ကြယ်စင်စုဈေး
Vol. 74 Ch. 1027
ဝမ်ပေါင်လဲ့ သူ၏ အကြံအား သဘောတူလက်ခံလိုက်သည်ကို မြင်လိုက်ရသောအခါ ရှဲ့ဟေးရန်၏ အပြုံးမှာ ပို၍ပင် အသက်ပါလာ၏။ ဝမ်ပေါင်လဲ့ ခန့်မှန်းထားခဲ့သည့် အတိုင်းပင်။ ရှဲ့ဟေးရန်မှာ ရှဲ့မိသားစု၏ ကြယ်စင်စုဈေးနှင့် လမ်း၌ ကြုံတွေ့ရစေရန် ကြိုတင်စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
ရှဲ့မိသားစု မျိုးနွယ်စုထဲရှိ သူ၏ ရာထူးအဆင့်အတန်းနှင့် ဆိုပါက ရှဲ့မိသားစု၏ ကြယ်စင်စုဈေးတစ်ခုအား ထိန်းချုပ်နိုင်ရန်မှာ ရှဲ့ဟေးရန်အတွက် မဖြစ်နိုင်ပေ။ ထို ဈေးများအား လူများကို တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ပေးနိုင်ရန် အဓိကအသုံးပြုကြသည် မဟုတ်ပါလော။ ၎င်းတို့မှာ ရှဲ့မိသားစု၏ အဓိကစီးပွားရေးလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည်။ ကြယ်စင်စုဈေး တစ်ခုချင်းစီတိုင်းတွင် တစ်နှစ်ပတ်လုံး ခေါင်းဆောင်တာဝန်ယူထားကြသည့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများ ရှိကြပြီး သူတို့မှာ လက်ရှိ ရှဲ့မိသားစု ခေါင်းဆောင်ကြီး၏ အမိန့်များကိုသာ နာခံကြသည်။
သို့သော်... ရှဲ့ဟေးရန်မှာ ထိုဈေးများအား ထိန်းချုပ်ခွင့်မရှိသည့်တိုင်အောင် သူ၏ ဖခင်ဖြစ်သူ၏ လုပ်ပိုင်ခွင့်အာဏာများကို အသုံးချ၍ ထိုဈေးအား သူတို့သွားမည့် လမ်းကြောင်းပေါ်ရှိ နေရာတစ်ခု၌ ရက်အနည်းငယ်ခန့် ရပ်နားနေအောင် ထိန်းထားနိုင်စွမ်းရှိပေသည်။
ရှဲ့မိသားစု၏ ကြယ်စင်စုဈေးများ၏ ခရီးစဉ်များအတွက် အချိန်သတ်မှတ်ချက် မရှိပေ။ စကြဝဠာကြီးထဲ၌ သွားလာရသည့် ခရီးစဉ်များမှာ ရှည်လျားသလို လမ်းတွင် မျှော်လင့်မထားသည့် အရာများနှင့်လည်း ကြုံတွေ့ရနိုင်သည် မဟုတ်ပါလော။ ထို့ကြောင့်လည်း ရှဲ့ဟေးရန်၏ ကြိုးစားအားထုတ်မှုများကြောင့် ကံကြမ္မာဂြိုဟ်ဆီသို့သွားမည့် ဤ ကြယ်စင်စုဈေးမှာ ဝမ်ပေါင်လဲ့ ဖြန်သန်းရမည့် လမ်းပေါ်၌ ရှိနေခြင်းဖြစ်သည်။
ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့အား မျက်နှာချိုသွေးကာ မီးတောက်ကြယ်စင်စုထဲ၌ ခြေကုပ်ယူချင်နေသည်ဖြစ်ရာ ယခုတွင် သူ့ဘက်မှ အရင်အနှီးအချို့ စိုက်ထုတ်ထားရန် လိုအပ်ပေသည်။
