← Chapters

အချင်းချင်း နှစ်သက်ကြည်နူးကြရအောင်

Vol. 32 Ch. 474

အချင်းချင်း နှစ်သက်ကြည်နူးကြရအောင်

Vol. 32 Ch. 474

"ဟာ.... "

"ဘာတွေ လာပြောနေတာ... ငါ အဲ့ဘက် မရောက်ဖြစ်တာတောင် အတော်ကြာနေပြီ.... "

"နင့်မှာ ပြောစရာရှိတယ်ဆိုရင် ပွဲကြည့်ရင်း ပြောကြမယ်လေ.... "

"ဟင်း... မင်းက ငါ့ရဲ့ ကြင်နာတတ်တဲ့ နှလုံးသားကို အခွင့်ကောင်း ယူနေတာပဲကွ.... "

"နင်လား......ဘယ်နေရာကြည့်ကြည့် ကြင်နာတတ်တဲ့ သူနဲ့ကို မတူတာ...."လျန်ရူရွှယ် သူမ ကားသော့များကို ထုတ်လိုက်ပြီး "ကားပေါ်တက်... ငါတို့ သွားကြမယ်... "

"မင်းက ပိတ်ထားတဲ့ လမ်းမှာ ကားရပ်ထားတယ်ပေါ့လေ... ဘယ်လောက်တောင် မိမိုက်လိုက်လဲ... "လင်းရီ အတွန့်တက်လိုက်၏။

" ငါက မိမိုက်သလိုလုပ်နေတာ မဟုတ်ဘူး..."လျန်ရူရွှယ်ပြောလိုက်ပြီး "ဒါက စည်းမျဉ်းရဲ့ တစ်စိတ်တစ်ဒေသလေ... ငါက ဘော်ဒီဂတ်တွေ မပါဘဲနဲ့ အပြင်တွေ လျှောက်သွားလို့မရဘူး.... "

"ဆိုတော့ ဒီလိုကိုး...."လင်းရီ သဘောပေါက်သွားတော့သည်။

"ငါလည်း နင့်ကားကို မမြင်ရင် ဒီမှာ ရပ်မှာတောင်မဟုတ်ဘူး...လာ.. ကားပေါ်တက်...."

နှစ်ယောက်သား ကားပေါ်သို့ တက်လိုက်ကြပြီး ပွဲကျင်းပသည့် နေရာသို့ မောင်းနှင်သွားခဲ့ကြ၏။

ပွဲကျင်းပသည့် နေရာမှာ တက္ကသိုလ် အားကစားကွင်းဖြစ်ပြီး အလယ်တွင် စတိတ်စင်တစ်ခုကို ဆောက်လုပ်ထား၏။ အ၀င်၀တွင်တော့ ကျောင်း၏ အထက်ပိုင်း အရာရှိများမှာ အစီအရီ တန်းစီ၍ လျန်ရူရွှယ် ရောက်အလာကို စောင့်ဆိုင်းနေကြလေသည်။

"တီ... တီချယ်လင်း.. နင်က ဘာလို့ ဒီရောက်နေတာ.... "

လင်းရီ လျန်ရူရွှယ်၏ ကားထဲမှ ထွက်လာသည်ကို မြင်တော့ ကျောက်ချီနှင့် ရှောင်ထျန်တို့ ကြက်သေသေသွားကြတော့၏။

လင်းရီက တကယ်ကြီး လက်ထောက် မြို့တော်၀န်ရဲ့ ကားထဲမှာ ထိုင်နေတယ်တဲ့လား.... ဒီမြင်ကွင်းကြီးက လုံး၀ကို ထင်မထားလောက်အောင်ပဲ....

တစ်ချိန်တည်းတွင် လျန်ရူရွှယ်လည်း ရှုပ်ထွေးနေလေသည်။

"နင်က ပင်းချန်တက္ကသိုလ်ရဲ့ ကျူတာလား...."

"အင်း...."လင်းရီ ခဏရပ်တန့်၍ "ဖြစ်ခဲ့တယ်ဆိုပါ‌တော့.... ဒါပေမယ့် ခုတော့ မဟုတ်တော့ပါဘူး... ကျောင်းကော်မတီမှာ အလုပ်လုပ်ဖူးတာလေ.... "

လျန်ရူရွှယ် လင်းရီကို နားမလည်နိုင်တော့ချေ။

တိုင်ကွန်း တစ်ယောက် ဖြစ်ရသည်ထက် ဒုက္ခရှာပြီး ဆရာ၀န်လုပ်ကာ ယခု ကျောင်းဆရာပင် လုပ်နေချေပြီ။

ဒီကောင်က ဘ၀မှာ မလုပ်ဖူးတာ မရှိအောင် လုပ်ဖို့ စီစဉ်နေတာများလား....

