← Chapters

ပြန်လည်ယှဉ်ပြိုင်ခြင်း အပိုင်း(၅)

Vol. 62 Ch. 858

ပြန်လည်ယှဉ်ပြိုင်ခြင်း အပိုင်း(၅)

Vol. 62 Ch. 858

“မကောင်းဆိုးဝါး နတ်ဘုရား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ဤသည်က သူ့အနေဖြင့် ထိုအငွေ့အသက်ကို အာရုံခံမိသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်သော်လည်း ထိုအရာသည် မည်သည့်အရာမှ ဆင်းသက်လာကြောင်း ချက်ချင်းသိလိုက်သည်။ မိုးမြေကြားတွင် အမြင့်မြတ်ဆုံး သက်ရှိအနေဖြင့် ထိုအရာကို တွေ့သည့်သူတိုင်းက ချက်ချင်း တန်းသိလိမ့်မည်။

မကောင်းဆိုးဝါး နတ်ဘုရားက ထာဝရအရှင်နှင့် တာအိုဘိုးဘေးတို့နှင့် ယှဉ်နိုင်သည့် စွမ်းအားနှင့် မွေးဖွားလာကြသည့် အင်မော်တယ် မျိုးနွယ်တစ်ခု ဖြစ်ပေသည်။ သူတို့က အရွယ်မရောက်ခင်ကတည်းက အားလုံးတွင် မဟာဧကရာဇ်နှင့် ယှဉ်နိုင်သည့်စွမ်းအား ရှိထားကြ၏။

မကောင်းဆိုးဝါး နတ်ဘုရားတစ်ပါး၏ အနိမ့်ဆုံး ကံကောင်းမှုက အရောင်နှစ်ရောင်မှ သက်တံအရောင်အထိ ဖြစ်နေနိုင်ပြီး အလားအလာ အကောင်းဆုံးသူများက အဖြူရောင် ကံကောင်းမှု သို့မဟုတ် စံပြကံကောင်းမှုအထိ ဖြစ်နေနိုင်သည်။

သူတို့၏ ခန္ဓာကိုယ်က ကမ္ဘာဦးဟွင်သွမ်းမှ မွေးဖွားလာသည်ဖြစ်ရာ ဟွင်သွမ်းစကြဝဠာအတွင်း အကောင်းဆုံးရုပ်ခန္ဓာဖြင့် မွေးဖွားလာကြသည်။ မွေးကင်းစ မကောင်းဆိုးဝါး နတ်ဘုရားများက သူတို့၏ ခန္ဓာကိုယ်ဖြင့် အားနည်းသည့် ကမ္ဘာများကို ဖျက်ဆီးပစ်နိုင်၏။

ခန္ဓာကိုယ်လေ့ကျင့်ရေး လမ်းစဉ်နှင့် ဧကရာဇ်လမ်းစဉ်တို့ မြင့်တက်မလာခင် မကောင်းဆိုးဝါးနတ်ဘုရားများက ဟွင်သွမ်းစကြဝဠာတွင် အားအကောင်းဆုံး သက်ရှိများအဖြစ် မှတ်ယူခံထားရပြီး ကောင်းကင်နှင့် အသင်္ချေကမ္ဘာများမှ လေးစားအားကျခံရသည်။

ထိုသက်ရှိ၏ တစ်ခုတည်းသော ပြစ်ချက်က တင်းကြပ်သည့် ဝါစဉ် ဖြစ်၏။ မကောင်းဆိုးဝါး နတ်ဘုရား၏ အဆင့်အတန်းက သူတို့မွေးဖွားလာစဉ်ကတည်းက ဆုံးဖြတ်ပေးထားခဲ့သည်။ သူတို့၏ နောက်ဆုံးအလားအလာက အဆင့် ၁၂ ဖြစ်နိုင်လား၊ မဖြစ်နိုင်လားအပေါ် ညွှန်ပြသည့် သွေးမျိုးဆက် ကန့်သတ်ချက်နှင့် သူတို့နှင့်အတူ မွေးဖွားလာသည့် ကမ္ဘာဦးစည်းမျဉ်း အမျိုးအစားအလိုက် အဆင့်အတန်းကို သတ်မှတ်ပေးနိုင်သည်။

