မိုက်ခရိုချစ်ပ် သတင်းစာရှင်းလင်းပွဲ
Vol. 32 Ch. 476
“ အဲ့တာဆို ဘာလည်းစောင့်နေတာ…. ကားထဲဝင်လေ…. ငါတော့ ဆာလှပြီ…”
လျန်ရူရွှယ် သူမ၏ လက်များကို လေထဲ ဖြတ်ပြေးသွားလိုက်ပြီး လင်းရီကို မဖြောင်းဖြနိုင်သောကြောင့် ကားထဲဝင်၍ အိမ်သို့ မောင်းသွားရန်သာ စီစဉ်လိုက်လေသည်။
အိမ်သို့ရောက်သောအခါ လျန်ရူရွှယ် လင်းရီကို ညှပ်ဖိနပ်တစ်ရံ ပေးလိုက်ပြီး သူမကတော့ အခန်းထဲသို့ ဝင်၍ လက်ရှည် ညအိပ်ဝတ်စုံကို လဲလှယ်ကာ မီးဖိုချောင်ထဲဝင်၍ ချက်ပြုတ်လေသည်။
“ ဒီနေ့ ဘာလို့ အဝတ်အစားတွေလဲလိုက်တာ… နောက်ဆုံးတစ်ခေါက် ငါလာတုန်းက မင်း ပိုးထည်တွေ ဝတ်နေတာ မှတ်မိသားပဲ…” လင်းရီ ဆိုဖာပေါ်တွင် လဲလျောင်းနေရင်း ဘော့စ်တစ်ဦးကဲ့သို့ ပြောလိုက်၏။
“ ဘာလို့လဲ… ကျွန်မက အဝတ်ဝတ်တာကအစ မစ္စတာလင်းရဲ့ ခွင့်ပြုချက်ကို တောင်းခံနေရတော့မှာလား…”
“ မဟုတ်ပါဘူး.. ငါက သူတို့ကို အမှောင်ထဲမှာ မထားချင်ရုံလေးပဲ… မဟုတ်ရင် ကောင်းကောင်းမွန်မွန် ကြီးထွားနိုင်မှာ မဟုတ်ဘူးလေ….”
“ ငါ အဲ့ဒီ ပိုးထည် ညအိပ်ဝတ် ဝတ်ရင်တောင်မှ တခြားအင်္ကျီတွေပေါ်မှာပဲ ထပ် ဝတ် မှာ… “ လျန်ရူရွှယ် ပြောလိုက်ပြီး “ နင့်ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေကို ဘေးချိတ်ထားလိုက်တော့…”
သူမပြောရင်း လျန်ရူရွှယ် သူမ ဘောင်းဘီခြေထောက်များကို လိပ်တင်ကာ သွယ်လျသည့် ခြေသလုံးသားလေးများကို လှစ်ဟာပြလိုက်ပြီး “ နင့်ကို ခဏလောက် ပေးကြည့်ထားလိုက်မယ်… ဝအောင်ကြည့်…”
“ ကြည့်စရာ ဘာရှိလို့…”
“ မှန်မှန်ပြောစမ်း… ဘယ်အမျိုးသမီးရဲ့ ခြေတံက မှ ငါ့လောက်မရှည်ဘူးနော်…”
“ ဘယ်အမျိုးသားကမှလည်း ငါ့လောက်မရှည်ပါဘူးဟ…”
“ငါ့ရှေ့မှာ ဒီလိုမဟုတ်တာတွေ ပြောဝံ့သာ နင်ပထမဆုံးပဲ...…”