" ငါ့မှာ အပေါဆုံးက ပိုက်ဆံတွေပဲ " ရှဲ့ဟေးရန်မှာ ရှေ့တွင်ရှိနေသည့် ကြယ်စင်စုဈေးအား လှမ်းကြည့်နေရင်း မျက်လုံးများ အရောင်တောက်ပလာ၏။ သူသည် သူ ငွေအရင်းအနှီး မည်မျှပင် စိုက်ထုတ်ရ စိုက်ထုတ်ရ ချန်ရှင်းနှင့် ခင်မင်ရင်းနှီးမှု ရယူနိုင်ပြီး မီးတောက်ကြယ်စင်စုထဲ၌ နာမည်ရလာနိုင်မည်ဆိုပါက တန်သည်ဟု မှတ်ယူထားသည်။
ထို့ကြောင့်လည်း သူသည် ရှဲ့မိသားစု၏ ကြယ်စင်စုဈေးပေါ်သို့ ရောက်ရှိသွားသည်နှင့် ပျော်ရွှင်ကျေနပ်သွား၏။
ဂြိုဟ်များနှင့်ပင် နှိုင်းယှဉ်နိုင်လောက်အောင် အရွယ်အစားကြီးမားသည့် သင်္ဘောပျံတစ်ဒါဇင်ခန့်မှာ ထို ဈေးကြီးအား ဖွဲ့စည်းတည်ဆောက်ပေးထားသည်။ ထိုစျေးအား အခြမ်းနှစ်ခြမ်း ခွဲထားပြီး တစ်ခြမ်းတွင် စျေးဆိုင်အမျိုးမျိုးရှိကာ အခြားတစ်ခြမ်းထဲတွင်မူ လက်မှတ်များ ဝယ်ထားသည့် ခရီးသည်များဖြင့် ပြည့်နှက်နေ၏။ ထို့ကြောင့်လည်း ထိုဈေးကြီးမှာ အလွန်အင်မတန်မှ စည်ကားသိုက်မြိုက်ကာ အထူး လူမှုအဖွဲ့အစည်းတစ်ခုနှင့်ပင် ဆင်တူနေတော့သည်။
ဤ ဈေး၏ ခရီးပန်းတိုင်တစ်ခုမှာ ကံကြမ္မာဂြိုဟ်ဖြစ်ရာ ကိုယ်ပိုင်နည်းလမ်းများဖြင့် သွားလာနိုင်စွမ်းရှိသည့် အင်အားကြီးမျိုးနွယ်စုများနှင့် အဖွဲ့အစည်းများမှ လူအချို့မှလွဲ၍ မွေးနေ့ဆုမွန်ကောင်း တောင်းပေးရန် ထွက်လာကြသည့် ကျင့်ကြံသူအများစုမှာ ယခုလို သင်္ဘောပျံများပေါ်တွင်သာ လိုက်ပါစီးနင်းလာကြသည်။ ထို့ကြောင့်လည်း ရှဲ့မိသားစု၏ ကြယ်စင်စုဈေးထဲတွင် အဖိုးတန်ရှားပါးပစ္စည်းမျိုးစုံ ရောင်းချသည့် အထူးသင်္ဘောပျံတစ်စင်း ရှိနေ၏။ ထိုပစ္စည်းများကို မွေးနေ့လက်ဆောင်များအဖြစ် ပေးနိုင်ပေသည်။
ထို ဈေးကြီးတစ်ခုလုံးမှာ ပျားပန်းခပ်နေ၏။ လိုက်ပါစီးနင်းလာကြသည့် ကျင့်ကြံသူများမှာလည်း အရေအတွက် များပြားနေကြရုံသာမက နေရာအသီးသီးမှ ရောက်လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် လူပုံစံ ကျင့်ကြံသူများသာမက သားရဲပုံစံ ကျင့်ကြံသူများနဲ့ အပင်ပုံစံ ကျင့်ကြံသူများလည်း ရှိကြပေသည်။ ဥပမာပြရလျှင် ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံတစ်စင်းပေါ်သို့ ရောက်သွားသည်နှင့် နေကြာပန်းများ သူ၏ ဘေးမှ ဖြတ်သွားသည်ကို မြင်လိုက်ရ၏။ တစ်ချိန်ထဲမှာပင် ကျောက်ဘီလူးများနှင့် မီးဘီလူးများကဲ့သို့သော ကျင့်ကြံသူများလည်း ရှိသေးသည်။ ထို့အပြင် သူသည် လူခန္ဓာကိုယ်နှင့် ငါးခေါင်းအား ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ယောက်ကိုလည်း မြင်ခဲ့ရသေးသည်။