သို့သော်လည်း လင်းရီ၏ အထောက်အထားမှာလက်ခံ နိုင်ဖွယ် ရှိသေး၏။ မည်သို့ပင်ဆိုစေ ကျောင်းကော်မတီ အဖွဲ့၀င်ဖြစ်ရန်မှာ အထွေအထူး ကျွမ်းကျင်ရမည့် အရည်အချင်းတို့ မလိုအပ်ပဲ ဘွဲ့ရတစ်ယောက် ဖြစ်နေသရွေ့ လုပ်နိုင်သည့် အလုပ်မျိုး ဖြစ်၏။

"မြို့တော်၀န်လျန်ကို ကျုပ် မိတ်ဆက်ပေးရဦးမယ်... တီချယ်လင်းက ကျောင်းကော်မတီ အဖွဲ့၀င်တင် မကသေးဘူးနော်... ဒုဥက္ကဌတစ်ယောက်လည်း ဖြစ်နေသေးတယ်.... "

"ဟင်.... သူက ဒုဥက္ကဌလည်း ဖြစ်သေးတာလား...."

ဤတစ်ကြိမ်တွင်တော့ လျန်ရူရွှယ် ဆက်လက် တည်ငြိမ်စွာ မနေနိုင်တော့ပေ။

ဒုဥက္ကဌ ရာထူးဆိုသည်မှာ သာမန်လူတို့ မရရှိနိုင်သည့် အလုပ်မျိုး ဖြစ်လေသည်။

'နေပါဦး.. သူ့လိုကောင်က ဒုဥက္ကဌ ဖြစ်လာတယ်ဆိုတော့ တက္ကသိုလ်က မိန်းကလေးတွေအကုန် ဒီကောင့်လက်က လွှတ်ပါ့ဦးမလား... '

"ငါ ဘယ်သူလဲ ဆိုတာ မင်းမေ့သွားတာလား... "လင်းရီ လျန်ရူရွှယ် နားအနားကပ်၍ တီးတိုး ပြောလိုက်ပြီး "ငါက ပစ္စည်းဥစ္စာတွေ လှူဒါန်းပြီးတော့ ဒုဥက္ကဌ ဖြစ်လာတာလေ.... "

လျန်ရူရွှယ် ခေါင်းညိမ့်လိုက်၏။ သူမ လင်းရီကို လုံး၀ နားမလည်နိုင်တော့ဟု ခံစားနေရတော့၏။

ရိုးရှင်းသည့် အလာပသလ္လာပများ ပြောဆိုပြီးနောက် လင်းရီနှင့် လျန်ရူရွှယ်တို့ကို ခန်းမထဲသို့ ဖိတ်ခေါ်လိုက်လေသည်။

လင်းရီ ၀င်လျှင် ၀င်ချင်း သူ၏ အသည်းကျော် တပည့်မလေးများမှ သူ၏ နာမည်ကို k pop ဖန်ဂဲလေးများ အတိုင်း တကြော်ကြော် လှမ်းအော်ကြတော့သည်။

" တီချယ်လင်း ... အိုပါး.... အရမ်းချစ်တယ်.... "

"တီချယ်လင်း ... အရမ်းချစ်တယ်... "

"တီချယ်လင်း ... အရမ်းချစ်တယ်... "

"တီချယ်လင်း ... အရမ်းချစ်တယ်... "

အော်ဟစ်နေကြသည့် ကျောင်းသူများအားလုံးမှာ စတုတ္ထနှစ်များ ဖြစ်ကြပြီး သူတိူ့အားလူံး လင်းရီ၏ တန်ခိုးဩဇာ ကြီးထွားမှုကို မျက်မြင်ဒိဠ ကြုံတွေ့ခဲ့ကြသူများ ဖြစ်လေသည်။