နမူနာအနေဖြင့် အဆင့်(၁၂) သွေးမျိုးဆက်နှင့် အထွတ်အထိပ် တားမြစ်ခံစည်းမျဉ်းဖြင့် မွေးဖွားလာသည့် မကောင်းဆိုးဝါး နတ်ဘုရားများက မျိုးနွယ်စုတွင် အသိအမှတ်ပြုခံရဆုံးဖြစ်ကာ အမြင့်မားဆုံး အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ ထို့နောက် တားမြစ်ခံတာအိုနှင့် အလားအလာကောင်းသည့် တာအိုများဖြင့် မွေးဖွားလာသူများ ဖြစ်၏။

သို့သော်လည်း နှစ်များစွာ ကြာလာသည့်အခါ မကောင်းဆိုးဝါး နတ်ဘုရား မျိုးနွယ်၏ ပုံစံက စံပြများနှင့် ဧကရာဇ်လမ်းစဉ် မြင့်တက်လာမှုကြောင့် အပြောင်းအလဲ ဖြစ်လာခဲ့သည်။ တချို့မကောင်းဆိုးဝါး နတ်ဘုရားများက ကောင်းကင်အလိုဆန္ဒကို ရယူကာ စံပြဖြစ်လာပြီး သူတို့၏ ကမ္ဘာဦးစည်းမျဉ်း၏ ကန့်သတ်ချက်ကို ချိုးဖောက်ခဲ့ကြသည်။

ထိုစွမ်းအားဖြင့် သူတို့က အထွတ်အထိပ်တားမြစ်ခံငါးခုဖြင့် မွေးဖွားလာသည့် အကြီးအကဲများကိုပင် စိန်ခေါ်နိုင်ကြသည်။ ထို့ကြောင့် မျိုးနွယ်စုအများအပြားက ပိုမိုအားကောင်းသည့် အဖွဲ့ဝင်အား မြင့်မားသည့် အဆင့်အတန်းပေးဖို့ စည်းမျဉ်းများ အပြောင်းအလဲ လုပ်ခဲ့ကြသည်။

သို့သော်လည်း တချို့မျိုးနွယ်များကမူ ခေါင်းမာကာ သူတို့မျိုးနွယ်ဝင်များအား ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် မပါဝင်ဖို့နှင့် ဧကရာဇ်လမ်းစဉ် မလျှောက်လှမ်းဖို့ရာ တင်းတင်းကြပ်ကြပ် တားမြစ်ထားခဲ့သည်။ ထိုကတိစကားကို ချိုးဖောက်သည့်သူတိုင်းက အမဲလိုက်ခံရပြီး သုတ်သင်ခံရလိမ့်မည်။

ဝမ်ဝေ့က တိထျန်း၏ အသွင်ပြောင်းမှုကို အာရုံစူးစိုက်ကာ ကြည့်လိုက်၏။

ဒါက သူ့ဝှက်ဖဲတစ်ခုလား။ မကောင်းဆိုးဝါးနတ်ဘုရားရဲ့ သွေးမျိုးဆက်…

သူက ထိုအရာကို ထင်မှတ်မထားကြောင်း ဝန်ခံရပေမည်။ မကောင်းဆိုးဝါး နတ်ဘုရားများက ကမ္ဘာဦးဟွင်သွမ်းကိုပင် သူတို့၏ အိမ်အဖြစ် မှတ်ယူနိုင်ပြီး ဟွင်သွမ်းကမ္ဘာများထဲ ဝင်ရောက်ခဲသည့်အတွက်ကြောင့် ရှားပါးသည့် သက်ရှိများ ဖြစ်လေသည်။

ပင်ကိုယ်သက်ရှိများနှင့် ဟော်သဲ့သက်ရှိများကြား ပဋိပက္ခဖြင့် အခြေအနေက ပိုမိုဆိုးရွားလာခဲ့သည်။ ထို့အပြင် မကောင်းဆိုးဝါး နတ်ဘုရားတစ်ယောက်က ဟွင်သွမ်းကမ္ဘာတစ်ခုတွင် ဝင်ရောက်ခဲ့ပါက ဒိုင်မေးရှင်းအမြင့်တွင်သာ ပေါ်ထွက်လာလိမ့်မည်။

