ငြင်းခုန်မှု
Vol. 62 Ch. 862
ဝမ်ဝေ့က ပြင်းထန်သည့် အာရုံခံနိုင်စွမ်းဖြင့် ဤနေရာဆီ ချဉ်းကပ်လာသည့် ကြောက်မက်ဖွယ်ရာများကို ခံစားမိလိုက်သည်။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သူက အဖြူရောင်အရိပ်ကြောင်ကို ဖမ်းဆီးခြင်းမှ ဤသို့ဆိုးဆိုးရွားရွား တုံ့ပြန်မှုမျိုးကို ထင်မှတ်မထားသည့်အတွက် ရေရွတ်လိုက်သည်။
“ကောင်လေး … မင်းအနေနဲ့ ကိစ္စတွေက အပေါ်ယံမြင်ရသလောက် မရိုးရှင်းဘူးဆိုတာကို နားလည်လောက်အောင် ဉာဏ်ကောင်းပါတယ်” အမူးသမားလူအိုကြီးက သူ့သေရည်အိုးမှ တစ်ငုံသောက်ကာ ပြောလိုက်သည်။ ထို့နောက် သူက မတ်တပ်ရပ်ကာ အားလုံးရှေ့မှောက်ပျောက်ကွယ်သွား၏။
ဝမ်ဝေ့က တုံးအမနေသည့်အတွက် ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို စဉ်းစားလိုက်သည်။ ထို့ကြောင့် စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူ့မျက်နှာက အမူအရာ ပျက်ယွင်းလာ၏။
အထွတ်အထိပ် တားမြစ်ခံစစ်ဆေးမှု…
သူက ယခင်နှစ်ရာပိုင်းခန့်က ထိုထူးဆန်းသည့် စကားဝိုင်းအကြောင်းကို ပြန်လည်တွေးမိသွားသည်။ လူများစွာက သူ့အား ထိုစစ်ဆေးမှုအကြောင်းကို ပြောခဲ့ကာ အရိပ်မြွက်များများနှင့် သဲလွန်စများကို ချန်ထားပြီး အမှန်တရားကို ရှာဖွေခိုင်းခဲ့သည်။
သူတို့နောက်ကို လိုက်ကာ အမှန်တရားကို သင်ယူခဲ့၏။ သို့သော် သိပ်မကြာခင် အထွတ်အထိပ် ခေါင်းဆောင်တစ်ယောက်က ကောင်းကင်တာအိုသည် သူ့အား ကင်းလွတ်ခွင့် ပေးကာ စမ်းသပ်ချက် ဖြတ်ကျော်စရာမလိုကြောင်း ပြောလာခဲ့၏။
ထို့ကြောင့် ဝမ်ဝေ့က သူ့ဖန်ဆင်းခြင်းတာအိုကိုသာ အာရုံစိုက်ထားပြီး မိုးမြေကြားတွင် အပြီးပြည့်စုံဆုံး သက်ရှိကို ဖန်ဆင်းဖို့ ကြိုးစားခဲ့သည်။ သို့သော်လည်း သိပ်မကြာခင် အထွတ်အထိပ် ခေါင်းဆောင်က သူ့ကို တစ်ဖန်ဆင့်ခေါ်ကာ သူ့လုပ်လက်စကို ရပ်တန့်ဖို့ ပြောခဲ့သည်။ မဟုတ်ပါက သူသည် ဆိုးဆိုးရွားရွားအကျိုးဆက်ကို တွေ့ကြုံခံစားရလိမ့်မည်။