တောင်ပံများ ပေါက်နေရုံသာမက သာမန်လူများထက် ဦးခေါင်းနှင့် လက်များ ပိုပါကြသည့် ကျင့်ကြံသူများလည်း ရှိသေးသည်။ ထိုမျှသာမက အနက်ရောင် ဝတ်ရုံများ ခြုံထားကြသည့် ထူးဆန်းသော ကျင့်ကြံသူများလည်း ရှိကြ၏။ သို့သော် သေသေချာချာကြည့်ရှုလိုက်မည်ဆိုလျှင် ထို ဝတ်ရုံများ၏ အောက်တွင် လူတစ်ယောက်မှ ရှိမနေသည်ကို သိလိုက်ရမည်ဖြစ်သည်။ ၎င်းတို့မှာ စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေရင်း သူ၏ ဘေးမှ ဖြတ်သန်းသွားသောကြောင့် ဝမ်ပေါင်လဲ့ ကိုယ်တိုင်ပင်လျှင် ရင်ခုန်နှုန်းများ မြန်ဆန်လာရ၏။
" သူတို့က သေမင်းတမန်တော်ဂြိုဟ်ပေါ်က ကျင့်ကြံသူတွေပဲ။ သူတို့ဆီမှာ ခန္ဓာကိုယ်မရှိတာ မဟုတ်ဘူး။ သူတို့ရဲ့ အလင်းရောင်စဉ်တန်းတွေက မတူတာမလို့ မမြင်ရတာ။ ထာဝရကြယ်အဆင့်အထိ ရောက်နေတဲ့ သူတွေပဲ သူတို့ရဲ့ ပုံသဏ္ဍာန် အစစ်အမှန်ကို မြင်နိုင်စွမ်းရှိတာ "
ဝမ်ပေါင်လဲ့တစ်ယောက် ထို အနက်ရောင်ဝတ်ရုံများအား အကဲခတ်ကြည့်ရှုနေစဉ် သူ၏ ဘေးတွင် ရှိနေသည့် ရှဲ့ဟေးရန်မှာ လေသံတိုးတိုးဖြင့် ရှင်းပြလိုက်၏ " ဒါကတော့ စီရိုတီဂြိုဟ်က ကျင့်ကြံသူတွေ။ သူတို့ရဲ့ ဇာတိမြေမှာ ဘယ်အရာကိုမဆို တိုက်စားနိုင်စွမ်းရှိတယ်လို့ ပြောကြတဲ့ ပင်လယ်တစ်စင်းရှိတယ်။ သူတို့က အဲဒီပင်လယ်ထဲမှာ ဖွားမြင်ခဲ့ကြတဲ့အပြင် ရေသဘာဝစည်းမျဉ်းဥပဒေသကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိတယ်။ သူတို့ထဲမှာ အားနည်းတဲ့သူ တစ်ယောက်မှ မပါဘူး "
" ခေါင်းတွေလက်တွေ အများကြီး ရှိကြတဲ့ ကျင့်ကြံသူအများစုကတော့ အဆုံးမဲ့ မျိုးနွယ်စုနဲ့ သွေးမျိုးဆက်တွေ ဆက်နွှယ်နေကြတာ။ ဦးလေးဆရာ သိတဲ့အတိုင်း အဆုံးမဲ့ မျိုးနွယ်စုက အဆုံးမဲ့ တာအိုနယ်မြေရဲ့ အုပ်ချုပ်သူတွေလေ။ သူတို့ဆီမှာ မျိုးနွယ်စုဝင်တွေ အများကြီးရှိတာမလို့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းမှာ တခြားမျိုးနွယ်စုတွေနဲ့ ပေါင်းစပ်ခဲ့ကြတဲ့ ကျင့်ကြံသူတွေလည်းရှိတယ်။ အဲတာမလို့ အခုလို ထူးဆန်းတဲ့ မျိုးဆက်သစ်တွေ ပေါ်ပေါက်လာရတာပဲ "
ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်၏ ရှင်းပြချက်များကိုနားထောင်ရင်း ပို၍ပင် အမြင်ကျယ်သွားသလို ခံစားလိုက်ရ၏။ အမှန်အတိုင်းဆိုရလျှင် သူသည် အချိန်အများစုတွင် ပြည်ထောင်စုကြီး၏ အပြင်ဘက်ရှိ စကြဝဠာကြီးထဲတွင်သာ ရှိနေခဲ့သောကြောင့် အသစ်အဆန်း မြောက်မြားစွာအား မြင်တွေ့ခဲ့ဖူးပြီးသား ဖြစ်သည်။ သို့သော် သူသည် ရှဲ့မိသားစု၏ ကြယ်စင်စုဈေးထဲသို့ ရောက်ရှိလာပြီးနောက် မျက်စိပွင့်နားပွင့် ဖြစ်သွားရဆဲပင်။
ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်နှင့် သူ၏ နောက်ရှိ ထာဝရကြယ်အဆင့် ကျင့်ကြံသူရှစ်ယောက်နှင့်အတူ ဈေးထဲ၌ တစ်ခဏမျှ လှည့်ပတ်ကြည့်ရှုနေလိုက်ပြီးနောက် ဈေးဆိုင်တစ်ဆိုင်ထဲသို့ ဝင််သွားလိုက်၏။
ထို ဈေးဆိုင်မှာ ဆေးများကို အဓိကထား၍ ရောင်းချသည့် ဈေးဆိုင် ဖြစ်သည်။ အထပ်နှစ်ထပ်ရှိပြီး ရောင်းချသည့် ဆေးများမှာလည်း အမျိုးအစား စုံလင်လှပေသည်။ ထာဝရကြယ်အဆင့် ကျင့်ကြံသူများအတွက်ဖြစ်စေ၊ ချီအားဖြည့်ခြင်းအဆင့် ကျင့်ကြံသူများအတွက်ဖြစ်စေ ဆေးမျိုးစုံ ရှိပေသည်။ ထို့အပြင် ပြင်ပကမ္ဘာထဲ၌ သိပ်မတွေ့ရတတ်သည့် ရှားပါးပစ္စည်းများလည်း ရှိသေးသည်။ ပထမထပ်၏ အလယ်တွင် လူငါးယောက် ပွေ့ဖက်ထားနိုင်လောက်အောင် ကြီးမားသည့် ဆေးပေါင်းဖိုကြီးတစ်လုံး ရှိနေ၏။ ထို ဆေးပေါင်းဖိုကြီးထဲမှ အစိမ်းရောင်မီးခိုးငွေ့များ ထွက်ပေါ်လာနေသည်။
ထို မီးခိုးငွေ့များကို ရှူရှိုက်မိလိုက်တိုင်း ခန္ဓာကိုယ်ထဲရှိ အင်မော်တယ်ချီများမှာ နိုးကြားတက်ကြွလာသည်သာ ဖြစ်သည်။ အကယ်၍ ၎င်းအား အချိန်အကြာကြီး ရှူရှိုက်နေမည်ဆိုပါက ကျင့်ကြံခြင်းစွမ်းအားများအတွက် အလွန်အင်မတန်မှ အကျိုးရှိပေသည်။ ထို ဆေးပေါင်းဖိုထဲတွင် လောင်ကျွမ်းနေသည့် အမွှေးတိုင်မှာ စျေးကြီးပါသော်လည်း ဤစျေးဆိုင်ထဲတွင် အလကား ထွန်းပေးထားခြင်းဖြစ်၏။ ထိုအချက်ကိုကြည့်လျှင် ဤ ဈေးဆိုင်မှာ ကြွယ်ဝချမ်းသာမှုရှိကြောင်း သိနိုင်ပေသည်။ တစ်ချိန်ထဲမှာပင် ထိုအချက်ကြောင့်လည်း ဤ ဈေးဆိုင်မှာ ကျင့်ကြံသူများဖြင့် ပြည့်နှက်နေပြီး ဈေးရောင်းကောင်းနေခြင်း ဖြစ်သည်။
စျေးဝယ်များသာမက ဈေးဆိုင် ဝန်ထမ်းများပါ အလုပ်ရှုပ်နေကြ၏။
သို့သော် ဝမ်ပေါင်လဲ့ ထိုစျေးဆိုင်ထဲသို့ ဝင်သွားလိုက်ပြီးနောက် ရှဲ့ဟေးရန် ချောင်းတစ်ချက် ဟန့်လိုက်သည်နှင့် ဈေးဆိုင်ထဲမှ အဘိုးကြီးတစ်ယောက် ပျံထွက်လာ၏။ ထို အဘိုးကြီးမှာ ထာဝရကြယ်အဆင့်တွင် ရှိနေပြီး ရှဲ့ဟေးရန်အား မြင်လိုက်ရသောအခါ ပြုံးပြလိုက်သည်။ ရှဲ့ဟေးရန်မှာလည်း ရှေ့သို့လှမ်းသွားပြီး ထိုအဘိုးကြီးအား ဦးညွှတ်အရိုအသေပေးလိုက်၏။
" မင်္ဂလာပါ အဘိုးယောင် "
