်ခိုင်းဖို့မှ မဟုတ်တာ…”
“ အားနာနေစရာ မလိုပါဘူး နင်ကလည်း…”
လင်းရီမှာ သူမကို အများကြီး အကူအညီပေးထားသောကြောင့် သူမဘက်မှ ကျေးဇူးတင်ချင်နေလေသည်။
သို့သော်လည်း သူမ၏ အိုင်ကျူနှင့် အီးကျူ မညီမျှမှုကြောင့် သူမ လင်းရီကို ကျေးဇူးတုန့်ပြန်ရန် တခြားနည်းလမ်း ရှာမတွေ့ခဲ့ပဲ ကြံရာ မရသည့်အဆုံး အိမ်သန့်ရှင်းရေး လုပ်ပေးရန် ဆုံးဖြတ်လိုက်၏။
ကလင် ကလင် ကလင် …
သန့်ရှင်းရေး လုပ်နေစဉ် လီချူးဟန်၏ ဖုန်းသံ မြည်လာခဲ့၏။ အမည်မသိ နံပါတ်တစ်ခုပင်။
လီချူးဟန် အများကြီး စဉ်းစားမနေပဲ ဖုန်းကောက်ကိုင်လိုက်၏။ သူမ၏ လူနာမှ ဖုန်းဆက်လာခြင်း ဖြစ်လောက်ပေသည်။
“ နင်ဘာတွေဖြစ်နေတာ…. ဟိုက နင့်ကားကို အစင်းရာလေး ထင်အောင်ပဲ လုပ်လိုက်တာလေ… အဲ့တာကိုတောင်မှ အစ်ကိုဝေတို့ကို ယွမ်တစ်သိန်းတောင်းလိုက်တယ်ပေါ့… ငါဒီမြို့မှာ နောက်ဘယ်မျက်နှာနဲ့ ဆက်နေရတော့မှာ….”