ကောင်းကင်တာအိုက အလားအလာကန့်သတ်ချက် မရှိသည့် အားကောင်းသော သက်ရှိများကို ဒိုင်မေးရှင်းအနိမ့်တွင် သူတို့ဖန်တီးနိုင်သည့် ကပ်ဘေးများကြောင့် ပေါ်ထွက်လာခွင့်ပြုမည် မဟုတ်ပေ။

ထို့ကြောင့် ဝမ်ဝေ့၏ စိတ်ထဲတွင် ဒိုင်မေးရှင်းအနိမ့်တွင် မကောင်းဆိုးဝါး နတ်ဘုရား ပေါ်ထွက်လာဖို့နှင့် ပတ်သက်ပြီး မဖြစ်နိုင်ကြောင်း တွေးမိ၏။

“မင်းရဲ့ မျက်နှာအထက် အံ့ဩမှုကို မြင်လိုက်ရတာလား” တိထျန်းက လက်သီးဆုပ်ကာ သူ့သွေးကြောများမှ စွမ်းအားကို ခံစားကာ မေးလိုက်သည်။

“ငါ တွက်ဆထားတာထက် ကျော်လွန်နေတာဆိုတော့ အံအားသင့်တယ်လို့ပဲ ပြောရမှာပေါ့”

“မင်းဆီကနေ ဒီစကား ထွက်လာတယ်ဆိုတော့ ချီးကျူးမှုလို့ပဲ မှတ်ယူရမှာပေါ့” တိထျန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ သူ့မကောင်းဆိုးဝါး သွေးမျိုးဆက်က မဟာဧကရာဇ်နှင့် ထာဝရဧကရာဇ်ဖြစ်လာနိုင်သည့် အလားအလာရှိသည့် ပါရမီရှိ လူသားများစွာကို ဖန်တီးပြီးသည့်နောက်တွင် ဟော်သဲ့သက်ရှိအဖွဲ့အစည်းမှ သူ့အား ချီးမြှင့်ခဲ့သည့် ဆုလာဘ် ဖြစ်၏။

ထိုအရာက မကောင်းဆိုးဝါးနတ်ဘုရားမှ အားနည်းသည့် သွေးစက်တစ်စက်သာ ဖြစ်သော်လည်း အရွယ်ရောက်ပြီးသားသူဆီမှ ရရှိထားသည့်အတွက် လုံလောက်သည်ထက် ပိုလေသည်။

တိထျန်းက ထိုသွေးစက်ကို ရရှိခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သူ ပြန်လည်ဝင်စားမှုများတွင် ထိုအရာကို စုပ်ယူဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထိုအရာက သွေးစက်တစ်စက်မျှသာ ဖြစ်သော်လည်း အားကောင်းသည့် ခန္ဓာကိုယ်နှင့် ပေါင်းစပ်ဖို့ လက်မခံဘဲ မောက်မာနေသည်။

ထို့ကြောင့် နှစ်များစွာကြာသည့်တိုင် တိထျန်းက ထိုအရာကို အသုံးပြုကာ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို သွေးစက်နှင့် သင့်တော်အောင် လေ့ကျင့်ပေးခဲ့သည်။

သူ့နဂိုအစီအစဉ်အရ တာအိုကိုသက်သေပြပြီးသည့်နောက်မှသာ အားကောင်းသည့် သွေးမျိုးဆက်ကို သူ့တာအိုခန္ဓာအသက်ဝင်ခြင်းကို အားမြှင့်တင်ပေးဖို့ရာအတွက် ပေါင်းစည်းမည် ဖြစ်သည်။