ထိုအဘိုးကြီးမှာမူ ခေါင်းညိတ်ပြကာ ဝမ်ပေါင်လဲ့အား အကဲခတ်လိုက်၏။ ဝမ်ပေါင်လဲ့မှာလည်း ပြုံးကာ သူ့အား ပြန်ကြည့်လိုက်ပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေပေးလိုက်သည်။ ထိုအခါ ထို အဘိုးကြီးမှာလည်း ချက်ချင်းဆိုသလိုပင် ပြန်၍ ဂါရဝပြုလိုက်သည်။ ထို့နောက် သူသည်
ဝမ်ပေါင်လဲ့၏ နောက်တွင်ရှိနေသည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူရှစ်ယောက်အား မသိမသာ အကဲခတ်လိုက်၏။ နောက်ဆုံးတွင် သူသည် ပြုံးကာ နောက်သို့လှည့်သွားပြီး သူ၏ ဘေးနားတစ်ဝိုက်တွင် ရှိနေသည့်လူများအား တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် ပြောလိုက်သည်။
" တာအိုရောင်းရင်းတို့။ ကျေးဇူးပြုပြီးတော့ ဆိုင်ထဲက ခဏထွက်ပေးကြပါ။ အထူးဧည့်သည်တော်တွေကို ဧည့်ခံဖို့အတွက် ဆိုင်ကို တစ်နာရီလောက် ပိတ်ရမှာမလို့ပါ "
သူ ထိုသို့ဆိုလိုက်သည်နှင့် ဈေးဆိုင်ထဲမှ ကျင့်ကြံသူများအားလုံးမှာ အမူအရာများ ပြောင်းလဲသွားကြ၏။ ထို့နောက် သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့နှင့် အဖွဲ့အား လှမ်းကြည့်လိုက်ကြသည်။ ထိုအချိန်တွင် ဈေးဆိုင်ဝန်ထမ်းများမှာ အဘိုးကြီး၏ အမိန့်အတိုင်း အခြားသူများအားလုံးကို စျေးဆိုင်ထဲမှ ထွက်သွားပေးရန် တရိုတသေ တောင်းဆိုလိုက်ကြ၏။
ထို ကျင့်ကြံသူများထဲမှ အချို့မှာ မကျေမနပ် ဖြစ်သွားကြပါသော်လည်း ဘာမှ မတတ်နိုင်ကြပေ။ ထိုသို့ဖြင့် ခဏအကြာတွင် ဈေးဆိုင်ထဲ၌ ဝမ်ပေါင်လဲ့နှင့် သူ၏အဖွဲ့သာလျှင် ကျန်ရစ်ခဲ့၏။ ဈေးဆိုင်တံခါးများ ပိတ်သွားချိန်တွင် ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး တုန်ရီသွားရသည်။
သူသည် ယခုလို ဝန်ဆောင်မှုမျိုးအား ပထမဆုံးအကြိမ်အဖြစ် ခံစားဖူးခြင်းဖြစ်၏။ ထို့ကြောင့် သူသည် အလွန်အင်မတန်မှ ပျော်ရွှင်ကျေနပ်သွားရသည်။ သို့သော်လည်း အပေါ်ယံတွင်မူ သူသည် မျက်မှောင်ကြုတ်သွားပြီး ရှဲ့ဟေးရန်အား အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်ဆဲပင်။
" ရန်လေး။ ဘာလို့ အခုလိုတွေ လုပ်နေရတာလဲ "
ရှဲ့ဟေးရန်မှာ စိတ်ထဲတွင် မည်ကဲ့သို့ပင် တွေးနေစေကာမူ ရိုးသားမှုအပြည့်ရှိသော အမူအရာဖြင့် ပြန်ဖြေလိုက်၏။
" လေးစားရပါသော နံပါတ်ဆယ့်ခြောက် ဦးလေးဆရာခဗျား။ ဆိုင်ထဲမှာ တခြားလူတွေရှိနေရင် အနှောင့်အယှက်ဖြစ်မှာစိုးလို့ ကျွန်တော် ဦးလေးဆရာကို မမေးမိဘဲ သူတို့ကို နှင်ထုတ်မိလိုက်တာပါ။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို အပြစ်ပေးပါ "