နှစ်ယောက်လုံးမှာ အရွယ်ရောက်ပြီးသူများ ဖြစ်သောကြောင့် လျန်ရူရွှယ်ထိုညစ်ပတ်သည့် ဟာသများကို နားလည်လေသည်။
သူမ စစ်ဗိုလ်အသိုင်းအဝိုင်းတွင် ကြီးပြင်းလာခဲ့ပြီး ထိုထက်ရွံဖို့ကောင်းသည့် ဟာသများကိုပင် ကြားခဲ့ဖူး၏။ သို့သော်လည်း သူမ ရှေ့တွင်တော့ တိုက်ရိုက်ကြီး မည်သူမျှ မပြောဝံ့ကြချေ။
ရန်တွေ့ပြီး မကြာမီ မီးဖိုချောင်ထဲမှ အိုးခွက်ပန်းကန်သံများ ဆူညံလာပြီး နာရီဝက်ကြာပြီးနောက် ဟင်းပွဲများအားလုံးကို ပြင်ဆင်ချက်ပြုတ်ပြီးသွားချေပြီ။ အာဟာရမျှတအောင် ချက်ပြုတ်ထားသည့် အသားဟင်းတစ်ခွက်၊ အရွက်ဟင်း တစ်ခွက်နှင့် စွပ်ပြုတ်တစ်ခွက်တို့က စားပွဲပေါ်တွင် နေရာယူထားလေသည်။
“ နင် ရန်ပုံငွေ ဘယ်လောက်လိုချင်လဲ…” စားနေစဉ် လျန်ရူရွှယ်မှ မေးမြန်းလိုက်၏။
"ငါလိုချင်သလောက် တောင်းဆိုလို့ရတာလား... "
"ဒါပေါ့... နင် အလိုရှိသလောက် ပြောလို့ရတာပေါ့..."လျန်ရူရွှယ် ပြောလိုက်ပြီး "ဒါပေမယ့် လိုအပ်တဲ့ ပမာဏက အရမ်းများနေရင်တော့ ငြင်းခံရမှာပဲ.... "
"အဲ့ဒါဆို ဘယ်လောက်တောင်းရင် သင့်တော်မယ်လို့ ထင်လဲ... မင်းပေးနိုင်သလောက်တာပေး... ငါက အဲ့လောက်လည်း ဂျေးမများဘူး.... "
"၄၀% ထောက်ပံ့ပေးမယ်ဆိုရင်ကော.... "လျန်ရူရွှယ် ပြောလိုက်ပြီး "မြို့အတွက် လမ်းတစ်ခုနဲ့ တံတားတစ်စင်းဆောက်တာက ဘယ်လောက်မှ ကုန်ကျမှာ မဟုတ်ဘူး.... ပြီးတော့ နင် ချောင်ရန်အုပ်စုကို လက်လွှဲထားလို့ရတယ်ဆိုတော့ ကုန်ကျစရိတ်က ပိုပြီးတောင် သက်သာသွားဦးမယ်.... အချိန်ကျလာရင် ငါနင့်ကို ကူညီပေးမယ်လေ.. ရန်ပုံငွေတွေက နင့်ဟာပဲ....."
"ကျေးဇူးပါ အလှလေးလျန်... ငါ့ကိုယ်ငါ ပုံအပ်ရုံကလွဲလို့ ကျေးဇူးဆပ်ဖို့ နည်းလမ်းရှာမရတော့ဘူး....ဘယ်လိုလုပ်ရမလဲ... "
လျန်ရူရွှယ် အသားတစ်တုံးကို ညှပ်လိုက်ပြီး ကလူကျီစယ်သည့် အသံဖြင့် "နင့်ဟာနင်သာ စားစမ်းပါ...."