ဤသတိပေးမှုက တစ်ယောက်တည်းဖြစ်သည့်အတွက် ခေါင်းမာသည့် ဝမ်ဝေ့က လျစ်လျူရှုကာ လုပ်လက်စကို ဆက်လက် လုပ်ကိုင်ခဲ့သည်။ သို့သော်လည်း အခြေအနေကို ထည့်သွင်းစဉ်းစားပြီးသည့်နောက်တွင် လူအမျိုးမျိုးဆီမှ သူ့အား ရောက်ရှိလာမည့် ကပ်ဘေးနှင့် ပတ်သက်ပြီး ထူးထူးဆန်းဆန်း စကားဝိုင်းများရှိခဲ့ကြောင်း သတိပြုမိသွားခဲ့သည်။
ဝမ်ဝေ့က ခေါင်းမော့ကာ သူ့ရှေ့တွင် ရှိနေသည့် အစီအရင်ကို ကြည့်လိုက်၏။ သူက အဖြူရောင်အရိပ်ကြောင်ကို ကြည့်လိုက်ပြီး ထိုအရာက သူ့ကပ်ဘေးအတွက် ပေါင်းကူးတစ်ခု ဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။
မကောင်းဆိုးဝါးမျက်လုံးဧကရာဇ်ရဲ့ အကြည့်ကို ရှင်းပြပြီးသားဖြစ်သွားပြီ။ သူက ရောက်လာမယ်ဆိုတာကို သိနေခဲ့တာပဲ…
ဝမ်ဝေ့က ရှေ့နောက်လျှောက်ကာ စိတ်ထဲ ဂယက်ရိုက်နေမှုကို ကာကွယ်ဖို့ ကြိုးစားနေသည်။
စိတ်ငြိမ်ငြိမ်ထား…စိတ်ငြိမ်ငြိမ်ထား…
သူက စိတ်ထဲတွင် ထပ်ခါထပ်ခါ ရေရွတ်နေ၏။
ဒါက စစ်ဆေးမှုဆိုတော့ အောင်မြင်နိုင်မဲ့ နည်းလမ်းလည်း ရှိရမှာပဲ…
သူက ထိုစကားများကို သူ့ကိုယ်သူ အယုံသွင်းနေသော်လည်း သူ့စိတ်ထဲတွင် ဤအခြေအနေအတွက် နည်းဗျူဟာတစ်ခုကို စီစဉ်ဖို့ ကြိုးစားရင်း စိတ်က ဗလာကျင်းနေလေသည်။ သူက အပြင်ဘက်မှ လူများ၏ ကြောက်မက်ဖွယ် အငွေ့အသက်ကို အာရုံခံမိသည့်အတွက် သွားရောက်တိုက်ခိုက်ခြင်းက မေးခွန်း မဟုတ်ပေ။
သူက အနည်းဆုံး ထာဝရဧကရာဇ်နှင့် ယှဉ်နိုင်သည့် ပင်ကိုနတ်ဆိုးနတ်ဘုရား လေးယောက်နှင့် တခြားသောအင်အားကြီး ပုဂ္ဂိုလ်များစွာ၏ အရှိန်အဝါကို ခွဲခြားနိုင်လေသည်။ ထိုစဉ် သူ့ဘက်တွင် အထွတ်အထိပ်ခေါင်းဆောင်များသာ ရှိ၏။
“လောင်ကုန်း … အခု ဘာလုပ်မှာလဲ” ဝူဟုန်က အနည်းငယ် တုန်ယင်စွာဖြင့် မေးလိုက်သည်။ သူမက သူမ၏ ခင်ပွန်းဖြစ်သူသည် ဤအချိန်တိုအတွင်း စိတ်ခံစားချက် အပြောင်းအလဲများစွာ ဖြတ်ကျော်နေရသည်ကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။
ဝမ်ဝေ့က ပါးစပ်ဟကာ ပြောလိုက်ချင်သော်လည်း ဘာစကားမှ ထွက်မလာခဲ့ပေ။
“မင်း ဘာမှစိုးရိမ်နေစရာ မလိုဘူး။ ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ် ကတိပေးတယ်” သူက ဖျောင်းဖျလိုက်၏။