ကံကြမ္မာက ထိုသို့ရည်ရွယ်ထားဟန်ပေါ်၏။ တိထျန်း၏ ထိုသွေးစက်နှင့် မပေါင်းစည်းနိုင်စွမ်းက ဝူဟုန်၏ ရယူမှုကို ကာကွယ်ပြီးသား ဖြစ်သွားခဲ့သည်။ မဟုတ်ပါက သူမသည် သူ့ကို စည်းပိတ်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်မှ ထုတ်ယူသွားနိုင်သည်။

တိထျန်းက သက်ပြင်းချလိုက်သည်။ ဤနှစ်များစွာကြာပြီးသည့်နောက်မှ သူက လိုအပ်ချက်နှင့် ပြည့်မှီလာခဲ့သည်။ ထိုအခိုက်အတန့်တွင် သူက အောင်မြင်မှုကို ခံစားမိလိုက်၏။

ဒီခန္ဓာကိုယ်ရဲ့ စွမ်းအားကို ကြည့်ရအောင်…

သူက တွေးလိုက်မိသည်။

ဝုန်း

သူက ချက်ချင်းဆိုသလို တစ်ဖက်လူရှေ့ ပေါ်ထွက်လာပြီး နယ်မြေတစ်ခုမှ တစ်ခုဆီ ပျံသန်းနိုင်သည့် အလင်းအဖြစ် ထိုးချလိုက်သည်။

အရိုးပဲ အက်သွားတာလား။ မလုံလောက်သေးဘူး…

သူက ဝမ်ဝေ့ရှေ့မှောက် ထပ်မံ ပေါ်ထွက်လာကာ လက်သီးချက်ဖြင့် ထပ်မံ ထိုးနှက်လာသည်။ သူတို့၏ လက်များက မြန်မြန်ဆန်ဆန် လှုပ်ရှားနေသည့်အတွက် ကြည့်ရှုနေသူများထဲ ဆန့်ကျင်ကျင့်ကြံသူတချို့ကသာ မြင်နိုင်လေသည်။

ဝုန်း

တိထျန်းက ဝမ်ဝေ့၏ ဝမ်းဗိုက်ကို ထိုးနှက်လိုက်၍ ဝမ်ဝေ့တစ်ယောက် သူ့အမေ လုပ်ပေးခဲ့သည့် နေ့လည်စာနှင့် တံတွေးများပင် ထွက်လာတော့မလို ခံစားလိုက်ရသည်။

ထိုစဉ် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်သည် အမြန်နှုန်းမြှင့် ရထားနှင့် ဝင်တိုက်ခံလိုက်ရသလိုမျိုး ခံစားနေရ၏။

အပျက်အစီးက အသေးအဖွဲပဲ။ ဒါက စိတ်စွမ်းအားနဲ့ တာအိုဆန္ဒလား…

တိထျန်းက သူ့တိုက်ကွက်သည် မည်မျှအားကောင်းကြောင်း သိထား၍ သုံးသပ်လိုက်သည်။ ထို့အပြင် မကောင်းဆိုးဝါး နတ်ဘုရား၏ ခန္ဓာကိုယ်က အားနည်းသည့် ခန္ဓာကိုယ်ကို ပျက်စီးစေနိုင်သည့် ကမ္ဘာဦးဟွင်သွမ်းဆီမှ အငွေ့အသက်တစ်ခု ပါဝင်နေသည်။

သို့သော်လည်း ထိုအရေးသာချက်များဖြင့်ပင် တစ်ဖက်လူကို ဒဏ်ရာပေးနိုင်ဖို့ ကျရှုံးခဲ့သည်။ ထို့အပြင် သူက သူ့တာအိုဆန္ဒကို ဝမ်ဝေ့၏ ပြန်လည်ကုစားနိုင်စွမ်းကို နှောင့်နှေးစေဖို့ သူ့ခန္ဓာကိုယ်အတွင်း မထည့်နိုင်ခဲ့ပေ။

“ငါ ရထားတဲ့ စွမ်းအားအသစ်ကို စမ်းကြည့်ရအောင်”

တိထျန်း၏ မျက်ဝန်းအထက် အနက်ရောင်လျှပ်စီးတချို့ဖြတ်ပြေးသွားကာ အဝေးတစ်နေရာရှိ ဝမ်ဝေ့ဆီ ပြေးဝင်လာသည်။