ညစာစားပြီးနောက် လင်းရီနှင့် လျန်ရူရွှယ်တို့ ခဏတဖြုတ်ခန့် စကားပြောဆိုကြ၏။
သူမ လင်းရီကို မျှော်လင့်ခြင်းကျောင်းအတွက် တည်နေရာကို ကျိုးဟိုင်တွင် ဆောက်လုပ်ခိုင်းရန် စီစဉ်ထား၏။ ဤသို့ဖြင့် သူမ လင်းရီကို ပို၍ ပံ့ပို့ပေးနိုင်လေသည်။
သို့သော်လည်း လင်းရီ၏ မွေးရပ်မြေမှာ ရန်ချိန်ဖြစ်ကြောင်း သတိရတော့ နှုတ်ဆိတ်နေရန်သာ ဆုံးဖြတ်လိုက်၏။
လျန်ရူရွှယ်နှင့် ညစာစားပြီးနောက် လင်းရီ သူ့အိမ်သို့ ပြန်လာခဲ့သည်။
လမ်းတွင်တော့ သူ လီချူးဟန်ထံ ဖုန်းဆက်ပြီး မနက်ဖြန်မနက် ကိစ္စရှိ၍ မလာနိုင်ကြောင်း ခွင့်တိုင်လိုက်၏။
လီချူးဟန်လည်း ချောချောချူချူ သဘောတူလိုက်ကာ အချိန်မလောက်ပါက မွန်းလွဲပိုင်းလောက်မှ ဆေးရုံသို့ လာလျှင်လည်း အဆင်ပြေကြောင်း ပြောကြားလေသည်။
ထိုသို့ ဆိုလျှင်တောင် လင်းရီကတော့ လက်မခံခဲ့ပေ။ သူ နေ့လည်တွင် ခွဲစိတ်မှုတစ်ခု ရှိသေးသောကြောင့် အချိန်မှီ လာရန် ဆုံးဖ့တ်ထား၏။ စနစ်၏ မစ်ရှင်များကို ဥပေက္ခာပြုထား၍ မဖြစ်ချေ။
တစ်ညတာ အနားယူပြီး နောက်နေ့ မနက်တွင် လင်းရီ အသစ်တည်ဆောက်ထားသည့် သုတေသနစင်တာ အသစ်သို့ ဦးတည်လိုက်၏။
"ဥက္ကဌလင်း... ရောက်လာပြီလား...."
လင်းရီကို မြင်တော့ ရှန်းထျန်းကျိုး ရယ်မော နှုတ်ဆက်လိုက်သည်။
"ဒါရိုက်တာရှန်း... ခု ပရောဂျက်အခြေအနေက ဘယ်လိုရှိလဲ... "
နှစ်ယောက်သား ထိုင်ချလိုက်ပြီး ရှန်းထျန်းကျိုးမှ ရေနှစ်ခွက် ငှဲ့လိုက်ကာ "ငါတို့မကြာခင် ၁၂ နာနိုမီတာချစ်ပ်ကို ထုတ်လုပ်နိုင်တော့မယ်.... ဒါပေမယ့် မင်းလည်း သိတဲ့အတိုင်းပဲ .. ခု အဆင့်အမြင့်ဆုံး ချစ်ပ်က ၄ နာနိုမီတာအရွယ်အစားဆိုတော့ နယ်ပယ်က စံချိန်စံညွှန်းတွေကို မှီဖို့ လိုအပ်နေသေးတုန်းပဲ.... "
"အင်း... ကျုပ်တို့ကို အဲ့ဒီနေရာရောက်အောင် တားဆီးနေတဲ့ အဓိက ပြဿနာက ဘာများလဲ.... "
"အလင်းအရင်းအမြစ်.... "
ရှန်းထျန်းကျိုး ပွင့်ပွင့်လင်းလင်း ပြောလိုက်ပြီး "တခြား လိုအပ်တဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို တစ်ကမ္ဘာလုံးက ငါ့အဆက်အသွယ်တွေနဲ့ ၀ယ်ဖို့က ပြဿနာမရှိဘူး... အဲ့ဒီ အလင်းအရင်းအမြစ်နေရာမှာ ပြဿနာ လာတက်နေတာ..... "
လင်းရီ မေးစေ့ပွတ်လိုက်ပြီး "တကယ်လို့ ကျုပ်တို့ ကိုယ့်ဘာကို လုပ်မယ်ဆိုရင် အချိန်နဲ့ ငွေ ဘယ်လောက်များများ ကုန်မယ်ထင်လဲ.... "