“လောင်ကုန်း ဖြစ်ပျက်နေတာကို ပြောပြရင် ကျွန်မ ကူညီပေးနိုင်လောက်တယ်” ဝူဟုန်က ညင်ညင်သာသာ ပြောလိုက်၏။
ဝမ်ဝေ့၏ မျက်ဝန်းအထက် တုံ့ဆိုင်းမှုတို့က ပိုမိုနက်ရှိုင်းလာသည်။ သူ့ဖန်ဆင်းမှုက ပြီးပြည့်စုံသည့် သက်ရှိ ဖြစ်ခဲ့၏။ ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ ပါရမီနှင့် အသိဉာဏ်ပိုင်းဆိုင်ရာတွင် အထွတ်အထိပ် ဖြစ်၏။ ထို့ကြောင့် သူမက ဤအခြေအနေမှ ထွက်ဖို့ရာ နည်းလမ်းကောင်း ရှိနေနိုင်သည်။
သို့သော်လည်း ဝမ်ဝေ့က ခေါင်းယမ်းလိုက်သည်။ ပထမဦးစွာ သူက သူမကို မစိုးရိမ်စေလိုပေ။ ဒုတိယအနေဖြင့် သူမအနေဖြင့် ဤအခြေအနေကို ဖြေရှင်းဖို့ အဆင်သင့် မဖြစ်သေးကြောင်း ခံစားမိနေသည်။
“မစိုးရိမ်နဲ့ ။ တကယ်လို့ မင်းအကူအညီ လိုတယ်ဆိုရင် ကိုယ် ပြောမယ်” ဝမ်ဝေ့က သူမ၏ နောက်ကျောကို ညင်သာစွာ ဖက်ထားရင်း ပြောလိုက်သည်။
ဝူဟုန်က တစ်စုံတစ်ခုကို ပြောချင်သော်လည်း အဆုံးသတ်တွင် သူမက ခင်ပွန်းဖြစ်သူ၏ မျက်ဝန်းကို ကြည့်ပြီးသည့်နောက်တွင် သက်ပြင်းသာချလိုက်သည်။
“ဒါနဲ့ ကလေးတွေရော ဒီမှာပဲလား” ဝမ်ဝေ့က စိုးရိမ်စွာဖြင့် မေးလိုက်သည်။
“မဟုတ်ဘူး။ သူတို့ကို ဒီကိစ္စမှာ မပါခိုင်းထားဘူးလေ”
“အဲဒါဆို ကောင်းတယ်” သူက ရေရွတ်လိုက်၏။ အကယ်၍ သူသာ ဤအခြေအနေတွင် မရှင်သန်နိုင်ပါက သူ့ကလေးများက သူနှင့်အတူ ရှိမနေဘဲ သူ့အဆုံးသတ်ကို မမြင်ရသည်က ပို၍ ကောင်းသည်ဟု ခံစားမိသည်။
ထို့နောက် ဝမ်ဝေ့က ရှေ့နောက် လျှောက်နေသည်။ ထိုအရာက ပြဿနာတစ်ခုကို ပြင်းပြင်းထန်ထန် စဉ်းစားသည့်အခါ လုပ်လေ့ရှိသည့် အလေ့အကျင့်တစ်ခု ဖြစ်၏။
ဘန်း
နေရာတစ်ခုလုံးက တုန်ခါသွားကာ သူ့ကို အာရုံစူးစိုက်နေရာမှ နိုးထလာစေခဲ့သည်။ သူက အပြင်ဘက်မှ အရှိန်အဝါများကို ခံစားမိလိုက်စဉ် စက္ကန့်ပိုင်းနှင့်အမျှ သူခံစားရသည့် အန္တရာယ်က ပိုမိုပြင်းထန်လာလေ၏။
