← Chapters

ဖက်တီးလေးနှင့် ပြန်လည်ဆုံတွေ့ခြင်း

Vol. 74 Ch. 1028

ဖက်တီးလေးနှင့် ပြန်လည်ဆုံတွေ့ခြင်း

Vol. 74 Ch. 1028

ထိုမြင်ကွင်းကြောင့် အမျိုးသမီး ကျင့်ကြံသူနှစ်ယောက်မှာ ပို၍ပင် စိတ်ဝင်တစားဖြစ်သွားကြသည်။ သူတို့ထဲမှ တစ်ယောက်မှာဆိုလျှင် နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့၏ အနီးသို့ ကပ်သွားလိုက်၏။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့၏ လက်မောင်းအား ဖက်ကာ ပွတ်ကာသီကာ လုပ်၍ ဆိုင်ထဲရှိ ဆေးများအကြောင်း ရှင်းပြနေလိုက်တော့သည်။

" သခင်လေး။ ဒီ ဆေးကို ကျောက်စိမ်းစမ်းရေလို့ ခေါ်တယ်။ တစ်စက်သောက်လိုက်ရုံနဲ့ ဒဏ်ရာရထားတဲ့ ဝိညာဉ်ကို ချက်ချင်း ပြန်လည်ကုသပေးနိုင်စွမ်းရှိတယ် "

" ဒီဆေးလုံးကိုတော့ မြေဝါဆေးလုံးလို့ ခေါ်တယ်။ ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီးတော့ ပုံမှန်မှီဝဲရင် သက်စောင့်စွမ်းအားကိုပါ တိုးတက်စေတယ်။ အဲတာမလို့ အပြင်ခန္ဓာကိုယ် ကျင့်ကြံခြင်းပညာရပ်တွေ အတွက်လည်း အရမ်းကို အထောက်အကူပြုတယ်လေ " သူမသည် ထိုသို့ ရှင်းပြလိုက်ပြီးနောက် ထိုဆေးလုံးအား ဝမ်ပေါင်လဲ့၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ ထို့အပြင် သူမသည် သူမ၏ လက်ချောင်းလေးများဖြင့် ဝမ်ပေါင်လဲ့၏ လက်ဖဝါးအား ဖွဖွကလေး သပ်ပေးလိုက်သေးသည်။

ထို အမျိုးသမီးကျင့်ကြံသူ၏ လုပ်ရပ်များမှာ မသိသာသောကြောင့် ကိုယ်တိုင် ကြုံတွေ့ခံစားနေရသည့်သူ မဟုတ်ပါက အလွယ်တကူ ရိပ်မိနိုင်မည် မဟုတ်ပေ။ သူမသည် လူများအား ယခုလို မြှူဆွယ်ရာ၌ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်နေသည့်ပုံပင်။

သို့သော် သူမသည် လူတိုင်းအား ယခုလို မြှူဆွယ်နေမည်တော့ မဟုတ်ပေ။ အများအားဖြင့် အင်အားကြီး ကျောထောက်နောက်ခံများကို ပိုင်ဆိုင်ထားပြီး ရင့်ကျက်မှု မရှိသေးသည့် လူငယ်များကိုသာ မြှူဆွယ်လေ့ ရှိပေသည်။ ယခုတွင် သူမသည် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် သူသည် သူမ ပစ်မှတ်ထားရမည့် လူများထဲမှ တစ်ယောက်ဖြစ်ကြောင်း ချက်ချင်း မှတ်ယူလိုက်၏။ ထို့ကြောင့်လည်း သူမသည် ပိပိရိရိ ဟန်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုးစားနေသည်။

ဝမ်ပေါင်လဲ့မှာမူ မျက်စိ ပေကလပတ်ပေကလတ် ဖြစ်သွား၏။ သူသည် လက်ရှိ အခြေအနေတစ်ခုလုံးအား နားလည်သွားပြီဖြစ်ရာ အတွေးလွန်နေခြင်း မရှိတော့ဘဲ သက်ပြင်းချလိုက်ပြီး သူ၏ ချောမောလှပသော ရုပ်ရည်ကိုသာ စိတ်ထဲတွင် အပြစ်တင်နေလိုက်တော့သည်။ သူ မည်သည့်နေရာသို့ရောက်ရောက် သူ၏ ရုပ်ရည်ကြောင့် ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ကြုံတွေ့နေရသည် မဟုတ်ပါလော။