"ငွေကို ထည့်မတွက်ဘူးဆိုရင်တောင် အနည်းဆုံး သုံးနှစ်လောက်ကြာဖို့ များတယ်.... "ရှန်းထျန်းကျိူး ပြောလိုက်ပြီး "ဒါပေမယ့် မတန်ပါဘူးကွာ... တကယ်လို့ သုံးနှစ်ကြာပြီး ငါတို့ ၄ နာနိုမီတာ အလင်းအရင်းအမြစ်ကို ထုတ်လုပ်နိုင်ရင်တောင် ထိုင်၀မ်လို လျှပ်စစ်ကုမ္ပဏီတွေက ၃ နာနိုမီတာ အလင်းအရင်းအမြစ်ကို ထုတ်လုပ်နိုင်နေလောက်ပြီ....ငါတို့က generation တစ်ခုစာလောက် နောက်ကျနေတော့မှာ...ဒါကြောင့်မို့ လိုက်မှီဖို့ဆိုတာ မဖြစ်နိုင်ဘူး.... "
လင်းရီ ရှန်းထျန်းကျိုး၏ စကားလုံးများကို အပြည့်အ၀ သဘောတူလေသည်။
ကမ္ဘာကြီးမှာ အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေပြီး မည်သူကမျှ သူတို့ အမှီလိုက်လာမည်ကို ထိုင်စောင့်နေလိမ့်မည် မဟုတ်ချေ။
ထို့ပြင် လူတစ်ဦးတစ်ယောက်ကို မဆိုထားဘိ။တစ်နိုင်ငံလုံး၏ စွမ်းအားအရင်းအမြစ်ဖြင့်တောင် ဖိုတိုလီတိုဂရပ်ဖီစက်ကို ထုတ်လုပ်ဖို့ရာ မဖြစ်နိုင်ချေ။
ထို့ကြောင့် သူတိူ့ လက်ရှိ ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာမှာ သင့်လျော်သည့် အလင်းအရင်းအမြစ် ပြတ်လပ်နေခြင်းကိုပင်။
“ တကယ်လို့ ကျုပ်မှတ်မိသာမှန်မယ်ဆိုရင် cymer က ကမ္ဘာ့ထိပ်တန်း EUV Light source နည်းပညာကိုထုတ်လုပ်တာ မလား…”
“ အမှန်ပဲ…. ASMLရဲ့ ဖိုတိုလီတိုဂရပ်ဖီစက်တွေကလည်း Cymer ရဲ့ အလင်းအရင်းအမြစ်ကို အသုံးပြုထားတာ…”
ရှန်းထျန်းကျိုး ပြောလိုက်ပြီး “ လွန်ခဲ့တဲ့ ရက်တွေတုန်းက ငါ Cymer ရဲ့ တာဝန်ရှိတဲ့သူနဲ့ Yatai မှာတွေ့ခဲ့သေးတယ်.. ဒါပေမယ့် ညှိနှိုင်းဆွေးနွေးမှုရလဒ်ကတော့ စိတ်ကျေနပ်ဖို့ မကောင်းစရာပဲ…”
“ ပိတ်ပင်တားမြစ်ချက်တွေ ရှိနေတာလား….”
ရှန်းထျန်းကျိုး ခေါင်းညိမ့်လိုက်ပြီး “ သူတို့ဘက်က ဟွာရှကို အတော်လေး သတိထားနေကြတယ်… ထုတ်ကုန်အဟောင်းတွေကိုတော့ ရောင်းပေးလို့ရတယ်ဆိုပေမယ့် နောက်ဆုံးပေါ်တွေကိုတော့ မရဘူး… ၄ နာနိုမီတာအလင်းအရင်းအမြစ်လောက်တော့ ရနိုင်တယ်ဆိုပေမယ့် ….. မေ့လိုက်ပါကွာ….”
“ ဒါကြီးက သောက်ရမ်း ခက်ခဲတာပဲ….”
“ မင်းလည်း ဒီလိုဖြစ်လာမယ်လို့ မျှော်လင့်ထားပြီးသားမလား…” ရှန်းထျန်းကျိုး အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဖိုတိုလီတိုဂရပ်ဖီစက်ကို တီထွင်နိုင်ဖို့ဆိုတာ လွယ်တာမှ မဟုတ်ပဲကို… ဒီတော့ လောစရာမလိုဘူး… တစ်ခြားအစိတ်အပိုင်းတွေကလည်း လုံလောက်တဲ့အနေအထား မရှိသေးဘူးဆိုတော့ ငါတို့ ခုဝယ်လိုက်ရင်တောင် အလကားပဲ…”
“ ကောင်းပြီ… ကျုပ်နားလည်တယ်…” လင်းရီ ပြောလိုက်ပြီး “ ကျုပ် နောက်မှ တစ်ခုခု ထပ်စဉ်းစားကြည့်ပါဦးမယ်….”