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ အာရုံစူးစိုက်ဖို့ ကြိုးစားလိုက်သည်။ အပြင်ဘက်ကို စိုးရိမ်နေသည်က သူ့အတွက် ဘာမှမကောင်းကြောင်း သိထားလေသည်။ ကံဆိုးစွာဖြင့် အာရုံစူးစိုက်ဖို့ရာ အင်မတန်ခက်ခဲနေ၏။
ကျစ် ငါက ဘာလို့ ပိုအားမကောင်းရတာလဲ…
သူက စည်းမျဉ်းခန္ဓာအဆင့်သာ ရှိသေးလေ၏။ သူ့လက်ရှိစွမ်းအား ပွင့်ချပ်သုံးလွှာ ထာဝရအရှင်နှင့် ယှဉ်နိုင်သော်လည်း သူ့အဓိကအာရုံစိုက်မှုက တိုက်ပွဲမဟုတ်ဘဲ ဖန်ဆင်းမှုအပေါ်သာ ဖြစ်နေသည်။
ကောင်းကင်အလိုဆန္ဒတိုက်ပွဲက မကြာခင် ချဉ်းကပ်လာတော့မည်ဖြစ်ကာ သူ့အနေဖြင့် တိုက်ခိုက်စွမ်းရည် လိုအပ်ချက်ကို ကာမိစေဖို့အတွက် အချိန်အစီအရင်အတွင်း ဝင်ရောက်ဖို့ ပြင်ဆင်ထားခဲ့သည်။
ဝမ်ဝေ့က လက်ကို မြှောက်ကာ ပန်းရောင်နှင့် ခရမ်းရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းရောင်မှ သူသည် နှင်းလို ဖြူစွတ်နေသည့် ကျောက်စိမ်းတစ်ခုကို ဖန်ဆင်းခဲ့၏။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ကျောက်စိမ်းကို ခါးဘေးတွင် ချိတ်ဆွဲထားလိုက်သည်။ ထိုအရာမှ အေးစက်စက် အငွေ့အသက်တစ်ခု ထုတ်လွှတ်လာပြီး သူ့စိတ်အား အနှောင့်အယှက်မရှိ တည်ငြိမ်သွားအောင် ပြုလုပ်ပေးနေသည်။
မူလရေခဲကျောက်စိမ်းရဲ့ သက်ရောက်မှုက ငါထင်ထားတာထက် ပိုကောင်းနေတာပဲ…
ဝမ်ဝေ့က တွေးလိုက်မိပြီး ကျောက်ပြားအကြီးကြီးကို ဖန်ဆင်းဖို့ လက်ကို ဝှေ့ယမ်းလိုက်သည်။ သို့သော်လည်း ထိုကျောက်ပြားကြီးက ပေါ်ထွက်လာသည်နှင့် စတင် ပျောက်ကွယ်လာ၏။
ငါ အမြန်လုပ်ဖို့ လိုတယ်။ ဒီဉာဏ်အလင်းပွင့်ကျောက်ပြားနဲ့ဆိုရင် ငါ့ရဲ့ အသိဉာဏ်၊ ဉာဏ်ပညာနဲ့ နားလည်နိုင်စွမ်းတွေက နောက်တဆင့်ဆီ ရောက်ရှိသွားလိမ့်မယ်။ ငါ ဖြေရှင်းနည်းကို ရှာနိုင်လောက်တယ်…
ဝမ်ဝေ့က ထိုကျောက်ပြားရှေ့ ထိုင်ကာ မျက်လုံးကို မှိတ်ထားလိုက်သည်။ သူ့ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ် အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ သို့သော်လည်း ငါးမိနစ်ခန့် ကြာမြင့်ပြီးသည့်နောက်တွင် ကျောက်ပြားက ပျောက်ကွယ်သွားပြီး မျက်လုံးဖွင့်လာသည်။