"ငါနင့်ကို လက်ဗလာနဲ့ မပြန်တတ်တဲ့ သူခိုးလို့ ပြောမိတာတောင် မှားပြီထင်တယ်.... နင့်အဆင့်က အဲ့လောက်နဲ့ မလုံလောက်တော့ဘူး..... " လျန်ရူရွှယ် ပြောလိုက်ပြီး "နင်က လမ်းမှာ တွေ့သမျှ ကောင်မလေးတွေကို သိမ်းပိုက်ပစ်တာပဲ.. ဘယ်သူမှ နင့်ရဲ့ လက်အောက်ကနေ မလွတ်မြောက်နိုင်ဘူး... "

"သောက်ရေးမပါတာတွေ..."လင်းရီ ပြောပြီးနောက် လျန်ရူရွှယ် နားအနားကပ်၍ "ဟိုးနားက ကောင်လေးတွေကိုလည်း ကြည့်လိုက်... သူတို့လည်း မင်းကို ကြည့်နေကြတယ် တွေ့လား...."

"နင်နဲ့ ငါနဲ့က မတူဘူးလေ.... "

"ဘယ်လို မတူတာ... သူတို့အားလုံးက လှလို့ ကြည့်နေကြတာပဲ မဟုတ်ဘူးလား.... "

"သူတို့က ငါ့ကို လှလို့ ကြည့်တယ် ဆိုရင်တောင်မှ ဒီတိုင်း ကြည့်လို့ပဲ ရမှာ... ဒါပေမယ့် နင်ကတော့ မတူဘူး... "လျန်ရူရွှယ် ပြောလိုက်ပြီး "ဒီ ကလေးမလေးတွေသာ နင့်ရဲ့ ဆွဲဆောင်မှုကို ခံစားကြည့်လို့ကတော့ နင်က ဂျောင်တစ်နေရာမှာ ပြန်ပြီး အပြည့်အ၀ ပြန်ခံစားကြည့်မှာလေ.... "

" မင်းပြောမှပဲ ငါ အချိန်တွေ အလဟဿ ဖြုန်းတီးနေသလို တောင် ခံစားနေရတယ်.... "

"ဘယ်လိုမျိုးလဲ..."လျန်ရူရွှယ် သူမ ခေါင်းကို စောင်းငဲ့ပြီး လင်းရီကို ကြည့်လိုက်သည်။

"ငါတို့ ဒီရဲ့ နို့နံမစင်သေးတဲ့ ကျောင်းသားလေးတွေကို ဘေးချိတ်ထားပြီး ငါတို့နှစ်ယောက်ပဲ အချင်းချင်း အလှတရားကို ခံစားကြည့်ကြမယ်ဆိုရင်ကော.... "

"နင် ကျည်ကာ အင်္ကျီ၀တ်ထားလား..."

"ဟင့်အင်း...."

"ဟီးဟီး... အဲ့တာဆို ဒီနေ့က နင်သေဖို့ အချိန်ကောင်းပဲ...."

"ဟမ်.... "

ကျောက်ချီ၏ လမ်းညွှန်မှုအောက်တွင် နှစ်ယောက်သား ပွဲကြည့်ထိုင်ခုံ အသီးသီး၌ ထိုင်လိုက်ကြ၏။ မကြာခင် ကြိုဆွဲပွဲ အခမ်းအနား စတင် ဖွင့်လှစ်လေသည်။

သို့သော်လည်း ထိုသို့ မဖွင့်လှစ်မှီ ကျောင်းအုပ်ကျောက်နှင့် လျန်ရူရွှယ်မှ စင်ပေါ်တက်၍ ဘာညာကွိကွများ ပြောကြားသေး၏။ ထိုအရာများ ပြီးဆုံးမှသာ အခမ်းအနား တရား၀င် စတင်လေသည်။

"နင်ငါ့ကို ပြောစရာ ရှိတယ်လို့ ပြောတယ်မလား....ခုပြောတော့လေ... "လျန်ရူရွှယ် ပြောလိုက်၏။

"မလောစမ်းပါနဲ့... ငါတို့ နည်းနည်း ပါးပါး မျက်နှာသာပေးပြီးတော့မှ ကလေးတွေ ဖျော်ဖြေတင်ဆက်တာကို ကြည့်ပေးရမယ်မဟုတ်လား... တော်နေကြာ ငါတို့ကို မာနတခွဲသားကြီးတွေနဲ့လို့ ပြောနေကြလိမ့်မယ်.... "

လျန်ရူရွှယ် သူမခေါင်းကို မော့လိုက်ပြီး စတိတ်စင်ပေါ်တွင် ကခုန်နေသည့် ကော်မလေးများကို ကြည့်လိုက်၏။ သူမတို့အားလုံး အတိုအပြတ်များ ၀တ်ဆင်ထားကြပြီး သွယ်လျသည့် ပေါင်တံများအား လှစ်ဟထားကြလေသည်။