" ဟူး... ထားလိုက်ပါတော့လေ။ ငါကိုက မင်းသားရှုံးလောက်အောင် ရုပ်ရည်ချောမောနေတာကိုး။ သူတို့အပြစ်တော့ မဟုတ်ပါဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ချောင်းဟန့်လိုက်ပြီးနောက် ထို အမျိုးသမီးကျင့်ကြံသူ၏ လုပ်ရပ်များအား ခွင့်လွှတ်ပေးလိုက်၏။ သူသည် မည်သည့် အခြင်းအရာကိုမှ မမြင်ခဲ့သည့်ပုံစံ ဟန်ဆောင်၍ နားလည်ပေးလိုက်သည်။

ရှဲ့ဟေးရန်မှာ ထိုမြင်ကွင်းများကို မြင်လိုက်ရသောအခါ မျက်စိ ပေကလတ်ပေကလတ် ဖြစ်သွားပြီး သူ၏ ခန့်မှန်းချက်များမှာ မှန်ကန်နေကြောင်း ပို၍ပင်ယုံကြည်သွား၏။

" ဒီဖက်တီးက တကယ့်ကို နှာဗူးပဲကွ... ဒီလိုဆိုမှတော့ ငါ့အတွက် ပိုလွယ်သွားတာပေါ့... "

သို့သော် ရှဲ့ဟေးရန်တစ်ယောက် ထိုသို့ တွေးနေစဉ်မှာပင် မမလေး၏ အေးစက်စက် နှာမှုတ်သံမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာ၏။

" ဖက်တီး။ နင် အရသာတွေ့နေတယ်ပေါ့။ သူ့ကို နင့်ရဲ့ ရင်ခွင်ထဲသာ ထည့်ထားလိုက်ပါတော့လား "

ဝမ်ပေါင်လဲ့မှာ မမလေး၏ နှာမှုတ်သံအား ကြားလိုက်ရသည်နှင့် ရုတ်တရက်ဆိုသလို အပြစ်ရှိသလို ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် သူ၏ ဘေးတွင် ရှိနေသည့် အမျိုးသမီးကျင့်ကြံသူအား အေးစက်စက်မျက်ဝန်းများဖြင့် အလိုလို စိုက်ကြည့်မိလိုက်သည်။ သူသည် နှုတ်မှ ထုတ်မပြောလိုက်ပါသော်လည်း စိတ်ထဲတွင် ရေရွတ်မိလိုက်ဆဲပင်။

" ဒီလောက် ဟီရီဩတ္တပ္ပ မရှိတဲ့ မိန်းမတစ်ယောက် ငါ့ရဲ့ရှေ့ကို ရောက်လာရတယ်လို့ "

ထို အမျိုးသမီးကျင့်ကြံသူမှာ ဝမ်ပေါင်လဲ့၏ အေးစက်စက်မျက်ဝန်းများကို သတိထားမိလိုက်သဖြင့် နောက်သို့ ချက်ချင်းပြန်ဆုတ်သွား၏။

" နင် ဘာတွေ ဟန်ဆောင်နေတာလဲ။ စောစောတုန်းကပဲ ကျိတ်ပြီးတော့ သဘောကျနေတာ မဟုတ်ဘူးလား " မမလေးမှာမူ အနည်းငယ် ထူးဆန်းနေသည့် လေသံဖြင့် ထပ်မေးလိုက်ဆဲပင်။

" ဝမ်ပေါင်လဲ့ဆိုတဲ့ ကျွန်တော်က လူကြီးလူကောင်း တစ်ယောက်ဗျ။ သူတို့တွေကို ကျွန်တော့်ကို ဒီလို အသားယူခွင့် ပေးလို့ ဖြစ်ပါ့မလား။ မမလေး။ မမလေးက ကျွန်တော့်ကို လျှော့တွက်တာပဲ " ဝမ်ပေါင်လဲ့မှာ ဂရုမစိုက်သည့် လေသံဖြင့် သူ၏စိတ်ထဲ၌ ပြန်ဖြေလိုက်၏။ ထို့နောက် သူသည် တည်ကြည်မှု အပြည့်ရှိသော အမူအရာဖြင့် အခြားဆေးလုံးများအား ကြည့်ရှုနေလိုက်သည်။