သို့သော်လည်း ဝမ်ဝေ့က သူ့အရှိန်အဝါကို မထိန်းချုပ်နိုင်ဘဲ ကြမ်းပြင်မှ အခင်းများကို ဖျက်ဆီးပစ်မိသွားသည်။ ထို့အပြင် သူ့မျက်ဝန်းက သွေးဆာမှုများဖြင့် ပြည့်နှက်နေ၏။
“မဟုတ်ဘူး။ နောက်ထပ် နည်းလမ်းတစ်ခု ရှိရမယ်” သူ့အသံက အော်လုမတတ် ဖြစ်နေသည်။ သူက လက်ကို ဝှေ့ယမ်းကာ နောက်ထပ် ကျောက်ပြားတစ်ခုကို ဖန်ဆင်းပြီး ထပ်မံ ကြိုးစားကြည့်ဖို့ ပြင်လိုက်သည်။
“နောက်ထပ် ကြိုးစားကြည့်ဖို့ မလိုတော့ဘူး”
ဝမ်ဝေ့က သူ့ဇနီးကို လှည့်ကြည့်လိုက်ပြီး သူ့အကြည့်က နည်းနည်းကြောက်ဖို့ ကောင်းနေသည်။
“ရှင့်အတွက် ဒီစစ်ဆေးမှုကို အောင်မြင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ကျွန်မကို သတ်လိုက်ဖို့ပဲ”
“မင်း ဘယ်လို …”
သူတို့၏ ဝိညာဉ်၊ ကံကြမ္မာနှင့် ကံကြွေးအရ ဆက်နွယ်နေကြောင်း အမှတ်ရလိုက်သည်။ ထို့ကြောင့် သူ ဒေါသထွက်ပြီး စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်သည့်အခါ သူမက သူ့စိတ်နှင့်မှတ်ဉာဏ်များကို ကြည့်ရှုနိုင်သည်။
“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့” သူက အလျင်စလိုပြောလိုက်၏။
“အဲဒါက အမှန်ဆိုတာ ရှင်လည်း သိပါတယ်”
“လိုချင်တာရှိတယ်ဆိုရင် နည်းလမ်းက ရှိရမယ်” ဝမ်ဝေ့က ပြန်တုံ့ပြန်လိုက်၏။
“တကယ်လို့ ကျွန်မကို မသတ်ချင်ဘူးဆိုရင် ဒီစစ်ဆေးမှုကို အောင်မြင်ဖို့ နောက်ထပ် နည်းလမ်းတစ်ခုပဲ ရှိတယ်။ ရှင်…”
“တော်တော့” သူက အော်ပြောလိုက်သည်။
“အဲ့အကြောင်းကို ဆက်မပြောနဲ့”
ဝမ်ဝေ့က သူမကို လျစ်လျူရှုထားပြီး ပျောက်ကွယ်နေသည့် ကျောက်ပြားကိုသာ အာရုံစိုက်လိုက်သည်။ ထိုစဉ် ဝူဟုန်က သူ့အား ဝမ်းနည်းမှုဖြင့် ကြည့်နေလေ၏။
ရှင်သာ ကျွန်မရဲ့ မပြီးပြည့်စုံမှုကို လက်ခံလိုက်သရွေ့ ရှင်လည်း ကျွန်မတို့ ကလေးတွေနဲ့အတူတူ ကျွန်မတို့လည်း အသက်ရှင်ပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်လိမ့်မယ်။ ပြီးပြည့်စုံမှုမရှိဘဲနဲ့ ကျွန်မက ကျွန်မ ဖြစ်ပါဦးမလား…
သူမက ဝမ်းနည်းမှုကို ထိန်းချုပ်ရင်း သက်ပြင်းအသာချလိုက်သည်။