လျန်ရူရွှယ် မျက်လုံးအသာလှန်လိုက်၏။ သူမ လင်းရီ၏ ရည်ရွယ်ချက်ကို နားလည်လေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် လင်းရီ စကားစလာခဲ့သည်။ "အိုကေ ငါခု ဟန်ဆောင်ပြီးသွားပြီ... အလုပ်ကိစ္စ ပြောကြတာပေါ့.... "

လျန်ရူရွှယ် သူမ ခေါင်းကို ပြန်မော့ကြည့်လိုက်သောအခါ စင်ပေါ်တွင် ယောက်ျားလေးတစ်ချို့ တင်ဆက်သည့် သိုင်းအလှပြကွက်များ ဖြစ်နေလေသည်။

"ငါ့အထင်တော့ ဒီရဲ့ သိုင်းအလှပြကွက်တွေလည်း အတော်လေး မဆိုးဘူးလို့ ထင်တာပဲ... "လျန်ရူရွှယ် ပြောလိုက်ပြီး "အထူးသဖြင့်တော့ ရှေ့ဆုံးတန်းက ကောင်လေးပေါ့... အတော်လေး ကြည့်လို့ကောင်းတယ်.... "

လင်းရီ တစ်ဖက်သို့ လှည့်ပြီး ကျောက်ချီကို ကြည့်ကာ "ရှေ့တန်းကကောင်ကို ပွဲပြီးရင် အပြစ်ကြီးကြီးပေးလိုက်.... "

ကျောက်ချီ "..... "

လျန်ရူရွှယ် "...... "

"ဒါကြီးက ပုရိသဝါဒီ ဆန်လွန်းသွားပြီ.... "

သူ့ကိုယ်သူ တီးတိုးရေရွတ်ရင်း လျန်ရူရွှယ် လင်းရီကို ကြည့်ကာ "ပြောလေ... နင်ဘာပြောချင်နေတာ....."

လင်းရီ လျန်ရူရွှယ် အနားသို့ တိုးသွားပြီး နားကို လက်ဝါးဖြင့် အုပ်ကာ လေသံတိုးတိုးလေးဖြင့် "ရန်ချိန်မှာ မင်းရဲ့ အဆက်အသွယ်လေး ဘာလေး မရှိဘူးလား.... "

"ဘာလဲဖြစ်လို့... နင့်ရဲ့ မိဘမဲ့ဂေဟာကို ငါ ဥပဒေ အကူအညီတစ်ချို့ ပေးရမှာလား...."

"အဲ့သဘော မဟုတ်ဘူး.... ငါ့အမေကို ငါ့ဘာငါ ဂရုစိုက်နိုင်တယ်... "လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး "ရန်ချိန်အောက်က ဆင်းရဲ့တဲ့ မြို့လေး... ပေချောင်ဆိုတဲ့ မြို့မှာ ငါ မူလတန်းနဲ့ ဂျူနီယာ အထက်တန်းထိ တက်လို့ရတဲ့ ကျောင်းတစ်ကျောင်း ဆောက်မလို့... ဒါပေမယ့် အဲ့ဘက်က လမ်းအခြေအနေတွေက တော်တော်ကြီးကို ဆိုးရွားနေတာ... ဒါကြောင့်မို့ ငါ လမ်းပြန်ပြင်ဖို့ စိတ်ကူးထားတယ်... မင်း သင့်တော်မယ့် လူတစ်ချို့နဲ့ ချိတ်ဆက်ပေးပြီးတော့ ရန်ပုံငွေတစ်ချို့လောက် ထောက်ပံ့ပေးပါလားလို့.... "

"နင်က ကျောင်းဆောက်ချင်နေတယ်.... "

လျန်ရူရွှယ်၏ မျက်လုံးလှလှလေးများ ပြူးကျယ်သွားခဲ့ပြီး လင်းရီ ထိုသို့ ပြုလုပ်လိမ့်မည်လို့ လုံး၀ ထင်မှတ်မထားသောကြောင့် ရှော့ခ်ရသွားခဲ့သည့် ပုံပင်။