ရှဲ့ဟေးရန်မှာမူ ထို အခြင်းအရာများကို သိရှိထားခြင်းမရှိပေ။ သူသည် အစတွင် ဝမ်ပေါင်လဲ့တစ်ယောက် ထို အမျိုးသမီးကျင့်ကြံသူအား စိတ်ကြိုက်ပြုမူခွင့် ပေးထားသည်ကို မြင်ခဲ့ရ၏။ သို့သော်လည်း ခဏအကြာတွင် သူသည် ထို အမျိုးသမီးကျင့်ကြံသူအား ရွံရှာစက်ဆုပ်နေသည့်ပုံ ပေါက်သွားသည်မဟုတ်ပါလော။ ထို့ကြောင့် ရှဲ့ဟေးရန်မှာ ဇဝေဇဝါဖြစ်သွားရပြီး သူ၏ ခန့်မှန်းချက်မှာလည်း မှားယွင်းသွားသည်ဟု ခံစားလိုက်ရ၏။ သို့သော် သေသေချာချာကြည့်ရှုလိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့မှာ ထို အမျိုးသမီးကျင့်ကြံသူ၏ အပြုအမူများအား အမှန်တကယ် ရွံရှာစက်ဆုပ်နေသည့်ပုံပင်။

သို့သော်လည်း ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော လူစားမျိုးမဟုတ်ကြောင်း ရှဲ့ဟေးရန်က သိရှိထားပြီ ဖြစ်သည်။ ထိုကဲ့သို့ ရှေ့နောက်မညီသော ပြောင်းလဲမှုကြီးကြောင့် ရှဲ့ဟေးရန်မှာ နားမလည်နိုင်လောက်အောင် ဖြစ်သွားရ၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား သေသေချာချာ စောင့်ကြည့်ထားရန် ဆုံးဖြတ်လိုက်သည်။

ထိုသို့ဖြင့် ရှဲ့ဟေးရန်တစ်ယောက် ဝမ်ပေါင်လဲ့အား အကဲခတ်စောင့်ကြည့်နေစဉ် ဝမ်ပေါင်လဲ့မှာ ပထမထပ်ရှိ ပစ္စည်းများအားလုံးကို ကြည့်ရှုပြီးသွားသောကြောင့် ဒုတိယထပ်သို့ တက်သွားလိုက်၏။ နောက်ဆုံးတွင် ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့ သဘောကျသည့် ဆေးများအားလုံးကို ဝယ်ယူခဲ့သည်သာ ဖြစ်သည်။ ထို့နောက် သူတို့ ဆိုင်ထဲမှ ထွက်ခွာသွားခါနီးတွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက် ဆိုလိုက်၏။

" ဝိညာဉ်အကြွင်းအကျန်တွေအတွက် အထောက်အကူပြုတဲ့ ဆေးလုံးတွေများ ရှိလားမသိဘူး "

ဝမ်ပေါင်လဲ့မှာ ဈေးဆိုင်ထဲသို့ ရောက်လာခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သူလိုချင်သည့်အရာအား ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။ ထိုအခါ ရှဲ့ဟေးရန်မှာ ချက်ချင်းဆိုသလိုပင် စိတ်ဓာတ်များ တက်ကြွသွားပြီး လိုအပ်သည်များကို ပြင်ဆင်ပေးလိုက်၏။ ထို့ကြောင့် ခဏအကြာတွင် ဝိညာဉ်အကြွင်းအကျန်များအား အာဟာရဓာတ် ဖြည့်တင်းပေးနိုင်သည့် ဆေးလုံးပေါင်းမြောက်မြားစွာ သူ၏ရှေ့သို့ ရောက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား တစ်ချက်ကြည့်လိုက်ပြီးနောက် အသာအယာ ခေါင်းညိတ်လိုက်၏။ ထိုအခါ ရှဲ့ဟေးရန်သည်လည်း တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ လက်ကို ဝှေ့ယမ်းကာ ထို ဆေးလုံးများအားလုံးကို ဝယ်ယူလိုက်သည်သာ ဖြစ်သည်။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ နောက်မှ လိုက်ကာ ဆိုင်အပြင်ဘက်သို့ ထွက်သွားလိုက်ပြီး အခြားဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားလိုက်၏။

ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ ကြယ်စင်စုဈေးကြီးမှာ ရှေ့သို့ ဆက်လက်ရွေ့လျားနေဆဲဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ ရှဲ့ဟေးရန်နှင့်အတူ ထိုဈေးထဲရှိ စျေးဆိုင်အမျိုးမျိုးဆီသို့ သွားရောက်ခဲ့၏။ ထို ဈေးဆိုင်များထဲမှ အချို့မှာ ဝမ်ပေါင်လဲ့ ရောက်ရှိလာသည်နှင့် တစ်ဆိုင်လုံးအား ပိတ်ပစ်ခဲ့ခြင်း မရှိကြပါသော်လည်း အများစုမှာ ဆိုင်များပိတ်ကာ သူ့အား ဧည့်ခံခဲ့ကြသည်သာ ဖြစ်သည်။

ထိုကဲ့သို့သော ဝန်ဆောင်မှုများကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ပျော်ရွှင်ကျေနပ်နေ၏။ ထို့အပြင် ရှဲ့ဟေးရန်မှာ သူ့အတွက် ငွေရှင်းပေးနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ပို၍ပင် သဘောခွေ့နေတော့သည် ။ သို့သော် သူသည် လောဘကြီး၍ မဖြစ်ကြောင့် သိထား၏။ သူ့ကိုယ်သူ ထိန်းချုပ်ရန် လိုအပ်ပေသည်။ ထို့ကြောင့်လည်း သူသည် စျေးဆိုင်အများကြီးဆီသို့ သွားခဲ့သည့်တိုင်အောင် ရှဲ့ဟေးရန် ဝယ်လာခဲ့ရသည့် ပစ္စည်းများထဲတွင် ဆေးလုံးများမှလွဲ၍ အခြားအရာများမှာ အထူးတလည် တန်ဖိုးမြင့်မားနေခြင်း မရှိပေ။

နောက်ဆုံးတွင် ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့အား မျက်နှာချိုသွေးချင်သည့်တိုင်အောင် စိတ်ထဲတွင် ကျိတ်၍ သတ်ပြင်းချမိလိုက်ဆဲပင်။ သူသည် ဝမ်ပေါင်လဲ့တစ်ယောက် ယခုလိုအနေအထားအထိ ရောက်လာသည်မှာ တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ကြောင်း မှတ်ယူလိုက်၏။

လက်ရှိ အခြေအနေမျိုးတွင် မိမိ၏ လောဘစိတ်အား ချုပ်တည်းထားနိုင်ရန်မှာ လူတိုင်းအတွက် မဖြစ်နိုင်ပေ။ ရှဲ့ဟေးရန်မှာ အကူအညီတောင်းနေရသည့်သူ မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ဝမ်ပေါင်လဲ့ဘက်မှ မည်မျှပင် တောင်းဆိုစေကာမူ အံကြိတ်ကာ ဖြည့်ဆည်းပေးရမည်ဖြစ်သည်။

သို့သော်လည်း ဝမ်ပေါင်လဲ့မှာ အတိုင်းအဆမရှိ တောင်းဆိုခဲ့ခြင်း မရှိပေ။ အချို့ အချိန်များတွင်ဆိုလျှင် ရှဲ့ဟေးရန်မှာ ဈေးဆိုင်ပိုင်ရှင်များအား အရိပ်အမြွက်ပြကာ ပစ္စည်းများ ရောင်းချရန် တိုက်တွန်းခဲ့သည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ သူ့အား တားခဲ့သည်သာ ဖြစ်သည်။

" ညီကိုဟေးရန်။ မင်းရဲ့လုပ်ရပ်တွေကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ ငါတို့နှစ်ယောက်ကြားမှာ ဒါမျိုးတွေ လုပ်နေဖို့မလိုပါဘူးကွ။ ဘယ်သူကမှ ပိုက်ဆံကို အလကားရတာမဟုတ်ဘူးလေ "