သိပ်မကြာခင် အခန်းအတွင်း အသံတစ်သံ ထွက်ပေါ်လာကာ ဝမ်ဝေ့က နိုးထလာ၏။
နီးကပ်နေပြီ။ ငါ ဒီစစ်ဆေးမှုကို အောင်မြင်မဲ့နည်းလမ်း ရှိတယ်လို့ ခံစားနေရတယ်…
သူက စမ်းသပ်ချက်ကို အောင်မြင်ဖို့ရာ ထူးထူးဆန်းဆန်း ခံစားချက်တစ်ခု ရှိလာသည်။ သို့သော် သူက လွဲချော်သွားခဲ့၏။ သို့သော်လည်း သူက ထိုထူးထူးဆန်းဆန်း ခံစားချက်ကို လျစ်လျူရှုကာ အာရုံစူးစိုက်ထားလိုက်သည်။
သူက တတိယမြောက်နှင့် နောက်ဆုံးကျောက်ပြားကို ဖန်ဆင်းလိုက်သည်။ ထိုကျောက်ပြားက မိုးမြေ၏ လျှို့ဝှက်ဆန်းကြယ်မှု ဖြစ်ပြီး သူ့ဖန်ဆင်းခြင်းတာအိုကပင် အပြီးတိုင် တည်ရှိအောင် မဖန်ဆင်းနိုင်ပေ။ သုံးကြိမ်ကြိုးစားပြီးသည့်နောက်တွင် ကန့်သတ်ချက်သို့ ရောက်ရှိလာပြီ ဖြစ်၏။
သို့သော် ရလဒ်က အတူတူသာ ဖြစ်နေလေသည်။
ထို့ကြောင့် သူက မျက်လုံးဖွင့်လာသည့်အခါ သူ့စိတ်ခံစားချက်များကို ထိန်းချုပ်ဖို့ အခက်တွေ့နေလေ၏။ ထို့ကြောင့် သူက စိတ်ငြိမ်အောင် ကျောက်စိမ်းပြားကို ဒုတိယတစ်ခု ထပ်မံဖန်ဆင်းလိုက်သည်။
သူက စိတ်ငြိမ်အောင် ထိန်းပြီးသည့်နောက်တွင် သူ့ဇနီးဖြစ်သူအား လှည့်ကြည့်လာသည်။
“မင်းတို့ ဒီကနေ ထွက်သွားဖို့ လိုတယ်”
“ရှင်က ကျွန်မကို အဝေးပို့ချင်တာလား”
“ဟုတ်တယ်” ဝမ်ဝေ့က ကြောက်ဖို့ကောင်းလောက်အောင် တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။
“စစ်ဆေးမှုက ငါ ပါနေတာ။ အဲဒါကြောင့် ငါသာ သေရင် အရာအားလုံး အဆင်ပြေသွားလိမ့်မယ်”
“ကျွန်မကိုရော ထည့်စဉ်းစားထားရဲ့လား။ ရှင် မရှိဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ”
ဝမ်ဝေ့က တိတ်ဆိတ်သွားကာ “အဲဒါက ခက်ခဲမယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ အချိန်က ကုစားသွားမှာပါ။ မင်းကို တောင်းဆိုချင်တဲ့အရာက ငါ့အလုပ်ကို ဆက်လုပ်ဖို့ ငါ့ထက် ပါရမီထူးချွန်တဲ့သူကို ရှာပေးပါ”
သူမကို သူ့အား အသက်ပြန်သွင်းဖို့ မျှော်လင့်ချက် မထားပေ။ ကောင်းကင်တာအို၏ လုပ်ဆောင်ပုံအရ သူ့အနေဖြင့် ကင်းလွတ်ခွင့်ရရှိထားပြီးသည့်နောက်တွင်ပင် အမှန်တကယ် သေသွားနိုင်ကြောင်း သိလိုက်သည်။