" ဪ။ ထားလိုက်ပါ။ နောက်တစ်ခါ ထပ်မဖြစ်စေနဲ့ပေါ့ " ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ တည်ကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်၏။ ထို့နောက် သူသည် ဆိုင်ပိုင်ရှင် အဘိုးကြီးယောင်ဘက်သို့ လှည့်ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ကျေးဇူးတင်စကားဆိုလိုက်သည်။
" ကျေးဇူးတင်ပါတယ် လူကြီးမင်းယောင် "
အဘိုးယောင်မှာ ရှဲ့ဟေးရန်၏ မျက်နှာကိုထောက်၍ ဝမ်ပေါင်လဲ့အား ရိုသေလေးစားသမှုဖြင့် ဆက်ဆံနေသည့်တိုင်အောင် ဝမ်ပေါင်လဲ့တစ်ယောက် တမူထူးခြားလှသည့် သူ၏ ရာထူးအဆင့်အတန်းကြောင့် မောက်မာဝင့်ကြွားနေခြင်းမရှိဘဲ သူ့အား တရိုတသေ ပြန်၍ ပြောဆိုဆက်ဆံနေသည်ကို မြင်လိုက်ရသဖြင့် စိတ်ထဲတွင် ပျော်ရွှင်ကျေနပ်သွားရ၏။ ထို့ကြောင့် သူသည် ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် စွဲမက်ဖွယ်ရာ ခန္ဓာကိုယ်အချိုးအစားများနှင့် ရုပ်ရည်များ ပိုင်ဆိုင်ထားကြသည့် အမျိုးသမီးကျင့်ကြံသူနှစ်ယောက်အား လှမ်းခေါ်၍ သူတို့အား ဝမ်ပေါင်လဲ့၏ ဘေး၌ အဖော်ပြုပေးကာ ဆေးများအကြောင်း ရှင်းပြပေးရန် မှာကြားလိုက်သည်။
ထို အမျိုးသမီး ကျင့်ကြံသူနှစ်ယောက်မှာလည်း ဝမ်ပေါင်လဲ့အကြောင်း သိချင်နေကြ၏။ သူတို့၏ သခင်လေးများထဲမှ တစ်ယောက်ဖြစ်သည့် ရှဲ့ဟေးရန်ကိုယ်တိုင် သူ့အား အဖော်ပြုပေးနေရသည့်အပြင် သူ့ကြောင့် စျေးဆိုင်ကိုပါ ပိတ်ပေးခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ တမူထူးခြားသည့် လူတစ်ယောက် ဖြစ်ရမည်ဖြစ်ကြောင်း သူတို့က ရိပ်မိလိုက်ကြ၏။
ထို့ကြောင့် သူတို့မှာ နှစ်လိုဖွယ်ကောင်းစွာ ပြုံး၍ နူးညံ့သိမ်မွေ့မှု အပြည့်ရှိသော လေသံဖြင့် ဆေးလုံးများအကြောင်း ရှင်းပြလိုက်ကြတော့သည်။ သူတို့၏ ခံတွင်းနံ့များမှာ သစ်ခွပန်းနံ့များကဲ့သို့ မွှေးပျံ့နေ၏။ ခဏအကြာတွင် သူတို့မှာ အချက်တစ်ချက်အား သတိထားမိသွား၏။ ဝမ်ပေါင်လဲ့မှာ သူလိုချင်သည့် ဆေးလုံးများအား တစ်ခဏမျှ စိုက်ကြည့်ပြီးသွားပါက စကားတစ်ခွန်းမှ ပြောနေစရာပင်မလိုပေ။ သူတို့၏ သခင်လေးမှာ ၎င်းတို့အား စားပွဲပေါ်မှ ယူ၍ သူ၏ သိုလှောင်အိတ်ထဲသို့ ချက်ချင်း ထည့်ပေးလိုက်သည်သာ ဖြစ်သည်။