ဆိုင်ပိတ်ထားခြင်း မရှိပါသော်လည်း ဈေးဝယ် အများကြီး မရှိသည့် မှော်ရတနာဈေးဆိုင် တစ်ဆိုင်ထဲတွင် ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်အား စိုက်ကြည့်ကာ ရိုးရိုးသားသား ပြောလိုက်၏။ ရှဲ့ဟေးရန်မှာ စီးပွားရေးသမားတစ်ယောက်လို စဉ်းစားတွေးတောတတ်ရန် ငယ်စဉ်ကတည်းက လေ့ကျင့်ထားရသည့်တိုင်အောင် ထို စကားများကို ကြားလိုက်ရပြီး ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ အနည်းငယ်ခန့် စိတ်နှလုံးလှုပ်ရှားသွားရဆဲပင်။

ထို့ကြောင့် နောက်ဆုံးတွင် သူသည် ပွင့်ပွင့်လင်းလင်းပြောလိုက်၏။

" နံပါတ်ဆယ့်ခြောက် ဦးလေးဆရာ။ ဒီတစ်ခေါက် ကျွန်တော်က ဒီ ရှဲ့မိသားစုစျေးထဲမှာရှိတဲ့ ကျွန်တော့် မျိုးနွယ်စုရဲ့ လုပ်ငန်းအစုရှယ်ယာတွေကို အသုံးပြုထားပြီးသားပါ။ အဲတာမလို့ ဦးလေးဆရာ ပစ္စည်းတွေ အများကြီးဝယ်ဝယ် နည်းနည်းလေးပဲဝယ်ဝယ် ဘာမှ မထူးပါဘူးဗျာ... " ရှဲ့ဟေးရန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် စျေးဆိုင်ပိုင်ရှင်အား ဝမ်ပေါင်လဲ့ မကြာသေးမီတုန်းက ကြည့်နေခဲ့သည့် ကြက်သွေးရောင် ဓားပျံအတွက် ဘောက်ချာရေးပေးရန် လှမ်းပြောလိုက်၏။

ထို ဓားပျံမှာ သာမန်ဓားပျံတစ်လက် မဟုတ်ပေ။ နဂါးပေါက်လေး တစ်ကောင်၏ ဝိညာဉ်မှာ ၎င်းထဲ၌ ကိန်းအောင်းနေသည်။ ရှဲ့မိသားစု မဟုတ်ဘဲ အခြားအဖွဲ့အစည်းတစ်ခု ပိုင်သည့် ဤ ဈေးဆိုင်ထဲတွင် ထိုဓားပျံမှာ အရည်အသွေး အကောင်းဆုံးဖြစ်၏။ ၎င်း၏ ဈေးမှာလည်း ပေါပေါပဲပဲ မဟုတ်ပေ။

ထို ဈေးဆိုင်မှာ ရှဲ့မိသားစု အပိုင် မဟုတ်ပါသော်လည်း ရှဲ့မိသားစု၏ ကြယ်စင်စုဈေးထဲ၌ ဖွင့်ထားသည်ဖြစ်ရာ ရှဲ့ဟေးရန်မှာ သူ၏ အစုရှယ်ယာများဖြင့် ငွေချေပေးနိုင်စွမ်း ရှိနေဆဲပင်။

ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်တစ်ယောက် သူ၏ စကားများအား နားမထောင်သည်ကို မြင်လိုက်ရသဖြင့် သူ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ နောက်တွင် မောက်မာဝင့်ကြွားမှု အပြည့်ရှိသော စကားသံတစ်သံ ထွက်ပေါ်လာသည်။

" ဒီဓားပျံလေးက ဘယ်ဆိုးလို့လဲကွ။ ငါ... ဟင် " အစတွင် ထိုစကားသံပိုင်ရှင်မှာ မောက်မာဝင့်ကြွားမှု အပြည့်ရှိနေခဲ့ပါသော်လည်း စကားမဆုံးနိုင်ခင်မှာပင် ပင့်သက်ရှိုက်မိသွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့နှင့် ရှဲ့ဟေးရန်တို့မှာ နောက်သို့လှည့်ကာ ကြည့်လိုက်ကြသည်။