ထို့ကြောင့် သူက ထိုက်တန်သည့် အမွေဆက်ခံသူကိုသာ ရှာလိုသည်။
“ဒီလိုအချိန်မှာ အဲဒါက အရေးကြီးသေးလို့လား”
“မင်းနဲ့ ကလေးတွေကလွဲရင် အဲဒီဟာကိုပဲ ကိုယ် လက်မလွှတ်နိုင်တာ”
ဝူဟုန်က သူ့ကို စိုက်ကြည့်လိုက်၏။ ပထမဦးဆုံးအကြိမ်အနေဖြင့် သူမက သူနှင့် သူမအပေါ် သူ့စံနှုန်းကို မပြည့်မှီခဲ့သည့်အတွက် အငြိုးတရားကို ခံစားမိလိုက်သည်။
“မဟုတ်ဘူး။ ဒီနေ့ကျွန်မတို့နှစ်ယောက်လုံး အတူတူသေမယ်” ဝူဟုန်က အော်ပြောလိုက်သည်။
“ခေါင်းမမာစမ်းနဲ့” ဝမ်ဝေ့က ဖျောင်းဖျလိုက်၏။
“မင်းက လူသားမျိုးနွယ်ရဲ့ အနာဂတ်ပဲ။ မင်းရဲ့ ပါရမီနဲ့ဆိုရင် တာအိုကို သက်သေပြပြီးတဲ့နောက်မှာ ဒီစစ်ပွဲကို အနိုင်ရရှိအောင် ဆောင်ကျဉ်းပေးနိုင်လိမ့်မယ်။ ပြီးတော့ ကလေးတွေကရော။ သူတို့ကို တစ်စုံတစ်ယောက်ကတော့ စောင့်ရှောက်ပေးရမှာပေါ့”
“ဘာလို့ အဲ့လိုဖြစ်ရတာလဲ။ ဘာလို့ ရှင် မဖြစ်နိုင်ရတာလဲ”
ဝမ်ဝေ့က ထရပ်ကာ ဝူဟုန်ကို ရင်ခွင်အတွင်း ထွေးပွေ့ထားလိုက်သည်။ သူက နဖူးချင်းကပ်ကာ တီးတိုးပြောလိုက်၏။
“ကိုယ့်အချစ် … ကိုယ်တောင်းဆိုပါတယ်။ ကျေးဇူးပြုပြီး ကိုယ့်စကားကို နားထောင်ပြီးဒီနေရာက ထွက်သွားလိုက်ပါ”
သူ့အသံက ညင်သာလွန်းလှပြီး တုန်ယင်နေသည်။
“ဘာလို့ ဒီလိုလုပ်ရတာလဲ” ဝူဟုန်က မျက်ဝန်းမှ မျက်ရည်များ စီးကျနေလေ၏။
“ကိုယ် မင်းဆီကနေ တစ်ခါမှ မတောင်းဆိုခဲ့ဖူးဘူး။ အဲဒါကြောင့် ဒီတစ်ခေါက်တော့ ကိုယ့်စကားကို နားထောင်ပြီးတော့ ထွက်သွားလိုက်ပါ။ အသက်ရှည်ရှည်နေပါ။ ဝမ်းနည်းတဲ့အခါ ငိုပြီးတော့ ပျော်ရွှင်တဲ့အခါ ရယ်မောလိုက်ပါ။ ပျော်ရွှင်စရာ မှတ်ဉာဏ်တွေကို ပြန်ပြီး အမှတ်ရတဲ့အခါလည်း ပြုံးလိုက်ပေါ့။ ကျင့်ကြံရေးလမ်းစဉ်ကိုလည်း ဆက်ပြီးတော့ လျှောက်။ ကျေးဇူးပြုပြီး ကိုယ့်အတွက် ဒါကို လုပ်ပေးပါ”
ဝူဟုန်၏ ငိုသံနှင့် သူတို့၏ နှလုံးခုန်သံတို့က အခန်းအတွင်း ပဲ့တင်ထပ်နေသည်။
ဘန်း
အခန်းက ထပ်မံ တုန်ခါသွားပြီး ဝမ်ဝေ့က ခေါင်းအသာလှည့်ကြည့်လိုက်သည်။