“ အနှစ်ချုပ်ပြောရရင်ကွာ တခြားအစိတ်အပိုင်းတွေက ဆောက်လုပ်ရတာ မခက်ခဲဘူး…. အဓိက ပြဿနာက အလင်းအရင်းအမြစ်ပဲ….” ရှန်ထျန်းကျိုး ပြောပြီးနောက် မတ်တပ်ရပ်လိုက်ပြီး “ မင်းလည်း ဒီရောက်နေပြီဆိုမှတော့ ငါ တခြား သုတေတနနဲ့ တိုးတက်မှု အစီရင်ခံစာတွေ ယူလာပေးမယ်… ဖတ်ပြီး တစ်ခါတည်း လက်မှတ်ထိုးလိုက်တော့…”
“ ဒါရိုက်တာရှန်း …. ကျုပ် အစီရင်ခံစာတွေ ဖတ်ပြီးတော့ ခေါင်းမရှုပ်ချင်ဘူးဗျာ…. ဒီအကြောင်း စိတ်ပူစရာမလိုဘူး…” လင်းရီ ပြောလိုက်ပြီး “ ခင်များ လုရင်းနဲ့ စွန်းဖုယွီကို တစ်ချက်ခေါ်လာပေးလို့ရလား… ကျုပ်သူတို့ကို ပြောစရာရှိလို့…”
“ ကောင်းပြီလေ… မင်း ဒီမှာစောင့်နေဦး…”
မိနစ်အနည်းငယ်ကြာပြီးနောက် လုရင်းနှင့် စွန်းဖုယွီတို့ ရောက်လာခဲ့ကြ၏။
“ဘော့စ်… ရှာနေတာလားရှင့်…” လုရင်းမေးလိုက်သည်။
“ နောက်လေးငါးရက်လောက် အထိကို မင်းတို့ ခုလုပ်နေတာတွေ အကုန်လုံး ဘေးချိတ်ထားလိုက်ဦး… ငါမင်းတို့ကို ပြောစရာရှိတယ်…”
“ ဟုတ်ကဲ့ ပြောပါရှင့်….”
“ ငါတို့ရဲ့ ချစ်ဗားရှင်း 1.0 အတွက် သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ပြင်လိုက်တော့…”
“ ဟင်… သတင်းစာ ရှင်းလင်းပွဲ…” လုရင်းနှင့် စွန်းဖုယွီတို့ ရှော့ခ်ရသွားခဲ့ကြသည်။ လင်းရီ နောက်များ နေသလားဟုတောင် ခံစားနေကြရ၏။
“ Cisco က ကျွန်မတို့ နည်းပညာကို ခိုးသွားပြီးလို့ မူပိုင်ခွင့် အခုနှစ်ဆယ်လောက်တောင် လုပ်ထားပြီးသွားပြီလေ… ကျွန်မတို့သာ သတင်းစာရှင်းလင်းပွဲလုပ်လိုက်လို့ကတော့ ပွဲပြီးတာနဲ့ တရားရုံးက ဆင့်ခေါ်စာ ရောက်လာခဲ့တော့မှာပေါ့ ဘော့စ်ရဲ့….”
“ ဟုတ်တယ် .... ဒါပေမယ့် ငါတို့က ချစ်ပ်ဗားရှင်း 1.0 ကို ချပြမယ်လို့ ပြောလဲ....”
“ ဘော့စ်က ချစ်ဗားရှင်း 2.0 ကို ထုတ်ပြဖို့ စီစဉ်နေတာလား…”
လင်းရီ ဖျော့တော့စွာ ပြုံးလိုက်ပြီး “ အမှန်ပဲ… ငါတို့ရဲ့ လှုပ်ရှားမယ့်အကွက်ကို ဖုံးကွယ်ထားရမယ်…. Cisco ကို အများကြီး ပေးသိလို့မရဘူး… မဟုတ်ရင် လျှို့ဝှက်ဆန်းကြယ်မှုတွေ ဖော်ထုတ်တဲ့ အချိန်ကျ ပျော်ဖို့ကောင်းတော့မှာ မဟုတ်ဘူး….”