"ပိုက်ဆံတွေချည်း လိုက်လှူဒါန်းနေတာက အကောင်းဆုံး ဖြေရှင်းတဲ့ နည်းလမ်း မဟုတ်ဘူးလေ... ပြီးတော့ ပြဿနာရဲ့ အရင်းအမြစ်ကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူး... "လင်းရီ ပြောလိုက်ပြီး "အသိဉာဏ်ပညာက လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲစေတယ်... ငါ ကလေးတွေကို ပိုပြီး အသိဉာဏ်ကြွယ်၀အောင် လုပ်ပေးမှ လူမှုအဖွဲ့အစည်းတွေနဲ့ နှီးနှောတဲ့ အခါကျရင် မခက်ခဲမှာ... "

"ဟူး..... "

လျန်ရူရွှယ် အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး လင်းရီတွင် မွန်မြတ်သည့် စိတ်ထားရှိလိမ့်မည်လို့ညသူမ ထင်မထားခဲ့ချေ။

"ငါက ကျိုးဟိုင်ကို ရာထူးပြောင်းခံခဲ့ရတာ... ရန်ကျင်းမှာ အလုပ်လုပ်ခဲ့ဖူးတယ် ဆိုပေမယ့် ရန်ချိန်က လူတွေနဲ့တော့ မရင်းနှီးဘူး... "လျန်ရူရွှယ် ပြောလိုက်ပြီး "ဒါပေမယ့် ငါ သူတို့ကို ဆက်သွယ်ကြည့်ပါ့မယ်လေ... မကြာခင် နင် သတင်းတစ်ခုခုတော့ သိရမှာပါ... "

"ကျေးဇူးပဲ...."

လျန်ရူရွှယ် လင်းရီကို ကြည့်လိုက်ပြီး "နင် ဒီလိုမျိုး ပရဟိတ အလုပ်တွေ ဆက်လုပ်နေဦးမှာလား.... "

လင်းရီ စက္ကန့် အနည်းငယ်ကြာအောင် တွေးတောပြီးနောက် "ပိုက်ဆံအိတ်ထဲ ပိုက်ဆံ ဘယ်လောက် ရှိလဲ အရင်ကြည့်တာပေါ့... ငါ ရန်ပုံငွေ မရရင်တော့ မလုပ်ဘူး...."

"နင် အခု လုပ်နေတာတွေက နင့်ရဲ့ အခြေအနေ အရပ်ရပ်ကို မပြောင်းလဲပေးနိုင်ဘူးဆိုတာ နင်လည်း နားလည်တယ်နော်.. ပြီးတော့ နင့်ရဲ့ လုပ်ငန်းတွေကလည်း ခုမှ တရိပ်ရိပ်နဲ့ တက်နေတုန်း ရှိသေးတယ်... ခု အချိန်က နင် အဲ့ဒီ ပရဟိတ အလုပ်တွေကို အာရုံစိုက်နေရမယ့် အချိန်မဟုတ်သေးဘူး...."

လျန်ရူရွှယ် သူမ၏ ရာထူးကို မျက်ကွယ်ပြုထားပြီး မိတ်ဆွေ တစ်ယောက်အနေဖြင့် သတိပေးလိုက်ခြင်းဖြစ်၏။

လင်းရီ လျန်ရူရွှယ်ကို ပြုံးပြလိုက်ပြီး "သစ်ပင်တွေစိုက်ဖို့ အကောင်းဆုံးအချိန်က ဘယ်တုန်းကလဲ သိလား..."

လျန်ရူရွှယ် ရိုးသားစွာဖြင့် သူမခေါင်းကို ခါရမ်းလိုက်၏။

"လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကပဲ... "လင်းရီ ပြောလိုက်ပြီး "နောက်ထပ် သစ်ပင်တွေစိုက်ဖို့ အကောင်းဆုံး အချိန်ကကော ဘယ်အချိန်လဲ သိလား..."

လျန်ရူရွှယ် သူမ ခေါင်းကို ခါရမ်းလိုက်ပြန်သည်။

"အခုပဲ..."

"တစ်ချို့ ကိစ္စရပ်တွေမှာ ပြီးပြည့်စုံတဲ့ အခြေအနေကို ရောက်တဲ့အထိ စောင့်ဆိုင်းနေလို့ မရဘူး... ခု ချက်ချင်း စတင်တာက အကောင်းဆုံးပဲ... ဒါကြောင့်မို့ မင်းဘက်က စတင်ဖို့ပဲ လိုတယ်.... ဘယ်အချိန်လဲ ဆိုတာက အရေးမကြီးဘူး........ “

All Chapters