မြောက်ပိုင်းကုန်းမြေတွင် အရိုးအက်သံများကိုသာ ကြားနေရလေ၏။ တိထျန်းက သောင်းကျန်းကာ တစ်ဖက်လူဆီ လက်သီးချက်များဖြင့် သုတ်သင်ပစ်လိုသည့်အလား ထိုးနှက်နေသည်။ ဆက်တိုက်ဆိုသလို စကြဝဠာတစ်ခုထက် ပိုမိုကြီးမားသည့် တွင်းနက်ကြီး ၁၂၆၉သန်း၏ မြေဆွဲအားသည် တိထျန်းအပေါ် ရုတ်ချည်း ကျရောက်လာပြီး သူ့အား မီတာဒါဇင်ချီ လွင့်စင်သွားစေသည်။ သို့သော်လည်း သူက ထိခိုက်ဒဏ်ရာ မရှိပေ။

ကံကောင်းစွာဖြင့် ဝမ်ဝေ့၏ သူ့ဆုံမှတ်များကို အသက်သွင်းသည့် အစီအစဉ်က သူ့အား အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်ဖို့ရာ အချိန်အလုံအလောက် ဆွဲပေးခဲ့သည်။

သိသာတဲ့ အပျက်အစီးမရှိဘူး…

တိထျန်းက အသုံးမဝင်သည့် စိတ်ခံစားချက်များကို မပယ်ဖျောက်ခင် အနည်းငယ် ဒေါသထွက်မိ၏။

သူက သူ့ကျရှုံးမှု၏ အကြောင်းအရင်းကို သိထားလေသည်။ တစ်ဖက်လူက သူ၏ စိတ်စွမ်းအားနှင့် တာအိုဆန္ဒတို့ကို ပြီးပြည့်စုံစွာ ထိန်းချုပ်ပြီး သူ့ခံနိုင်ရည်စွမ်းကို အထွတ်အထိပ်သို့ မြှင့်တင်ထား၍ ဖြစ်သည်။

ထို့အပြင် သူက ကြိုးထုံးနည်းစနစ်မှ တိထျန်းလိုမျိုး တူညီစွာ မခံရစေဖို့ရာ သေချာအောင် လုပ်ဆောင်ထားခဲ့သည်။

ငါ ဒီအခွင့်အရေးကိုယူပြီးတော့ သူ့စိတ်စွမ်းအားနဲ့ တာအိုဆန္ဒကို ဘယ်လိုသုံးလဲဆိုတာကို လေ့လာရမယ်။ ဒါပေမဲ့ သူ့အဆင့်ကို ရဖို့အတွက်တော့ အချိန်တစ်ခု လိုလိမ့်မယ်။ ပြီးတော့ သူ့စိတ်စွမ်းအားက ကြောက်ဖို့ ကောင်းလောက်အောင် ငါ့ထက်တောင် တော်တော်မြင့်နေတယ်…

တိထျန်း၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီးသည့်နောက်တွင် ဤအခြေအနေမှ ထွက်လမ်းကို စဉ်းစားနေပြီး တိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်ဖို့ နည်းလမ်းကို ကြံဖန်နေသည်။

မဟုတ်သေးဘူး။ ငါ့ရဲ့ စိတ်သဘောထားကို ပြောင်းလဲဖို့လိုတယ်။ အချိန်က သူ့ဘက်မှာ ရှိတယ်ဆိုတာ သူလည်း သိတယ်။ အဲဒါဆိုတော့ သူက တိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်မှာ မဟုတ်ဘူး။

ငါက တာအိုဆန္ဒနဲ့သူ့ကို ဒဏ်ရာအပြင်းအထန်ပေးပြီးတော့ သူ့ရဲ့သက်လုံကို လျော့ကျသွားစေတဲ့ ပြန်လည်ကုစားမှုမျိုးကို လုပ်ဖို့ ဖိအားပေးရမယ်…

တိထျန်းက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ပုံသဏ္ဌာန်၉မျိုး ရှိသည့် ပစ္စည်းအမျိုးမျိုးက သူ့ရှေ့တွင် ထွက်ပေါ်လာသည်။