ထိုအခါ သူတို့မှာ ယခုမှ စျေးဆိုင်ထဲသို့ဝင်လာပြီး သူတို့နှစ်ယောက်အား ကြောက်ရွံ့နေသည့် မျက်နှာအမူအရာဖြင့် စိုက်ကြည့်နေသည့် ဖက်တီးလေးတစ်ယောက်အား မြင်လိုက်ရ၏။ ထို ဖက်တီးလေးမှာ ဝတ်ကောင်းစားလှများ ဆင်မြန်းထားပြီး သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အစောပိုင်း ဂြိုဟ်အဆင့်တွင် ရှိနေသည်။ သူ၏ နောက်တွင်မူ အဘိုးကြီးသုံးယောက် ရှိနေပြီး သူသည် အင်အားကြီး အဖွဲ့အစည်းတစ်ခုမှ အဓိကဂိုဏ်းသားတစ်ယောက် ဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။ ထို ဖက်တီးလေးမှာ ဝမ်ပေါင်လဲ့နှင့် အကြည့်ချင်းဆုံသွားသည်နှင့် နောက်သို့ ခြေလှမ်း ခုနစ်လှမ်း၊ ရှစ်လှမ်းခန့် ဆုတ်ခွာသွား၏။

" ဟင် " ဝမ်ပေါင်လဲ့၏ မျက်နှာပေါ်တွင်မူ အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။ သူ၏ ရှေ့တွင် ရှိနေသည့် ဖက်တီးလေးမှာ သူ ကြယ်သုသာန်ထဲ၌ ဆုံတွေ့ခဲ့သည့် ပါရမီရှင်များထဲမှ တစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ ထို့အပြင် သူသည် သူ့အား တစ်ကြိမ်ပြီးတစ်ကြိမ် လှည့်စားခဲ့သေးသည်။

" ဖက်တီးလေးပါလားကွ။ ဟားဟား။ မတွေ့ရတာတောင် ကြာပြီနော် " ဝမ်ပေါင်လဲ့မှာ ပြုံးကာဆိုလိုက်ပြီးနောက် ထို ဖက်တီးလေးဆီသို့ လျှောက်လှမ်းသွားလိုက်၏။

" ငါ့နား မလာခဲ့နဲ့ " ဖက်တီးလေးမှာမူ အသံကုန်အော်ဟစ်လိုက်သည်။ ထိုအခါ သူ၏ နောက်တွင်ရှိနေသည့် အဘိုးကြီးသုံးယောက်မှာ မျက်ဝန်းများ အရောင်လက်သွားပြီး သူ၏ ရှေ့သို့ ချက်ချင်းရောက်လာသဖြင့် ဝမ်ပေါင်လဲ့မှာ ရှေ့ဆက်မသွားနိုင်တော့ပေ။

သူ၏ ရှေ့၌ ကိုယ်ရံတော်များ ရှိနေသောကြောင့်လားတော့မသိပေ။ ထို ဖက်တီးလေးမှာ ကြောက်ရွံ့တုန်လှုပ်နေခဲ့ရာမှ ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ အော်ပြောလိုက်၏။

" ငါ့နာမည်က ကျိုးလင်ဖုန်းကွ။ ဖက်တီးလေး မဟုတ်ဘူး။ မင်းဘာသာမင်း ရှဲ့တလုပဲ ဖြစ်ဖြစ်၊ ဝမ်ပေါင်လဲ့ပဲ ဖြစ်ဖြစ် ငါ ဂရုစိုက်နေမှာမဟုတ်ဘူးနော်။ တရားမလွန်နဲ့ "

" အေးပါ " ဝမ်ပေါင်လဲ့မှာမူ မျက်စိ ပေကလတ်ပေကလတ် လုပ်ကာ သူ၏ ဘေးတွင် ရှိနေသည့် ရှဲ့ဟေးရန်အား လှမ်းပြောလိုက်၏။

" ဟေးရန်။ မင်း ဒီ ဓားပျံကို အဲဒီ ဖက်တီးလေးဆီ ရောင်းလိုက်ပါလား " ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆိုလိုက်ပြီးနောက် ဖက်တီးလေးအား ပြန်ကြည့်ကာ နှုတ်ခမ်းအား လျှာဖြင့်လျက်၍ မေးလိုက်တော့သည်။

" မင်း ဒီ ဓားပျံကို တကယ် ဝယ်မှာလား “

All Chapters