ဝမ်ဝေ့က ထိုပစ္စည်းများသည် ဟွင်သွမ်းရတနာများ ဖြစ်နေကြောင်း မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်၏။ သူက ထိုကောင်စုတ်သည် မည်မျှချမ်းသာကြောင်း တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအရာက တိထျန်း၏ အရေးသာချက်တစ်ခု ဖြစ်ကြောင်း သိထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။

သူ့အကြီးမားဆုံး နောင်တက အိပ်စက်သူများသည် တိထျန်း၏ ချမ်းသာမှုကို မရရှိဘဲ သူ့ကို အရင်းအမြစ်များ ထိန်းချုပ်ဖို့ရာသာ ကူညီပေးခဲ့ခြင်း ဖြစ်၏။ ထိုစဉ် သူ့ချမ်းသာမှုအားလုံးကို ထိန်းသိမ်းထားသည့် တကယ့်နေရာက တင်းကြပ်သည့် သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။

တိထျန်းက ပါးစပ်ဟကာ ဝါးမျိုလိုက်၏။ ထိုပစ္စည်း ၉ခုဆီမှ အမည်မသိ အငွေ့အသက် သို့မဟုတ် စွမ်းအားတစ်ခု ထွက်ပေါ်လာကာ ဝမ်းဗိုက်အတွင်း ဝင်ရောက်သွားပြီး ပစ္စည်းများက ယခင်ထက် မှေးမှိန်လာသည်။

ထိုရတနာများဆီမှ မသန့်စင်သည့် ဟွင်သွမ်းအငွေ့အသက်များကို စုပ်ယူပြီးသည့်နောက်တွင် သူ့ မကောင်းဆိုးဝါး သွေးမျိုးဆက်က သူတို့ကို ကမ္ဘာဦးဟွင်သွမ်း အငွေ့အသက်မျှင်အဖြစ် ပေါင်းစည်းလိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်း ပို့ဆောင်ကာ အာဟာရ ဖြည့်လိုက်သည်။

ဝုန်း

တိထျန်း၏ နဂိုအားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါက သိသိသာသာ ထပ်မံတိုးမြင့်သွားသည်။ သူ့ခန္ဓာကိုယ်အထက် တက်တူးအချို့ ထပ်မံ ထွက်ပေါ်လာပြီး သူ့ခရမ်းရောင်မျက်ဝန်းက ပိုမိုအရောင်ရင့်သွား၏။

သူ့မျက်လုံးဝန်းကျင်ရှိ အနက်ရောင်လျှပ်စီးများက ပိုမိုတုတ်ခိုင်လာကာ မကောင်းဆိုးဝါးနတ်ဘုရားက သူ့စိတ်စွမ်းအားကို သဏ္ဌာန်ပြပြီး ထိန်းချုပ်ဖို့ရာ လွယ်ကူအောင် လုပ်ပေးထားဟန်ပေါ်၏။

မိုးမြေကြားမှ အမြင့်မြတ်ဆုံး သက်ရှိဆိုတဲ့အတိုင်းပဲ။ အရာအားလုံးက သူတို့အတွက် လွယ်ကူနေတာပဲ…

တိထျန်းက တစ်ဖက်လူအား သားကောင်အလားကြည့်ကာ တွေးလိုက်သည်။

ထိုစဉ် ဝမ်ဝေ့က ကိစ္စများသည် သူ့အတွက် မကောင်းမှန်းသိသော်လည်း အင်မတန် တည်ငြိမ်နေလေ၏။

ဒါက ငါ့အတွက် ပြီးပြည့်စုံတဲ့ အခွင့်အရေးတစ်ခုပဲ။ ဒီစွမ်းအားကို တစ်ခါမှ မသုံးနိုင်ခဲ့ပေမဲ့ ဒါပေမဲ့ သေခြင်းရှင်ခြင်းကြားမှာ အောင်အောင်မြင်မြင်နဲ့ ကျွမ်းကျင်သွားနိုင်တယ်…

All Chapters